Monday, May 14, 2012

တစ်ချက်လောက် စောင်းငဲ့ကြည့်စေချင်ပါသည် Refugee


by James Mmt on Saturday, May 12, 2012 at 8:43pm 

ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည် လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဒေါင့်တွေ မြောက်များစွာ ရှိပါတယ်….. အစိုးရအနေနဲ့လည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းနေသလို၊ အတိုက်အခံများကလည်း အားဖြည့်ဖို့ လုပ်နေချိန်မယ် ကျွန်တော်တို့ ပြည်သူ ပြည်သားတွေအနေနဲ့လည်း လိုအပ်တာတွေ ထောက်ပြ ပြောဆိုခြင်းဖြင့် အားပေးကူညီမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ရွှေပြည်ဟာ မဝေးဘူးလို့ ယူဆပါတယ်…..

ဒီနေရာမှာ နိုင်ငံ မတည်မငြိမ် ဖြစ်ခဲ့စဉ်က ကိုယ့်နိုင်ငံကနေ ထွက်ပြေးပြီး တစ်ခြားနိုင်ငံတွေမှာ မိသားစုလိုက် ခိုဝင်နေရတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရဲ့ ဘ၀တွေကို ပြန်လည် ငဲ့ကြည့်သင့်ပါတယ်…..
အနီးစပ်ဆုံး အနေနဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ မိသားစုဝင်များ ဖြစ်ကြပါတယ်..... ထိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် သူတို့ နိုင်ငံအတွင်းကို တရားမ၀င် ရွှေ့ပြောင်းနေထိုင်လာတဲ့ လူတွေအနက် အများစုက မြန်မာနိုင်ငံကနေ ပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်..... အထူးသဖြင့် ထိုင်းနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေ အများစု ဖြစ်ကြပါတယ်.... အထူးသဖြင့် ကရင်နဲ့ ရှမ်းလူမျိုးတွေ များပြီး အခြားအခြားသော လူမျိုးများလည်း အနည်းငယ်စီ ပါဝင်ပါတယ်.... ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများ နေထိုင်သည့် နာမည်ကြီး ဒုက္ခသည် စခန်းများမှာ မဲဆောက်၊ မယ်လ၊ နို့ဘိုး၊ Um-Piam ဒုက္ခသည် စခန်းတွေပဲ ဖြစ်ကြပါတယ်....
ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှ တွေ့မြင်ရသော မြန်မာနိုင်ငံသား ကလေးငယ်များဘ၀...
A picture made available on 20 October 2010 of a young Myanmar (Burma) refugee carrying her brother on her back in the Mae La refugee camp on the Thai - Myanmar border, Tak province, north-west Thailand, 19 October 2010
အနာဂါတ် မရေရာသည့် မြန်မာနိုင်ငံသား ဒုက္ခသည် မိသားစု ဘ၀များ....
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတို့ နေထိုင်သည့် ဒုက္ခသည် စခန်းမြင်ကွင်း....

အဆိုပါ လူမျိုးစုတွေနဲ့ မိသားစုဝင်တွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းကို ပြောင်းရွှေ့ နေထိုင်လာတာ ကြာမြင့်နေပီ ဖြစ်ပါတယ်.... သူတို့ အဓိက ရွှေ့ပြောင်းလာရခြင်းကတော့ စီးပွားရေး ကျပ်တည်းခြင်းနဲ့ စစ်ဘေး စစ်ဒဏ်ကြောင့် မူရင်းနေထိုင်ရာ ဒေသတွေကို စွန့်ခွာ ထွက်ပြေးလာကြရသူတွေ ဖြစ်ပါတယ်....  အချို့တွေကတော့ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြပြီး အချို့တွေကတော့ အလုပ်လုပ်ရန် လာရောက်ရင်း နေထိုင်ကြသူတွေ ဖြစ်ပါတယ်.....
ဒုက္ခသည် စခန်းတွင်း မြင်ကွင်း.....


အဆိုပါ ဒုက္ခသည် စခန်းတွေမှာ အနေကြာပေမယ့် ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် အပြုမခံသူတွေ ဒုနဲ့ထေး ရှိပါတယ်...... ဥပမာ အားဖြင့် ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာ ကြီးပြင်းတဲ့ ရှမ်းလူမျိုး မောင်သောင်းဒီဟာ အသက် (၁၂) နှစ် အရွယ်မှာ ဂျပန်နိုင်ငံ မာကူဟာရီ ကွန်ပလက်ဇ် ချီဘား ခရိုင်တွင် ကျင်းပသော အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်..... ပြဿနာသည်ကား မည်သည့်နိုင်ငံကို ကိုယ်စားပြုမယ် ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်..... ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ မောင်သောင်းဒီအနေနဲ့ မြန်မာနိုင်ငံသားအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာမှာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိပြီး တစ်ဦးခြင်း ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပေမယ့် နိုင်ငံမဲ့ အနေနဲ့သာ သတ်မှတ်ခြင်း ခံနေရဆဲ ဖြစ်ပါတယ်..... ၂၀၁၁ ဇူလိုင်လအထိ ၎င်းကို ထိုင်းနိုင်ငံသား ကဒ် ကိုင်ဆောင်ခွင့် မပေးသေးပါဘူး.....
စက္ကူလေယာဉ် ပြိုင်ပွဲဝင်နေသည့် မောင်သောင်းဒီ...

မောင်သောင်းဒီဟာ ၁၉၉၇ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဝှေ့ဆိုင် ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ကိုယ်စားပြုကာ ဂျပန်နိုင်ငံတွင် စက္ကူလေယာဉ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် ဆုတွေ ယူပေးခဲ့ပေမယ့် ၂၀၁၁ ဇူလိုင်လအထိ ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်း မရှိသေးပါဘူး…. ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မခံရသေးလို့ ပညာရေး အဆင်မပြေဖြစ်ရတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ လူငယ်လေးတွေ မြောက်များစွာ ရှိနေမှာ ဖြစ်ပါတယ်…..
တောတွင်းတွင် ငိုကြွေးနေသည့် ဒုက္ခသည် ကလေးငယ် တစ်ဦး....

အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အထိုက်အလောက် တည်ငြိမ်အေးချမ်းလာပြီး ပြည်တွင်းစစ်မီး အနေဖြင့်လည်း KIA တစ်ဖွဲ့နဲ့သာ ကျန်ရှိပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးနေချိန်မှာ အဆိုပါ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား လူမျိုးတွေရဲ့ ဘ၀ကို တစ်ချက်လောက် ငဲ့ကြည့်ပြီး စာနာ နားလည်ပေးကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်…. မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း များစွာကပင် မရိုးသားသော သဘောထားဖြင့် ပေါင်းသင်းနေထိုင်နေတဲ့ အိမ်နီးခြင်း ထိုင်းနိုင်ငံမှာ အဆိုပါ ဒုက္ခသည်တွေဟာ ဆင်းရဲဒုက္ခပေါင်း မြောက်များစွာဖြင့် နေထိုင်ရသည် ဆိုသည်ကား ပြောဖွယ်ရာ ရှိမည် မဟုတ်ပေ… သာဓကအားဖြင့်ကို မောင်သောင်းဒီဟာ သက်သေပင် ဖြစ်ပါတယ်…
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် အတွင်းရှိ ဘန်ကောက်နှင့် ၄၂၆ ကီလိုမီတာ အကွာရှိ ထိုင်းမြန်မာ နယ်စပ် တလျှောက် ဒုတိယ အကြီးဆုံးဖြစ်သည့် Um-Piam ဒုက္ခသည်စခန်းတွင် မီးလောင်နေစဉ်...... အဆိုပါ မီးဘေးကြောင့် ဒုက္ခသည် အိမ်ခြေ အလုံး ၂၀၀ ခန့် မီးလောင် ပျက်ဆီး ဆုံးရှုံးသွားရပါတယ်.....

မည်သူမဆို မိမိမွေးရပ်ဇာတိမြေကို အကြောင်းခြင်းရာ ခိုင်မာမှု မရှိပဲ စွန့်ခွာမည် မဟုတ်ပါ….. ယခုအခါတွင်မူ တည်ငြိမ်နေသော အခြေအနေကြောင့် မြန်မာနိုင်ငံကို အကြောင်းကြောင်းကြောင့် စွန့်ခွာသွားခဲ့ရတဲ့ အဆိုပါ ဒုက္ခသည် စခန်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မိသားစုဝင်တွေကို ပြန်လည်နေရာချထားဖို့ စီမံကိန်းများ ချမှတ်သင့်ပါပီ…. လူမှု ၀န်ထမ်း ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေနဲ့လည်း အဆိုပါ စီမံကိန်းအား ပူးပေါင်း ဆောင်ရွက်မည့် INGO များအားလည်း လုပ်ပိုင်ခွင့်များ ချမှတ်ပေးသင့်ပါသည်… နိုင်ငံတော် အနေဖြင့်လည်း မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံတွင် ဒုက္ခသည်အဖြစ်နှင့် နေထိုင်ရသည်ကို လျစ်လျူမရှုပဲ ပြည်လည် စောင့်ရှောက်သင့်ပေသည်…..
ဒုက္ခသည် စခန်းမှ ကလေးငယ်များ စာသင်သည့် ကျောင်းတစ်ဆောင်၏ မြင်ကွင်း....

သို့မှသာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဦးတည်သွားနေသည့် မြန်မာနိုင်ငံအနေဖြင့် အခြားသူများ လက်ညှိုးထိုးစရာ မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံမှာ ဒုက္ခသည်အနေနဲ့ နေနေရသည့် ဂုဏ်သိက္ခာကျဆင်းဖွယ်ရာကို ပြန်လည် အဖတ်ဆယ်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ မြန်မာနိုင်ငံမှ အိမ်နီးခြင်း နိုင်ငံများသို့ Refugee / Dislocated Civilian များအဖြစ်နှင့် နေထိုင်ရသည့် မြန်မာနိုင်ငံသားများအား မြန်မာပြည်ထဲသို့ ပြန်ဝင်လာနိုင်ရန် ကူညီပေးခြင်း၊ နေထိုင်နိုင်ရန် နေရာများ သတ်မှတ်ပေးခြင်းနှင့်၊ ဌာနေနှင့် ကိုက်ညီမည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ ဘ၀ရှေ့ရေးအား တစ်ဘက်တစ်လမ်းမှ ပံ့ပိုး ကူညီသင့်ပေသည်။

သို့ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ အပါအ၀င်၊ အတိုက်အခံ အဖွဲ့အစည်းများ၊ စာနယ်ဇင်း မီဒီယာ စတ္တုတ္ထမဏ္ဍိုင်အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆိုပါ မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ရသည်ကို လစ်လျူမရှုပဲ တစ်ချက်လေး စောင်းငဲ့ကြည့်သင့်ပါကြောင်း နိုင်ငံတော် ဂုဏ်သိက္ခာအရေးအတွက်၊ လူသားခြင်း စာနာထောက်ထားမှုအတွက် နှိုးဆော်အပ်ပါသည် ခင်ဗျား…..
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...