Friday, July 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၇)


သစ်ထူးလွင်



Posted: 06 Jul 2012 07:39 AM PDT
ရန်ကုန်၊ ဇူလိုင် ၆

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များ မွေးထုတ် ပေးခဲ့သည့် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂ ဖြိုခွဲဖျက်ဆီး ခံခဲ့ရသော ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အမှတ်တရ အခမ်းအနားကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ကျင်းပရန် စီစဉ်နေမှုကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ် ပိတ်ပင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ မျိုးဆက်သစ် ခေါင်းဆောင်များက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်း ဇူလိုင် အမှတ်တရ အခမ်းအနားများ ကျင်းပရန် စီစဉ်ထားမှုကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများက ကျောင်းသား ခေါင်းဆောင်များအား ခေါ်ယူသတိပေး တားမြစ်ခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗကသ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုနန္ဒာစစ်အောင်က ရှင်းလင်း ပြောဆိုသည်။

မန္တလေး၊ ဗန်းမော်၊ မုံရွာ၊ ကျောက်ဆည်၊ ဟင်္သာတ၊ မြောင်းမြ စသည့် မြို့များတွင်လည်း တက္ကသိုလ် အသီးသီးရှိ ကျောင်းသား ခေါင်းဆောင်များကို သတိပေးမှုများ ရှိကြောင်း ယင်းမြို့များရှိ ကျောင်းသား ကိုယ်စားလှယ်များက ပြောကြားသည်။

"အထိမ်းအမှတ် အနေနဲ့ လုပ်တာ။ ဒီနှစ် ဒီလမှာ ဘာဖြစ်ခဲ့တယ် ဆိုတဲ့ သမိုင်းမှန်ကို ပြည်သူတွေ သိသင့်တယ် ထင်လို့" ဟု ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ရန် စီစဉ်ရခြင်းနှင့် ပတ်သက်၍ ဗကသ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ကိုမင်းသွေးသစ်က ဆိုသည်။

သမိုင်းသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး အတိတ်မှ အမှားများကို သင်ခန်စာယူရန် ဖြစ်ကြောင်း မြန်မာ သမိုင်းသည် ပြည်သူများက ရေးသောသမိုင်း ဖြစ်သင့်ပြီး အာဏာရှိသူများက တဖက်သတ် ရေးဆွဲသော သမိုင်း မဖြစ်သင့်သလို သမိုင်းမှန်ကို မဖျောက်ဖျက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးက သုံးသပ် ပြောကြားသည်။

ရှစ်လေးလုံး ကာလက အရပ်သားသမ္မတ ဒေါက်တာမောင်မောင်က “ကျောင်းသားသမဂ္ဂကိုလည်း ပျော်ပျော်ကြီး အုတ်မြစ်ချ ကြတာပေါ့”ဟု ပြည်သူသို့ မိန့်ခွန်းပြောကြား ခဲ့သော်လည် ၂၄ နှစ် ကြာသည်အထိ မဖြစ်လာသေးဘဲ အရှေ့တောင် အာရှတွင် အလှဆုံး တက္ကသိုလ်တစ်ခု ဖြစ်သည့် ရန်ကုန် တက္ကသိုလ်၏ အခန်းကဏ္ဍကိုလည်း မှေးမှိန်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု ခံစားရကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အဆောင်စည်းကမ်း လျှော့ချရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက ယင်းနေ့ ညနေပိုင်းတွင် ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

Posted: 06 Jul 2012 07:30 AM PDT
ရန်ကုန်၊ ဇူလိုင် ၆

လန်ဒန်မြို့တွင် ကျင်းပမည် ၂၀၁၂ အိုပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် အိုလံပစ် မီးရှုးတိုင် သယ်ဆောင် ထွန်းညှိမည့် အစီအစဉ်သို့ တက်ရောက်ရန် လျာထားခြင်း ခံရသော ကမ္ဘာကျော် ပုဂ္ဂိုလ်များထဲတွင် ဟဲဗီးဝိတ် လက်ဝှေ့ကျော် မိုဟာမက် အလီနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ကြောင်း အိုလံပစ် ကော်မတီက ဇူလိုင်လ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်တွင် အိုလံပစ် အခမ်းအနားသို့ တက်ရောက် နိုင်မည်လားဟု အိုလံပစ် အခမ်းအနား စီစဉ်သူများက ချဉ်းကပ်ခဲ့ကြောင်း Telegraph သတင်းတစ်ပုဒ်တွင် ဖော်ပြ ပါရှိသည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၆ အတ္တလန်တာ အိုလံပစ် မီးရှုးတိုင် ထွန်းညှိခဲ့သူ မိုဟာမက် အလီတို့ကို ဂုဏ်ပြု ဖိတ်ကြားရန် ဒါရိုက်တာ ဒန်နီဘွိုင်းနှင့် အခမ်းအနား ကျင်းပရေးကော်မတီက စဉ်းစားခဲ့သည်ဟု ယင်းသတင်းစာက ဆိုသည်။

ယင်းသတင်းနှင့်ပတ်သက်၍ပတ်သက် NLD ၏ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကို အတည်ပြု မေးမြန်းရာ မသိရှိသေးကြောင်း ပြန်လည် ပြောကြားသည်။

အိုလံပစ် မီးရှုးတိုင် ထွန်းညှိပေးရန် လျာထားခြင်း ခံရသော အခြား နာမည်ကျော် ပုဂ္ဂိုလ်များထဲတွင် ဆြာ စတိဗ်ရက်ဂရေ့၊ ရော်ဂျာ ဘန်နစ္စတာ၊ ဒါလီ သွန်မဆန်၊ ဒိမ်းကယ်လီ ဟုမ်းမ်၊ မေရီပီတာနှင့် ဒေးဗစ် ဘက်ခမ်း တို့လည်း ပါဝင်နေကြသည်ဟု သိရှိရသည်။
 The Voice Weekly

Posted: 06 Jul 2012 06:43 AM PDT

မန်းတွင်ရောက်ရှိနေသော ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း သည် ယနေ့ ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ခဲ့ ကြောင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်ပြီးနောက် အပြန်လမ်းရှိ မန်း မြို့ သူမြို့ သားများကို အားပါးတရနှုတ်ဆက်ခဲ့သည်။
Popular Myanmar News Journal

Posted: 06 Jul 2012 06:32 AM PDT
( ဓါတ်ပုံအညွှန်း - လွှတ်တော်အတွင်း ၀င်ရောက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင် အားတွေ့ရစဉ် )
Messenger News Journal
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသော “ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင် ပါရန် ပြည်ထောင်စုအစိုးရသို့ တိုကတွန်းကြောင်း” အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော
 ဒေါက်တာ အောင်မိုးညို နှင့် ဒေါက်တာဇော်မြင့်မောင် တို့က ထောက်ခံဆွေးနွေးသွားခဲ့သည်။

 ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့တွင် ယင်းကဲ့သို့ဝင်ရောက်ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ခံဆွေးနွေးသွားသော ကြောင့် လွှတ်တော်အတွင်း ပါတီစွဲ မထားဘဲ ပြည်သူအတွက်အကျိုးရှိမည့် အဆိုများကို နှစ်ဘက်အင်အားကြီးပါတီ များမှ ပူးပေါင်းဆောင်ရွက်ကြမှုကိုကြိုဆို ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကသုံးသပ်ပြောကြားခဲ့သည်။

Messenger News Journal

Posted: 06 Jul 2012 06:53 AM PDT
“မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော်မဟုတ်ဘူး အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ အချိန်တွေမကုန်ရအောင် မရောင်ရာဆီလူး မလိုတဲ့စကားတွေပြောပြီး အချိန်ဖြုန်းနေရင် မိမိတို့ရဲ့လုပ်ငန်းမှာ အနှောက်အယှက် ရှိမှာဖြစ်တဲ့အတွက် ဒါကိုတော့လွှတ်တော်ကိုယ်စားလှယ်များအားလုံးသိရှိနားလည် စေချင်ပါတယ် မိမိတို့နိုင်ငံအနေနဲ့ သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်းချင် ရင် အတွေအခေါ် ခံယူချက် အယူအဆကောင်းတွရှိဖို့လိုပါတယ် ဒါကြောင့် မိမိအနေန့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားချင်တာရှိပါတယ် ပြီးခဲ့တာတွေပြီးပြီ ဒါတွေကို အပြစ်တင်ဝေဖန်နေမယ့်အစား အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက် သင့်တယ်လို့တိုက်တွန်းလိုပါတယ်။ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ့အသံနားထောင်စေချင်ပါတယ် ပြီးရင် လွှတ်တော်မှာ ရဲရဲဝံ့ဝံ့သတ္တိ ရှိရှိ နဲ့တင်ပြကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Messenger News Journal


Posted: 06 Jul 2012 06:22 AM PDT
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးနယ်ပယ်တွင် လက်ခံထားသော သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ်၊ မြန်မာမှုအမွေဖြစ်သည်။  ရိုးသား ခြင်းဟူသည် အစဉ်အမြဲ တင့်တယ်၊ တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး အနှစ်သာရဖြစ်သည်။ အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင် မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင်မဆို မရိုးနိုင်သော ဆန်းသစ်နေသည့် အ၀တ်အဆင်ဖြစ်သည်။
အ၀တ်ဝတ်ဆင်ခြင်းဟူသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ အရေးသုံးရပ်တွင် စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးဟုရှိသည့်အနက် အ၀တ်အဆင်သည်လည်း အဓိက အရေးပါသော အကြောင်းတစ်ရပ် ဖြစ်သည်။ ၀တ်ရေးဟူသော အ၀တ်အဆင်သည် အသိဉာဏ်ရှိသော လူသားတို့အတွက် ပဓာနကျသည်။ ၀တ်ရေးဟူသော အ၀တ်အဆင်မရှိလျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။ အ၀တ်အဆင်သည် အရှက်အကြောက်တရားနှင့် ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် အ၀တ်အဆင်ကို ဆင်မြန်းရသည်။ ထို့ကြောင့် အ၀တ်ဝတ်ဆင်ခြင်းဟူသည် 'ဟီရိနှင့် သြတ္တပ္ပ'ဟူသော အရှက်နှင့် အကြောက်တရားနှစ်ပါး ကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ လူသားတို့တွင် အ၀တ်အဆင်သည် ပဓာနကျသောကြောင့် 'တောင်းမှာအကွပ် လူမှာအ၀တ်' ဟူသော ဆိုရိုးစကားပြု၍ လမ်းညွှန်ဆုံးမခဲ့သည်။
လူသားတို့တွင် အ၀တ်အဆင်သည် အရေးပါသည်။ အသိဉာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။ ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည် အရှက်ကို လုံခြုံအောင် အ၀တ်အဆင်ပြုသည်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ အ၀တ်အဆင် သည်လည်း တိုးတက်ဖွံ့ဖြိုးလာသည်။ ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခက်၊ သားရေနွယ်တို့ကို ၀တ်ဆင်ခဲ့ပြီး အရှက်တရားကို ထိန်းသိမ်းခဲ့သည်။ ထို့နောက် ချည်ထည်၊ ပိုးထည် စသည်တို့ကို ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ၀တ်ဆင်ခဲ့ကြသည်။ နိုင်ငံအသီးသီး၊ လူမျိုး အသီးသီးတို့တွင် ကိုယ်ပိုင်ရိုးရာအ၀တ်အဆင်ဟူ၍ ရှိကြစမြဲဖြစ်သည်။
အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်းရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသားအ၀တ်အဆင်များကို ၀တ်ဆင်ကြသည်။ ထို့ကြောင့် အ၀တ်အဆင်သည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်သည်။ နိုင်ငံကြီးသားပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ အခြေခံသော ၀တ်ဆင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။ အ၀တ်အဆင်သည် လူမျိုး၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
အ၀တ်အဆင်နှင့် လူမျိုးယဉ် ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ရာသီဥတု၊ ရေမြေသဘာဝ၊ ရိုးရာဓလေ့ထုံးစံများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် လိုက်လျောညီထွေရှိစေသည့် အ၀တ်အဆင်များကို သတ်မှတ်ဝတ် ဆင်ခဲ့ကြသည်။ ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။ အပူပိုင်းဒေသအရပ်များတွင် အပူပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အ၀တ်အထည်များ၊ အေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ရှိသည်။ ထိုနည်းတူ အအေးပိုင်းအရပ်ဒေသများတွင် အအေးပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည် အထူအထဲများကို ၀တ်ဆင်လေ့ရှိကြသည်။ တစ်နည်းဆိုရသော် အ၀တ်အဆင်ဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းလုံခြုံအောင် တန်ဆာဆင်မှုဖြစ်သည်။ သို့သော် ခေတ်၏ ယဉ်ကျေးမှု၊ ခေတ် ရေစီးကြောင်းနှင့်အညီ အ၀တ်အဆင် သည် ပြောင်းလဲခဲ့သည်။ တိုးတက်ခဲ့သည်၊ ဆန်းကြယ်ခဲ့သည်။ အ၀တ်အဆင်သည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန်အနေအထားမှ ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာခဲ့ကြသည်။ အ၀တ်အဆင်သည် လူတို့၏ အဆင်တန်ဆာတစ်မျိုး ဖြစ်လာသည်။

သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည်  . . .
အ၀တ်အဆင်သည် လူမျိုးရေး လက္ခဏာကိုလည်း ဖော်ဆောင်သည် မြန်မာ့သမိုင်းကြောင်းကို လေ့လာလျှင် မြန်မာလူမျိုးတို့၏ အ၀တ်အဆင်သည် မြန်မာ့အမျိုးသားရေးလက္ခဏာကို ဖော်ဆောင်နေသည်။ ရှေးခေတ်အဆက်ဆက်၌ မြန်မာအမျိုးသားတို့သည် သျှောင်ထုံးသည်၊ အင်္ကျီလက် ရှည်ဝတ်သည်။ တောင်ရှည်ပုဆိုး ၀တ်သည်။ မြန်မာအမျိုးသမီးတို့သည် ဆံထုံးထုံးသည်။ ဖျင်အင်္ကျီ ၀တ်သည်။ ထဘီဝတ်သည်။ ထို့ကြောင့် မြန်မာတို့၏ အမျိုးသားရေး လက္ခဏာဆောင်သောအ၀တ်အထည်  ဟူသည် ကမ္ဘာတွင် ယောက်ျားဟူ သည် ပုဆိုးဝတ်၍ မိန်းမဟူသည် ထဘီဝတ်သည်ဟူသော ကိုယ်ပိုင် ၀တ်စားဆင်ယင်မှု ၀ိသေသ ဂုဏ်ပုဒ်ဖြင့် ထင်ရှားခဲ့သည်။ ယနေ့တိုင် အာရှနိုင်ငံများတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အ၀တ်အဆင် ထိန်းသိမ်းထားသော နိုင်ငံနှင့်လူမျိုးမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးဖြစ်သည်ဟု ကြွေး ကြော်နိုင်ဆဲ ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ခေတ်ရေစီးကြောင်းနှင့်အညီ တိုင်းတစ်ပါး ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်အတွင်းသို့ တစိမ့်စိမ့် စီးဝင်ပျံ့နှံ့ ထိုးဖောက်ဝင်ရောက်လျက်ရှိ နေသည်။ ယင်းသို့ စိမ့်ဝင်ပျံ့နှံ့ရောက်ရှိနေသော တိုင်းတစ်ပါး ယဉ်ကျေးမှုများကို ကာကွယ်စောင့် ရှောက်ရန်နှင့် မြန်မာ့ရိုးရာ ဘေးဘိုးအစဉ်အဆက်၊ ယဉ်ကျေးမှု အမွေအနှစ်အ၀တ်အဆင်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအရေးကြီးပေသည်။ မြန်မာစာ ပါမောက္ခဆရာကြီးဦးဧမောင် (တက္ကသိုလ်မောင်သန့်စင်) ၏ အမျိုးသား ယဉ်ကျေးမှုဆောင်းပါးတွင် မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ တိုင်းတစ်ပါးယဉ်ကျေးမှု ကူးစက်လာနေမှုနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သင့်မှုတို့ကို 'နိုင်ငံခြားယဉ်ကျေးမှုနှင့် ကျွန်ုပ်တို့ အမျိုးသားယဉ်ကျေးမှုတို့မှာ ရောထွေးယှက်တင်ဖြစ်ကာ အောက်ကလိအာ-အာကလိအောက် ဆိုသကဲ့သို့ ကျီးမရောက် ကြက်မမြောက်ဘဲ မဖွယ်မရာ၊ မတော်မလျော် ဖြစ်နေသည်။

ဤခေတ်သည် အသိဉာဏ်ကျက်စားရာ စာအုပ်စာတမ်းများ၊ ရုပ်ရှင်၊ ဇာတ်သဘင်အစရှိသော နိုင်ငံခြားယဉ်ကျေးမှုတို့သည် နေ့စဉ်နှင့်အမျှ ထိုးဖောက်ဝင်ရောက်လျက်ရှိနေရာ ပြည်ထောင်စုသားအပေါင်းတို့သည် မိမိတို့ အမျိုးသားစိတ်ဓာတ်၊ မိမိတို့ အမျိုးသားသဘောတရားတို့နှင့် ဖီလာကန့်လန့်ဖြစ်နေသော ယဉ်ကျေးမှုမျိုးကို ရှောင်ရှားပယ်ခွါနိုင်ကြပါစေ'ဟူ၍ သတိပေး နှိုးဆော်ရေးသား တင်ပြခဲ့သည်။
ထိုသို့ ခေတ်ရေစီးကြောင်းနှင့် အတူစီးဝင်နေသော တိုင်းတစ်ပါး ယဉ်ကျေးမှု အ၀တ်အဆင်များကို မြန်မာလူမျိုး၊ အထူးသဖြင့် လူငယ်တို့သည် လိုအပ်သည်ထက် လွန်ကဲစွာ မြန်မာ့ယဉ်ကျေးမှု သွေဖွည်သော ၀တ်စားဆင်ယင်မှုမျိုး မပြုသင့်ပေ။ ခေတ်ဟူသော ရေစီးကြောင်းသည် တသွင်သွင် စီးဆင်းနေသည်မှန်သော်လည်း ခေတ်နှင့်အညီ သရုပ်ပျက် ယဉ်ကျေးမှုမဲ့ အ၀တ်အဆင်များကို အလေးထား ၀တ်ဆင်နေမှုထက် မြန်မာ့လူနေမှုစနစ်၊ အစဉ်အလာ ယဉ်ကျေးမှုနှင့်လျော်ညီသည့် ခေတ်မီသော အ၀တ်အဆင်များကို ၀တ်ဆင်သင့်ပေသည်။ခေတ်မီခြင်းနှင့် သရုပ်ပျက်ခြင်းတို့သည် အနှစ်သာရခြင်း မတူညီပေ။ ခေတ်မီသော၊ အ၀တ်အထည်များကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ခြင်းသည် ခေတ်လည်းမီသည် ခေတ်နှင့်လည်း ညီသည်။ တင့်တယ်၍ ဣနြေ္ဒလည်း ရပေသည်။ သရုပ်ပျက်သော လည်ဟိုက်၊ ဘေးကွဲ၊ နောက်ကွဲ၊ စကတ် တိုစသော မလုံ့တလုံ ၀တ်စားဆင်ယင်မှုများသည် အမြင်မတော် ဆင်တော်နှင့်ခလောက်ဟူသော ဆိုရိုးကဲ့သို့ လူ၏ ဣနြေ္ဒနှင့်သိက္ခာ၊ တန်ဖိုးတို့ကို ထိပါးကျဆင်းစေသည်။
မြန်မာလူမျိုးတို့သည် မိမိတို့၏ ယဉ်ကျေးမှု အ၀တ်အဆင်ကို တန်ဖိုးထားမြတ်နိုးသူတို့ ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးဝတ်စုံများကိုသာ အမြတ်တနိုး ၀တ်ဆင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် အနောက်တိုင်းယဉ်ကျေး မှုကို အထင်ကြီး၍ အတုခိုးဝတ်ဆင်ကာ 'အမေကျော် ဒွေးတော်လွမ်းနေသူများ'ကို ၀ံသာနု အဖွဲ့အစည်းများ၊ မျိုးချစ်ပုဂ္ဂိုလ်များက ဆန့်ကျင် တိုက်ပွဲဝင် ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးအချို့၏ ပါးလွှာသော မှန်နိုင်လွန်အင်္ကျီများ ၀တ်ဆင်ခြင်း၊ နိုင်ငံခြားပုံစံ အ၀တ်အထည်များ ၀တ်ဆင်ခြင်းတို့ကို မျိုးချစ်စိတ်ရှိသော ကာတွန်းဆရာကြီးများက ရေးဆွဲ သရော်ခဲ့ကြသည်။ အနောက်တိုင်းယဉ်ကျေးမှု အ၀တ်အစားကို အထင်ကြီးလေးစား ၀တ်ဆင်နေသူများကိုလည်း စာရေးဆရာကြီးဦးလတ်သည် ရွှေပြည်စိုးဝတ္ထုတွင် 'မောင် သောင်းဖေ၏ ၀တ်စားဆင်ယင်မှု' ဖြင့် လှောင်ပြောင်သရော် ရေးဖွဲ့ခဲ့သည်။
အ၀တ်အဆင်သည် လူတို့၏ စိတ်နေသဘောထားနှင့် ဆက်စပ်နေသည်။ လူတစ်ဦးချင်း စိတ်နေစိတ်ထားကို အ၀တ်အဆင်ဖြင့် အကဲခတ် ဆုံးဖြတ်နိုင်သည်။ အ၀တ်အဆင်ကို ကြည့်၍ ပေါ့တန်သူ၊ လေးနက်သူ၊ တည်ကြည်သူ၊ မောက်မာပလွှားသူ စသည်ဖြင့် ခန့်မှန်းနိုင်သည်။ အထူး သဖြင့် သရုပ်ပျက်သော၊ အရှက်ကင်းမဲ့သော အ၀တ်အဆင်များသည် လူ့သိက္ခာနှင့်တန်ဖိုးကို လျော့ကျစေသည်။ ခေတ်ဆန်သော၊ ခေတ်ရှေ့ပြေးသော၊ ဣနြေ္ဒသိက္ခာမဲ့သော အ၀တ်အဆင်ထက် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်မှုသည် တန်ဖိုးရှိသည်။ စိန်ရွှေဆင်၍ မယဉ်၊ ဣနြေ္ဒဆင်မှယဉ် သည်ဟူသော ဆိုရိုးစကားသည် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်း၏ အနှစ်သာရပင်ဖြစ်သည်။
အ၀တ်အဆင်သည် လူ၏ ဂုဏ်သိက္ခာနှင့် အခြေအနေကို ထင်ဟပ်ဖော်ပြနေသည်။ မြန်မာ့ဆိုရိုးစကားများတွင် 'အသက်နှင့်လူမလုပ် အရှက်နှင့်လူလုပ်သည်' ဟူ၍ ဆိုရိုးရှိသည်။ ယင်းဆိုရိုးသည် မြန်မာတို့၏ အရှက်အကြောက်ကို တန်ဖိုးထားမှု၊ ၀တ်စားဆင်ယင်မှု လော်လီခြင်း မပြုရန် လမ်းညွှန်ချက်ဖြစ်သည်။ စာမရီသားကောင်တို့သည် အမွေးအမှင်ကို ခုံမင်မြတ်နိုးသဖြင့် အသက်အသေခံသည့်နည်းတူ၊ မြန်မာ အမျိုးသမီးတို့သည်လည်း အ၀တ်အဆင်နှင့် ဂုဏ်သိက္ခာကို မလဲလှယ်သင့်ပေ။ အ၀တ်အဆင်သည် လူ့တန်ဖိုးကို ဖော်ပြသည့် မှတ်ကျောက်ဖြစ်သည်။ ပြဒါး တိုင်သဖွယ် ဖြစ်သည်။
လူ့သဘာဝတွင် အကောင်းနှင့်အဆိုးဟူ၍ ရှိနေသည်။ ယဉ်ကျေးခြင်းနှင့် ရိုင်းစိုင်းခြင်းတို့သည်လည်း ဒွန်တွဲနေသည်။ လူသည် အကောင်းမြင်သော၊ ယဉ်ကျေးသိမ်မွေ့သော၊  အကြောင်းအရာများကိုသာ မြတ်နိုးသော သဘောရှိသည်။ အ၀တ်အဆင်တွင်လည်း မြန်မာမှုကို အခြေခံသော မြတ်နိုးသော ရိုးရိုးယဉ်ယဉ်ဝတ်စား ဆင်ယင်မှုနှင့် ခေတ်ရေစီးကြောင်းနှင့်အညီ ပရမ်းပတာဝတ်ဆင်ခြင်းဟူ၍ ဒွန်တွဲရှိနေသည်။ မြန်မာမှုအသိုင်းအ၀န်းနှင့် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်မှုသည် မြန်မာလူမျိုးနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ဂုဏ်တင်ဖော်ညွှန်းနေသည်။

ထို့ကြောင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည်။

 Written by လှမြင့်(ရန်ကုန်တက္ကသိုလ်)
 Eleven Media Group

Posted: 06 Jul 2012 06:57 AM PDT
ဆွစ်ဇာလန်ဘဏ်များ၏ ဖောက်သည်တို့အတွက် အချက်အလက်များကို ထိပ်တန်းလျို့ဝှက်ပေးမှုဟူသော ၁၉၆၀ ပြည့်နှစ်များလောက်အထိ ထိန်းသိမ်းခဲ့သော အစဉ်အလာသည် ရာဇ၀တ်ကောင် လူဆိုးဂိုဏ်းခေါင်းဆောင် များ၊ အာဏာရှင် ဟောင်းများအတွက်သာ ကောင်းသော စနစ်ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ရုန်းကန်ခဲ့ကြသော နိုင်ငံများမှ ပြည်သူများ၊ နိုင်ငံကြီးများမှ အခွန်ထမ်းပြည်သူ များနှင့် ကုမ္ပဏီကြီးများ၏ ရှယ်ယာရှင် သာမန်ပြည်သူများအတွက် တစ်ဖက်သတ်ဆန်သော ကျင့်စဉ်အပေါ် နိုင်ငံတကာ ဖိအားကြီးမားသထက် ကြီးမားလာသကဲ့သို့ ဘဏ်ကြီးများဘက်မှ တစ်ခုပြီးတစ်ခု အလျော့ပေးလာခဲ့ရပါသည်။
အစိုးရချင်း (ဂျီတူဂျီ)

ယခုနောက်ဆုံး အခွန်ရှောင်ပြေး ကွန်းခိုရာ tax havens အဖြစ် ကျန်နေသေးသည့် ဆွစ်ဇာလန်ဘဏ်များအပေါ်  ဗြိတိသျှအစိုးရက သူ့နိုင်ငံသားများနှင့်ပတ်သက်၍ ဆက်လက် လုပ်ကိုင်မပေးတော့ရန် သဘောတူညီမှု ယူခဲ့သည်။ အလားတူ သဘောတူညီမှုကို ဂျာမနီနိုင်ငံနှင့် အစောပိုင်းက ပြုခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် ဗြိတိသျှ နိုင်ငံများ ဆွစ်ဇာလန်ဘဏ်တွင် တိတ်တဆိတ် သွားရောက်ထားသမျှအပေါ် ၂၀၁၃ မှစ၍ ၃၄ ရာခိုင်နှုန်းမျှ အခွန်ပေးဆောင်ရန် ဖြစ်လာပါသည်။ ယင်းနှင့်အတူ ဗြိတိန်သို့ ပြန်လည်လွှဲပြောင်းပေးပို့ remittance များအတွက်ပါ ဆွစ်ဇာလန်အစိုးရက ကြိုတင်ဖြတ်တောက်မှုအခွန် withholding tax ပြုထားပြီး ဗြိတိန်အစိုးရထံ လွှဲပြောင်းပြီးမှ စာရင်းပိတ်ရန် သဘောတူကြသည်။
ဤသဘောတူညီချက်မှ ဗြိတိန်သည် ဒေါ်လာအားဖြင့် ၇ ဒသမ ၈ ဘီလျံမျှ အခွန်ဝင်ငွေ ရရှိသွားမည်ဖြစ်သည်။ သို့သော် ရတနာကျွန်း Treasure Islands ၀တ္ထု (၁၉ ရာစုဂန္ထ၀င်) ကို အမည်ယူထားသော စီးပွားရေး စာအုပ်အားရေးသူ နီကိုလပ်စ်ရှက်ဆွန် Nicholas Shaxson က ဆွစ်ဘဏ်ကြီးများသည် သူတို့ဖောက်သည်များ၏ အမည်များကို ဆက်လက်ဖုံး ကွယ်ပေးထားနိုင်ရန် အတော်ကြီးမားသော လာဘ်ငွေများသုံးထား ဆဲရှိသည်ဟု ဆိုသည်။ ဤအတိုင်း မှန်လျှင် ပဲရစ်အခြေစိုက် ချမ်းသာသော နိုင်ငံကြီးများချည်း ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ကြီး Organization for Economic Co-operation and Development OECD က ချမှတ်သည့် နိုင်ငံတကာ အခွန်တိမ်းရှောင် မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး သဘောတူညီမှုအား ဖောက်ဖျက်ရာကျပါမည်။
ဆွစ်ဘဏ်ကြီးများဘက်မှ အ စိုးရ၏ရပ်တည်မှုတစ်ခုချင်းနောက် ဆုတ်ပေးလာရသည့်ကာလနှစ်ငါး ဆယ်မျရှိလာပါပြီ။ ဘဏ်ကြီးများ ဘက်မှရပ်တည်ကြသူတို့၏အင်အား မှာကလည်းမသေးငယ်လှပါ။ သူတို့ က ဘဏ်များတွင်ငွေထားခြင်းသည်  စီးပွားရေးလည်ပတ်မှုကိုအားပေး သောကြောင့် ငွေကြေးခ၀ါချခြင်း အ ခွန်တိမ်းရှောင်လိမ်လည်ခြင်းမဟုတ် ဟုဆိုပါသည်။ ဘဏ်အပ်ငွေသည် ငွေကြေးဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန် ငွေချေးငှားမှုလွယ်ကူပေါများစေပြီး တိုင်းပြည်စီးပွားရေးကို အကျိုးရှိစေ သည်။ ထိုဘဏ်အပ်ငွေအပေါ် အခွန်ကောက် ဖြတ်တောက်ခြင်းသည်ပင် ထိုစီးပွားရေး အကျိုးပြုမှုကို ထိခိုက်စေသောကြောင့် 'မတို့မထိ' အပ်သောအရာဟု ဆိုကြသည်။ ဤအယူအဆအားဖြင့် ဘဏ်တို့၏ ဖောက်သည်အပေါ်သစ္စာရှိမှု၊ လျှို့ဝှက်စရာရှိတာ လျှို့ဝှက်ပေးထားမှုသည် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းသာဖြစ်သည်ဟု ဆိုပြန်သည်။
သူတို့လောက် အယူအဆ မပြင်းထန်သော်လည်း လက်တွေ့ကျသည့် ရှုထောင့်မှ ကန့်ကွက်သူများစွာ ရှိနေသေးသည်။ အချို့က ရှယ်ယာရှင်များ အကျိုးကိုသာ ကြည့်ရမည့်တာဝန်ရှိသော ကုမ္ပဏီများအနေဖြင့် အခွန်ကို ရှင်းရှင်းကလေးနှင့် နည်းနည်း ကလေးသာဆောင်နိုင်ရန် ကမ်းလွန်ဘဏ်များ၌ ငွေစာရင်းဖွင့်ခြင်းသည် လိုအပ်ချက်ဖြစ်သည်ဟု ဆိုပါသည်။ မိမိလုပ်ငန်းကို တကယ်လုပ်သော နိုင်ငံမဟုတ်သည့် အခွန်နှင့်စည်းမျဉ်း လျော့လျဲသည့်နိုင်ငံ၌ အခြေစိုက်ထားရှိခြင်း (သို့)ဘဏ်စာရင်း သွားရောက်ဖွင့်လှစ်ထားရှိ လွှဲယူ၊ လွှဲပို့လုပ်ခြင်းကို ကမ်းလွန် offshore ဟုခေါ်ပါသည်။

ပြည်သူအများစုကြား လျှပ်စစ်မီးပြတ်တောက်မှု၊ သွားလာရေးခက် ခဲပင်ပန်းမှု၊ နေစရာရှားပါးမှု၊ ၀င်ငွေနှင့် အသုံးစရိတ် မတန်တဆ ကွာဟမှု၊ ပေးရသော ငွေနှင့်ပစ္စည်းတန်ဖိုး အမျိုးမျိုးဖြစ်ရမှုဟူသော ကုန်ဈေးနှုန်းကြီးမြင့်မှု အစရှိသော ပြဿနာများသည် . . .

ကုန်းတွင်းမှာ ပြင်ဆင်ပါ

ကုန်းတွင်း onshore ၌ အခွန်နှင့် စည်းမျဉ်းတင်းကျပ်များပြားသလို မလိုအပ်မှုများ၊ ရှုပ်ထွေးမှုများ၊ မတူညီမှုများက လိုက်ပါဆောင်ရွက်ရသည့်စရိတ် transaction cost ကို ကြီးစေသည်။ ကမ်းလွန်ငွေကြေး လုပ်ငန်းရှင်များသည်လည်း ပေါ်ကာစနှင့်မတူတော့ဘဲ အခွန်နှင့်စည်းမျဉ်း ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များအားဖြင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများနှင့် ပြိုင်ဆိုင်မှု သဘောတရားအရ ပိုမိုလွယ်ကူရှင်းလင်းခြင်းတစ်ခုသာ ကြီးမားသာလွန်ပါတော့သည်။
တဖန် ကုမ္ပဏီအတွက်သာ အမြတ်ရှောင်တိမ်းနိုင်သော်လည်း ရှယ်ယာရှင်များအဖို့ သူ့နိုင်ငံအရောက်တွင် သူ့ဥပဒေစည်းမျဉ်းနှင့် သူ့ရှယ်ယာအပေါ် အမြတ် dividends ကို ၀င်ငွေခွန်အဖြစ် ပေးဆောင်ကြရမည်သာဖြစ် ပါသည်။ ယခုအခါ ကုန်းတွင်း ငွေကြေးဘဏ္ဍာရေး ပြုပြင်ပြောင်း လဲမှုများ၌ လုပ်ငန်းအမျိုးမျိုးအပေါ် တစ်ခုချင်းစရိတ်နှင့် အမြတ်အစားကုမ္ပဏီ၏ နှစ်စဉ်အမြတ်ဝင်ငွေကိုသာ ကောက်ခံခြင်း၊ ကုမ္ပဏီဝင်ငွေအပေါ် ကောက်ခံပြီးပါက ရှယ်ယာရှင်တစ်ဦးချင်း၏ ၀င်ငွေအပေါ် ကင်းလွတ်ခွင့်ပြုခြင်း အစရှိသည့် စည်းမျဉ်းဖြေ လျော့မှုများ စတင်နေကြောင်း တွေ့ကြရပါသည်။
ဆိုလိုသည်မှာ OECD ၏ သဘောတူညီချက်ဖြစ်သော အခွန်တိမ်းရှောင်မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး၊ ကုမ္ပဏီကြီးများက ကမ်းလွန်ငွေကြေးလုပ်ငန်းများထံ သွားရောက်ရေး အစရှိသည်တို့မှာ မလိုအပ်တော့သော ခေတ်နောက်ကျကျန်ရစ်တော့မည့် မီဒီယာနှင့် အရပ်သားတို့ကြားသာ ကျန်ရစ်တော့မည့် အကြောင်းအရာများ ဖြစ်လာနေပါသည်။ တစ်နည်းအားဖြင့် ကမ်းလွန်ငွေကြေးလုပ်ငန်းများသည် ကုန်းတွင်းငွေကြေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများအား ကောင်းရာမှန်ရာဘက်သို့ လိမ္မာပါးနပ်စွာပြောင်းလဲသွားစေသည့် အကျိုးကိုပင်ပြုနေသည်ဟု ဆိုရပါမည်။ ဤတွင်ဆင်းရဲပြီး ဖွံ့ဖြိုးမှုနှင့် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံငယ်များ၊ ကုမ္ပဏီငယ်များအတွက် ပါးနပ်သော ပြုပြင်ပြောင်းလဲရေးများ လိုက်ပါဆောင်ရွက်ကြရန် လိုအပ်မှုကို ဆက်လက်တွေ့မြင်နေရပါသည်။
အခွန်တိမ်းရှောင်၊ ငွေကြေးခ၀ါချ၊ ပြည်ပပြေးထွက်မှုများ အစပြုခြင်းနှင့် ကြီးမားများ ကျယ်ပြန့်လာခြင်း၊ impulse and promulgation သည် ပြည်တွင်း၌ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားသထက် ကြီးမားလာခြင်းကို ဖြစ်စေသည်။ အစိုးရများဘက်မှ လွယ်ကူရှင်းလင်းမြင်သာပြီး ရိုးသားဖြောင့်မတ်စွာ အခွန်ဝင်ငွေ ကောက်ခံသုံးစွဲပေးမှုအားဖြင့် ပြဿနာကြီးမားမှုကို ချက်ချင်းသေးငယ်သွားအောင် လျော့ချနိုင်မည့် အနေအထားရှိသည်ဟု ဘောဂဗေဒပညာရှင်တို့က ယုံကြည်ကြပါသည်။ တိုင်းပြည်ဆင်းရဲပြီး လက်တစ်ဆုပ်စာ တစ်ဦးချင်း ချမ်းသာမှုကြီးမားခြင်း အားဖြင့် အလွယ်တကူမြင်တွေ့ ခံစားနိုင်သော ဤပြဿနာကိုဘာမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းမရှိသောကြောင့်သာ ဆက်လက်မြင်တွေ့နေရခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ပြည်သူအများစုကြား လျှပ်စစ်မီးပြတ်တောက်မှု၊ သွားလာရေး ခက်ခဲပင်ပန်းမှု၊ နေစရာရှားပါးမှု၊ ၀င်ငွေနှင့် အသုံးစရိတ် မတန်တဆ ကွာဟမှု၊ ပေးရသော ငွေနှင့်ပစ္စည်းတန်ဖိုး အမျိုးမျိုးဖြစ်ရမှုဟူသော ကုန်ဈေးနှုန်း ကြီးမြင့်မှုအစရှိသော ပြဿနာများသည် အစိုးရဆင်းရဲခြင်းကို ပြ သပါသည်။ တစ်ဖက်တွင် နိုင်ငံခြား ဆေးသွားကု၊ ဈေးဝယ်ထွက်၊ အပန်းဖြေထွက်၊ ဈေးကြီးများ၌ အရွယ်နှင့်မလိုက်အောင် ငွေကြေးအထပ် လိုက်သုံးစွဲနေနိုင်သူ၊ နန်းတော်ကြီး တမျှ အိမ်ကြီးများနှင့် နေထိုင်နိုင်လာ ကြသူတို့ကို ပြည်သူအများ တွေ့မြင်လာနေရသည်။
ဈေးကွက်ကို မှန်ကန်ပါစေ

မိမိတို့အများစု ခံစားနေရသော ဒုက္ခနှင့် လူတစ်စုခံစားနေရသော ဘ၀တို့ကို မည်သူမျှ မနှိုင်းယှဉ်ဘဲနေကြမည် မဟုတ်ပေ။ အစပိုင်းတွင် အသံတိတ်နေနိုင်မည်ဖြစ်သော်လည်း မျက်လုံးများက အေးစက်မာကျော လာကြပေမည်။ 'ဝေါလ်စထရိကို သိမ်းပိုက်ကြ' ဟူသော မှန်ကန်သည့် ဈေးကွက်စီးပွားရေးနှင့် ကမ္ဘာမှုပြုခြင်းတို့၏ အကျိုးကျေးဇူးအပေါ် ဆန့်ကျင်ဖက်မြင်လာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ပေ။ ပြည်သူ့ဘဏ္ဍာ public coffers ခန်းခြောက်ပြီး ဖောင်ဒေးရှင်းများ၊ ရန်ပုံငွေအဖွဲ့များ၊ ပြည်ပအကူအညီများ၊ အရပ် ဘက်လူ့ဘောင်အဖွဲ့များ၏ လူမှုဝန်ဆောင်မှုများသာ မစို့မပို့၊ မထိမရောက် မျှော်ကိုးတောင်းခံနေရသည့် လူ့အဖွဲ့အစည်းများတွင် ဤအသံများ ထွက်ပေါ်လာပေမည်။ တစ်ကိုယ်ကောင်းဆန်ဆန် လွတ်မြောက်ရေး၊ လာဘ်ပေးလာဘ်ယူပုံစံထွက်ပေါက်ရှာရေး၊ မင်းမဲ့စရိုက်နှင့် ကွန် မြူနစ်လေသံ လွှမ်းမိုးလာမည့်အရေးများ ရှိနေပါသည်။
ဈေးကွက်စီးပွားရေးသည် သူ့အလိုလို မျှတအောင် ကောင်းစွာပြန်လည်တည့်မတ်ပါသည်။ အချိန်ကို လိုအပ်သလိုယူဆရသည်မှာ ဈေးကွက်တွင် ပါဝင်ကစားကြရသူ စီးပွားရေးကိုယ်စားလှယ် economic agent  လူသားများ၏ ကိုယ်ကျိုးအတွက် ဈေး ကွက်ကို စွက်ဖက်မှု အတိုင်းအတာအရ ကွာခြားမှုသာ ရှိပါသည်။
ကမ်းလွန် ငွေကြေးလုပ်ငန်းများသို့ ငွေကြေးစီးထွက်ခြင်း၊ ဆွစ်ဇာလန်ဘဏ်များသို့ လျှို့ဝှက်ငွေစာရင်းဖွင့် ငွေကြေးပေးပို့ အပ်နှံခြင်းများသည် နိုင်ငံတကာဖိအား၊ ကမ်းလွန်နှင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများ၊ ဈေးကွက် သဘောအရ ပြိုင်ဆိုင်ရခြင်းစသည်တို့ကြောင့် မှန်ကန်သော ငွေ ကြေးစီးဆင်းမှုပုံစံသို့ ပြန်လည်ဦးတည်နေပါသည်။ ဈေးကွက်၏ သူ့အလိုလို ပြန်လည်တည့်မတ်မှုကို မြန်ဆန်မျှတအောင် အစိုးရများဘက်မှ လျော့ပေါ့ သင့်သော အခွန်နှင့်စည်းမျဉ်းများကို ဖြေလျော့သည့် မူဝါဒါများသာ ကျင့်သုံးပေးရန် လိုအပ်ပါသည်။

Ref; The Economist
Written by ဦးကြည်မြင့်(လသာ)   Eleven Media Group



Posted: 06 Jul 2012 05:43 AM PDT
ဓါတ်ပုံ- ကိုမြတ်၊ ရဲသွေးနီ (မြစ်ကြီးနား NLD)
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပတ်သက်တယ်ဆိုပြီး စစ်ပြေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးသွားပြီး  တရားစွဲခံနေရတဲ့  ကချင်အမျိုးသား ဦးလထော် ဘရန်ရှောင် လွတ်မြောက်ရေးအတွက် ရွှေ့ပြောင်းဒုက္ခသည် ၅၀၀ နဲ့ ဒေသခံ ၃၀၀ လောက်ဟာ မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသမားတွေဟာ မနက် ၉ နာရီလောက်ကစပြီး မြစ်ကြီးနားမြို့ ဘုရင့်နောင် လမ်းမအတိုင်း  “ဦးဘရန်ရှောင်ကို လွှတ်ပေး” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ  ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်း  စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ခံ  ဦးအောင်မြတ်က အခုလို ရှင်းပြပါတယ်။

“ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်း  စစ်ရှောင်စခန်းကနေ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် ည ၉ နာရီက လာရောက်ဖမ်းဆီးပြီး ထိန်းသိမ်းနှိပ်စက်ထားတဲ့ ဦးလထော် ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နောက်တချက်က နိုင်ငံတော်အစိုးရရဲ့ အရိပ်အာဝါသအောက်တွင် ခိုလှုံနေသော စစ်ရှောင်စခန်းများသို့ အဓမ္မ၀င်ရောက် ရှာဖွေ စစ်ဆေးခြင်းနှင့် ၀င်ရောက်ဖမ်းဆီးခြင်းမပြုရန်နှင့် စစ်ရှောင်စခန်းအတွင်းရှိ IDP ဒုက္ခသည်များ အေးချမ်းစွာခိုလှုံနေနိုင်ရန်နဲ့ သူတို့တွေရဲ့ လုံခြုံရေး၊ ဘ၀ရှင်သန်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်က ထိရောက်သည့် အကူအညီများပေးရန်၊ နောက်တချက်က တရားရုံးရဲ့ ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်ကာ ဖမ်းဆီးချုပ်နှောင်ထားခြင်းအား ရပ်တန့်ပေးရန်၊ နံပါတ် ၅ အချက်က ဖမ်းဆီးထားသူများအား ညှဉ်းပန်းနှိပ်စက်ခြင်း ရပ်တန့်ပေးရန် ဆိုတဲ့ အချက် ၅ ချက်နဲ့ စီတန်းလှည့်လည်ခြင်း ဖြစ်ပါတယ်။”

ဆန္ဒပြသမားတွေဟာ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ရုံးနဲ့ တရားရုံးတွေရှေ့ကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဆန္ဒပြပြီးရင်တော့ ဒုက္ခသည်စခန်းကို ပြန်မယ်လို့ ဆိုပါတယ်။

ဦးလထော် ဘရန်ရှောင်ဟာ ကချင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံစဉ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခဲ့ရပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ တရားစွဲခံထားရတာပါ။

သူ့ရဲ့အမှုကို ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ရုံးတင်စစ်ဆေးရာမှာ  စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့က ဦးလထော် ဘရန်ရှောင်ကို သူတို့ ထွက်ဆိုခိုင်းတဲ့အတိုင်း ထွက်ဆိုတာ ဟုတ် မဟုတ်သိရအောင် ခန္ဓာကိုယ်မှာ အသံဖမ်းစက် ထည့်ပေးတာကို တရားသူကြီးက တွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာတွေက ဦးလထော် ဘရန်ရှောင်ကို ကေအိုင်အေ ဗိုလ်ကြီးလို့ ကြေညာခဲ့ပေမယ့် တရားရုံးမှာတော့ တပ်ကြပ်ကြီးအဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဦးလထော် ဘရန်ရှောင်ဟာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့က နှိပ်စက်လို့ ဒဏ်ရာတွေရခဲ့သလို စိတ်ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒီနေ့မှာ သူ့ရဲ့ အမှုကို ထပ်မံ ရုံးထုတ်စစ်ဆေးဖို့လည်း ရှိနေပါတယ်။

ကိုထွေး (ဒီဗွီဘီ)
ဓါတ်ပုံ- ကိုမြတ်၊ ရဲသွေးနီ (မြစ်ကြီးနား NLD)



Posted: 06 Jul 2012 05:32 AM PDT
လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။
ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ (၁၀) နှစ်ကြာ အနီးကပ် ပြုစုခဲ့တဲ့ အရှင်ဇနကက အခုလို မိန့်ပါတယ်။
“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် (၂၇) ရက် ဇူလိုင်လကနေ ဆေးရုံတက်ရတာ၊ အခုဆို တနှစ်နီးပါးပဲပေါ့။ ရင်ကြပ်တာလေးနဲ့ စပြီးတော့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ သက်တောင့်သက်သာ special nurse တွေ ထားပြီးတော့ ဆေးကုသ ထားတာပေါ့နော်၊ ဒီနေ့ မနက်ခင်းပဲ မနက်ခင်း (၅း၅၀) လောက်က ပျံလွန်တော်မှုသွားတာ”
လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀) ကတည်းက ဆရာတော် ဦးဓမ္မာနန္ဒနဲ့ အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဇနရယ်တို့ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစီအစဉ်အရ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ထိုင်းနိုင်ငံ နခွန်ဆဝမ်မြို့မှာ စာဝါပို့ချပြီး သီတင်းသုံးနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဝပ်ထာ့မအိုကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ပရိယတ္တိ စာသင်တိုက် တည်ထောင်ခဲ့ပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ ပါဠိစာပေတွေကို ထိုင်းလူမျိုး အများစုအပါအဝင် နိုင်ငံခြားသားတွေကို သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စာပေသင်ကြားပေးတဲ့အတွက် နာမည်ကျော်ကြားလာပြီး ထိုင်းဘုရင့်သမီးတော် သီရိဒုံ ဆက်ကပ်တဲ့ ကျမ်းပြုအကျော်အမော်ဘွဲ့နဲ့ မြန်မာစာသင်သား ရဟန်းတော်များ တက်ရောက် သင်ကြားနေတဲ့ မဟာချုလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်က ပါရဂူဘွဲ့ ဆက်ကပ်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာပြီးတော့ ပရိယတ္တိ၊ ပဋိပတ္တိစာပေ ပြန့်ပွားရေးအတွက် သာသနာပြုခဲ့တဲ့ အကျော်အမော် ဆရာတော်တွေ ရှိတဲ့အထဲမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်လို့ ဆရာတော်ကြီးဟာ နောက်ဆုံးလို့ ပြောရမှာ ဖြစ်ကြောင်းလည်း ဆရာတော် ဦးဇနကက မိန့်ပါတယ်။
ဆရာတော်ရဲ့ အန္တိမ ဈာပနကို (၆) လ (၁) နှစ်ကြာမှ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပတ်တိုင်းမှာတော့ အလှူရှင်အပေါ် မူတည်ပြီး ဝပ်ထာ့မအိုကျောင်းမှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။

RFA Burmese 


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...