Thursday, July 19, 2012

ကောင်းကျိုးအထွေထွေ၊ ချွန်စေမြစေဖို့၊ ဒေါင်းအိုးဝေ တွန်စေ ကစေဖို့ - ကျော်ဝင်း


by Kyaw Win on Thursday, July 19, 2012 at 3:38am

ကောင်းကျိုးအထွေထွေ-ချွန်စေမြစေဖို့

ဒေါင်းအိုးဝေ-တွန်စေ ကစေဖို့

ကျော်ဝင်း

 အိမ်လွမ်းစိတ်

စာရေးသူ၏အိမ်မှာ ရန်ကုန်တက္ကသိုလ်နှင့် မနီးမဝေးတွင်ရှိသည်။ မကြာခဏဆိုသလို၊ တက္ကသိုလ်ပရဝဏ်ထဲ လမ်းလျှောက်ထွက်ဖြစ်သည်။ ကျန်းမာရေးအတွက်တော့မဟုတ်။
လွမ်းချင်လို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ဆိုသည်က၊ လွမ်းမောတသဖွယ်ရာ၊ ကြည်နူးတက်ကြွဖွယ်ရာ၊ ထို့ထက် သင်ခန်းစာယူစရာအပြည့်ရှိသော၊ သမိုင်းစာအုပ်ကြီးမဟုတ်ပါလား …။

တက္ကသိုလ်ရိပ်သာလမ်းမှ၊ အဓိပတိလမ်းထဲ ချိုးဝင်လိုက်သည်နှင့်၊ အဆိုပါ သမိုင်းစာအုပ်ကြီး၏ ပထမဆုံးစာမျက်နှာနှင့်ထိတွေ့လိုက်ရသည်။ မြက်ခင်းစိမ်းစိမ်းထက်တွင် ထီးထီးကြီးစံပယ်နေသော၊ မီးခိုးမှိုင်းရင့်ကျောက်တိုင်ငယ် …။ ဟိုးယခင်နှစ်ပေါင်းများစွာက ဆိုလျင်တော့ ၊ ဤကျောက်တိုင်ငယ်လေး၏နောက်တွင် နှစ်ထပ်အဆောက်အအုံတစ်ခုရှိပါလိမ့်မည်။ အောက်ထပ်က သမဂ္ဂပျော်ပွဲစားရုံ…။ ဂီတသံအချို့ပင် လွင့်ပျံ့လာသလိုရှိသည်။ (ဒေါ်)မေရှင်၏ ‘သော်တာငွေလမင်း’ လားမသိ။ အပေါ်ထပ်အစည်းအဝေးခန်းမတွင်မူ၊ လူငယ်တစ်သိုက်ခေါင်းချင်းရိုက်နေကြသည်။ ဤသို့သော ကျိတ်ဝိုင်းလေးတစ်ခုမှပင်၊ နောင်-ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် ကိုအောင်ဆန်း၏ အမွိုင်ခရီးစဉ် စတင်ခဲ့သည်ဟု ကြားဖူးသည်။ ဤအတိုင်းဆိုလျင် မြန်မာ့တပ်မတော်၏ ကလလရေကြည်မှာ၊ အဆိုပါအဆောက်အအုံထက်မှ သန္ဓေတည်ခဲ့သည်ဟု ဆိုနိုင်ပါလိမ့်မည်…။ ထို့နောက် … မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု …။

ရှေ့ဆက်လျှောက်တော့၊ ဝိတိုရိယခေတ်ပိဿုကာဟန်၊ ဟင်္သာပြဒါးရောင် ဗဟိုဆောင်များ…။ ရွှေတောင်လုံချည်၊ ဖျင်ပင်နီနှင့်၊ ရှုသိုးသိုးလူငယ်တစ်ယောက်ကို တွေ့ရလေမည်လားရှာကြည့်မိသည်။ သူ့အရိပ်ကနေရာတိုင်းမှာ။ နောင်-မြန်မာ့လွတ်လပ်ရေးပိဿုကာ ဖြစ်မည့်သူကို၊ ဤနေရာက ထုဆစ်ပုံသွင်းပေးလိုက်ခြင်းပါတကား…။ လမ်း၏အဆုံးတွင်မူ၊ အိုမင်းသော၊ သို့သော်-ခန့်ထည်သော …၊ ပုပြတ်သော၊ သို့သော်-အရှိန်ကြီးသော၊ ဘွဲ့နှင်းသဘင်။ နောင်-ကမ္ဘာကပင် ကျေးဇူးတင်ကြရမည့် - မြန်မာ့ဦးသန့်၏ ပထမဆုံး ‘ဘွဲ့’ ကို နှင်းအပ်လိုက်သည်မှာ၊ ဤခန်းမကြီးပင် မဟုတ်ပါလော …။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်မှာ၊ အာရှဒေသ၏ အတောက်ပဆုံးရတနာတစ်ပွင့်ဟု ကြားဖူးသည်။

သက်တော်ရှည် သစ်ပုတ်ပင်ရိပ်မှ ဘွဲ့နှင်းသဘင်ခန်းမကြီးကို ငေးနေမိသည်။ ဝန်းကျင်မှာ - အစိမ်းတော့အစိမ်းပင် …။ သို့တစေ နုပျိုသစ်လွင်သော အစိမ်းတော့မဟုတ်။ အိုမွဲရင့်ရော်နေပြီဖြစ်သောအစိမ်း…။ ဟိုသည် ဝဲ-ယာလှည့်ကြည့်ပြန်တော့လည်း၊ ဘယ်သူမှမရှိ။ ခြောက်ခြားဖွယ်၊ တစ်ပြိုင်နက်တည်း ကြေကွဲဖွယ် တိတ်ဆိတ်ခြင်းက မင်းမူလျက်…။ ငယ်ငယ်ကသင်ခဲ့ရသော ဝေသန္တရာဇတ်တော်ကြီးမှ စာသားအချို့ကို ဖျတ်ကနဲအမှတ်ရလိုက်သည်။ ‘ကြာမရှိသာ ကန်၊ တံခွန်မရှိသော ရထား၊ လင်မရှိသော မိန်းမ… ပြီးတော့… ကျောင်းသားမရှိသော ကျောင်း…….’ ဆရာတော်ဦးသြဘာသသာ သက်ရှိထင်ရှားရှိလျင်- ‘မတင့်တယ်’ သောအရာ စာရင်းတွင် နောက်ဆုံးစာကြောင်းကို ထည့်လေမည်လားမသိ။

ဝန်ခံပါသည်။ ယခုစာကို တက္ကသိုလ်ရက်များဖြတ်သွားခဲ့ဖူးသူ၊ ကျောင်းသားဟောင်းတစ်ဦး၏ ‘အိမ်လွမ်းစိတ်’ ဖြင့်ရေးခြင်းဖြစ်ပါသည်။ သို့တိုင်အောင် ဤစိတ်တစ်ခုတည်းတော့မဟုတ်။ ကျောင်းသားမိဘတစ်ဦး၏ စိုးရိမ်သောကလည်းပါသည်။ အသက်ခြောက်ဆယ်ကျော်အဖိုးအိုပေါက်စတစ်ဦး၏ မသေခင်မြင်သွားလိုသော မျှော်လင့်ချက်နှင့်လည်း ရေးလိုက်ခြင်းဖြစ်ပါသည်။

  • ဝင်ဒါမီယါ၊ မြယါတောနှင့် ကန့်ကော်ရိပ် 

ယနေ့ မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် (သမ္မတကြီး၏စကားနှင့်ဆိုရလျှင်-မြန်မာ့နွေဦး) အခါသမယတွင် အသစ်သစ်သောမျှော်လင့်ချက်များဖြင့် ပြန်လည်အားတက်လန်းဆန်းလာသော၊ မြန်မာလူထုအနေနှင့် အနှစ်နှစ်အလလ ကျိတ်မှိတ်မြိုသိပ်ခဲ့ရသော ဆန္ဒအထွေထွေကို၊ ဖော်ထုတ်လိုကြမည်မှာ၊ လွန်စွာမှပင် သဘာဝကျသည်ဟုထင်ပါသည်။ တာဝန်ရှိသူများဘက်မှလည်း အဆိုပါလူထုဆန္ဒများကို တတ်စွမ်းသမျှဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရရာ၊ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ တိုင်းပြည်၏အရေးကြီးသော အင်အားစုတစ်ခုဖြစ်သည့် အလုပ်သမားထု၏ လွတ်လပ်စွာစည်းရုံးဖွဲ့စည်းခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီးဖြစ်သလို၊ နောက်ထပ်အရေးကြီးသည့် အင်အားစုတစ်ခုဖြစ်သည့် ကျောင်းသားလူငယ်များ၏ အလားတူဆန္ဒကိုလည်း၊ အလေးထားစဉ်းစားပေးဖို့ အချိန်တန်ပြီဟု သဘောရပါသည်။ စဉ်းစားနေကြပြီဟုလည်း ထင်ပါသည်။

ဤနေရာတွင်၊ သိမ်မွေ့သော၊ အကဲဆတ်သော၊ အတိမ်းအစောင်းမခံသော၊ လက်ရှိအခြေအနေနှင့် ချိန်ဆက်ပြီး စိုးရိမ်မကင်းဖြစ်စရာ အချို့ရှိကောင်းရှိနိုင်သည်ကို ဆင်ခြင်မိသည်။ စစ်ပြီးခေတ် မြန်မာ့လွတ်လပ်ရေးမှာ၊ ကမ္ဘာလုံးချီရန်ဖြစ်ကြသော စစ်အေးခေတ်နှင့် အပြိုင်စခဲ့ရသည် မဟုတ်ပါလော။

စစ်ပြီးခေတ်ရန်ကုန်တက္ကသိုလ်ကိုလည်း၊  ပြည်တွင်းစစ်သေနတ်သံများကြားတွင် ပြန်လည်ဖွင့်လှစ်ခဲ့ရသည် မဟုတ်ပါလော။ ဤနောက်ခံအခင်းအကျင်းတွင်၊ စစ်အေးအရိပ်နှင့် ပြည်တွင်းစစ်ဂယက်တို့ တက္ကသိုလ်စာသင်ဆောင် မှန်တံခါးတွင်ရောင်ပြန်ဟပ်ခဲ့သည်များရှိခဲ့ရသည်။ ဝင်ဒါမီယါ အနွယ်နှင့် မြယါတောအစွဲတို့ ကန့်ကော်ရိပ်တွင် တိုးမိတိုက်မိသည်များ အမှန်ပင်ရှိခဲ့ပါသည်။ ရဲခေါင်၊ အင်အား၊ ဒီအက်(စ)အို စသည်များနှင့် တစ်ဘက်မှ၊ တိုးတက်၊ တပ်ဦး စသည့်အဖွဲ့အစည်းများ …။

သို့နှင့်တိုင်၊ ကျောင်းသားသမဂ္ဂမှာ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၏ သြဇာခံမှ မဟုတ်ပါ။ ကျောင်းသားများ၏အသဲကြားမှ၊ မဲပြားများဖြင့် ရွေးကောက်တင်မြှောက်ထားသော၊ ကျောင်းသားထုကိုသာ ကိုယ်စားပြုသည့် ကျောင်းသားအဖွဲ့အစည်းဖြစ်ပါသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော အရေးတော်များ (ဥပမာ - လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး- စသည်) နှင့် ပတ်သက်လျင်၊ တက်ကြွထက်သန်နုပျိုသော လူငယ်များပီပီ၊ တတ်စွမ်းသမျှ တာဝန်ယူခဲ့ကြသည် များရှိသော်လည်း ကျောင်းသားသမဂ္ဂ၏ အရင်းခံ ရည်မှန်းချက်မှာ၊ ကျောင်းသားအရေး၊ ပညာရေးသာဖြစ်ပါသည်။ ထိုစဉ်ကာလ-ကျောင်းသားထုက၊ တပ်ဦးကို ရွေးချယ်ခဲ့ကြသည်မှာ၊ ပါတီစွဲ၊ အိုင်ဒီအိုလိုဂျီအစွဲထက် သူတို့ဟာဒယနှင့် ကျကျနနထိသော ပြည်တွင်းငြိမ်းချမ်းရေး ကြွေးကျော်သံကြောင့် ဖြစ်ပါလိမ့်မည်။

ကမ္ဘာပေါ်တွင်၊ စစ်အေးဆိုသော အမုန်းပြိုင်ပွဲကြီးဆုံးခန်းတိုင်ခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်ပါသည်။ စစ်အေးလွန်ခေတ် ကမ္ဘာကြီး၏ တူရူချက်မှာ၊ စစ်ပွဲနှင့်တော်လှန်ရေးများမှသည်၊ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးမှုဘက် လှည့်ပြောင်းလာပြီဟု- ပညာရှင်အများက မှတ်ချက်ပြုထားကြသည်။ ယခုလက်ရှိ မြန်မာ့နွေဦး၏ တူရူချက်မှာလည်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ခေတ်မီနိုင်ငံတော်သစ်ထူထောင်ရေးတို့ ဖြစ်လေရာ၊ အတိတ်က၊ စစ်အေးခေတ်နှင့် လုံးဝမတူနိုင်တော့ပြီ။ ထို့ထက်- မျက်မှောက်ခေတ်မှာ ပညာခေတ်ကြီးလည်းဖြစ်လေရာ၊ ခေတ်မီနိုင်ငံတော်သစ်ကို ပညာအားဖြင့်တည်ဆောက်ကြရမည်လည်း ဖြစ်ပါသည်။ အဆိုပါ အရပ်ရပ်အခြေအနေကို ချုပ်လိုက်လျင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ယနေ့ကျောင်းသားထုအတွက်၊ နိုင်ငံရေးမှာပညာရေးပင်ဖြစ်သလို၊ ပညာရေးသည်လည်း နိုင်ငံရေးပင်ဖြစ်ပါသည်။

ဤသဘောကို၊ ခေတ်ရေစီးထက်မှ ကျောင်းသားလူငယ်တွေ သိကြပါလိမ့်မည်။ သဘောပေါက်နားလည် သိရှိအောင်လည်းဖေးမကူညီကြရပါလိမ့်မည်။ စစ်အေးခေတ်သံသယလေထုကို ဖယ်ခွာပြီး ကျောင်းသားလူငယ်ထု၏ ဆန္ဒကို ယုံကြည်မှုအပြည့်ဖြင့် ခွင့်ပြုမည်ဆိုလျင် တူညီသော အပြန်အလှန်ယုံကြည်မှုဖြင့်… ယနေ့နိုင်ငံတော်မျက်မှောက်ပြုနေသော တာဝန်အသီးသီးအတွက် ထက်ထက်သန်သန်တာဝန်ယူကြမည့် ကျောင်းသားလူငယ်ထု၏ အားကိုးရနိုင်စရာရှိပါသည်။ ဤသို့ဆိုလျှင် ကျောင်းသားသမဂ္ဂမှာ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၏မှတ်တိုင်ဖြစ်လာနိုင်သလို၊ ရန်ကုန်တက္ကသိုလ်သည်လည်း ယနေ့အပူတပြင်းလိုအပ်နေသော ဒီမိုကရက်တစ်စွမ်းဆောင်ရည်များ၊ ပြုစုပျိုးထောင်ရာ၊ ပညာရပ်ဝန်းဖြစ်လာပါလိမ့်မည်။ ပြောရလျင် ခေတ်မီနိုင်ငံတော်သစ်ထူထောင်ရေးအတွက် ဘူမိနက်သန်နေရာမှန် ဖြစ်ပါလိမ့်မည်။

  • မေတ္တာရပ်ခံ ပန်ကြားချက်

ယခုစာစုကို မေတ္တာရပ်ခံပန်ကြားချက်သုံးရပ်ဖြင့် နိဂုံးချုပ်ပါမည်။

၁။  ပထမဆုံးမေတ္တာရပ်ခံလိုသည်မှာ၊ တက်ကြွထက်သန်သော ကျောင်းသားလူငယ်များသို့ဖြစ်သည်။ သားသမီးသုံးယောက်ရှိသော ဖခင်တစ်ယောက်အနေနှင့် သားတို့သမီးတို့ကို ရင်တွင်းစကားဆိုပါမည်။ တိုင်းပြည်အတွက် နိုင်ငံအတွက် တာဝန်ယူချင်သော၊ တာဝန်ယူရဲသော သားတို့သမီးတို့၏ လူငယ်စိတ်ကို အားကျဂုဏ်ယူသည်။ အသည်းလှိုက်အူလိုက်ထောက်ခံပါသည်။ သို့တစေ- မည်သည့်အကြောင်းနှင့်မှ၊ သားတို့သမီးတို့၏ နုနယ်သောဘဝများ (အထူးသဖြင့် ပညာရေးဘဝ) ကို မ စတေးမိဖို့ တောင်းပန်လိုသည်။ မျက်မှောက်ခေတ်မှာ၊ အသက်တွေ၊ ဘဝတွေဖြင့်စတေးကြရမည့် စစ်ပွဲကာလမဟုတ်ပါ။ ပညာဖြင့်အရင်းပြုကြရမည့် ဖွံ့ဖြိုးရေးပြိုင်ပွဲခေတ်ကြီးဖြစ်ပါသည်။ သားတို့သမီးတို့၏ ဘဝနှင့်ပညာကို ထိမ်းသိမ်းခြင်းသည်ပင် အနာဂတ်ကို တည်ဆောက်ခြင်းမည်ပါသည်။ အစစအရာရာ၊ စိတ်လှုပ်ရှားမှုထက်၊ ပညာဖြင့်နှလုံးသွင်းခြင့်ချိန် ဆုံးဖြတ်နိုင်ကြပါစေ…။

၂။ မိမိတို့ခေတ်ပြိုင် မိတ်ဆွေများနှင့် ရှေ့မှသွားနှင့်သော အကိုကြီးများကိုလည်း (အမုန်းခံပြီး) မေတ္တာရပ်ခံပန်ကြားလိုပါသည်။ ခေတ်တစ်ခေတ်ကို အတူဖြတ်ခဲ့ကြသော၊ တစ်ခါက၊ လုပ်ဖော်ကိုင်ဘက်၊ ကျောင်းသားဟောင်းတစ်ယောက်အနေနှင့်၊ ဆင်ခြင်မိသမျှ၊ အကြံပြုအပ်ပါသည်။ မိမိတို့တစ်သက်တာ၊ ဒဏ်ရာဟောင်းများကို လက်ဆင့်ကမ်းပြီး၊ ကိုယ့်သားသမီး မြေးမြစ်အရွယ်ကလေးတွေကို အာဃာတ အမွေမပေးမိပါစေနှင့် …။ အမုန်းကိုတာရှည်စေသော အာဃာတတွေနှင့် အကျိုးများဖွယ်ရာမရှိဟုထင်ပါသည်။ လူငယ်တွေမှာ အတိတ်၏ အကျဉ်းသားမဖြစ်သင့်ပါ။ အနာဂတ်ကို မျက်မှောက်ပြုသူတွေသာ ဖြစ်ဖို့ကောင်းပါသည်။ ကျွန်တော်တို့အားလုံး မိခင်မြေကြီးဆီ ပြန်ကြဖို့ အချိန်နီးပါပြီ။ ကျန်ရစ်မည့်ကလေးတွေကို ဒေါသဆူဝေထားခဲ့ဖို့ မကောင်းဟု သဘောရပါသည်။

၃။  နောက်ဆုံးအနေနှင့်၊ သမ္မတကြီးအမှုးပြုသော အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌကြီးများအမှူးပြုသော ကိုယ်စားလှယ်တော်ကြီးများနှင့် နိုင်ငံရေးပါတီများသို့ နိုင်ငံသားတစ်ယောက်အနေနှင့် အနူးအညွတ်ပန်ကြားအပ်ပါသည်။ စစ်အေးခေတ်သံသယများကြောင့် အပ်နှင့်ထွင်းရမည့်ကိစ္စကို ပေါက်ဆိန်နှင့်ပေါက်သလို ဖြစ်ခဲ့ရသည်များရှိ၍၊ အရုပ်ဆိုးအကျည်းတန်ခဲ့ရသည့် အဖြစ်ဆိုးများ တစ်ကျော့ တစ်ဖန်ပြန်မလည်စေချင်တော့ပါ။ ဤသို့သော အဖြစ်ဆိုးများကြောင့် ထိခိုက်ပွန်းပဲ့ခဲ့ရသည့် ယခင်အစိုးရအဆက်ဆက်နှင့် ကျောင်းသားလူငယ်များကြား ယုံကြည်မှုမဏ္ဍိုင်ကို၊ ပြန်လည်တည့်မတ်နိုင်ဖို့ဆိုလျင်၊ ယခုအကြိမ်မှာ အကောင်းဆုံးအခါသမယဖြစ်မည်ထင်ပါသည်။ ဤအတွက် အကောင်းဆုံးနည်းလမ်းမှာလည်း၊ ယနေ့ကျောင်းသားလူငယ်များ၏ လိုအင်ဆန္ဒကို အလေးထားစဉ်းစားဖြည့်ဆည်းပေးဖို့ ဖြစ်ပါလိမ့်သည်။ သို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ၊ ပုဒ်မခွဲ (ဂ) ပါ ပြဌန်းချက်နှင့်အညီ၊ ယခုကျင်းပနေဆဲ လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ဤသို့သာ မေတ္တာထား၍ ဆောင်ရွက်ပေးမည်ဆိုလျင်၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ ကွယ်လွန်သူဆရာကြီး သ္ခင်ကိုယ်တော်မှိုင်း၏ တစ်သက်တာ မက်ခဲ့ရသော အိပ်မက်ကိုလည်း လက်တွေ့အကောင်အထည်ဖော်ရာရောက်ပါလိမ့်မည်။ ဆရာကြီးက၊ သူ့အနာဂတ်အိပ်မက်ကို ယခုလိုအားရပါးရ ကြုံးဝါးခဲ့ဖူးသည်။ “မြှောက်လိုက်မကွဲ့၊ မောက်လိုက်မဟဲ့လို့၊ ဆောက်လိုက်မဲ့၊ ယူနီဗာစတီတွေအများ ...”

ကျော်ဝင်း
(၁၄. ၇. ၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...