Friday, July 27, 2012

“သံသာလေကမ်းတိုင်”


by Soe Min on Friday, July 27, 2012 at 4:38am 

“စကြာဝဠာတွင်းမှာလင်းသည်။ လရောင် ကြယ်ရောင်များလည်း ရှုံးပေလိမ့်မည်။ မိုးမြေဒီပါလုံးကို ဖုံးသည်။ ထိန်ဝင်းပြီးသစ်တဲ့ ချစ်ရောင်ခြည်။ မေတ္တာစိတ်သဘောကို ပြောမည်။ နေ့စဉ်သာ အမြဲပဲ စွဲနေတော့သည်။ ချစ်သူလာမယ့်လမ်းကို မှန်းရည်။ ယော်ရမ်းပြီး တမ်းတမိတော့သည်။ တကယ်သေချာယုံကြည် မယ်ဟေမာပုံညီ ခင်မင်တာလည်း စွဲနေသည်။ သမုဒ္ဒရာဆီးတဲ့ သူ့ရည်းစားရှိရာဆီ ကူးသန်းရပေမည်။ ရေယဉ်ဘွေနဒီ သေချင်သေပစီ၊ တကယ်သာစွန့်စားရရှာသည်။ နတ်ဗြဟ္မာများနဲ့ သိကြားမင်း ဆင်းကာတောင် တားဆီးမရတော့သည်။”
          ဘိလပ်ပြန်သန်းဆိုခဲ့တုန်းကတော့ သီချင်းထဲက မယ်ဟေမာဆိုတာ ဘယ်သူ့ကိုပြောမှန်း သိကြမယ် မထင်ပါဘူး။ ဟေမာနေ၀င်း ပြန်ဆိုတော့လည်း မကြည်အောင်တို့လို သူ့နံမယ် သူထည့်ဆိုတာ နေလိမ့်မယ် လို့ မဟာပညာကျော်လုပ်ကြမှာ မလွဲဘူး။
ကိုယ်တောင်မှ ဒေါ်ခင်နှင်းယု ၀တ္ထုဖတ်မိမှ ဘာပြောမှန်း သိတဲ့ဥစ္စာ။ မသိသေးရင်လည်း မှတ်ကြဗျာ။ အဲဒါ သီဟိုဠ်သူကလေးတဲ့။ အနုရာဓမြို့ကလို့ဆိုတယ်။ ဟေမာဆိုတဲ့ ပါဠိအနက်က
ရွှေအဆင်းတဲ့။ ရွှေရွှေလို့ ခေါ်တယ်ဆိုပါတော့။ သူက ဓမ္မစကြာဝတ်အသင်းထဲကလာပြီး အရွတ်အဖတ် သံနေသံထား တယ်ကောင်းဆိုပဲ။ ကလေးမလေး အိမ်ထောင်ကျကာစမှာ လင်တော်မောင်ကလေးက သင်္ဘောတက်သွားပြီး သုဝဏ္ဏဘူမိကိုရောက်နေတော့ သူ့ခမြာ လွမ်းလိုက်တာ လိမ့်နေတာပဲတဲ့။ နောက်ဆုံးတော့ မနေနိုင်တာနဲ့ သေချင်လည်းသေပစေတော့ဆိုပြီး ပင်လယ်ထဲကိုဆင်း လက်ပစ်ကူးတော့သတဲ့။ သီရိလင်္ကာက သထုံကို ကူးရတာ စဉ်းစားသာကြည့်ပေတော့။ ကိုယ်တွေသိတာ မဟာဇနက္ကလောက်သာ သိတာ။ ဟိုက ဘုရားအလောင်း၊ မဟာပုရိသ။ သည်ကလေးမက သာမာန် မိန်းမပျိုကလေးရယ်။ ထုံးစံအတိုင်း ဘင်္ဂလားပင်လယ်အော်အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂကြီးက အမြဲ စိုးရိမ်မကင်းဖြစ်လေ့ရှိသလိုပဲ။ တာဝတိန်သာက ကျုပ်တို့သိကြားမင်းကြီးလည်း ပန္တုကဗ္ဗလာ ကုလားထိုင်ကြီး တင်းလှုပ်လှုပ်ဖြစ်လာလို့ သမုဒ္ဒရာစောင့်နတ်ကို ဘန်ကီမွန်းအသွင်ဖန်ဆင်းလို့ လွှတ်လိုက်သတဲ့။ “ကလေးမရယ် သည်လောက် ကမ်းမမြင် လမ်းမမြင် ပင်လယ်သမုဒ္ဒရာကြီးထဲမှာ ညည်းကအဖော်မပါ ဘာမပါ။ ဘာအားကိုးရှိလို့ သည်လောက်သတ္တိကောင်းရတာလဲ။ မသွားပါနဲ့ ပြန်ချေပါ။” ဆိုတော့ ရွှေရွှေက “အဘနတ်မင်းရယ်၊ ဘာလို့အဖော်မပါရမှာလဲ။ ကျုပ်မှာ အင်မတန်အားကိုးရတဲ့ အဖော်ပါတာပေါ့။ အဲဒါဓမ္မစကြာတရားတော်လေ။” လို့ ဖြေသတဲ့။ အမှန်ကိုဆိုတဲ့အခါ ဘဘနတ်လည်းဖြုံသွားပြီး “အဲသည်တရားလေး နာပါရစေ မယ်မင်းကြီးမရယ်။” ဆို မြင့်မြတ်တဲ့သလွန်ပေါ်မှာ ထားလို့ ရိုရိုသေသေ နာယူပါသတဲ့။ သည်နေရာမှာတော့ အရွှေတို့က ရွတ်ရုံသာ ရွတ်တတ်တာ။ ဟိုက နတ်အိုင်ကျူနဲ့ အနယ်လိုက်စစ်လိုက်တော့ တရားထူးတွေရသွားသတဲ့။ ဒီတော့မှ ကျေးဇူးရှင်မလေးကို ရွှေငွေဒေါ်လာ ရတနာများပေးပြီး သူ့ယောင်္ကျားရှိရာအရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် လိုက်ပို့လျက် ဗီဇာပါလျှောက်ပေးလိုက်သတဲ့။ (သူ့အားကျလို့ အမည်းအသည်းတွေ ကနေ့ထိ လှေနဲ့ကူးနေကြတုန်း မှတ်တာပဲ)
          ပုံပြင်ကလေးကတော့ သည်မှာပြီးသွားပါရဲ့။ ဒါပေသိ ဖေ့စ်ဘုတ်ပေါ်ရောက်သွားတဲ့အခါ ဟိုလူဆက်ဖွ သည်လူဆက်ဖွနဲ့မို့ ပြီးမပြီးတော့ဘူးတဲ့။ အပျိုကြီးမမတွေကတော့ “အောင်မယ်လေး။ လင်လေးတစ်ယောက်ရဖို့များ အဲလောက် အပင်ပန်းခံလို့။ ငါတို့ဖြင့် မလိုချင်လွန်းလို့ ခါခါချနေရတယ်။ အေးလေ။ တို့လို ဥစ္စာပေါ ရုပ်ချော ပညာတတ် အရွယ်တင် (ဟိုင်းတယ်ပြောရဲပြောကြည့် သတ်မယ်) သဲလဲစင်ကလေး မဟုတ်လို့ နေမှာပေါ့။” လို့ မဲ့ကာရွဲ့ကာ စကားတင်းဆိုကြတယ်။ မောင်စေတန်တို့ အဖွဲ့တွေကလည်း ရေကူးဝတ်စုံကလေးနဲ့ ပုံရရင် ရှယ်လိုက်စမ်းပါ လို့ စတေးတပ်စ်ဖြန့်လိုက်သတဲ့။ ဖယ်ခုံက မယ်သုန်တို့ကလည်း သထုံပြည်ရောက်တဲ့အခါ သူ့ယောင်္ကျားနဲ့ပေါင်းလို့ ကလေးရလာခဲ့ရင် သထုံက မပုတင်မပေးလို့ကတော့ ခက်ရချည်ရဲ့ဆိုပြီး လူ့အခွင့်အရေးအရ ရွက်ကျပင်ပေါက်နိုင်ငံသားဥပဒေသစ် အဆိုတင်သွင်းဖို့ မီဒီယာတွေကနေ တွင်တွင်ညှော်တော့တာတဲ့။ (သူ့ဖြင့် အခုရောက်နေတဲ့အရပ်မှာတောင် အဲလိုလူရာအသွင်းမခံရပဲနဲ့)။ ဦးမာဃနေရာကို မျက်စောင်းထိုးပြီး ဆုတစ်ခြမ်းပန်နှင့်သူ ၁၃ချက်ချုပ် ဘဘကြီးကလည်း အားကျမခံ “၀ဲလက်ကမ်းပါ ကလေးမ။ ဥမ္မာ့တကဘူမိ အရူးတိုင်းပြည်ကြီးမှ ကြိုဆိုပါတယ်။ မယ်မင်းလည်း လင်တရူးမို့လို့သာ သည်လောက် မိုက်ရူးရဲပါပေတယ်။” လို့ ထမီစိမ်းဆီးဆင်ဖို့ လုံးပန်းတော့သတဲ့။ ဘယ်သူတွေ ဘာပဲပြောပစေပေါ့နော်။ ဖေ့စ်ဘုတ်ပေါ်ရောက်မှတော့ ၀ါဒတစ်ထောင် အလွတ်ဆောင်နိုင်တဲ့ သစ္စကပရိဗိုဇ်ကြီးလို Comment တွေ၊ Like တွေ တပုံတပင်နဲ့ မိုးမမြင်လေမမြင် ထင်ရာစိုင်းနေသူ လိမ္မော်ရောင်တီရှပ်နဲ့ နတ်သူငယ်ကလေးတစ်ပါးရဲ့ ထင်မြင်ချက်ကလေးကိုလည်း သိချင်သေးတာမို့ သူ့စာမျက်နှာပေါ်မှာ ဘာတွေများပေါထားပါလိမ့်လို့ လာဖတ်တဲ့သူတွေကလည်း မနည်းဘူးဆိုပဲ။ ကဲ ကိုယ့်အလှည့်တော့ရောက်ချေပြီ။ ဘာမှမပေါရင် ဘောမှမပါရာရောက်တော့မယ်။ ဆိုရေးရှိက ဆိုအပ်လှတဲ့။ အောင်မယ်မင်း ပြောရတော့မယ်တဲ့မှ ပြောရတော့မယ်။
          မိန်းမတို့သဘာဝ ချစ်မိပြီဆိုရင် သတ္တိတွေ အလိုလိုရလာတာ ဓမ္မတာဗျ။ ကလေးမွေးတဲ့ အာဝေနိကလောက်တောင် ဖြုံတာ မဟုတ်ဘူး။ နေပူထဲလည်း လျှောက်ရဲပါတယ်။ ခယောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ်။ ဆူးမွေ့ယာလည်း အိပ်ရဲပါတယ်။ သတ္တိတွေ ဘယ်ကရသလဲမသိဘူး လို့တောင် ပြောကြလေရဲ့။ မယ်ဟေမာကလေးခမျာလည်း ချစ်သူကို လွမ်းလွန်လွန်းလို့ သမုဒ္ဒရာဆီးကာတာလောက်တော့ သေကာမှ သေရော စွန့်စွန့်စားစားနဲ့ကို ကူးပလိုက်တာ မိန်းမတွေရဲ့ စိတ်သဘောကို နားလည်နိုင်ရင် သိပ်တော့ အံ့သြထူးဆန်းနေမှာ မဟုတ်ပါဘူး။ ကူးတဲ့သူကကူးလို့ ကယ်တဲ့သူကလည်း ကယ်ပြီးပြီ။ ရောက်သွားလေသတည်း သုဝဏ္ဏဘူမိကို။ ပုံပြင်တို့ ရုပ်ရှင်တို့ဆိုရင်တော့ ဇာတ်သိမ်းလို့ရပြီလေ။ Happy ending ကလေး။ တကယ့်လက်တွေ့ဘ၀မှာ အဲလို ဇာတ်သိမ်းပြီး ရပ်လို့ မရဘူးဗျ။ တကယ့်ဇာတ်လမ်းက အခုမှ စရမှာ။ ဖျော်ဖြေရေးတွေနဲ့ အသားသေနေတဲ့ ကိုယ်တွေစိတ်ထဲမှာ မင်းသားနဲ့မင်းသမီးညားသွားရင် အတင်းကားလိပ်ချလိုက်တာ အကျင့်ပါနေတာကိုး။ တကယ့်အနှစ်သာရကတော့ အဲသည်ညားထားတဲ့ မင်းသားမင်းသမီးတွေ ရာသက်ပန် ရိုးမြေကျ ဘယ်လိုပေါင်းဖက်ကြမလဲဆိုတာက ပညာခန်းဖြစ်ပါတယ်။ ဘယ်မင်းသားမဆို နှစ်ပါးသွားတုန်းကတော့ “သံသာလေ ကမ်းတိုင်” ဆိုခဲ့ကြတာချည့်ပဲ။ ငါးနှစ်လောက်ကြာရင် လိုက်မေးကြည့်။ “အစက အဲလိုမှန်း မသိလို့ ယူခဲ့မိတာပေါ့။” လို့ ပြန်ဖြေကြလိမ့်မယ်။
          လက်တွေ့ဘ၀မှာ အခါခပ်သိမ်း မှန်းချက်နဲ့ နှမ်းထွက်ကိုက်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ အာမခံမပေးနိုင်ပါဘူး။ ပစ္စည်းမမှန်။ ရောင်းမှားဝယ်မှားဖြစ်လို့ ပြန်လဲရကောင်းတဲ့ အရာလည်း မဟုတ်ဘူး။ သည်တစ်နည်းမဟန် နောက်တစ်နည်းကြံတာပဆိုတဲ့ Plan B တွေကလည်း အသုံးမ၀င်ဘူး။ အိမ်ထောင်တစ်ခုတည်မြဲရေးမှာ ဦးနှောက်ကလည်း အဓိကမကျဘူး။ နှလုံးသားကလည်း အရေးမပါဘူး။ အပြန်အလှန် အလျှော့ပေးသည်းခံနိုင်တဲ့ စိတ်၊ ကိုယ့်အတ္တကို တစ်ဝက်တိတိလျှော့ပြီး သူ့ကိုပေးထားနိုင်တဲ့စိတ် နှစ်ဘက်စလုံးမှာ ရှိနေဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဆိုကြပါစို့ ရွှေရွှေက ကိုကို့ကို မခွဲနိုင်တာနဲ့ ဘင်္ဂလားပင်လယ်အော်ကြီးကို လက်ပစ်ကူးလိုက်လာရော။ သည်ရောက်တော့ ကိုကို့မှာ အမွှေဇယားဇာတ်လမ်းတွေနဲ့ အိမ်ကဟာမကြီး လိုက်မလာလောက်ဘူးထင်ပြီး အပင်တွေ လိမ်ထားရင် ဘယ့်နှယ်လုပ်မတုန်း။ ရေအဆုံး ကုန်းတ၀က်ဖြတ်ထုံးနဲ့ဆို သူ့ဘက်က အဆုံးချည့်ပဲ။ အဲလိုအခြေအနေမျိုးရောက်လာရင် အစက အသက်စွန့်ပြီး လိုက်လာခဲ့တဲ့သတ္တိတွေက အသက်ချင်းလဲပလိုက်မယ်ဆိုတဲ့ ဒေါသတွေဖြစ်သွားဖို့ ဘာမှ မခဲယဉ်းဘူး။ ဒီကိစ္စမျိုးမှာ တဘက်က အရမ်းကာရော အလျှော့ပေးအလိုလိုက်နေလို့လည်း နှစ်ဦးနှစ်ဘက် ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်လို့ မရဘူး။ အခွေတွေထွက်လာတာတောင် ဟိုတုန်းကကိစ္စမို့ အိမ်ဦးနတ်က ခွင့်လွှတ်ရှာတယ်ဆိုပေမယ့် သူ့ခမြာ ဘယ်မျက်နှာနဲ့ လူတောတိုးမလဲ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကိုယ့်ဘက်က အမည်းစက်ဟာ တဘက်လူအပေါ်မှာလည်း ဖျောက်လို့မရဘူး ဆိုတာ သိထားသင့်ပါတယ်။ ငါကယောင်္ကျားပဲ ဖြစ်ချင်သလောက်ဖြစ်မယ်။ အရေးကြီးတာ မိန်းမတွေက ငါ့ကွယ်ရာ မရှုပ်ရင် ပြီးတာပဲ လို့ တစ်ကိုယ်ကောင်းဆန်ဆန် တွေးထားတဲ့ ယောင်္ကျားတွေ မရေမတွက်နိုင်အောင် ရှိပါလိမ့်မယ်။ ကာမေသုသိက္ခာပုဒ်ကို တော်တော်ပေါ့ပေါ့တွေးထားကြတာကိုး။ ငရဲဆိုတာ ကြွေးပူမဟုတ်ဘူးဆိုပေမယ့် လက်ရှိဘ၀မှာ အိမ်ထောင်ဘက်ရဲ့ ယုံကြည်မှုကိုတော့ သူ့အဖို့ တစ်သက်လုံးဆုံးရှုံးသွားပါပြီ။ သူ့ဘာသူ သွားချင်တဲ့ အိမ်သွား။ ငါ့ဆီလာမှ တ၀ကြီးချစ်ပစ်လိုက်မယ်ဆိုတဲ့ မိန်းမမျိုး သည်ခေတ်ကြီးမှာ ရှိသေးလို့လား။ မြန်မာရှင်ဘုရင်တွေ ကိုယ့်သားက ကိုယ့်ပြန်အသတ်ခံကြရတာဟာ မိန်းမတွေ တစ်လှေကြီး ယူကြတဲ့အကျိုးပေါ့။ နန်းသွေးနန်းဆက်သာရှိတာ။ မိသားစု မရှိတော့ဘူးလေ။  ငါ့အမေလည်း ဒီလူကြီးနဲ့ရတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့ ဆိုတဲ့ အတွေးမ၀င်ပဲ ဘယ်နေမလဲ။ ကြွေပန်းကန်တွေ အက်သွားရင် အသစ်ပြန်မဖြစ်တော့သလိုပဲ အကြောင်းကြောင်းထောက်ထားလို့ ဆက်ပေါင်းနေတဲ့ အိမ်ထောင်ရေးမှာလည်း အက်ရာပါလာရင် အကောင်းတိုင်း ပြန်ဖြစ်ဖို့ မျှော်လင့်လို့ မရတော့ပါဘူး။ မေမေလေး ဖေဖေလေးတွေနဲ့ အိမ်ထောင်ကနေကြီးပြင်းလာတဲ့ ကလေးငယ်များခမျာလည်း အရွယ်ရောက်လို့ သူတို့အိမ်ထောင် သူတို့ထူထောင်ကြတဲ့အခါ မထူးဆန်းတဲ့ ယဉ်ပါးနေတဲ့ သဘာဝအတိုင်း အတုမြင် အတတ်သင်မဟုတ်တာတောင် “ဒါ ဘာများဆန်းလို့လဲ။ ဘယ်သူကရော ကင်းလို့လဲ” ဆိုတာမျိုး ဖြစ်သွားတာ ပြောမယုံ ကြုံဖူးတော့ သိကြပါလိမ့်မယ်။
          “အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလိုပဲ။” ဆိုတဲ့ ပညာရှိအဆိုအမိန့်ကို လက်ခံတယ် ဆိုလို့ရှိရင် ဆားချည့်သက်သက်နဲ့တော့ ဟင်းတစ်ခွက်ဖြစ်အောင် ချက်လို့မရဘူးဆိုတာကိုလည်း ဆက်ပြီး သတိပြုလိုက်ပါဦး။ “သိကြားမင်းဖျက်တောင် ပျက်နိုင်ပါဘူးရှင်” ဆို ဆယ်နှစ်ဆယ်မိုးချစ်ကျွမ်းဝင်ပြီးမှ အိမ်ထောင်ကျ ကလေးတွေရလာကျပြီး အခုတော့ “ငါ မင်းကို သတ်ချင်တယ်” ဆိုပြီး ငယ်စာရင်းရော ကြီးစာရင်းပါ ဖျက်လို့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ဖြစ်ကုန်ကြတဲ့သူတွေဟာ အချစ်ကြီးလို့ အမျက်ကြီးတာလား။ သူတို့နှစ်ယောက်ကြားထဲကအချစ်တွေဟာ အငွေ့ပျံကုန်လို့လား။ အရေပျော်သွားသလား။ တစိုးတစိတောင် ရှာလို့ မရတော့ဘူး။ သေချာတာကတော့ အချစ်ဆိုတာ ကုန်တတ်ခမ်းတတ်တဲ့အရာတစ်မျိုး လို့တော့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်ချစ်ခင်နေတဲ့အိမ်ထောင်တွေလည်း နည်းမှ မနည်းတာ။ ဘာလျှို့ဝှက်ချက်ရှိသလဲ လို့ လေ့လာကြည့်လိုက်တော့ အချစ်တွေ အိုမင်းလာတဲ့အခါမှာ ဘေးကနေ သံယောဇဉ်တွေ၊ နားလည်ခွင့်လွှတ်မှုတွေ၊ သားသမီး မိဘ ယောက္ခမ ထောက်ထားစရာ မျက်နှာတွေနဲ့ ကျားကန်ထားရတာ တွေ့မိပါတယ်။ ချစ်လျက်နဲ့ ကွဲကွာသွားတဲ့သူတွေ ရှိကြသလို အချစ်ထက် အိမ်ထောင်တည်မြဲရေးကို ဦးစားပေးတဲ့သူတွေလည်း ရှိပါတယ်။ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့တော့ အိမ်ထောင်တည်မြဲရေးကို အရာအားလုံးထက် ဦးစားပေးနိုင်မှ ခနခန အိမ်ထောင်ပြုရတဲ့ ဒုက္ခငြိမ်းပါလိမ့်မယ်။ အထူးသဖြင့် လင်မရှား မယားမရှားပါဘူးဆိုတဲ့သူတွေမှာ အဲသည်စိတ်အားနည်းနေလို့ အသက်တစ်ရာ လင်တစ်ရာ ဖြစ်ကုန်ကြတာပါ။ မှတ်သားဖူးတဲ့ ဆရာသမားများစကားကတော့ “တစ်ကနေ နှစ်ကို ကူးရင်သာ နည်းနည်း ခက်တာ။ နောက်တော့ နှစ် က သုံး။ သုံး က လေး အလိုလို အော်တိုမက်တစ်ဖြစ်လာလိမ့်မယ်။” တဲ့။
          တချို့အိမ်ထောင်တွေ မသာယာရခြင်းရဲ့ အကြောင်းတရားထဲမှာ ယောက္ခမ နဲ့ တစ်ထောင့်တစ်ညတွေလည်း ပါတာပေါ့။ ဘယ်မိဘကမှ ကိုယ့်သားသမီးကလေး တစ်ခုလပ် တစ်လင်ကွာ ဖြစ်တာ မြင်ချင်ပါ့မလဲ။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ကိုယ့်ဘက်က အသာရမှဖြစ်မယ်ဆိုတဲ့ အစွဲကြီးက ဖျောက်မရပါဘူး။ သမီးမွေးထားရင် “လင်နေစ ဆင်သေမှ” သြ၀ါဒပေးမယ်။ သားမွေးထားတော့ “မယားနေစ ကြောင်သေမှ” တဲ့။ မိဘကအပြောအဆိုလွတ်ပြီး ကိုယ်ကိုယ်တိုင် ကိုင်တွယ်နိုင်တဲ့သားသမီးများကျတော့ လူကြီးတွေ ၀င်ဝင်ပြီး အမုန်းခံစရာ မလိုတော့ဘူးလေ။ ကိုယ့်ဇာတ်ကိုယ် နိုင်အောင် ကတော့တာ။ ဒါပေမယ့် အိမ်ထောင်ရေးဆိုတာ ကစားပွဲများလို တစ်ဘက်လူကို အနိုင်ယူစရာ၊ မျက်မြေမပြတ် စောင့်ကြည့် ထိန်းကျောင်းစရာ၊ အရှုံးအမြတ် တွက်စရာ နေရာ မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်ကိုတောင် တဘက်လူအနေနဲ့ မြင်နေရင် ဘယ်သူ့ကို အတွင်းလူအဖြစ်နဲ့ ယုံကြည်မှာလဲ။ အဲဒါ ကိုယ့်လူကြီးစစ်စစ်၊ တစ်သက်လုံးပေါင်းရမယ့် ကိုယ့်လူကြီး။ ဘယ်ကိုမှ ထရန်စဖာမထွက်ဘူး။ ပရိုမိုးရှင်းလည်း မတက်ဘူး။ ကိုယ်သာတက်ချင်တက်နေဦးမယ်။ နှစ်ဘက်တစ်ရံ မှ ပြည့်စုံရမယ့်ဘ၀မှ ကိုယ်ကသူ့အပေါ် အနိုင်ယူပြလိုက်တိုင်း အမှတ်တက်မသွားဘူး။ သူရှုံးရင် ကိုယ်ပါ အမှတ်လျော့တယ်။ အခုရောက်နေတဲ့ အရပ်မှာလည်း ပြောစမှတ်ပုံပြင်တွေရှိသဗျ။ တခါတုန်းက သည်မှာ အကြီးတကာ့အကြီးဆုံးဆိုတဲ့ ဘဘကြီးတစ်ယောက်ဟာ စိတ်ကထစ်ဆို ဖင်ကဗျစ်ကနဲဆိုတဲ့အစားမျိုးဗျ။ အရာရှိ မင်းပရိသတ် ဗိုလ်ပုံအလယ်မှာ ဆရာဝန်မရင့်မကြီးဖြစ်တဲ့ သူ့ကတော်ကြီးကို ဓါတ်ဗူးနဲ့ ကောက်ပေါက်ဖူးပါသတဲ့။ မမကြီးမျက်နှာမှာ သပြေသီးမှည့်တွေ နေကာမျက်မှန်တပ်၊ ပေါင်ဒါဖို့လို့တောင် မရလို့ အစည်းအဝေးတွေ ဖျက်ဖျက်ပစ်ရတာလည်း ခနခနတဲ့။ အတွင်းစကား လျှို့ဝှက်သတင်းတွေ အလိုအရတော့ အဲဒါ ဘိုးတော်ကြီးက Psy War တွေသုံးနေတာတဲ့။ တကယ်တော့ သူ့လောက် မိန်းမကြောက်ရတာ မရှိဘူးဆိုပဲ။ ကြီးတော်ကြီးလက်ဝါးများ ပါးမရွေးဘူး လို့ အတွင်းလူတွေ အကုန်သိကြသတဲ့။ ဖြုတ်ဦးနှောက်ကြီးတွေနဲ့ လာတွေ့ပလေတယ်။ တကယ်တော့ ဘယ်သူကပဲ ဘယ်သူ့ကိုနိုင်နိုင် နှစ်ယောက်စလုံး သိက္ခာကျမှန်းမသိကြပဲကိုး။ ကိုယ့်အဆင့်က ဆိုက်ကားသမား နဲ့ ငါးစိမ်းသည် ညားနေတာမှ မဟုတ်ပဲ။ ပညာတတ်၊ မင်းစိုးရာဇာနေရာမှာ မလျော်ညီစွာ ခပ်မိုက်မိုက်ချစ်ကြစို့ လုပ်နေကြတယ်။ လင်နဲ့မယား လျှာနဲ့သွားမှာ လင်ကပဲ မယားကို အနိုင်ကျင့်ကျင့်၊ မယားက လင်အပေါ်ပဲ အနိုင်ယူယူ၊ တော်ရုံသင့်ရုံသာ ကောင်းတယ် လို့ သတိရကြနော်။
          ဟုတ်တိပတ်တိ သူများတကာကို သြ၀ါဒတွေ ချွေနေလိုက်တာ သူကရော အိမ်ထောင်ရေး အချစ်ရေးအကြောင်းကို ဘယ်လောက်များသိလို့ပါလိမ့် ဆရာဂုရုရယ် လို့ မအောင့်မေ့ပါနဲ့။ ဘာဆိုဘာမှ မသိပါဘူး။ ကိုယ့်ဘာသာကိုယ်တောင် စမ်းတ၀ါးဝါး၊ ကြိုးစားပန်းစား ကူးတုန်းခတ်တုန်း။ အခုဟာက ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုတဲ့ မယ်ဟေမာ ရွှေရွှေ့ကြောင့် အတွေးနယ်ကျယ်သွားတုန်း အစဆွဲထုတ်ပြီး ဆွေးနွေးကြည့်တာပါ။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ စေ့စပ်ဖြန်ဖြေလို့မရပဲ ရေစက်ကုန်သွားတဲ့ အိမ်ထောင်ကလေးတွေ အတွေ့ရများလာတော့ ကိုယ်လည်းပဲ ကြောက်လန့်တကြား သတိလေးထားဖို့ သံပတ်တင်းလိုက်တာသာ ဖြစ်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ မိန်းမတွေ ဒါဇင်ဝက်လောက် ဟောတစ်ယောက် ဟောတစ်ယောက် စွံတဲ့သူတွေကိုလည်း မနာလိုမရှိပါဘူး။ မုဒုလက္ခဏလို မိဖုရားကြီးသလုံးပေါ်တာမြင်ပြီး မအိပ်နိုင်မစားနိုင်ဖြစ်နေတဲ့ အမတ်မင်းကို မိဖုရားကြီးကိုယ်တိုင် lesson ပေးတဲ့ ပုံပြင်ကလေးတော့ သတိရမိပါတယ်။ ပအုန်းရည်အိုးကလေးကို ရွှေခွက်နဲ့ထည့်တိုက်ပြီး “ဘယ့်နှယ်ရှိစ အမတ်ကြီး” လို့ မေးတော့ “ဖန်တွတွ နဲ့ပါဘုရား။” လို့ တင်သတဲ့။ “ဒါဆိုလည်း ငွေခွက်နဲ့ သုံးဆောင်ကြည့်ပါဦးလေ။” ဆိုတော့လည်း “ဖန်တွတွ နဲ့ပါဘုရား” လို့ တင်ပြန်သတဲ့။ အုန်းမှုတ်ခွက်နဲ့တိုက်တော့လည်း ထိုနည်းလည်းကောင်း ဖန်တွတွလို့ဆိုတော့ “အမတ်မင်း။ ပအုန်းရည်တို့မည်သည် ရွှေခွက်နဲ့သောက်သောက်၊ ငွေခွက်နဲ့သောက်သောက်၊ အုန်းမှုတ်ခွက်နဲ့ပဲ သောက်သောက် ဖန်တွတွချင်းတော့ အတူတူပ။” လို့ဆိုပြီး အတွင်းတော် ၀င်သွားသတဲ့။ အဆုံးသတ်တနေ့ကျတော့ အဲသည်ဖန်တွတွတွေ လျှောက်မြည်းနေတာနဲ့ပဲ အသုဘသပိတ်သွပ် ဘယ်အိမ်က သာဓုခေါ်ရမှန်းမသိတဲ့ ဘ၀ရောက်လိမ့်မယ်။ ဘ၀မှာ မိန်းမတွေ အများကြီးရဲ့ အိပ်ယာထဲရောက်ဖူးဖို့ မလိုပါဘူး။ မိန်းမတစ်ယောက်တည်းရဲ့ နှလုံးသားထဲရောက်အောင် ၀င်နိုင်ရင် သူလည်း မယ်ဟေမာလို သမုဒ္ဒရာကြီးဆီးတောင် ကိုယ့်နောက် လိုက်လာမှာ မလွဲဘူး။ အကိုရဲ့ ညိုနွဲ့ ကြိုလှည့် ဆံကေရှင်ပေါ့။ ဓမ္မစကြာတွေတော့ တစ်စစီ  လိုက်ကောက်ယူရတော့မှာပဲ။ အိုး  ဘုရားသခင်။ အာမင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...