Thursday, July 12, 2012

ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင်က ချီးကျူးလေးစားခဲ့ရတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီး ဒီးဒုတ်ဦးဘချို ။





၁၉၄၆ ခုနှစ်က “ဒီးဒုတ်” နှစ်ပါတ်လည်စာစောင်အတွက် ပေးပို့ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  သ၀ဏ်လွှာမှာ အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုနဲ့  ပတ်သက်ပြီး ဗိုလ်ချူပ်အောင်ဆန်း ကိုယ်တိုင်က ယခုလို ပြောကြားခဲ့ပါတယ်။



“ဒီးဒုတ်ဂျာနယ်သည် ဗမာနိုင်ငံစာနယ်ဇင်းလောကတွင် ၀ါရင့်သော ဂျာနယ်ဖြစ်ပေသည်။ ဂျပန် ခေတ်တွင်ကား ဒီဒုတ်ဂျာနယ်မှာ တိုင်းသိပြည်သိအကြောင်းများကြောင့် မထွက်ပေါ်နိုင်ခဲ့ပေ။ ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဘချိုမှာလည်း ၀ါရင့်သော ၀ံသာနုတဦးပင် ဖြစ်ပေသည်။

ထိုမျှမက သူ၏ အယူအဆထင်မြင်ချက်များကို သဘောမတူသူရှိချင်ရှိလင့်ကစား သူ့ကို အာဏာလု (သို့မဟုတ်) ရာထူးလု-၀ံသာနုဟု မည်သူမျှ မစွပ်စွဲနိုင်ပေ။ ကျွန်တော်သည် ဆရာဦးဘချို နှင့် ၁၉၃၆ (ကျောင်းသားသပိတ်) နှစ်လောက်ကပင် ကောင်းစွာ သိကျွမ်းခဲ့ရာ သူ၏ ဥာဏ်ရည်ဖန်ရည်နှင့်တကွ စိတ်ထားကို ကောင်းစွာသိခဲ့ပါသည်။ ကျွန်တော်တို့ နှင့် ဆရာဦးဘချို ယခု (ဖဆပလ) ခေတ်တွင် နိုင်ငံရေးအားဖြင့် ရင်းရင်းနှီးနှီး ပေါင်းလာကြသော်လည်း ၁၉၃၆ ခု သပိတ်လောက်တုန်းကပင်စ၍ အရေးရှိလျှင် ရှိသလို ဆရာ ဦးဘချို၏ ထိရောက်သော အကူအညီများကို ရခဲ့ပေသည်။

ဂျပန်ခေတ် မတိုင်မှီ ဥရောပ စစ်ကြီး ဖြစ်ပွားလျက်ရှိစဉ် ကျွန်တော် တရုပ်ပြည် အမွိုင်မြို့ကို ထွက်သွားရန်စီစဉ်ကြစဉ်က ဆရာဦးဘချိုထံမှ အရေးကြီးသော တရုပ်လူကြီးအချို့၏ လိပ်စာများ ရခဲ့ပေသည်။ သို့သော် ၄င်းအဆက်များနှင့် ဆက်မိရန် ကြိုးစားနေခိုက် ဗမာပြည်မှ ကျန်ရဲဘော်များ၏ ညွှန်ကြားချက်အရ ဂျပန်လာခေါ်သဖြင့် ဗမာ့လွတ်လပ်ရေးအတွက် ဂျပန်တို့နှင့် စခန်းသွားရေးအလုပ်သာ ဖြစ်မြောက်သွားတော့သည်။

ထို့နောက် ဂျပန်တွေ နှင့် ဗမာပြည်တွင်းသို့ ၀င်လာပြီးနောက် ဆရာဦးဘချိုကို ရွှေဘိုမြို့အနီး ဆိပ်ခွန်ရွာတွင် သွားရောက်တွေ့ ရသည်။ ကျွန်တော်တို့လည်း ဆရာအား တတ်နိုင်သမျှ ဂျပန်ဘေးမှ ကူညီကြသည်။ သူ့ထံမှ တရုပ်နှင့်ဆက်သွယ်ရေးကိစ္စများတွင် ကျွန်တော်တို့ ရဲဘော်များ အတော် အကူအညီ ရခဲ့သည်။

ဒီးဒုတ် ဦးဘချိုသည် လူပေါင်းလူသင်း အားနာတတ်၍၊ အချို့ဝါဒသဘောများတွင် (ဥပမာ အင်းအိုင်မန္တ့ရားလိုက်စားခြင်း) ကျွန်တော်တို့ လူငယ်ပိုင်းများက သဘောမတူနိုင်သော်လည်း၊ အချောင်သမားလည်း မဟုတ်၊ သာယာစီးလည်း မဟုတ်၊ စေ့စပ်ရေးသမားလည်း မဟုတ်၊ မဖောက်ပြန်ခဲ့သော ရေမရောသည့် ၀ံသာနုတဦးဖြစ်ကြောင်း၊ ၀ံသာနုလက်ဟောင်း ဦးဘချို ဦးစီးထုတ်ဝေသော ၀ံသာနုဒီးဒုတ်ဂျာနယ်သည် ခေတ်အလိုက်သဘောတရားတွင် တိုးတက်ကာ ဗမာပြည်၏ လွတ်လပ်ရေးနှင့် ကောင်းစားရေးတို့အတွက် ဆထက်ထမ်းပိုး သည်ပိုး ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်တောင်းလိုက်ပါသည်” ဟူ၍ ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင်က ချီးကျူးလေးစားစွာဖြင့် ၁၉၄၆ ခုနှစ် ဇူလိုင်လတွင် ရေးသားဖေါ်ပြခဲ့ပါတယ်။

အထက်ဖေါ်ပြပါ ပြန်လည်ဖေါ်ပြချက်နဲ့ အတူ ယခုကျရောက်မယ့် ဇူလိုင်လ (၁၉) ရက်နေ့  - အာဇာနည်နေ့  အမှတ်တရအနေနဲ့  အာဇာနည်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ ဒီးဒုတ်ဦးဘချိုအား လေးစားစွာ ဦးညွတ်အလေးပြုလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...