Thursday, July 26, 2012
အနုပညာဆိုတာ ဘယ်နိုင်ငံရေး အယူအဆရဲ့ လက်အောက်ခံမှ မဟုတ်ဘူးဆိုတဲ့ ကဗျာဆရာဝေမှူးသွင်နှင့်တွေ့ဆုံခြင်း
by Wai Hmuu Thwin on Wednesday, July 25, 2012 at 8:21am 
     ကဗျာဆရာဝေမှူးသွင်ကို ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က ပဲခူးမြို့မှာမွေးဖွားခဲ့တယ်။ အဖ ဦးမောင်မောင်နီ ၊ အမိဒေါ်ကေသီအောင်တို့နဲ့ လူ့အဖွဲ့အစည်းအပေါ် သဘောထားချင်းကွဲလွဲပြီး လူလားမြောက်ကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ မွေးချင်းမောင်နှမ သုံးယောက်အနက် အကြီးဆုံး သားဖြစ်ကာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကျရာတာဝန်ကိုထမ်းဆောင်နေသူအဖြစ် ခံယူချက် ရှိသူဖြစ်ပါတယ်။ B.A(Philosophy) နဲ့ ဒဂုံတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး စာပေရေးသားခြင်းအလုပ် ဖြင့် လက်ရှိအချိန်ထိ ထွက်ရှိပြီးစာအုပ်ပေါင်း ၄၈ အုပ် ရှိပြီး ဖြစ်ပါတယ်။ ယခုနောက်ဆုံး (၁၉၆၂) ကနေ (၂၀၁၂) အထိ နှစ်(၅၀) ဗမာပြည် နိုင်ငံရေးသမိုင်းကို နောက်ခံထားပြီး လုံးချင်းဝတ္ထုရှည်ကြီးတစ်အုပ် ကြိုးစား ရေးသားလျက်ရှိကြောင်း သိရပါတယ်။
သူနဲ့ စကားပြောဖြစ်ခဲ့တဲ့အကြောင်းကို ယခုလို ပေဖူးလွှာမှာ မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။
ဝေမှူးသွင်ဆိုတဲ့ ကလောင်နာမည် မမွေးဖွားခင် ကောင်းထက်ဘ၀နဲ့ ကျင်လည်ခဲ့တဲ့ စာပေဘ၀ နိဒါန်း အပျိုးပိုင်းကို……
    ကောင်းထက်ဘ၀နဲ့ ကျင်လည်ခဲ့ရတဲ့ စာပေအတွေ့အကြုံကတော့ အရင်အင်တာဗျူးတွေမှာလည်း ပြောဖူးပါတယ်။ ၃ တန်း ၄ တန်း လောက်ကနေစပြီးတော့ေ၇ွှသွေး၊ တေဇ စတာတွေ ဖတ်တယ်။ နောက် စာဖတ်နှုန်းက တဖြည်းဖြည်းမြင့်လာပြီး သိုင်းဝတ္ထုတွေ ၊ဘာသာပြန်စုံထောက်ဝတ္ထုတွေ ဖတ်လာတယ်။ ၇ တန်း၊ ၈ တန်းလောက်မှာ မော်ဒန်ဝတ္ထုတိုတွေ၊ ကဗျာတွေဖတ်ြဖစ်တယ်။ အဲဒီမှာ အောင်ချိမ့်တို့ ဖော်ဝေးတို့ သစ္စာနီတို့ မောင်ချောနွယ်တို့ စာတွေနဲ့ စပြီးရင်နှီးနေပြီ။ ဆိုတော့ကျွန်တော်ကိုယ်တိုင် ကလောင်စမကိုင်ခင်ကတည်းက ဒီမြန်မာ မော်ဒန် စာပေလက်ရာတွေကို ကောင်းထက်ဘ၀နဲ့ ရင်းနှီးနေခဲ့တယ်လို့ ပြောနိုင်ပါတယ်။
စာပေလောကထဲကို စတင်ရောက်ရှိလာပုံနဲ့ ခင်ဗျားရဲ့ ကျင်လည်ဖြတ်သန်းလာခဲ့ရပုံ ဒုက္ခ၊သုက္ခ အဖုံဖုံ ကို ပြောပြပေးနိုင်မလား
    စာပေလောကထဲ စတင်ရောက်ရှိလာပုံကတော့ ၉ တန်း ၁၀ တန်းလောက်က ရေးထားတဲ့ ကိုယ်ပိုင် ၀တ္ထု၊ ကဗျာလေးတွေကို ပြည်မြို့စာတိုက်ကနေ ရန်ကုန်မဂ္ဂဇင်းတွေကို လှမ်းပို့တယ်။တစ်ပုဒ်မှ မပါဘူး။ ၉၅ လောက်မှာ ဆယ်တန်းပြီးသွားတော့ ကျွန်တော်ကိုယ်တိုင် ရန်ကုန်တက်လာတယ်။ အယ်ဒီတာတွေကို အပြစ်မတင်ဘဲ ကျွန်တော့ ကိုယ် ကျွန်တော် လိုသေးတယ်လို့ပဲ ဆုံးဖြတ်ပြီးတော့ ကိုယ့် ကိုယ်ကို အရည်အသွေးမြှင့်တင်ဖို့ ကြိုးစားတယ်။ အရင်ကလို တွေ့ရာမဂ္ဂဇင်းတွေကို မပို့တော့ဘဲ ကိုယ့်စိတ်ကြိုက် မဂ္ဂဇင်းတွေကို ရွေးပို့တယ်။ ၉၆ လောက်မှာ အဆောင်နေရင်းနဲ့ ကျောင်းသားအရေးအခင်းတွေကို မျက်မြင်ကိုယ်တွေ့ ကြုံရတယ်။ ဒါတွေဟာ နောက်ပိုင်းမှာ ကျွန်တော့်စာပေဘ၀ကို ပြောင်းလဲစေခဲ့တဲ့ စေ့ဆော်မှုနဲ့အတွေ့အကြုံလို့ ထင်ပါတယ်။ ဘယ်မဂ္ဂဇင်းမှာမှ ပုံနှိပ်ဖော်ပြခြင်း မခံရသေးတဲ့ ကဗျာဆရာတစ်ယောက်ဟာ စားဝတ်နေရေးအားဖြင့်လည်း ချို့တဲ့ခဲ့ပါတယ်။ ဒီလိုနဲ့ ၉၇ ခုနှစ် ၀န်းပိုင်းလောက်မှာ ကျွန်တော့်ကဗျာတွေ စပြီး ပုံနှိပ်ဖော်ပြခံခဲ့ရတယ်။
စာပေလောကထဲမှာ ခင်ဗျားဖြတ်သန်းနေတဲ့ အတောအတွင်း ခင်ဗျားအခုတ်တရ နှစ်ခြိုက်ခဲ့တဲ့ စာပေ အနုပညာ ပစ္စည်းလေးတွေကို ပြောပြပေးပါဦး
    ဒါကတော့ အများကြီးပေါ့ဗျာ။ “လူကြိုက်နည်းတဲ့ကောင်” တို့၊ “သံချေးတက်နေတဲ့ တွယ်အပ်ကလေး”တို့၊ “ကြေးရုပ်မြို့တော်” တို့၊ “နံနက်ခင်းရဲ့ ချောက်ကမ်းပါး” တို့၊ “အမိမြေအတွက် အချစ်သီချင်း” တို့၊ “အနှုတ် ၂၉” တို့၊ “သစ္စာပန်းများနဲ့ မေလ”တို့၊ “သံဝေဂတေး”တို့၊ စသဖြင့် ပြောရင် ပြီးမှာ မဟုတ်တော့ပါဘူးဗျာ။
ကဗျာဆရာ တစ်ယောက်ဘ၀အဖြစ် တာဝန်ယူတည်ဆောက်ခဲ့ပုံနဲ့ ကဗျာဆရာတစ်ယောက်ရဲ့ဘ၀အပေါ် ခင်ဗျားရဲ့ ရှုမြင်သုံးသပ်ချက်က …..
ကဗျာဆရာဘ၀ဆိုတာ ကန်ထရိုက်တာတစ်ယောက် အဆောက်အအုံတစ်ခုကို တည်ဆောက်ရတာလိုမျိုး တစ်သမတ်တည်း မဟုတ်ပေမယ့် တာဝန်ယူမှုတော့ ရှိရပါတယ်။ ကဗျာဆရာဆိုတာ ခေတ်ကာလတွေကိုပုံဖော်ခြင်း၊ နိုင်ငံတကာအမြင်၊ အနုပညာပိုင်းဆိုင်ရာ အတွေးအခေါ်၊ ငွေကြေး၊ ချစ်ခြင်းမေတ္တာတရား စသဖြင့် အားလုံးကို ပြိုင်တူ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ပဲ ကျွန်တော်က ကဗျာတွေကို တစ်ဆင့်ချင်း မြှင့်တင်တည်ဆောက်ခဲ့ပါတယ်။
ဘုရားခေတ်က ကလေးတစ်ယောက်ရဲ့ မျက်လုံးလို ကဗျာမျိုး ခင်ဗျားထပ်ရေးချင်စိတ်ရှိသေးလား။
သိပ်ရေးချင်တာပေါ့ဗျာ။အဲဒီကဗျာရေးဖြစ်ခဲ့တဲ့ ၂၀၀၄ နောက်ပိုင်းကနေ အခုအချိန်ထိ ကျွန်တော် နေ့ည မပြတ် မက်နေတဲ့အိပ်မက်ပဲ။ ဒါပေမယ့် အဲဒါမျိုးထပ်ရဖို့က အခုအချိန်ထိ မအောင်မြင်သေးဘူး။
စာပေသမား တစ်ယောက်အနေနဲ့လူ့အဖွဲ့အစည်းပေါ်တာဝန်ယူပြောချင်တာလေးများရှိပါသလား
စာပေသမား တစ်ယောက်ရယ်လို့မှ မဟုတ်ပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်က လူ့အဖွဲ့အစည်းကို တာဝန်ယူရတဲ့အပိုင်းတွေရှိတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံက Gray Zone ထဲကိုရောက်နေတယ်။ Gray Zone နိုင်ငံတွေရဲ့ လက္ခဏာတွေ ၊ သင်္ကေတ တွေနဲ့လည်း ကိုက်ညီနေတာကို တွေ့ရတယ်။အဲဒီမှာ  Gray Zone ကိုဖြေရှင်းဖို့က Citizenship တွေ ၊ Civil Rights တွေက အရေးကြီးလာပြီ။ဒါမှလည်း Democracy Space ကို ချဲ့နိုင်မယ်။ ဒီတော့ အခုလက်ရှိအချိန်မှာ နိုင်ငံသားတွေအတွက် Politician ထက် Activist တွေ ပိုလိုတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ ကျွန်တော် ထင်မြင် ယူဆတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို တာဝန်ယူပြောဆိုတာပါပဲ။
စာပေသမားတော်တော်များများဟာ စာရေးသက်ရင့်လာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ အနည်းနဲ့ အများ ဆိုသလို စာရေးတဲ့အရှိန် နှေးကွေးလေးလံလာတာကို တွေ့နေရပါတယ်။ ဒီသဘောနဲပပက်သက်ပြီး ခင်ဗျားရဲ့ တွေးခေါ်ထင်မြင်ချက်ကို ပြောပါဦး။
ခင်ဗျားတွေ့ရှိချက် မှန်ပါတယ်။ ကျွန်တော့် အထင်ပြောရမယ်ဆိုရင် အနုပညာသမားတစ်ယောက်မှာ ပါရမီသက်ဆိုတာရှိတယ်။။ တစ်ချို့လူတွေက ပါရမီသက်တမ်း တိုလေ့ရှိတယ်။ ပါရမီသက်ကုန်တဲ့အခါ ပညာသက်နဲ့ ဆက်နိုင်ရမယ်။
စာရေးဆရာ၊ ကဗျာဆရာ လို့ ကိုယ့်ကိုယ် ကို အထင်ကြီးနေတဲ့  လူတစ်ချို့အတွက်  ခင်ဗျားရဲ့ စကားလက်ဆောင်လေး ပေးပါဦး။
စာရေးဆရာ၊ ကဗျာဆရာ ဆိုတာ ပြည်သူထဲက သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပါတယ်။ အခွင့်ထူးခံမဟုတ်ပါဘူး။
အခုချိန်မှာ မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ရာတွေကိုလည်း ပရိတ်သတ်က အတိုင်းအတာတစ်ခုအထိ လက်ခံ အားပေးလျှက်ရှိပြီး ပေါက်ရောက်ထွန်းကားနေတာကို တွေ့ရပါတယ်။ မျိုးဆက်သစ်စာပေရေးသားသူတွေအပေါ် ခင်ဗျားရဲ့ ရှုဒေါင့်ကနေ ကြည့်လိုက်တော့ ဘယ်လိုမြင်ကွင်းမျိုးကို ခင်ဗျားတွေ့ရှိရလဲ။
မျိုးဆက်သစ်တွေ ပေါ်လာတာကြိုဆိုပါတယ်။ ဒါပေမဲ့ မျိုးဆက်သစ် စာရေးဆရာတွေ အနေနဲ့ ပရိသတ်က အားပေးတဲ့ အားပေးမှုနဲ့ ထိုက်တန်တဲ့ အဆင့်ရှိဖို့လိုတယ်။ ဒီစကားဟာ အဆင့်မမီတဲ့ တချို့ မျိုးဆက်သစ်တွေကို အားမလို အားမရဖြစ်လို့ပြောတာပါ။ သူတို့အတွက် အချိန်မှီ ၀မ်းစာဖြည့်ဖို့ ကျွန်တော့်က သတိပေးလိုက်တဲ့ သဘောပါ။ ဆရာလုပ်တာလည်း မဟုတ်ပါဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း အဲဒီအတိုင်း မကြာခဏ သတိပေးလေ့ရှိပါတယ်။
ခင်ဗျားစိတ်ထဲမှာရှိတဲ့ရဲဘော်တွေအကြောင်းပြောပြပေးပါ
လောလောဆယ် ကျွန်တော်စိတ်ထဲ ပေါ်လာတဲ့ ရဲဘော် ၃ ယောက်ကိုပြောပါ့မယ်။ ကြည်ဇော်အေး၊ သစ်ကောင်းအိမ် နဲ့ မင်းကိုနိုင် တို့ ပေါ့ဗျာ။
ခင်ဗျားရှေ့က ခင်ဗျားလေးစားတဲ့ စာပေနောင်တော်တွေအပေါ် ညိတော်တစ်ယောက်အနေနဲ့ ချစ်မှု မြတ်နိုးမှုနဲ့အတူ မျက်စိစပါးမွှေးစူးမှုတွေကို တစ်ပါတည်း ပြောပြပေးစေချင်ပါတယ်။
ခင်ဗျားက ရန်တိုက်ပေးပြန်ပြီဗျာ။ ကျွန်တော်ကလည်း ရန်ဖြစ်ရမှာ မကြောက်တဲ့သူဆိုတော့ ပြောရတာပေါ့။ တစ်ချို့နောင်တော်တွေက ဘယ်လိုဖြစ်တယ်ကိုမပြောတတ်ဘူး။ စာကိုမဖတ်ကြဘူး။ ဒီတော့ နိုင်ငံတကာကို အဆက်ပြတ်နေတယ်။ ဒါကိုတော့ အမုန်းခံပြီး ပြောလိုက်မယ်.. ဒါပဲ။
ခုချိန်မှာ နေရာတစ်နေရာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ မြန်မာကဗျာတွေ ထွန်းကား မြင့်မားလာဖို့ ဘာတွေလုပ်ဖို့လိုအပ်သလဲ။
ဒီကိစ္စက ကဗျာဆရာတွေမှာတင်မဟုတ်ဘဲ အယ်ဒီတာတွေမှာပါ တာဝန်ရှိတယ်။ အယ်ဒီတာ တစ်ယောက်အနေနဲ့ ကဗျာတစ်ပုဒ်ကို ပုံနှိပ်ဖော်ပြဖို့ ဆုံးဖြတ်တဲ့အခါ အဆင့် မီ မမီ ပြတ်သားစွာ ဆုံးဖြတ်နိုင်ရမယ်။ လက်ရှိရေးနေတဲ့ ကဗျာဆရာတွေကလည်း ရတဲ့နေရာမှာတင် သာယာမနေဘဲနဲ့ ဒီထက် အများကြီး ပိုအားထုတ်ဖို့ လိုပါတယ်။
စာပေအနုပညာသမားတစ်ယောက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် ခင်ဗျားအမြင်က ဘယ်လိုရှိသလဲ။
ခုနက ပြောခဲ့သလိုပဲ မြန်မာပြည်က လက်ရှိ Gray Zone ထဲကိုရောက်နေတယ်။ Gray Zone ထဲကိုရောက်နေတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် ဒီမိုကရေစီစစ်စစ်ကို သွားနိုင်ဖို့ထက် အာဏာရှင်စနစ် Autocracy ကိုနောက်ကြောင်းပြန်သွားကြတာများတယ်။ ဥပမာ - ဗင်နီဇွဲလား နဲ့ ရုရှား…..။ ကျွန်တော်တို့ နိုင်ငံအပြောင်း အလဲကို လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေကတော့ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြောနေတာပဲ။ ကျွန်တော့်အမြင်ကတော့ အပြောင်းအလဲဟာ စိတ်မချရသေးဘူးလို့ မြင်တယ်။ နောက်ကြောင်းပြန်မလှည့်ဘူး ဆိုပေမယ့်  ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရှေ့လည်း ဆက်မသွားနိုင်သေးဘူး။ ရောက်တဲ့နေရာမှာ ရပ်နေရတဲ့သဘောပဲ။ ရောက်နေတဲ့နေရာကလည်း အင်မတန် နိမ့်ကျတဲ့နေရာ ဖြစ်နေတယ်။ နောက်တစ်ခုက လမ်းညွှန်ခံ ဒီမိုကရေစီကိုပုံဖော်တဲ့နေရာမှာ စင်ကာပူ တို့၊ ဘာတို့ နမူနာထားပြောဆိုနေကြတယ်။ စင်ကာပူဆို GDP မြင့်တာ မှန်ပါတယ်။ဒါပေမယ့် စင်ကာပူကို ဒီမိုကရေစီ စစ်စစ်လို့ ကျွန်တော် မယုံကြည်နိုင်ပါ။ GDP မြင့်တာဟာ ဒီမိုကရေစီတန်ဖိုး မဟုတ်ဘူး။လက်ရှိနိုင်ငံရေး အခင်းအကျင်းပုံစံအရလည်း ပြသနာတွေက အများကြီး ရှိသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းစစ်ပြသနာ၊ လွှတ်တော်ထဲက စစ်သား ၂၅% ပြသနာ၊ Moral Legitimacy ရတဲ့ခေါင်းဆောင်တွေ အစိုးရမဖွဲ့နိုင်သေးတဲ့ပြသနာ၊ အစိုးရဟာသူတို့ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် Plan-B တွေ၊ Plan-C တွေရှိပြီး လူထုဝန်ဆောင်မှု လုပ်ငန်းတွေအတွက်တော့  Plan-B မရှိသေးတဲ့ ပြသနာ စသဖြင့် …ပြသနာတွေအများကြီးပဲ။ ဒီတော့ လက်ရှိမြန်မာနိုင်ငံရေး အခင်းအကျင်းဟာ ပြသနာတွေ၊ပဋိပက္ခတွေ အများကြီးရှိနေသေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြင်ပါတယ်။
ကဗျာဆရာဝေမှူးသွင် အနေနဲ့ လက်ရှိနိုင်ငံရေး အ၀န်းအ၀ိုင်းထဲမှာ ထဲထဲဝင်ဝင် ၀င်ရောက်လှုပ်ရှားခွင့် ရခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်လိုခံယူချက်တွေနဲ့ ဘာတွေလုပ်ဖြစ်မယ်ထင်လဲ။
ကျွန်တော့်ရဲ့ ခံယူချက်ကတော့ ပြည်သူသာ ပထမ ဆိုတဲ့ ခံယူချက်ပါပဲ။ တစ်ချိန်က မြို့တော်ခန်းမရှေ့မှာ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ဆောင်ပုဒ်ကြီးတွေရှိပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုတဲ့ အစိုးရမျိုး ဖြစ်တဲ့အထိ ဆောင်ရွက်ရမယ်လို့ ခံယူထားပါတယ်။ အဓိက လုပ်ရမယ့် အပိုင်းကတော့ Civil Sociuty ပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအာဏာရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ အနုပညာလောကရဲ့ Crisis တွေအတွက် ခင်ဗျားရဲ့ အကြံဥာဏ်တွေကိုလည်း ထည့်သွင်းပြောကြားစေချင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတော့ လက်ဝဲနိုင်ငံရေးသမားတွေ ပြောလေ့ ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါဘာလဲ ဆိုတော့ နိုင်ငံရေးဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ အပေါ်ထပ်ဆုံး အဆောက်အအုံပဲဆိုတာပါ။ အမေရိကားတို့ အင်္ဂလန်တို့မှာတော့ သိပ္ပံပညာရှင်တွေ၊ ကမ္ဘာ့ အဆင့် ဖျော်ဖြေရေး နယ်ပယ်ကလူတွေ၊ အားကစားနယ်ပယ်ကလူတွေ၊ နည်းပညာနယ်ပယ်ကလူတွေဟာ နိုင်ငံရေးသမားထက် ပိုမြင့်တယ်လို့ သူတို့ကိုယ် သူတို့ ခံယူကြတယ်။ ဥပမာ- ဘီလ် ဂိတ်၊ မာ့က်ဇူကာဘတ်၊ ဘိုနို၊ အိုင်းစတိုင်း၊ သောမတ် ဖရိုင်းမင်း၊မာရာဒိုနာ….. စသူတွေဟာ အမတ်ဖြစ်စရာမလိုဘူး။ ၀န်ကြီးချုပ်ဖြစ်စရာမလိုဘူးလို့ ခံယူထားကြတယ်။ ကျွန်တော်တို့ နိုင်ငံအပါအ၀င် ဒီမိုကရေစီ ပြည့်ပြည့်၀၀ မရရှိသေးတဲ့ တတိယကမ္ဘာနိုင်ငံတွေမှာတော့ အာဏာနိုင်ငံရေးဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က လက်ဝဲနိုင်ငံရေးသမားတွေ ယူဆသလို အပေါ်ဆုံးထပ်အဆောက်အအုံ ဖြစ်နေတုန်းပဲ။ ဒီတော့ အနုပညာသမားတွေကလည်း အနုပညာဆိုတာ ဘယ်နိုင်ငံရေး အယူအဆရဲ့ လက်အောက်ခံမှ မဟုတ်ဘူးလို့ ခံယူထားဖို့လိုတယ်။ ဒါဟာ Crisis တွေအတွက် ကျွန်တော်ပေးတဲ့ အကြံဥာဏ်ပါပဲ ။
စာနယ်ဇင်း၊ မီဒီယာတွေရဲ့ လက်ရှိ ရပ်တည် ရင်ဆိုင်မှုတွေအပေါ်ရော ခင်ဗျား အားရကျေနပ်မိရဲ့လား။
တစ်ချို့ စာနယ်ဇင်းတွေက ကိုယ့်ကိုယ်ကို တရားသူကြီးထင်နေကြတယ်။ တစ်ချို့က အခွင့်ထူးခံလို့ ထင်နေကြတယ်။ တစ်ချို့က စတုတ္ထ မဏ္ဍိုင် ဆိုပြီး မာန်တက်နေကြတယ်။ စာနယ်ဇင်းတိုင်းဟာ စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ စာနယ်ဇင်းဆိုရာမှာ အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ အနုပညာဖျော်ဖြေမှု၊မှုခင်း အစရှိသည်ဖြင့် လိုင်းအမျိုးမျိုးရှိတဲ့အနက် အစိုးရလွှတ်တော်အပါအ၀င် အုပ်ချုပ်ရေးနယ်ပယ် အသီးသီးကို စောင့်ကြည့်ဝေဖန်နေတဲ့ ၊(တစ်နည်း) Watch Dog အလုပ်လုပ်တဲ့ သတင်းမီဒီယာတွေပါ ပါဝင်ပါတယ်။ တခြားသော စာနယ်ဇင်းမီဒီယာတွေအဖို့ သူ့တန်ဖိုးသူရှိသော်လည်း စတုတ္ထ မဏ္ဍိုင်မမည်ဘဲနဲ့ Watch Dog အလုပ်လုပ်တဲ့ သတင်းမီဒီယာကိုသာလျှင် စတုတ္ထ မဏ္ဍိုင် လို့ ကျွန်တော် သဘောထားရှိပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးဖို့အတွက်  ခင်ဗျားဘက်က ဘယ်အရာတွေကို ပေးဆပ်ဖို့ အသင့် ပြင်ဆင်ထားလဲ။
ကျွန်တော် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပေးဆပ်သွားချင်ပါတယ်..
ခင်ဗျားယုံကြည်တဲ့ နိုင်ငံရေးလမ်းကြောင်းက ဘယ်လိုလဲ။
ကျွန်တော်ယုံကြည်တဲ့ နိုင်ငံရေး လမ်းကြောင်းကတော့ လစ်ဘရယ် ဒီမိုကရေစီစနစ်ပါပဲ။
မြန်မာနိုင်ငံမှာ ဘယ်လို နိုင်ငံရေးအရည်အသွေးရှိတဲ့ နိုင်ငံရေးသမားတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။
ကျွန်တော်တို့ဆီမှာ နိုင်ငံရေးသမားတွေ တစ်ဦးချင်းအရည်အသွေး မြှင့်တင်ထားရမယ်။ ဒီနေ့ကမ္ဘာကြီးဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ အရာရာမှာ အပြောင်းအလဲတွေ သိပ်မြန်တယ်။ ပါဝါ အလှည့်အပြောင်းတွေ မကြာခဏဖြစ်တယ်။ သတင်းနဲ့ နည်းပညာ နှစ်ခုစလုံးရဲ့ ပေါက်ကွဲမှု အရှိန်အဟုတ် မြင့်မားလွန်းတာကြောင့် ယဉ်ကျေးမှု Culture ပေါင်းစုံ ရောနှောသွားတတ်တယ်။ ဒီလိုလူ့အဖွဲ့အစည်းမျိုးမှာ တာဝန်ယူမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေဟာ တစ်ဦးချင်း ကိုယ်ရည် ကိုယ်သွေးမြင့်မားဖို့ လိုကိုလိုတယ်။ ကိုယ်ရည် ကိုယ်သွေးနဲ့အတူ မျိုးချစ်စိတ်၊ ကိုယ်ကျိုးမဖက်တဲ့ အနစ်နာခံစိတ် စတာတွေလည်း အထူးလိုအပ်ပါတယ်။
ခင်ဗျားခံယူထားတဲ့ အယူအဆ သို့မဟုတ် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခုခု ကိုပြောပြပါ
ယန်းပေါဆတ် ပြောခဲ့သလိုပေါ့ဗျာ။ “ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို သိလာပြီဆိုရင် အဲဒီအသိအတွက် တာဝန်ရှိပါတယ်။ လူတွေကို အရေးတကြီး ပြောစရာတွေရှိပါလျက်၊ ပြောဖို့ အခွင့်အလမ်းလည်း ရှိပါလျက်နဲ့ မပြောဘဲ တခြားအလုပ်တွေမှာ အချိန်ဖြုန်းနေရင် ဒါဟာ ရာဇ၀တ်မှု မြောက်တယ်” ဆိုတဲ့ စကားပါပဲ။
ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...