Tuesday, July 3, 2012

သင့်ကိုယ်ပိုင်ဘ၀တိုက်ပွဲများကို အောင်မြင်ခြင်း


by So Min Oo on Tuesday, July 3, 2012 at 12:21pm 

ဘ၀မှာ လူအများနဲ့ ရင်ဆိုင်ယှဉ်ပြိုင် တိုက်ပွဲဝင်ရတဲ့ စစ်တလင်းတွေ ရှိသလို ကိုယ့်ကိုယ်ကိုယ်သာ ပြိုင်ဆိုင်ဆင်နွှဲ တစ်ကိုယ်တော် ကြဲရတဲ့ ကိုယ်ပိုင် ဘ၀တိုက်ပွဲတွေလဲရှိပါတယ်။ အဲဒီမှာ အရင်ဆုံး အောင်မြင်ဖို့က ကိုယ်ပိုင် ဘ၀တိုက်ပွဲတွေပါပဲ။
အများနဲ့ ယှဉ်ရတဲ့ စစ်တလင်းတွေမှာ အောင်မြင် မနင်းနိုင်ခင်မှာ ကိုယ်ပိုင်ဘ၀တိုက်ပွဲတွေမှာ အောင်ပွဲဆင်နွှဲနိုင်ဖို့ ပထမဆုံး ကြိုးစားရပါမယ်။ ပြောင်းလဲမှုအရာရာဟာ မင်းနဲ့အတူ စတင် လိုက်ပါကြမှာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ဘယ်လိုရခဲ့သလဲဆိုတာ ကိုယ်တော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

‘မင်း ဘာဖြစ်နေတာလဲကွာ၊ ငါတော့ မင်းကို စိတ်တောင်ပျက်လာပြီ၊ အထက်တန်းကျောင်းမှာ ငါသိခဲ့တဲ့ တစ်ချိန်က  ‘ရှောင်’ မဟုတ်တော့ပါလား၊ တစ်ချိန်က ‘ရှောင်’ က ဘယ်ရောက်သွားပြီလဲ’

စကားခဏရပ်ပြီး နည်းပြက ကိုယ့်ကို စိမ်းစိမ်းဝါးဝါး ကြည့်တယ်။

‘မင်း ဘောလုံး မကစားချင်တော့ဘူးလားကွာ’

ကိုယ် လန့်သွားတယ်။

‘ဟုတ်ကဲ့၊ ဟုတ်ပါတယ်’

‘ဟေ၊ ကဲ၊ ငါ နားပါရစေဦး၊ မင်းက လူကသာ လှုပ်ရှားနေတာ၊ စိတ်ကမှ မပါတာ၊ စိတ်ပါလက်ပါ လုပ်ကွာ၊ ဒါမှ ပိုကောင်းမှာ၊ ဒီအတိုင်းဆို ငယ်တဲ့သူတွေက မင်းနေရာ ယူသွားမှာနော်၊ မင်းနေရာ ဖယ်ပေးလိုက်ရမှာ၊ တော်ကြာ တစ်ခါတည်း ဇာတ်သိမ်းသွားဦးမယ်’

ဒါက ဘောလုံးလေ့ကျင့်ရေးစခန်းမှာ ရာသီအကြို လေ့ကျင့်ရေးလုပ်နေတုန်း နည်းပြက ကိုယ့်ကို စိတ်တိုင်းမကျလို့ ပြောနေတာလေ၊ Brigham Young တက္ကသိုလ်မှာ ကိုယ် ဒုတိယနှစ် တက်နေတုန်းမှာပေါ့။ ကိုယ့်ကို တက္ကသိုလ်အတော်များများက ၀င်ခွင့်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ်က Brigham တက္ကသိုလ်ကိုပဲ တမင် ရွေးတက်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ဂျင်မက်မဟွန်း နဲ့ စတိဗ်ယန်း တို့လို အမေရိကန် လက်ရွေးစင် ဘောလုံးသမားတွေကို ဒီတက္ကသိုလ်က မွေးထုတ်ပေးတဲ့ အစဉ်အလာ ရှိလို့ပါ။ ဂျင်နဲ့ စတိဗ်တို့ နှစ်ယောက်လုံးဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်သွားကြပြီး သူတို့အသင်းကို Super Bowl ပြိုင်ပွဲတွေမှာ အောင်ပွဲတွေရအောင် ဦးဆောင်ပေးနိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ကိုယ်က တတိယမြောက် Quarterback ဖြစ်နေခဲ့တာမဟုတ်လား။

ဒီတော့ နည်းပြစကားတွေက အေးစက်စက်၊ မာကျောကျောနဲ့ ကိုယ့်ကို စော်ကားနေသလိုပါပဲ။ ကိုယ့်စိတ်တွေ ရှုပ်ထွေးသွားတာက သူ့စကားကလည်း တကယ်မှန်နေတယ်လေ။ ကိုယ့်အနေနဲ့ နာရီပေါင်းများစွာ အကြာကြီး လေ့ကျင့်ရင်တောင်မှ စွံမှာမဟုတ်တော့ပါဘူး။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ။ ကိုယ် ဒါကို သိလိုက်တယ်။
အဆုံးဖြတ်ရခက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ချမှတ်ရတော့မယ်။ ဘောလုံးကို စွန့်မလား၊ ကိုယ့်ကြိုးပမ်းအားထုတ်မှုကို သုံးဆပိုလုပ်မလား။ နောက် ရက်သတ္တပတ်များစွာ ကြာတဲ့အထိ ကိုယ့်ခေါင်းထဲမှာ စစ်ပွဲဆင်နွှဲနေတယ်။ စိုးရိမ်ထိတ်လန့်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် သံသယ၀င်တာတွေနဲ့ထိပ်တိုက်တွေ့တော့တာပါပဲ။

‘ဘောလုံးသမားဖြစ်ဖို့ ငါ ဘာတွေလုပ်ရဦးမလဲ၊ အဲဒီ စိတ်ဖိစီးမှုဒဏ်ကို ငါခံနိုင်ပါ့မလား’

မကြာခင်မှာပဲ ကိုယ်ဘာဖြစ်နေသလဲဆိုတာ ရှင်းသွားတော့တယ်။ ကြောက်နေတာလေ။ ပြိုင်ပွဲဝင်ရမှာကို ကြောက်တာ၊ ထင်ရှားကျော်ကြားမှာကို ကြောက်တာ၊ ကြိုးစားရမှာကို ကြောက်တာ၊ နောက်ပြီး ရှုံးမှာကို ကြောက်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ ဒီအကြောက်တရား အာလုံးက ကိုယ့်ကိုယ် အစွမ်းကုန် မလှုပ်နိုင်အောင် ဆွဲထားကြတာလေ။ ကိုယ့်စွမ်းရည်ရှိသမျှ ပုံအော အသုံးချပြီး မကြိုးစားတာ ဒါကြောင့်ကိုးလို့ စိတ်ထဲမှာ ရှင်းသွားတယ်။

ကိုယ် ဆုပ်စူး၊ စားရူးဖြစ်ပြီး အကျပ်ရိုက်နေတာနဲ့ ပတ်သက်လို့ အာနိုးဘင်နက် ရဲ့ စကားက ကိုယ့်အတွက် ကိုးကားစရာဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ ကိုယ် ဆုံးဖြတ်ချက်ချနိုင်ခဲ့တာလည်း အဲဒီ တန်ဖိုးကြီးမားလှတဲ့ အကိုးအကားကြောင့်ပါပဲ

သူရေးခဲ့တာက ဒီလိုပါ။

ကံဆိုးမိုးမှောင်ကျခြင်းဆိုသည်မှာ ဘ၀တွင် အမြင့်မားဆုံးသော စွမ်းဆောင်မှုတစ်ခုကို ဘယ်သောအခါတွင်မှ ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်း မရှိခြင်းပင်ဖြစ်သည်။ ထို့ပြင် အထွတ်အထိပ်ရောက်နေသော မိမိ၏ အားထုတ်ကြိုးပမ်းမှုကို ကိုယ်တိုင် ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းကလည်း ကံဆိုးခြင်းပင်ဖြစ်သည်။ လူတစ်ယောက်သည် သူ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို ဘယ်သောအခါတွင်မှ အပြည့်အ၀ မမြှင့်တင်နိုင်သော၊ သူ၏ဂုဏ်သတင်းကို ဘယ်သောအခါတွင်မှ အပြည့်အ၀ မှတ်ကျောက်အတင်မခံနိုင်သော အခြေအနေမျိုး ကြုံရခြင်းသည်လည်း အမှန်တကယ် ကံဆိုးမိုးမှောင်ကျခြင်း မည်ပေသည်။



အဲဒီ ကံဆိုးမိုးမှောင်ဆိုတာကို ဘယ်တော့မှ မခံစားရအောင်လို့ ကိုယ့်စွမ်းဆောင်မှုကို အမြင့်ဆုံးမှာပဲ အမြဲထိန်းထားနိုင်ဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ အစွမ်းကုန်ထုတ် အသုံးချဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုလိုက်တယ်။ နောက်ပြီး တိုးတက်ရေး နှောင့်နှေးစေမှာတွေကို ရပ်တန်းကရပ်ဖို့နဲ့ အရာရာကို ပွင့်ပွင့်လင်းလင်းပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်၊ အဲဒီလုပ်ရပ်တွေကြောင့် အခွင့်အလမ်းတွေ အခွင့်အရေးတွေ ဖြစ်လာမလာတော့ ကိုယ်မသိဘူး။ ဒါပေမယ့် အဲဒါတွေ ဖြစ်မလာရင်တောင် အနည်းဆုံးတော့ ကိုယ့်လမ်းကိုယ်ထွင်ရာကျမှာပါ။ ဘ၀ဟာလဲ သက်ဝင်မြူးကြွလာမှာပါ။

‘ကိုယ် ဆုံးဖြတ်ပြီးပြီ’ ဆိုတာကို ဘယ်သူမှ သိကြ ကြားကြမှာ မဟုတ်ပါဘူး။ လက်ခုပ်သြဘာပေးကြတာလဲ ရှိမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင် ဘ၀တိုက်ပွဲတစ်ခုဆိုတာ ရှင်းနေတာပဲမဟုတ်လား။ ရက်သတ္တပတ်ပေါင်းများစွာကြာတဲ့ ကာလတစ်ခုကို လွန်မြောက်မှသာ ကိုယ့်စိတ်ကိုယ် နိုင်ပါတော့တယ်။

ကိုယ့်ကိုယ်ကိုယ် ကတိပြုပြီး ဆုံးဖြတ်ချလိုက်တာနဲ့ တစ်ပြိုင်နက် အရာတိုင်းဟာ ပြောင်းလဲသွားပါတော့တယ်။ အခွင့်အလမ်းတွေလည်း စတင်ပွင့်လန်းလာတယ်။ ကွင်းထဲက ကိုယ့်စွမ်းရည်ဟာလည်း အကြီးအကျယ် တိုးတက်လာတယ်။ စိတ်နဲ့ကိုယ်ကလည်း တစ်သားတည်း တစ်ထပ်တည်း ဖြစ်သွားပြီလေ။ ကိုယ့်နည်းပြကလည်း မသိဘဲ ဘယ်နေမလဲ၊ သိတာပေါ့။

ဘောလုံးရာသီအစ ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ပြီးတဲ့အချိန်မှာ ကိုယ်ဟာ အရန်လူခုံမှာပဲ ရှိနေခဲ့တယ်။ စိတ်ထဲ မချင့်မရဲဖြစ်ပေမယ့် ကိုယ်ကတော့ ကြိုးစားလျက်ပါပဲ။ ကောင်းသထက်ကောင်းအောင်လည်း လေ့ကျင့်လျက်ပါပဲ။
ဘောလုံးရာသီအလယ်ရောက်တော့ အဲဒီနှစ်ရဲ့ ပွဲကြီးပွဲကောင်းတွေ လာပြီလေ။ ပြည်တွင်းအဆင့်မှာ ထိပ်တန်းစာရင်းဝင်တဲ့ လေတပ်အသင်းနဲ့ ကိုယ်တို့ကစားရတော့မယ်၊ အဲဒီပွဲမတိုင်ခင် တစ်ပတ်အလိုမှာ နည်းပြက ကိုယ့်ကို သူ့ရုံးခန်းထဲခေါ်တယ်။ နောက်ပြီး ဒီပွဲကစလို့ ၀င်ကစားရမယ်လို့ပြောတယ်။ ဂလုခနဲနေအောင် ၀မ်းသာလုံးကြီးကို မျိုချလိုက်ရတယ်။ အဲဒီ ရက်တွေဟာ ကိုယ့်ဘ၀မှာ အရှည်ကြာဆုံးရက်သတ္တပတ်ပဲဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ပွဲကစားမယ့်နေ့ကို မြန်မြန်ရောက်ချင်နေတာလေ။

နောက်ဆုံးတော့ ပြိုင်ပွဲဝင်ရမယ့်ရက် ရောက်လာပါပြီ။ ပွဲအစမှာ ကိုယ့်ပါးစပ်တစ်ခုလုံး အရမ်းကို ခြောက်ကပ်နေတာ။ စကားပြောဖို့တောင် အနိုင်နိုင်။ ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာတော့ ကို်ယ် နေသားကျသွားပါပြီ။ ကိုယ့်စိတ်တွေလည်း တည်ငြိမ်သွားပြီ။ ကိုယ်တို့အသင်း အောင်ပွဲရအောင် ဦးဆောင်သွားတာ ဘယ်သူလဲသိလား။ ကိုယ်ပဲပေါ့။ အဲဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်နဲ့တောင် ကိုယ့်ကို ဂုဏ်ပြုလိုက်ကြသေးတယ်။ ပွဲအပြီးမှာ ကိုယ့်ကို ချီးကျူးစကား ပြောကြတဲ့လူတွေဆိုတာ အများကြီးပေါ့။

ဒါပေမယ့် တကယ့်အမှန်တရားကို သူတို့နားမလည်ကြပါဘူး။ တကယ့်အဖြစ်မှန်ကိုလည်း သူတို့မသိကြပါဘူး။ အဲဒီအောင်ပွဲဟာ အဲဒီနေ့ကမှ အဲဒီကွင်းထဲမှာ ဖြစ်ပေါ်လာတာလို့ သူတို့က ထင်ကြမှာပါပဲ။ အမှန်တော့ အောင်ပွဲဟာ အများပြည်သူရှေ့မှောက်ကို အဲဒီနေ့ကမှ ရောက်လာတာ မှန်ပေမယ့် ကိုယ့်စိတ်ထဲ အတွေးထဲမှာ လအတန်ကြာကတည်းက ဖြစ်တည်နေတာပါ။ တိတိကျကျ ပြောရရင် ကိုယ့်ရဲ့အကြောက်တရားတွေကို ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက၊ တိုးတက်ရေး နှောင့်နှေးစေမှာတွေကို ရပ်တန်းက ရပ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းကပါပဲ။ အဲဒီလိုတွေ ဆုံးဖြတ်လုပ်ကိုင်ကတည်းက အောင်ပွဲဆိုတာ ကိုယ့်ရင်ထဲမှာ ဖြစ်တည်နေတာပါ။

လေတပ်အသင်းကို နိုင်လိုက်တာဟာလည်း တကယ်တော့ ဘာမှမခက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ကသာ ခက်ခဲတာပါ။ ဒါကြောင့် အဲဒီနေ့က လေတပ်အသင်းကို နိုင်တာဟာ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ ကြိုးစားရတာနဲ့ နှိုင်းယှဉ်ရင် အလွန်လွယ်ကူလှတဲ့ စိန်ခေါ်မှုပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ပိုင် အောင်ပွဲတွေဟာ အများရဲ့ အောင်ပွဲတွေထက် ပိုလို့ အရေးကြီးပါတယ်။

ဆိုရိုးစကားရှိတယ်လေ။
ကျွန်ုပ်တို့ ရန်သူကိုတွေ့ပါပြီ၊ ရန်သူက ကျွန်ုပ်တို့ပါပဲ။

The 7 Habits of Highly Effective Teens by Sean Covey ကို ဘုန်းခေါင် မြန်မာပြန်သည့် အောင်မြင်ပေါက်မြောက် ထိပ်တန်းရောက်နေကြသော ဆယ်ကျော်သက်ရွယ် လူငယ်များ၏ အမူအကျင့် ၇ ရပ် စာအုပ်မှ ထုတ်နှုတ်သည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...