Wednesday, July 11, 2012

သုမေဓ


by Zay Ya on Wednesday, July 11, 2012 at 3:25am ·


သုမေဓ - ဆိုတဲ့ အဓိပ္ပာယ်က - လူရည်ချွန်၊ ပညာရှိ၊ ကောင်းသော ပညာရှိသူ လို့ အနက် အဓိပ္ပာယ် ရပါတယ်။ သုမေဓ တစ်ဦး အတွက် လိုအပ်ချက် ဟာ အတတ်သညာ၊ ဝါဒရေးရာ ဖတ်မှတ် လေ့လာ နေတာ မဟုတ်ဘူး။ သူက - အလုပ်လုပ်သူ သာ ဖြစ်တယ်။ ဘာ အလုပ်လုပ်လဲ ဆိုရင် - မိမိကိုယ်ကိုယ် သိတဲ့ အလုပ် လုပ်ပါတယ်။ တနည်း-  ဘာဝနာ အလုပ်လုပ် တယ် လို့ ခေါ်ရပါမယ်။
ဘာဝနာ အလုပ် လုပ်ပုံ ကို ရှင်း ဖို့ - မဟာစည် ဆရာတော် ရဲ့ ဝမ္မိက သုတ် ထဲ က ကောက်နှုတ် ယူ တယ်။ ဗုဒ္ဓဘာသာ ဝင် ဖြစ်ဖို့ မလိုပါဘူး -- မသိသေး သူ - ဘယ် ဘာသာ မဆို - စမ်းကြည့်နိုင်ပြီး အလေ့ အလာ ရှိဖူး သူ တို့ အတွက် လည်း- ဆက်လက် ကျင့်ကြံ နေ ထိုင် နိုင် ဖို့ ဖြစ် ပါ တယ်။
__________________

ဘာဝနာ အလုပ်ရဲ့ - အဓိကက - "သတာရက္ခေန စေတသာ သမန္နာဂတော" ။ ဒါနဲ့ ပြည့်စုံဖို့ပဲ။ အဓိပ္ပာယ်က - သတိ အစောင့် အရှောက်လေး နဲ့ ပြည့်စုံပါစေ လို့ ဆိုလို ပါတယ်။

သတိ အစောင့်အရှောက် နဲ့ ပြည့်စုံ နေရင် အရိယာ နေအိမ်ထဲ ရောက်တယ် မည်တယ်။ စိတ်တိုင်း စိတ်တိုင်း မှာ သတိ အစောင့် အရှောက် ကလေး ပါပါစေ - စိတ်တိုင်း စိတ်တိုင်း မှာ သတိ အစောင့် အရှောက် ကလေး ပါလို့ ရှိရင် ဒါဟာ အရိယာ နေအိမ်မှာ လုံလုံ ခြုံခြုံ ကြီး နေရတာ ဖြစ်ပါတယ်။ စိတ် တစ်ခု တစ်ခု ဖြစ်ရင် တစ်ခါ တစ်ခါ မှတ်ရမယ်။ အမှတ် ရတိုင်း၊ အမှတ် ရတိုင်း အရိယာ နေ အိမ် ရောက် ပြီး၊ အပါယ်ဘေး မှ လုံခြုံ နေတယ်။ အဲ့ဒီ အစဉ် အတိုင်း တက်သွားမယ် ဆိုရင် အရိယမဂ် တွေကို ရောက်ပြီး သံသရာ ဝဋ် ဆင်းရဲ ဘေး အကုန်လုံး လုံခြုံပါတယ်။ အဲ့ဒီလို အရိယမဂ် ကို မရောက် နဲ့ ဦးတော့ စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမှတ် ရနေတယ် ဆိုရင်ပဲ အပါယ် လေးပါး က လုံခြုံ နေတာပါပဲ။ ဒီလို အမှတ်ရ နေရင်းနဲ့ သေသွားမယ် ဆိုရင် အပါယ်လေးပါး ကို ဘယ်နည်းနဲ့မှ မကျဘူး လို့ ဆိုလို တယ်။ ဒါ့ကြောင့် ဒီလို အမှတ်ရပြီး သတိ ဖြစ်နေတာကို အရိယာဝါသ အရိယာ နေအိမ် လို့ ခေါ်ပါတယ်။

လိုရင်းက - "ဖြစ်တိုင်း မှတ်ရှု၊ သတိပြု၊ စောင့်မှု အစဉ်ထား" ။ ဒါလေးပဲ။

ဖြစ်တိုင်း - ဆိုတာ ဘာလဲ။ စိတ်ဖြစ်တိုင်း - ရုပ်ဖြစ်တိုင်း - ဝေဒနာ ဖြစ်တိုင်း စသဖြင့်။ မြင်တဲ့ စိတ် ဖြစ်တိုင်း၊ ကြားတဲ့ စိတ် ဖြစ်တိုင်း၊ နံတဲ့ စိတ် ဖြစ် တိုင်း၊ အရသာ သိတဲ့ စိတ် ဖြစ်တိုင်း၊ တွေ့ထိတဲ့ စိတ် ဖြစ်တိုင်း၊ ကြံစည် စိတ်ကူး တဲ့ စိတ် တွေ ဖြစ်တိုင်း ဖြစ်တိုင်း - ဒါပါပဲ။ အဲ့ဒီ စိတ် တိုင်း စိတ်တိုင်းသာ အမှတ်ရပါစေ။ ရှေ့က မြင်တဲ့ စိတ် ကလေး တစ်ခု ဖြစ်ပေါ်သွားရင်၊ နောက်က အဲ့ဒီ မြင်တာကို အမှတ် ရလိုက် ပါ။ ရှေ့က ကြားသိ တဲ့ စိတ်ကလေး ဖြစ်သွားရင် နောက်က အဲ့ဒီ ကြားသိ တာလေးကို အမှတ် ရပါစေ။ အမှတ် ရမှု ကလေး နောက် က ပါလာ ပါစေ။ နောက်က နေပြီး ထည့်ပေး နေဖို့ ပါပဲ။

ဘာနဲ့ တူသလဲ ဆိုရင် နာလန်ထ ခါစ ပုဂ္ဂိုလ် များမှာ မသင့်တဲ့ အစာ အဟာရ တွေ စားမိရင် နောက်က အစာကြေဆေးလေး စားပေးရ သလို ပါပဲ။ အဆိပ်ဖြေဆေး၊ အစာကြေဆေး လေး နောက်က ပေးရတယ်။ အဲ့ဒါနဲ့ တူပါတယ်။ မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်း၊ သိတိုင်း ဒွါရ ခြောက် ပါး က ပေါ်တိုင်း၊ ပေါ်တိုင်း နောက်ကနေ ပြီး အမှတ် သတိကလေး ထည့်ပေး နေဖို့ပါပဲ။ အဲ့ဒါဟာ အရိယာ နေအိမ် ကို ရောက် တာ ပဲ ဖြစ်ပါတယ်။ ဘေးရန် အန္တရာယ် လုံခြုံနေတယ် လို့ ဆိုလိုတယ်။

အမှတ် သတိ ကလေး ထည့်ပေးတာကြောင့် သတိတင် ဖြစ်တာလား ဆိုရင် မဟုတ်ဘူး။ အဲ့ဒီ အထဲမှာ အားထုတ်မှု ဝီရိယ လည်း ပါ တယ်။ အဲ့ဒါ က သမ္မာဝါယမ။ အဲ့ဒီ အထဲမှာ တည်ကြည်တဲ့ သမာဓိ လည်း ပါတယ်။ အဲ့ဒါက သမ္မာ သမာဓိ။ အဲ့အထဲမှာ သူ့ဟာသူ အမှန် အတိုင်း ရှုမှတ် ပြီး သိနေတဲ့ သမ္မာဒိဋ္ဌိ လည်းပါတယ်။ သမ္မာဒိဋ္ဌိ နဲ့တွဲပြီး သမ္မာသင်္ကပ္ပ လည်း ပါတယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆို တဲ့ သီလ မဂ္ဂင် တွေကလည်း သီလ ဆောက်တည် လိုက်ကတည်း ပြည့်စုံ နေတယ်။ ဒီတော့ မဂ္ဂင် ရှစ်ပါးလုံး တစ်ပြိုင် နက် တည်း အကုန် ပါဝင်နေ ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် - အတိုချုပ်က -

"ဖြစ်တိုင်း မှတ်ရှု သတိပြု၊ စောင့်မှု အစဉ်ထား"။ ဒါလေးပါပဲ။

ဒါကို သတိပဋ္ဌာန် အနေနဲ့ ပြောရင် - ဒါဟာ သတိပဋ္ဌာန် တရား ဖြစ်တယ်။ "အပ္ပမာဒေန သမ္မာဒေထ" ဆိုတဲ့ ဒေသနာ အရ (ဒါမှမဟုတ်) "အပ္ပမာဒေါ အမတံ ပဒံ" ဆိုတဲ့ ဒေသနာ အရ ပြောရင် လည်း   အပ္ပမာဒ တရား ဖြစ်တယ်။

....................
~ ဝမ္မိကသုတ် - မဟာစည်
....................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...