Friday, May 18, 2012

လွှတ်တော်မှာ အဆိုပြုချက်နဲ့ ရှင်းလင်းချက်တွေအပေါ် ထပ်မံ အကြိတ်အနယ် ဆွေးနွေးနိုင်သလား


by Lwin Aung Soe on Friday, May 18, 2012 at 10:20pm 

 တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ရရှိလာတဲ့ ငွေနဲ့ ပစ္စည်းတွေအပေါ် ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လက်ခံဖို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးရဲ့ ပထမနေ့မှာ အဆိုပြုခဲ့ပါတယ်။

ဦးသိန်းညွန့်ရဲ့ အဆိုပြုချက်အပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက ပြန်လည် ရှင်းလင်းပေးခဲ့ပါတယ်။ အဲဒီဥပဒေနဲ့ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တို့ဟာ လက်ရှိအခြေအနေမှာ ပြဋ္ဌာန်းချက်တွေ ပြည့်စုံပြီး ဖြစ်နေလို့ ထပ်မံဖြည့်စွက် ပြင်ဆင်ဖို့ မလိုအပ်တော့တဲ့အကြောင်း ဒုဗိုလ်ချုပ်ကြီးကိုကိုက ရှင်းလင်းပေးခဲ့ပါတယ်။


ဒီနောက်မှာတော့ ဦးသိန်းညွန့်က သူ့ရဲ့ အဆိုပြုချက်ကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။




ပြည်သူ့လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို ကျနော့်အနေနဲ့ မသိရှိတာ၊ မရှင်းလင်းတာ၊ သဘော မပေါက်သေးတာတွေ ရှိနေပါတယ်။

  1. ဦးသိန်းညွန့်က ဥပဒေကြမ်းမှာ ဘာတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ တင်ပြပါသလဲ၊
  2. လွှတ်တော်တခုလုံး သိရှိအောင် တင်ပြတာ ဖြစ်ပါသလား၊
  3. ပြင်ဆင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်တွေကို ဒုဗိုလ်ချုပ်ကြီးကိုကိုက သိရှိပြီးမှ လက်ရှိဥပဒေမှာ ပြဋ္ဌာန်းချက်တွေ ပြည့်စုံပြီး ဖြစ်နေလို့ ထပ်မံဖြည့်စွက် ပြင်ဆင်ဖို့ မလိုအပ်တဲ့အကြောင်းကို ရှင်းပြတာလား၊
  4. ဒါမှမဟုတ် မသိရှိဘဲ ရှင်းပြတာလား၊
  5. လက်ရှိဥပဒေမှာ ပြဋ္ဌာန်းချက်တွေ ပြည့်စုံပြီး ဖြစ်နေရတာကို ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအကျိုး၊ အထောက်အထားတွေနဲ့ ရှင်းပြတာလား၊
  6. အဲဒီလို ရှင်းပြချက်မှာ တကယ်လို့များ မပြည့်စုံတာရှိရင်၊ လွဲနေတာရှိရင် အဲဒီဟာကို ဦးသိန်းညွန့် အပါအဝင် အခြားလွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံ တင်ပြ၊ စောဒကတက်ပိုင်ခွင့် (သို့) အကြိတ်အနယ် ဆွေးနွေးပိုင်ခွင့် မရှိဘူးလား။   
  7. ဥပဒေကြမ်းကို ထပ်မံ ဖြည့်စွက် ပြင်ဆင်ဖို့ မလိုအပ်တဲ့အကြောင်းကို ရှင်းပြတာကို မကျေနပ်ရင် မဲခွဲ ဆုံးဖြတ်ပိုင်ခွင့် ရှိလား၊

လေ့လာသိရှိထားသူများ၊ အခြေခံဥပဒေဆိုင်ရာ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်လုပ်ငန်းစဉ် တာဝန်ရှိသူများ ဘယ်သူမဆို ဒီမေးခွန်းတွေကို ဖြေကြားပေးစေလိုပါတယ်။

နောက်နောင်မှာလည်း ဥပဒေပြု လွှတ်တော်ရဲ့ အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေဦးမှာဖြစ်တာကြောင့် တကယ်လို့ လိုအပ်ရင် အမြော်အမြင်ရှိရှိ စဉ်းသားသုံးသပ်နိုင်ဖို့ ရေးသားမေးမြန်းလိုက်ရတာ ဖြစ်ပါတယ်။


လွှတ်တော် (ပါလီမန်) ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လိုအကြောင်းအရာကိုမဆို တင်ပြမေးမြန်း လာတဲ့အခါမှာ တိကျမှန်ကန်တဲ့ ဖြေရှင်း ဆုံးဖြတ်ချက် မရမချင်း အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးယူရတာ ဖြစ်တယ်လို့ ယေဘူယျအားဖြင့် သဘောပေါက်မိပါတယ်။ လွှတ်တော်အမတ်တွေဟာ နိုင်ငံ့အကျိုး၊ ပြည်သူတွေရဲ့ အကျိုးကို အကောင်းဆုံးဖြစ်အောင် ကိုယ်စားပြု ဆောင်ရွက်ပေးနေတာဖြစ်လို့ လွှတ်တော်အနေနဲ့ အကောင်းဆုံးရလဒ် ထွက်ပေါ်လာစေတဲ့ နည်းလမ်းကိုသာ ကျင့်သုံးသင့်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်စားပြု ဒီမိုကရေစီစနစ် ဆိုတာ အမှန်တကယ် ပီသမှာ ဖြစ်ပါတယ်။ 


နောက်တချက်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ မိမိတို့ရဲ့ လွှတ်တော်အတွေ့အကြုံတွေကို ပြန်လည် ဖောက်သည်ချ ရှင်းလင်းပေးသင့်တယ်လို့ ထင်ပါတယ်။ တဆက်တည်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေဟာ အပြန်အလှန် ဆွေးနွေး တိုင်ပင်တာမျိုးတွေ ရှိသင့်တယ်လို့လည်း ထင်ပါတယ်။ ဒါမှသာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို လွှတ်တော်အမတ်တွေက သိရှိလာနိုင်တာကြောင့် နောက်တကြိမ် လွှတ်တော်အစည်းအဝေး မတိုင်မီ စနစ်တကျ အချိန်ယူ ကြိုတင်ပြင်ဆင်ပြီး လွှတ်တော်ကို တင်ပြနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၉-၅-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...