Tuesday, July 3, 2012

04.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, July 3, 2012 at 4:34pm 

မြန်မာပရိသတ်တွေကြိုက်တဲ့ ဖိုက်တင်မင်းသား ဂျက်ကီ ချန်း
ဂျက်ကီချန်း မြန်မာပြည်သွားမယ်
Unicef ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ဂုဏ်ထူးဆောင် သံအမတ်ကြီး ဟောင်ကောင် ဖိုက်တင် မင်းသား ဂျက်ကီ ချန်း ဟာ မြန်မာနိုင်ငံကို မကြာခင် ရက်ပိုင်း အတွင်း သွားရောက် လည်ပတ် မယ်လို့ သတင်း ရရှိပါတယ်။

ဖိုက်တင် မင်းသားဟာ မန္တလေးမြို့မှာ မိဘမဲ့ကလေးတွေ၊ လမ်းပေါ်မှာ အုပ်ထိန်းမဲ့ ရှင်သန်နေရတဲ့ ကလေးတွေနဲ့ တွေ့ဆုံ စကားပြောမှာ ဖြစ်ပြီး၊ မြန်မာ ကလေးငယ်တွေ လူကုန်ကူး ခံရမှုတွေ မဖြစ်အောင်လို့ သူနိုင်တဲ့ ဘက်ကနေ ဆွေးနွေး ပြောဆိုမှုတွေ ဆောင်ရွက် ပေးမှာလည်း ဖြစ်ပါတယ်။
တခါ ကလေး သူငယ်များ အရေးကို ဆောင်ရွက် ပေးနေတဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေး ပြောဆိုမှုတွေ လုပ်ကိုင် ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဟောင်ကောင် အက်ရှင် မင်းသားဟာ မြန်မာနိုင်ငံက လူကြီး လူငယ် ရုပ်ရှင်ကြည့် ပရိသတ်တွေ ကြားမှာ ထင်ရှားတဲ့ ပြည်ပက ရုပ်ရှင်မင်းသား တဦးလည်း ဖြစ်ပါတယ်။

ဘာကလေ ဘဏ်မှ နှုတ်ထွက် ခဲ့သူ
Barclays ဘဏ် ဥက္ကဌ နှုတ်ထွက်
ဗြိတိန်က Barclays ဘဏ် ဥက္ကဌ Bob Diamond ဟာ ရာထူးကနေ နှုတ်ထွက်သွားပြီး ဖြစ်ပါတယ်။
ဗြိတိန်က အကြီးဆုံး ဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ Barclays ဘဏ်ဟာ ဘဏ် အချင်းချင်းကြား အတိုးနှုန်းကို အလွဲသုံးစား လုပ်ဖို့ ကြိုးစားခဲ့တာကြောင့် အကြီးအကျယ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေခဲ့ ရတာ ဖြစ်ပါတယ်။
အင်္ဂလန်ဘဏ် အကြီးအကဲနဲ့ ဗြိတိန် ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေ အရာရှိချုပ် တို့နှစ်ဦးက မစ္စတာ Diamond ကို ရာထူးက ဆင်းပေးဖို့ တွန်းအား ပေးခဲ့ပြီးနောက် အခုလို နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။
မစ္စတာ Bob Diamond ရဲ့ ကြေညာချက် ထဲမှာတော့ Barclays ဘဏ် အပေါ် ဖိအား ပေးမှုတွေ ရှိနေတာကြောင့် ဘဏ်လုပ်ငန်းတွေ အပေါ် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။
အခုလို Bob Diamond နှုတ်ထွက် သွားတဲ့ အပေါ် ဗြိတိန် နိုင်ငံရေး သမားတွေက ကြိုဆို လိုက်ပါတယ်။
အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် အက်ဝါ့ဒ် မီလီဘန်း က ဒါဟာ လိုအပ်လို လုပ်ရတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ ဘဏ္ဍာရေးဝန်ကြီး ဂျော့ခ်ျအော့စ်ဘွန်း ကတော့ ဒါဟာ တာဝန်သိတတ်မှုနဲ့ ပတ်သက်ပြီး ခေတ်သစ်တခု ဆီသွားမယ့် ခြေလှမ်းအစ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိက၊ ဥရောပနဲ့ အာရှက ဘဏ်လုပ်ငန်း ဆိုင်ရာ ဥပဒေ ပြုသူတွေကလည်း သူတို့ဆီက အဓိက ဘဏ်ကြီးတွေ အနေနဲ့ အတိုးနှုန်း ကစားမှုတွေ လုပ်မလုပ် ဆိုတာကို စုံစမ်း စစ်ဆေးမှုတွေ လုပ်နေကြ ပါတယ်။

ရုရှား ဂျပန် အငြင်းပွားနေတဲ့ ကျွန်းစုဆီ ရုရှားဝန်ကြီးချုပ် သွားရောက်
ဒုတိယ ကမ္ဘာစစ် အပြီး ရုရှား တပ်ဖွဲ့တွေဟာ ဂျပန် ဆီကနေ ကိုရီးလ် ကျွန်းစုတွေကို သိမ်းယူခဲ့
ရုရှားနဲ့ ဂျပန် နိုင်ငံ အကြား အငြင်းပွား ပြဿနာ ဖြစ်နေတဲ့ ကိုရီးလ် ကျွန်းစု တခု ဆီကို ရုရှား ဝန်ကြီးချုပ် ဒီမက်ထရီ မက်ဗီရေးဒက် သွားရောက် လည်ပတ်ခဲ့တဲ့ အတွက် ဂျပန်နိုင်ငံရဲ့ ချက်ခြင်းဆိုသလို တုံ့ပြန် ပြောဆိုသံတွေ ထွက်ပေါ် လာပါတယ်။
မစ္စတာ မက်ဗီရေးဒက်ဟာ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ပြီး၊ ဂျပန် မြောက်ပိုင်း ဟိုကာအီဒိုကျွန်း အနီးက ခူနာရှဲယ် ကျွန်းကို သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို မစ္စတာ မက် ဗီရေးဒက်ရဲ့ အလည် အပတ်ဟာ အလွန်တရာမှ စိတ်ပျက် ဖွယ်ရာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ဂျပန် ကဘိနက် ဝန်ကြီး အဖွဲ့ အကြီးအကဲ အိုဆာမူ ဖူဂျီမူရာကလည်း အခုလို ရုရှား တို့ရဲ့ လုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ် အပြီး ရုရှား တပ်ဖွဲ့တွေဟာ ဂျပန် ဆီကနေ ကိုရီးလ် ကျွန်းစုတွေကို သိမ်းယူထားတာ ဖြစ်ပါတယ်။
အခုလို ကျွန်းစု ပြဿနာတွေ ရှိနေတာကြောင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုရေး အတွက် အဟန့်အတား ဖြစ်နေခဲ့တာပါ။

ဂလက်ဇို ဆေးကြော်ငြာ လိမ်လည်မှု ဒဏ်တပ်
အမေရိကန် အကြီးဆုံး ကျန်းမာရေး လိမ်လည်မှု
အမေရိကန် သမိုင်းမှာ အကြီးကျယ်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု လိမ်လည်မှု ပြီးငြိမ်းဖို့ ဂလက်ဇို ဗြိတိသျှ ဆေး ကုမ္ပဏီ ကြီးက ဒေါ်လာ သန်း ၃ ထောင် ပေးဖို့ သဘော တူ လိုက်ပါတယ်။
လူကြီးတွေ အတွက် သုံးဖို့ပဲ ညွှန်းလို့ရတဲ့ စိတ်ကျ ရောဂါဆေးကို အသက် ၁၈ နှစ်အောက် လူနာ တွေကို ရောင်းဖို့ ကြိုးစား တာမျိုး လို အမေရိကန် ဥပဒေ ကို ချိုးဖောက်ပြီး ဆေးကြော်ငြာ တာတွေ ဂလက်ဇိုက အကြိမ်ကြိမ် ကျူးလွန်ခဲ့ တယ်လို့ အာဏာပိုင် တွေက ပြောကြား ပါတယ်။
ဆရာဝန် တွေကို စားပွဲ သောက်ပွဲတွေ ရေပူစမ်း နဲ့ ဧည့်ခံ တာမျိုးတွေနဲ့ သိမ်းသွင်းဖို့ ကြိုးစား တာတွေက လာဘ်ထိုးတာ နဲ့ ညီမျှတယ် လို့လဲ သိရပါတယ်။
အမှား ကနေ သင်္ခန်းစာ ယူသွားမယ်လို့ ဂလက်ဇိုက ပြောကြား ခဲ့ပါတယ်။

iPad ကို စိန်ခေါ်မယ့် Surface တက်ဘလတ်
windows 8 နဲ့အတူ intel ဒါမှမဟုတ် ARM processors တွေကို သုံးထားမှာ ဖြစ်ပါတယ်
မိုက်ခရိုဆော့ဖ် ကုမ္ပဏီကနေ Surface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇွန်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ်မှာ ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။
Touch screen အသုံးပြုထားတဲ့ ဒီတဘလက်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ထွက်လာတော့မယ့် windows 8 OS ကို ထည့်သွင်း အသုံးပြုထားမှာ ဖြစ်ပြီး၊ ကွန်ပြူတာ ဦးနှောက်လို့ ခေါ်တဲ့ Processor အပိုင်းမှာတော့ intel ဒါမှမဟုတ် ARM processors တို့ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။
ဒီအတွက် အက်ပဲလ် ရဲ့ လက်ရှိ အရောင်းရဆုံး iPad လက်ကိုင် ကွန်ပြူတာ ကို အတိအကျ စိန်ခေါ်တော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Surface တက်ဘလတ် တွေမှာ မိုခရိုဆော့ဖ်ရဲ့ ကိုယ်ပိုင်ထုတ် office ပရိုဂရမ်တွေနဲ့ photoshop တို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ windows 8 ကို အသုံးပြုပြီး တဘလတ် ထုတ်လုပ်မယ့် တခြား ကုမ္ပဏီတွေနဲ့တော့ မိုကရိုဆော့ဖ်ဟာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
မိုခရိုဆော့ဖ် အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာ ကတော့ ဒီ တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲ ကို တခါတည်း ထည့်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆားဖေ့စ် တဘလက်ဟာ ဒေါင့်ဖြတ် မျက်နှာပြင်အကျယ် ၁၀.၆ လက္မ ရှိမှာ ဖြစ်ပြီး၊ မဂနီဆီယမ် အိမ်ထဲမှာထည့်သွင်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။
တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲ ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်
အနောက်ဘက်မှာလည်း ထောင်ထားလို့ ရအောင် ထောက်တခု တပ်ဆင် ပေးထားမှာ ဖြစ်ပါတယ်။
Processor အလိုက် ကွာခြားမှု
AMR processor ထည့်သွင်း ထုတ်လုပ်မယ့် Surface တက်ဘလက်ကတော့ အထူအားဖြင့် ၉.၃ မီလီမီတာ ရှိမှာဖြစ်တဲ့အတွက် iPad ထက်စာရင် အနည်းငယ် ပို ပါးမှာလည်း ဖြစ်ပါတယ်။
Intel processor အတွက်တော့ ဝင်းဒိုးစ် ၈ ကို ထည့်သွင်းထားမှာ ဖြစ်ပြီး၊ ၁၃.၅ မီလီမီတာ အထူရှိမှာ ဖြစ်ပါတယ်။ အဲဒီမှာတော့ အရင် windows အတွက် ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲ တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တချို့ပရိုဂမ်တွေ ကတော့ surface နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ update လုပ်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။
Intel processor အသုံးပြုထားတာ ဖြစ်တဲ့အတွက် iPad ထက် အနည်းငယ် ပိုလေးမှာ ဖြစ်ပြီး၊ မျက်နှာပြင်ကတော့ iPad ထက် ပိုကျယ်မှာပါ။
အချက်အလက် သိမ်းဆည်းနိုင်မယ့် ပမာဏကတော့ ARM အတွက် ၃၂ ဒါမှမဟုတ် ၆၄ gigabytes ရှိမှာဖြစ်ပါတယ်။ Intel သုံးထားတဲ့ တက်ဘလက် အတွက် ကတော့ ပမာဏ ၆၄ နဲ့ ၁၂၈ gigabytes တို့ ရှိကြမှာ ဖြစ်ပါတယ်။
ဈေးနှုန်းနဲ့ ဈေးကွက်
မိုခရိုဆော့ဖ် ဟာ သူ့တို့ထုတ်လုပ်တဲ့ windows 8 ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်တဲ့အတွက် OS အတွက် လိုင်စင်ကြေး ကုန်ကျမှု မရှိတာကြောင့် ဈေးကွက်မှာ သူများနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်မှာ ဖြစ်တယ်လို့ Gartner နည်းပညာ အတိုင်ပင်ခံ ဒုတိယ ဥက္ကဌ Carolina Milanesi ကပြောပါတယ်။
ဒီအတွက် တခြား တက်ဘလက် ထုတ်လုပ်သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေ လိမ့်မယ်လို့လည်း သူကပြောပါတယ်။
မိုက်ခရိုဆော့ဖ်ရဲ့ ပထမဦးဆုံးထုတ် ကွန်ပြူတာ ဖြစ်ပါတယ်
iPad ထက် ပိုမို စွမ်းအားမြင့်တဲ့ ပစ္စည်းတွေကို အလိုရှိမယ့် ဈေးကွက်ကို မိုခရိုဆော့ဖ် က အဓိကထား ရောင်းချမယ့် ပုံပေါ်တယ်လို့ ဆိုပါတယ်။
AMR processor သုံးထားတဲ့ Surface တက်ဘလက်တွေ ကိုတော့ အများပြည်သူ သုံးနိုင်ဖို့ အဓိကထား ရောင်းချ မှာ ဖြစ်ပြီး၊ intel processor သုံး တက်ဘလက်တွေကိုတော့ စီးပွားရေး လုပ်ငန်းရှင် တွေ အတွက် အဓိက ထားဖို့ ရှိပါတယ်။

မြန်မာအစိုးရက အကျဉ်းသား ၄၆ ဦး ပြန်လွှတ်ပေး
ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး လောက်ပဲ ပါတယ်လို့ ဆိုပါတယ်
မြန်မာအစိုးရကနေ အကျဉ်းသား ၄၆ ဦးကို အင်္ဂါနေ့က လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ပြန်လွှတ် ပေးလိုက်ရာ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ဦးလောက်ပဲ ပါတယ်လို့ လေ့လာ စောင့်ကြည့် သူတွေက ပြောပါတယ်။
ပြန်လွှတ် ပေးလိုက်တဲ့ တခြား အကျဉ်းသား ၃၄ ဦးကတော့ နိုင်ငံခြားသား ထောင်ကျနေသူတွေ ဖြစ်ပါတယ်။
အခုလို ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံ တည်ငြိမ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဖြစ်တယ်လို့ အစိုးရ သတင်းစာမှာ ရေးသား ဖေါ်ပြ ထားပါတယ်။
ဒီကနေ့ လွတ်တဲ့ အကျဉ်းသားတွေ ထဲမှာ မြင်းခြံထောင်ကနေ လွိုင်ကော်က ကယန်းလူငယ် ခွန်ကောရီယိုနဲ့ ရေတာရှည် မြို့နယ်က ၉၀ ခုနှစ် အန်အယ်လ်ဒီ လွှတ်တော် အမတ် ဒေါက်တာ ကျော်ကျော် လည်း လွတ်မြောက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု စာရွက်စာတမ်းတွေ လက်ဝယ် ထားရှိလို့ ခွန်ကောရီယိုကို ၂၀ဝ၀ ခုနှစ်က ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခဲ့ပြီး၊ သူဟာ ထောင်ထဲ မှာတော့ ၄ နှစ် ကျော် နေခဲ့ ရပါတယ်။
သံလျင် ရေနံချက် စက်ရုံ ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး ၂၅ နှစ် နီးပါး ထောင်ကျခံခဲ့ရတဲ့ ကိုသန်းဇော်ကို လည်း ပြန်လည် လွတ်မြောက်လာပါတယ်။
မကြာသေးခင်ကမှာ ဥရောပ ခရီးစဉ်ကနေ ပြန်လည် ရောက်ရှိလာတဲ့ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတာ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ ကို ပြန်လွှတ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။
မြန်မာအစိုးရဟာ လူသိများတဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ဇန်နဝါရီလက ပြန်လွှတ်ပေးခဲ့ပါတယ်။

ရွှေတြိဂံအထက်ပိုင်းဒေသသို့ တရုတ်က ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့်ပြုမည်
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ တို့နှင့်ထိစပ်နေပြီး မဲခေါင်မြစ်က တောင်ဘက် ရွှေတြိဂံဒေသ သို့စီးဆင်းသွားသောနေရာ၌ ကမ္ဘာလှည့်ခရီးသည် ဖွံ့ဖြိုးရေး လုပ်ငန်းကို တရုတ်နိုင်ငံက အကြီးအကျယ် ပြုလုပ်တော့ မည် ဖြစ်သည်။ ယခုနောက်ဆုံးပြုလုပ်လိုက်သော အစီအစဉ်အရ တောတောင်ထူထပ်သော အပူပိုင်းဒေသဖြစ်သည့် ဆစ်ဆောင်ပန်းနားသို့ ခရီးသွား ဧည့်သည် ၁၅.၅ သန်း လာရောက်လည်ပတ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။

တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်သော ဆင်ဟွာသတင်းဌာန၏ အဆိုအရ ၂၀၁၅ ခုနှစ် တွင်  နိုင်ငံခြားသား ခရီးသည် ၅ သိန်း အပါအဝင် ခရီးသွားဧည့်သည် အများအပြားလာ ရောက်လည်ပတ်စေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

တောင်ဘက်တွင် မြန်မာ၊ လာအိုတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆစ်ဆောင်ပန်းနား တိုင်းရှမ်းကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ၏ ဒုတိယအကြီးအကဲဖြစ်သော လုယုံဟော် ၏ အပြောအရ အစိုးရက ဆစ်ဆောင်ပန်းနားဒေသကို တရုတ်နိုင်ငံအနောက်တောင် ဒေသ၏ အဓိက အနားယူ အပန်းဖြေစခန်းတခုအဖြစ် တည်ဆောက်သွားမည်ဟု ဆိုသည်။ ထိုဒေသရှိ လမ်းများနှင့် အမြန်လမ်းမကြီးများကို ခေတ်မီအောင်အဆင့် မြှင့်ထားပြီး ဖြစ်သည်။
ယူနန်ပြည်နယ်တောင်ပိုင်း ဆစ်ဆောင်ပန်းနားဒေသမြေပုံ

ဆစ်ဆောင်ပန်းနားဒေသသည် လူလုံးဝခုတ်ထွင်ခြင်း မပြုရသေးသော အပူပိုင်းသဘာဝ သစ်တောရှိသည့်နေရာဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဒေသတွင်ရှိကာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယင်းဒေသသည် ဇီဝမျိုးစုံလင်သည့်ဒေသဖြစ်ပြီး တရိစ္ဆာန်မျိုးစုံနှင့် အပင်မျိုးစုံ ကျက်စားပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။ ထိုအထဲတွင် မျိုးတုံး ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသည့် အာရှဆင်များလည်း အပါအဝင် ဖြစ် သည်။ သို့သော် ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အအုံများမှာ ဒေသတွင်း အခြားနေရာများနှင့် ယှဉ်လျှင်ခေတ်နောက်ကျနေဆဲ ဖြစ်သည်။

၂ဝ၁၁ ခုနှစ်အတွင်း ဆစ်ဆောင်ပန်းနားဒေသသို့ ပြည်တွင်းခရီးသွားဧည့်သည် ၁၀ သန်းကျော်နှင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၂၉၀၀၀၀ လာရောက် လည်ပတ်ခဲ့ကြသည်။

နောက် ၅ နှစ်အတွင်း ခရီးသွားဧည့်သည်များ သွားရောက်ကြည့်ရှုနိုင်မည့် နေရာ ၁ဝ နေရာကို တည်ဆောက်သွားမည်ဖြစ်ပြီး ကမ္ဘာ့အသိအမှတ်ပြု နာမည်ကြီး ဟိုတယ်လုပ်ငန်း ၁ဝ ခုနှင့်လည်း ချိတ်ဆက် လုပ်ကိုင်သွားမည်ဟု အစိုးရ အရာရှိများ၏ အပြောအရ သိရသည်။

ဆစ်ဆောင်ပန်းနား တိုင်းရှမ်းကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်သည် ယူနန်ပြည်နယ် တောင်ဘက်အစပ်တွင်ရှိသည်။ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်တို့တွင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ၉၆၆ ကီလိုမီတာ (၆၁၉ မိုင်မျှ) နယ်နိမိတ်ချင်းထိစပ် နေပြီး အရှေ့တောင်အာရှဒေသသို့ကုန်လမ်းဖြင့်ဝင်ရောက်ရာ တံခါးပေါက်လည်းဖြစ်သည်။ ယင်းဒေသသည် တိုင်းရှမ်း တိုင်းရင်းသားများ၏ဒေသဖြစ်ပြီး ရှေးခေတ်က မင်ပန်းနားရှီး ဟု လူအများသိခဲ့ကြသည်။ ယင်း၏အဓိပ္ပါယ်မှာ အခြားတိုင်းရင်းသား ၁၂ မျိုး၏ အံ့မခန်းသာယာလှပသည့် နိဗ္ဗာန်ဘုံဟု ဆိုလိုသည်။

ဟုန်တွမ်းတောင်တန်းဒေသ၏ တောင်ဘက်စွန်းတွင်ရှိပြီး ၉၅% မှာ တောင်ထူထပ်သောဒေသ ဖြစ်သည်။ ကျင်းဟုန်မြို့ သည် ဆစ်ဆောင်ပန်းနား၏ မြို့တော်ဖြစ်သည်။ လန်ဆန်းမြစ်သည် အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အတွင်းဖြတ်သန်းစီးဆင်းသွားပြီး လာအိုနှင့် ထိုင်းနိုင်ငံတွင်းရောက်သောအခါ မဲခေါင်မြစ်ဟု ခေါ်ကြသည်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးလွှတ်
မျိုးသန့်၊ ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဦးသိန်းစိန်အစိုးရ၏ သက်တမ်း ၁၅ လအတွင်း အကျဉ်းသား ငါးကြိမ်မြောက် လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အင်္ဂါနေ့တွင် ပြန်လည် လွတ်မြောက်လာကြသည်။

အကျဉ်းကျခံနေရသူများမှာ မတရားအသင်း ဆက်သွယ်မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံနေရ သူများဖြစ်ကြသည်ဟု ပြန်လည် လွတ်မြောက်လာသူများက မဇ္ဈိမကို ပြောသည်။ လွတ်မြောက်လာသူများတွင် အမျိုးသား ၉ ဦး ပါဝင်ပြီး အမျိုးသမီး ၂ ဦးပါဝင်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အရပ်ဘက် ထောက်လှမ်းရေးမှ စွဲချက်တင်၍ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူများဖြစ်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။
အကျဉ်းသား ငါးကြိမ်မြောက် လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား ကိုမြင့်ကြိုင်၊ ကိုဇော်မင်းအောင်၊ စောဝီလျံ၊ စောဖရန်စစ် (အလယ် - ဝဲမှယာ) ကို စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်မှ အဖွဲ့ဝင်တဦး (ဝဲ အစွန်လူ) နှင့် ၈၈ မျိုးဆက် ကျောင်းသား ကိုဇော်ဇော်မင်း (ယာ အစွန်လူ) တို့နှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)

"ကျနော်တို့ကို အခု ကြိုပြီးတော့ လွှတ်တယ်ပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ မဖြေသာပါဘူး။ ကျနော်တို့က ဒီလူတွေနဲ့ သိတယ်ဆိုရုံနဲ့ ကျနော်တို့ အဖမ်းခံရစရာ အကြောင်းမရှိဘူး။ ဒီအမှုကတော့ ကျနော်တို့ကျတာ မတရားဘူးလေ။ ကျနော်တို့ ဆက်သွယ်ခဲ့တယ်ဆိုတာလည်း ကျနော်တို့ကို ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ပါဘူး။" ဟု ထောင်ဒဏ် ၅ နှစ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသူ စောဝီလျံက မဇ္ဈိမကို ပြောသည်။

စောဝီလျံက ယင်းတို့အမှုနှင့် တတွဲတည်းတွင် ပါဝင်ပြီး ဖေါက်ခွဲမှုနှင့် မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် စွပ်စွဲခံခဲ့ရပြီးပြစ်ဒဏ် ၁ဝ ကျော် ကျခံနေရသူများဖြစ်သည့် ကိုကံမင်းသာ၊ ကိုဝင်းမြင့်နှင့် ကိုထွန်းဦးတို့လည်း ကျန်ရှိနေသေးသည်ဟု မဇ္ဈိမကို ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ တဦးဖြစ်သည့် စောဖရန်စစ် ကလည်း သူ၏ ထောင်တွင်း အတွေ့အကြုံများအရ တရားစီရင်ရေးစနစ် အားနည်းချက်ကို "အခု ထောင်ထဲမှာ ကျန်နေနခဲ့တဲ့ သူတွေဟာလည်း ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတာတွေလည်း ရှိနေပါတယ်။ ကိုယ်လုပ်ထားတဲ့ အမှုနဲ့ ကျတဲ့ပြစ်ဒဏ်ကျတော့ ဘာမှမဆိုင်ဘဲ များနေပါတယ်။ အဲဒီလို အမှုမျိုးတွေလည်း ကျနော်တို့ကို ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ ဥပမာ လူသတ်မှုဆိုရင် မသတ်ဘဲနဲ့ ထောင်ကျနေသူတွေ ထောင်ထဲမှာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။" ဟု မဇ္ဈိမကို ပြန်လည်ပြောပြသည်။

ဦးသိန်းစိန်အစိုးရ၏ ငါးကြိမ်မြောက်အဖြစ် အကျဉ်းသား လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာ ကြသည့် အကျဉ်းသားများမှာ စောဝီလျံ၊ ကိုအေးသိန်း(ခ) ရန်နိုင်၊ ကိုအောင်မိုးဇော်၊ ထွန်းမြတ်သူ၊ ကိုမြင့်ကြိုင်၊စောဖရန်စစ်၊ ကိုဇော်မင်းအောင်၊ ကိုစောနိုင်ဝင်း၊ အန်ထော်နီ၊ မဇာဏီဦးနှင့် မအေးအေးနွယ်တို့ ဖြစ်ကြသည်ဟုပြန်လည် လွတ်မြောက်လာသူများက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ကလေးထောင်မှ ကိုအေးအောင်၊ မကွေးတိုင်း သရက်ထောင်မှ ကိုသန်းဇင်၊ ကချင်ပြည်နယ်မြစ်ကြီးနားထောင်မှ ကိုအောင်ကျော်မိုး၊ ပဲခူးတိုင်း ပြည်ထောင်မှ ကိုပြည့်ဖြိုးအောင်၊ မန္တလေးတိုင်း မြင်းခြံထောင်မှ NLD အမတ် ဒေါက်တာကျော်ကျော်၊ စစ်ကိုင်းတိုင်း ကသာထောင်မှ ကိုအောင်အောင်ဦးနှင့် မြင်းခြံထောင်မှ ကောရိယို တို့ ခုနှစ်ဦး လွတ်မြောက်လာပြီ ဖြစ်သည်။

“အခုလောလောဆယ်တော့ နည်းနည်းပါးပါးပါတယ်။ အပြင်ရောက်နေပြီ။  ကျနော်ထင်တယ် ၄၆ ယောက်မှာ အယောက် ၂၀ လောက်တော့ ပါသင့်ပါတယ်”ဟု ကိုတိတ်နိုင်က ပြောသည်။

ကိုသန်းဇော်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်တိုင်း သန်လျင်မြို့ ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် ဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ်ခံရာမှ အကျဉ်းထောင်အတွင်း ၂၃ နှစ်ကျခံပြီးနောက် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။

အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား စောဖရန်စစ်ကို ထောင်ကျနေစဉ်အတွင်း ထောင်တွင်းရှိ
သစ်စငယ်များဖြင့် ကိုယ်တိုင်ပြုလုပ်ထားသည့် တီးဝိုင်းတခု၏ ပုံစံငယ်နှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)

ကိုအေးအောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ကျောင်သားဖြစ်ပြီး ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂ဝ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံပြီး ပြန်လည် လွတ်မြောက်လာသည်ဟု ကိုတိတ်နိုင်က ပြောသည်။

၂ဝ၁၂ ခုနှစ် အညတရ ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါက်တာကျော်ကျော်သည်လည်း မကွေးတိုင်းမြင်းခြံထောင်မှ လွတ်မြောက်လာသည်။

အစိုးရသစ်သည် အကျဉ်းသားများကို၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ သည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် တတိယအကြိမ်၊ ယင်းလ ၁၃ ရက်နေ့တွင် လေးကြိမ်မြောက် ပြန်လည်လွှတ်ပေးခဲ့သည်။

ယခု ငါးကြိမ်မြောက် ပြန်လည်လွှတ်ပေးမှုတွင် နိုင်ငံသားအကျဉ်းသူအကျဉ်းသား ၄၆ ဦးပါဝင်ပြီး နိုင်ငံခြားသား ၃၄ ဦး တို့ပါဝင်သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် အင်္ဂါနေ့က ဖေါ်ပြထားသည်။

နိုင်ငံသားအကျဉ်းသားများ လွှတ်ပေးမှုနှင့် ပတ်သက်၍ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အတွက်လည်းကောင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရစေရန်အတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပေးခြင်းဟုလည်း သတင်းစာက ရေးသားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP (B) ၏ ဇွန်လ ၃ဝ ရက်နေ့ ထုတ်ပြန်သည့် စာရင်းများ အရ မြန်မာနိုင်ငံအတွင်း စိစစ်အတည်ပြုပြီး နိုင်ငံရေးအကျဉ်းသား ၄၆၅ ဦး ရှိနေသေးသည်ကို AAPP (B) ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

တောင်သူတို့ အခက်အခဲ NDF ကို တင်ပြ
မျိုးသန့် | သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁၀၀ ကျော်ခန့်က လယ်မြေများ သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီသို့ သောကြာနေ့က တင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် City Star ဟိုတယ်၌ပြုလုပ်သည့် NDF ပါတီဝင်အသစ် လက်ခံပွဲ အခမ်းအနားတွင် လယ်သမားများက ယင်းတို့တွေ့ကြုံခံစားနေရသည့် အခက်အခဲများကို NDF လွှတ်တော်အမတ်များမှတဆင့် လွှတ်တော်သို့ တင်ပြနိုင်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းရွာမှ တောင်သူ ဦးမင်းဌေးအောင်က ၁၉၉၆ ခုနှစ်မှ လုပ်ကိုင်ခွင့်ရခဲ့သည့် ကြံ ၁၃၂.၅၈ ဧကကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိမ်းယူသွားသည့်အတွက် ထိုမြေများကို လုပ်ပိုင်ခွင့် ပြန်လည်ရရှိ လိုကြောင်း ပြောသည်။
NDF ၏ ပါတီသစ် လက်ခံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်မှ ပအိုဝ့် တိုင်းရင်းသား တောင်သူကြီးများကို တွေ့ရစဉ်။ (ဓါတ်ပုံ မျိုးသန့် ၊ မဇ္ဈိမ)

“ပို့ဆောင်ရေး အမည်ခံပြီးတော့ လာသိမ်းသွားတယ်။ ကျနော်တို့ ကြံစိုက်ပြီးတော့ မအောင်မြင်ရင် တခြားသီးနှံ စိုက်ပျိုးခွင့်ပြုမယ်ဆိုပြီးတော့ မြန်မာ့ကြံလုပ်ငန်းက နှုတ်ကတိ ပေးခဲ့ပါတယ်။ အခုကျတော့ ကျနော်တို့ကို အခြားသီးနှံ စိုက်ပျိုးခွင့် မပြုဘဲနဲ့ ၂ဝဝ၇ ခုနှစ်မှာ အကြောင်းပြချက်မရှိဘဲ ကျနော်တို့ကို သိမ်းယူပါတယ်” ဟု အခမ်းအနားတွင် တင်ပြခဲ့သည်။

ထို့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ စောမျိုးမင်းလှိုင်ကလည်း လယ်မြေများ ရေကြီး နစ်မြှုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာ့ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်များကိုပေးချေနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် ပတ်သက်၍ သင့်တော်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် တင်ပြသွားခဲ့သည်။

ညောင်လေးပင်မြို့နယ် တော်ပသီရွာမှ ဦးအေးလွင်ကလည်း ငါးလုပ်ငန်းဦးစီးဌာမှ ဆည်များလုပ်ကာ ငါးမွေးခြင်းကြောင့်လည်း လယ်မြေများ ပျက်စီးရသည်ဟု စွပ်စွဲ ပြောဆိုသွားခဲ့သည်။

“ကျနော် အခု အသက် ၄၆ နှစ်ရှိပါပြီ။ ကျနော်တို့ လယ်သမားတွေဟာ တခါမှ စိတ်ချမ်းသာတဲ့ဘဝကို မရရှိခဲ့ပါဘူး” ဟု ဦးအေးလွင်က တင်ပြသွားခဲ့သည်။

လယ်သမားများ၏ တင်ပြမှုများနှင့် ပတ်သက်၍ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “လယ်ယာကဏ္ဍမှာဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေ ချို့ယွင်းချက်တွေကို အာဏာပိုင်များ သိရှိသွားအောင် တရားဥပဒေဘောင်အတွင်းကနေဖြေရှင်းနိုင်အောင်၊ ပါတီကနေ အထောက်အထားတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုလည်းကောင်း၊ လူ့အခွင့်အရေးကောင်စီကိုလည်းကောင်း ဖြေရှင်းပေးကြဖို့ အချိန်တန်ပါပြီ ဆိုတာကို ကျနော်တို့ တင်ပြသွားပါမယ်” ဟု ကတိပေးခဲ့ သည်။

NDF ပါတီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အရွေးချယ်ခံခဲ့ရသော်လည်း နောက်ပိုင်း တွင် ပါတီခွဲထောင်ခြင်းများနှင့် ပါတီကူးပြောင်းသွားခြင်းတို့ကြောင့် ကိုယ်စားလှယ် ရှစ်ဦးသာ ကျန်ရှိနေသည်။

NDF ၏ ပါတီသစ် လက်ခံပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ပါတီဝင် အသစ် ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ပဲခူးမြို့ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,ဝဝဝ သည် NDF သို့ လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...