Thursday, July 5, 2012

ပီတိတွေနဲ့စနေများစွာ


by မိုးကြာညို မိုး on Thursday, February 16, 2012 at 10:42am 


ဟေးးးးးးးးးးးး 
အင့်……………….. 
သေပါပြီတော်……………….. 
ရှင်းပြပါရစေ။ 
ဟေးးးဆိုတာက ကျွန်မတို့မောင်နှမနှစ်ယောက်ကိုမြင်လို့ ကလေးတွေဝမ်းသာအားရဟစ်ကြွေးလိုက်သံပါ။ 
အင့်….ဆိုတာက ကျွန်မအစ်ကိုကိုပြေးဖက်ကြလို့ အထုပ်အပိုးမနိုင်မနင်းနဲ့ အာမေဋိတ်သံပြုမိတာပါ။


သေပါပြီတော်………ဆိုတာကတော့ ကျွန်မကိုပြေးဖက်ရင်း ခြေထောက်ကိုပါတက်နင်းသွားလို့ထအော်လိုက် တာပါ။
  
ဒီဂေဟာကလေးကိုကျွန်မတို့မောင်နှမ၂ယောက် အပတ်စဉ်စနေနေ့တိုင်းလာဖြစ်ကြပါတယ်။ ဂေဟာလေး နာမည်က သုခရိပ်မြုံတဲ့။ ဒီမှာနေနေကြတာကတော့ HIV/AIDS ကြောင့် မိဘမဲ့ဖြစ်ရုံတင်မက ကလေးတွေ ကိုယ်တိုင်လဲ ရောဂါပိုးကူးစက် ခံထားပြီးသူတွေဖြစ်ကြပါတယ်။ ကလေးတွေမှာ အစစအရာရာပြည့်စုံကြပါတယ်။ ဂေဟာက ဆရာမများနဲ့စောင့်ရှောက်သူအကူများလဲ အင်မတန်မှဂရုစိုက်လှပါတယ်။ သို့ပေမယ့် ကိုယ်ခံအား ကျဆင်းနေတဲ့ကလေးများမဟုတ်ပါလား။ တစ်ယောက်မဟုတ်တစ်ယောက်တော့ ကူးစက်ရောဂါ သို့မဟုတ် ထိခိုက်ရှနာတစ်ခုခုဖြစ်နေလေ့ရှိပါတယ်။ အဲဒီအတွက်ဆေးခန်းတခန်းကိုလဲချိတ်ဆက်ထားပြီးသားပါ။ အဲဒီ ဆေးခန်းမှာက သွားဆရာဝန်မရှိဘူးဖြစ်နေတာတစ်ခုပါပဲ။ ကလေးတွေကလဲ မကြာခဏ သွားဖုံးသွေးယိုတာမျိုး သွားကျိုးတာမျိုး သွားဖုံးရေစီးကမ်းပြိုဖြစ်တာမျိုး သွားပိုးစားတာမျိုး ဖြစ်တတ်လို့ သွားဆရာဝန်ဖြစ်တဲ့ ကိုမြတ်က သွားကြရအောင်ဆိုပြီးနိမ္ဗာန်ဆော်လို့ ကျွန်မလဲသူ့ကိုကူညီပေးရင်းလာဖြစ်သွားတာပါ။ ကျွန်မတို့ကမောင်နှမ ဆိုပေမယ့် တကယ့်မောင်နှမတွေမဟုတ်ကြပါဘူး။
အလုပ်လုပ်ရင်းတဦးနဲ့တဦးအပြန်အလှန်လေးလေးစားစား နဲ့အလုပ်တူတူလုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။

သူကဆရာဝန်ဖြစ်လေတော့ HIV/AIDS ရဲ့ကူးပုံကူးနည်း ကာကွယ်ပုံကာကွယ်နည်းတွေသိနေသလို ကျွန်မ ကလဲ အလုပ်အတွေ့အကြုံအရ ဒါတွေကိုကြေညက်ပြီးဖြစ်ပါ တယ်။ ကျွန်မတို့၂ယောက်အနေနဲ့ ကလေးတွေ ဆီက ရောဂါကူးစက်မှာကိုကြောက်စရာမလိုဘဲ ကာကွယ် သင့်တာကြိုတင်ကာကွယ်ထားပြီး စိတ်နှစ်ကာ လုပ်ဆောင်နိုင်ပါတယ်။ ဘာလို့ဒီလို ထည့်ရေးရလဲဆိုတော့ ဒီကလေးလေးတွေကို လှူနေကြတဲ့အလှူရှင် အများ ရှိပါတယ်။ ဒါပေမယ့်သူတို့က ကလေးတွေကိုပွေ့ဖက် ရုံလောက်နဲ့ ရောဂါကူးစက်နိုင်မယ်ဆိုတဲ့ အသိမျိုးပဲ ရှိကြလို့ကလေးတွေမှာ စားစရာမငတ်ပေမယ့် မေတ္တာငတ် ရရှာပါတယ်။ အလှူရှင်တွေလာပြီဆိုရင် ကလေးသဘာဝ ရင်ခွင်ထဲဝင်ထိုင်ချင်တတ်ကြတာပါပဲ။ ဒါပေမယ့် သူတို့ကိုကြောက်ရွံ့ကြမှန်းလဲ အရွယ်နဲ့မမျှ အသိရှိထားပြီးဖြစ်လို့ လူကြီးကစပြီးမခေါ်ယူ မချော့မြူရင် မျက်နှာငယ်လေးတွေနဲ့ ကြည့်နေတတ်ကြတာ သိပ်သနားစရာ မေတ္တာသက်ဝင်စရာကောင်းလှပါတယ်။

ကျွန်မတို့မောင်နှမ၂ယောက်ကိုတော့ဒီကလေးတွေရင်းနှီးနေပြီးသားဖြစ်သလို သူတို့ကိုပွေ့ချီယုယတတ်လို့ ကျွမ်းဝင်နေကြပါပြီ။ ကိုမြတ်က ပစ္စည်းပစ္စယတွေချ၊ နေရာထိုင်ခင်းပြင်ဆင်၊ အသုံးပြုမည့်တန်ဆာပလာတွေကို ပိုးသတ်ဆေးနဲ့စိမ်(ရေနွေးနဲ့ပြုတ်တာကတော့ သူ့အိမ်ကတည်းကပြုတ်ခဲ့ပါတယ်) ပိုမိုသန့်စင်အောင်လို့ ပိုးသတ်ဆေးနဲ့ထပ်ပြီးသန့်ရှင်းရေးလုပ်တာမျိုးပါ။ ဇယ်ဆက်သလိုလုပ်နေတဲ့အချိန်မှာ ကျွန်မကတော့ ခံတွင်း ဝေဒနာခံစားနေရတဲ့ ကလေးတွေကိုဂေဟာရှိဆရာမများအကူအညီနဲ့ တန်းစီပေးပါတယ်။ ကလေးတွေက ကုသခံပြီးလဲသူတို့နေရာသူတို့ မပြန်ကြပါဘူး။ သူတို့ချစ်တဲ့ဆရာကိုမြတ်နားမှာ တရစ်ဝဲ၀ဲပါပဲ။

ပလုတ်ကျင်းတဲ့တခါသုံးခွက်ကလေးတွေကို လွှင့်ပစ်ပေးတဲ့ကလေးကပေး။ သုံးပြီးသားဂွမ်းစတွေကို မီးညှပ် ကလေးနဲ့လိုက်ကောက်ပေးတဲ့ကလေးကကောက်နဲ့ ပျော်စရာပါပဲ။ တာဝန်မရှိပေမယ့်တာဝန်သိတတ် လိုက်ကြတဲ့ လိမ္မာတဲ့ကလေးလေးတွေပါ။ ဆေးကုသမှုပြီးဆုံးတဲ့အချိန်ကျတော့ သူတို့ကလေးတွေထမင်းစား ချိန်နားကပ်နေပြီလေ။ ကိုမြတ်နဲ့ကျွန်မလဲအမောခဏဖြေ။ ကလေးတွေကို ပုံပြင်ပြောပြ။ ကလေးတွေက ကဗျာတွေရွတ်ပြ နဲ့ အပေးအယူတည့်နေကြပါတယ်။ ထမင်းစားချိန်ရောက်တော့ ကျွန်မတို့၂ယောက်က မစားရသေးပါဘူး။ ဘေးနားမှာ ပတ်လည်ဝိုင်းနေတဲ့ ကလေးတွေကို ထမင်းခွံ့ရသေးတယ်။ နေသိပ်မကောင်း လို့ အီနေတဲ့ကလေးကျတော့ ဆရာမတွေကိုယ်တိုင်ကျွေးပါတယ်။ ထမင်းစားပြီးချိန်ကျွေးဖို့ ချောကလက်တို့ သကြားလုံးတို့တွေလဲဝယ်လာရပါတယ်။ တန်ဖိုးကြီးကြီးလဲမတတ်နိုင်ပါဘူး။ ဒါပေမယ့်သူတို့ပျော်အောင်လို့ပါ။

ပြီးတော့မှ ကျွန်မတို့၂ယောက်ကိုယ်စီယူလာတဲ့ထမင်းဘူးလေးတွေဖွင့်ပြီးစားကြရပါတယ်။ ဂေဟာကဧည့်ခံတဲ့ အနေနဲ့ ကျွေးပေမယ့်လို့ ကျွန်မရဲ့သံမဏိစည်းမျဉ်းဖြစ်တဲ့ “အလှူခံပုဂ္ဂိုလ်ထံမှ မည်သည့်အကျိုးအမြတ်မှ မယူရ။ သကြားလုံးတလုံးတောင်မယူရ” ဆိုတဲ့စည်းကမ်းချက်ကို ကိုမြတ်လဲသဘောတူထားတာမို့ ကိုယ့်ထမင်းဘူးနဲ့ကိုယ်ပဲလာကြပါတယ်။ ထမင်းစားနေချိန်လဲ အေးအေးနေရမယ်မထင်ပါနဲ့ရှင်။ ဂုတ်ခွစီးတဲ့ ကလေးကစီး၊ ပေါင်ပေါ်တက်ထိုင်တဲ့ကလေးကထိုင်၊ ရင်ခွင်ထဲအတင်းတိုးနေတဲ့ကလေးတွေနဲ့ ကျွန်မတို့မှာ သားသမီးတွေအများကြီးရနေပါပေါ့လား။

အဲဒီထဲမှာအမှတ်ရစရာသမီးလေးတစ်ယောက်ရှိပါသေးတယ်။ သူကလေးနာမည်က စုစုတဲ့ (နာမည်ရင်း မဟုတ်ပါ)။ ၂နှစ်မပြည့်ခင်ကလေးမှာပဲ ဒီဂေဟာရောက်လာခဲ့ရှာတာ။ သမီးလေး ၁နှစ်မပြည့်ခင်မှာပဲ အဖေဆုံး သွားခဲ့ပြီး နောက် ၈လလောက်အကြာမှာ အမေပါဆုံးပါးသွားရှာတာကြောင့် ဒီနေရာကိုရောက်လာခဲ့တာပါ။ ဟုတ်တာပေါ့။ စုစုလေးမှာလဲ HIV ကူးစက်ခံထားရပြီလေ။ သမီးလေးက ၂နှစ်မပြည့်သေးတဲ့အရွယ်လေး ဆိုပေမယ့် အဟာရချို့တဲ့ရှာတဲ့အပြင် မိခင်နို့ကိုလဲအပြည့်အ၀မရခဲ့တော့ သူ့ကိုနို့ဘူးလေးတိုက်ပါသေးတယ်။ တခြားဖြည့်စွက်စာတွေလဲကျွေးရပါတယ်။ ကလေးအငယ်ဆုံးလေးဆိုတော့ ကျွန်မရဲ့အချစ်တော်လေးပေါ့။ ဒါပေမယ့် အချစ်တော်လေးက နဲနဲဆိုးတယ်။ သူ့ကိုဖြင့်ကျွန်မကောက်ချီလိုက်ရင် အရင်ဆုံးနို့စို့ဖို့ချောင်းတော့ တာပဲ။ စုစုလေးက ကျွန်မကိုသူ့မိခင်လို့တကယ်ပဲထင်မှတ်နေပုံရတယ်။ ရှက်လဲရှက် ရယ်လဲရယ်ရတဲ့အပြင် အသနားတွေပိုခဲ့ရပါတယ်။ အမှန်ပါပဲရှင်။ ကျွန်မအိမ်ထောင်မကျဘဲနဲ့ မိခင်တယောက်ရဲ့ခံစားချက်မျိုး ခံစားရအောင် ပေးစွမ်းနိုင်တဲ့သမီးလေးပါ။

ကိုမြတ်ရဲ့အချစ်တော်လေးကတော့ အောင်အောင် (ဒါလဲနာမည်ရင်းမဟုတ်ပါဘူး)။ အသက်၎နှစ်အရွယ် အောင်အောင်လေးမှာ လိမ်းဆေးသောက်ဆေးပြတ်ရတဲ့ ရက်ကိုမရှိပါဘူး။ ကူးစက်ရောဂါကြောင့်လို့တော့ မထင်ပါနဲ့။ ဆော့လွန်းလို့ ဟိုကပြုတ်ကျ ဒီကပြုတ်ကျ နဖူးမှာဘုထွက်၊ ဒူးပြဲ စုံနေအောင်ကို ဖြစ်တတ်တာ။ ဆော့လွန်းသလိုအငိုကလဲသန်ပါ့။ အမြဲကြည့်လိုက်ရင် ပလာစတာလေးမှကပ်မထားတဲ့အခါ မရှိဘူး။ ဒါပေမယ့်လဲ ချစ်စဖွယ်စကားတွေတွတ်တီးတွတ်တာဆိုရင်း ကိုမြတ်ကိုခွခွစီးတတ်လို့ သူနဲ့ဆိုလုံးထွေးနေတာ ပါပဲ။

ဒီလိုနဲ့ကလေးတွေအိပ်ချိန်လဲရောက်ရော သူတို့ကိုအိပ်ယာထဲထည့်ပေးသင့်တဲ့ကလေးထည့်ပေး၊ သွားအိပ် ခိုင်းသင့် တဲ့ကလေးသွားအိပ်ခိုင်းပြီး ကျွန်မတို့ပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ အရှေ့ဒဂုံရဲ့ နေ့လည် ၁နာရီ ဆိုတဲ့အပူချိန်ဟာတော်တော်လေးခံရခက်စေပါတယ်။ ဒါ့အပြင် တခါတရံဘတ်စ်ကားမလာတဲ့အခါ ၃-၄မှတ်တိုင် ထိ လမ်းလျှောက်ပြီးလမ်းမကြီးပေါ်တက်ရပါသေးတယ်။ နေပူပူမိုးရွာရွာ ထီးတယောက်တလက်နဲ့ ချီတက်ခဲ့ ရတဲ့ ၁နှစ်တာကာလလေးကတော့ ပြောမပြတတ်အောင် ပီတိတွေနဲ့အလျှံအပယ်ပါပဲ။ စနေနေ့တိုင်း တပါတ်စာ ပီတိတွေထုပ်ပိုးပြီး နောက်တပါတ်အတွက် အားအင်တွေမွေးယူရတာ အမှတ်ရစရာအတွေ့အကြုံ တွေပါပဲ။ နယ်မှာနေခဲ့ရချိန်မှာလဲ ရန်ကုန်ပြန်လာတဲ့ရက်က စနေနေ့နဲ့များတိုက်ဆိုင်ခဲ့ရင်သားသမီးလေးတွေ ဆီ ကိုမြတ်နဲ့ လိုက်သွားရတာအမောပါ။

ဒီလိုတွေနဲ့ပဲ ကျွန်မတို့လက်ထဲမှာ ခန္ဓာကြွေသူကြွေ လိပ်ပြာပျောက်သူပျောက်နဲ့ သုခရိပ်မြုံလေးကတော့ ရယ်မောသံ ငိုယိုသံ ပြေးလွှားဆော့ကစားသံတွေ ညံနေဦးမှာပါပဲ။ ပြုစုစောင့်ရှောက်နေကြတဲ့ ဂေဟာမှူးနဲ့ ဆရာမများကလဲ ကလေးတွေကို ခွန်အားရှိသရွေ့ပြုစုနေကြဦးမှာပါပဲ။ တကယ်လို့များစာဖတ်သူလဲ အဲဒီ ဂေဟာလေးကိုသွားရောက်လှူဒါန်းဖြစ်ခဲ့ရင် ကလေးလေးတွေကို တချက်လေးလောက် ပွေ့ဖက်ပေးခဲ့ပါ။ ကိုယ့်လက်မှာအရေပြား ပေါက်ပြဲဒါဏ်ရာရှိနေတဲ့အခါ အနာသေးသေးလေးတွေပေါက်နေတဲ့ ကလေးလေး တွေကို မပွေ့ပိုက်စေလိုပါ။ ပုံပြင်လေးတွေပြောပြရင်း ကလေးတွေရဲ့ နှလုံးသားလေးတွေထဲမှာ မေတ္တာများ မျှဝေပေးခဲ့ကြပါလို့ အနူးအညွတ်တောင်းဆိုပါရစေရှင်။

သုခရိပ်မြုံရဲ့ တည်နေရာလေးကတော့

အမှတ်(၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။

(ကျွန်မရဲ့သားသမီးလေးတွေကိုအရမ်းသတိရနေလို့ရေးဖြစ်ခဲ့ပါတယ်)

ချစ်ခြင်းများစွာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...