Saturday, July 14, 2012

ပျောက်ဆုံးနေသော ဥသြသံ။



ဇူလိုင် (၁၉) ရက် နံနက် (၁၀) နာရီ (၃၇) မိနစ် - ဥသြဆွဲသံနဲ့ အတူ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြု။

ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန် ရောက်ပြီဆိုလျှင်ဖြင့် မြန်မာ့အသံကနေ ဥသြဆွဲပြီး တစ်မိနစ်တိတိကြာ အချက်ပေး အသံလွှင့်ပေးခဲ့ပါတယ်။

ဒီ ဥသြဆွဲသံမတိုင်ခင်ကတည်းက ပြည်သူအပေါင်းဟာ အသင့်စောင့်မျှော်နေကြကာ တိုင်းပြည်နဲ့  လူမျိုးအတွက် တစ်မျိုးသားလုံးလွတ်လပ်ရေး ရရှိကြဖို့ အတွက် အသက်ကို ပဓါနမထားဘဲ ကြိုးပမ်းဆောင်ရွက်နေကြရင်း အမျိုးသားရေးတာဝန်အဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားရခြင်းအတွက် ယူကြုံးမရဖြစ်ကြကာ လွမ်းဆွတ်တမ်းတ အောင်းမေ့လေးစား ဂုဏ်ပြုတဲ့အနေနဲ့  ဦးကို ညွှတ်လို့  အလေးပြုကြပါတယ်။

ဇူလိုင်လမှာ ရွာလေ့ရွာထရှိတဲ့ ဇူလိုင်မျက်ရည်မိုး တစ်ဖွဲဖွဲနဲ့ အတူ ဒီနေ့  ဒီအချိန်ရောက်ပြီဆိုရင် ဥသြဆွဲသံနဲ့ အတူ မတ်တပ်ရပ် ဦးညွှတ်ကြပြီး ကြေကွဲဝမ်းနည်းဖွယ် ခံစားမှုများနဲ့ အတူ တိတ်ဆိတ်ငြိမ်သက်စွာ အာဇာနည်ကြီးများကို ဦးညွှတ်အလေးပြုကြတာ အာဇာနည်နေ့ ရဲ့  အထင်ကရ ပုံရိပ်လွှာ ဖြစ်ပါတယ်။

ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်တိတိ - အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြဖို့  ဥသြဆွဲသံ တစ်နိုင်ငံလုံးအနှံ့  ပေါ်ထွက်ကြားရပြီဆိုတာနဲ့  အိမ်တွင်းအိမ်ပြင် လှုပ်ရှားသွားလာနေကြတဲ့ ပြည်သူအပေါင်းအား လမ်းမများပေါ် ကျောင်းစာသင်ခန်းများအတွင်း အစိုးရဌာနဆိုင်ရာအဆောက်အဦးများအတွင်း လူတိုင်းကိုယ်စီ မတ်တပ်ရပ်ကာ ငြိမ်သက်စွာနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်တွင်းမြင်ယောင်ရည်စူးကာ ဦးလွှတ်အလေးပြုကြတာဖြင့် လွမ်းမောဖွယ် လေးစားဖွယ် ကောင်းလှပါတယ်။

ဥသြဆွဲအချက်သံနဲ့ အတူ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးလို့  ရရှိလာခဲ့တဲ့ တစ်မျိုးသားလုံး တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်ရေးအကျိုးတရားကို ရယူခံစားရင်း တိုင်းပြည်ရဲ့  လွတ်လပ်ရေးကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်အလေးပြုနေရင်း ပြည်သူတစ်ဦးချင်းစီရဲ့  ရင်တွင်းမှာ အာဇာနည်ခေါင်းဆောင်ကြီတွေ အသက်စွန့်  ရယူပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးအသီးအပွင့်ကို ကာကွယ်စောင့်ထိန်းကြမယ်လို့  အာဇာနည်ကြီးများကို တိုင်တည်ပြီး အသွေးအသားထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်စေတဲ့ သစ္စာပြုမှုတွေ ပေါ်ပေါက်ခံစားကြရပါတယ်။

အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြတဲ့ ဇူလိုင်လ (၁၉) ရက်နေ့  ရောက်ရင်ဖြင့် နှစ်စဉ်နှစ်တိုင်း အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  သက်စွန့် ကြိုးပမ်းဆောင်ရွက်မှုတွေကို နောက်လာနောက်သားများ သိရှိကြစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  ဘစဖြတ်သန်းမှုအကြောင်း သိရှိကြစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ရယူပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးသမိုင်းဖြစ်ရပ်များ သိရှိကြစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ကျေးဇူးတရားအား လေးစားဂုဏ်ပြုကြစေရန်နဲ့  အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်အမြဲ အောင်းမေ့ ဦးညွှတ်အလေးပြုကြစေရန်အတွက် မြန်မာပြည်တစ်ဝှမ်းမှာ အာဇာနည်နေ့  အခမ်းအနားများ ကျင်းပကြတာတွေ၊ အာဇာနည်နေ့  စာစီစာကုံးရေးသားပြိုင်ပွဲတွေ၊ အာဇာနည်နေ့ အကြောင်း ပြောဆိုပွဲတွေ၊ အာဇာနည်နေ့  ဂုဏ်ပြုပွဲတွေ အစရှိသဖြင့် စည်ကားသိုက်မြိုက်စွာ အထူးကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ (၁၉) ရက်နေ့  ၁၉၄၇ ခုနှစ်မှ စကာ နှစ်စဉ်မပျက် အာဇာနည်နေ့  အခန်းအနားများကို ကျင်းပရုံမက ပြည်သူအပေါင်းဟာ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များ ထားရှိရာ အာဇာနည်ကုန်းသို့  သွားရောက်ဦးညွှတ် အလေးအမြတ်ထားဂါရ၀ပြုလေ့ ရှိကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများအား သွားရောက် ဂါရ၀ပြု ဦးညွှတ်ရာ အာဇာနည်ကုန်းသို့  ပြည်သူတိုင်းဟာ လွတ်လပ်စွာနဲ့  သွားရောက် အလေြး့ပုကြနိုင်ခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ပြုလုပ်ကြတဲ့ အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပမှုများနဲ့  ပြည်သူများရဲ့  လွတ်လွတ်လပ်လပ် သွားရောက် အလေးပြုမှုတွေကို အာဏာရူးတစ်သိုက်ရဲ့  ကျေးဇူးကန်း စော်ကားသော မိုက်ရိုင်းမှုတွေက ပိတ်ပင်တားဆီးနှောင့်ယှက်မှုတွေနဲ့ အတူ ဖျက်ဆီးပစ်လိုက်ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ပုံရိပ်လွှာများကိုလည်း ဖယ်ရှားပစ်လိုက်ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  သမိုင်းကြောင်းကိုလည်း မှေးမှိန်ပျောက်ကွယ်သွားစေရန် ဖျောက်ကွယ်ပစ်လိုက်ပါတယ်။

ထို့ အတူ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန် ရောက်ပြီဆိုလျှင်ဖြင့် မြန်မာ့အသံကနေ အချက်ပေး အသံလွှင့်ပေးလေ့ရှိတဲ့ ဥသြဆွဲသံဟာလည်း ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့ မတရားလုယူခဲ့တဲ့ အာဏာရူးတွေကြောင့် ပျောက်ကွယ်သွားပါတော့တယ်။

မြန်မာပြည်သူပြည်သားအားလုံးရဲ့  လွတ်လပ်ရေးကျေးဇူးရှင်ကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို ဘယ်သောအခါမှာမှ မေ့ပျောက်မှာ မဟုတ်ကြောင်း ပြသဖို့ အတွက်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့် ရယူကြိုးပမ်းပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးအတွက် ကျေးဇူးတရားသိတတ်တဲ့အနေနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးထား ဦညွှတ်ဂုဏ်ပြုကြဖို့ အတွက် မြန်မာပြည်သူပြည်သူအားလုံး ဇူလိုင် (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်မှာ မိမိတို့  ရောက်ရှိရာနေရာများကနေ တစ်မိနစ်တိတိ ငြိမ်သက်စွာ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်းဦးညွှတ်အလေးပြုကြပါစို့ လို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ဇူလိုင်လ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀) နာရီ (၃၇) မိနစ် - ကျဆုံးလေပြီးသော ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ………..

နစ်နေမန်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...