Thursday, May 3, 2012

ရောင်ပြန်


by ကို ဘဲရှုပ် on Wednesday, May 2, 2012 at 9:02am 

    
   သည်နေ့ ကဆုန်လပြည့်။ နှစ်စဉ်  ဒီနေ့ဒီအချိန်ရောက်တိုင်း သူနဲ့ကျွန်တော် ဒီနေရာမှာ ဆုံနေကျ။ သူ့နာမည်ဘယ်သူဆိုတာ၊ သူဘယ်မှာနေတယ် ဆိုတာ ကျွန်တော်မသိသလို ကျွန်တော့် အကြောင်းလည်း သူတစ်ခါမှ မမေးဖူးဘူး။ သူနဲ့ကျွန်တော် စတွေ့ခဲ့တာ (၁၀)နှစ်လောက်တော့ရှိပြီ။ အဲသည်တုန်းက ကျွန်တော့်အသက် (၁၂)နှစ်လောက်ပဲ ရှိဦးမယ်။ အမှိုက်အတိုအစတွေ လိုက်ကောက်ပြီး ပြန်ရောင်းစားနေရတဲ့ ဘ၀ပေါ့။

       အခုလို ကဆုန်လပြည့် တစ်ရက်ပါပဲ။ ကျွန်တော်တစ်ယောက်တည်း ဈေးနားက လမ်းဘေးအုတ်ခုံလေးမှာ ၀မ်းဗိုက်ဗလာနဲ့ ဆာဆာလောင်လောင် ထိုင်မှိုင်နေတုန်း အ၀တ်အစား သားသားနားနားနဲ့ အသက်(၅၀)ကျော် လူကြီး တစ်ယောက် ကျွန်တော်ရှေ့ကို ရောက်လာပြီး “ကောင်လေး … ထမင်းစားပြီးပြီလား” လို့ စမေးလိုက်ကတည်းက သူနဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းစခဲ့တာပဲ။
       သည်လိုနဲ့ နှစ်စဉ်ကဆုန်လပြည့်နေ့ ညနေတိုင်းမှာ သူကျွေးတဲ့ ထမင်းကို ကျွန်တော်စားလာခဲ့တာ (၁၀)နှစ်လောက်ရှိပြီပေါ့။ အမြဲတမ်းလိုလို ငတ်နေတဲ့ ကျွန်တော့်ဘ၀မှာတော့ နှစ်စဉ်ကဆုန်လပြည့်ည ရောက်တိုင်းမှာ ၀မ်းစည်းစိမ်ခံစမြဲ။ သူကလဲ နှစ်စဉ်နှစ်တိုင်းမပြတ်တမ်း ရောက်အောင်လာပြီး ကျွေးတတ်တယ်။ အံမယ် .. ကျွေးတာမှလေ .. ကျွန်တော်တို့မြို့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်ကို ခေါ်သွားပြီး ဟင်းပွဲတွေ စားပွဲတစ်ခုလုံးအပြည့် မှာကျွေးတာဗျ။ ကျွန်တော် အားရပါးရ စားနေတာကို သူက ဘေးကနေ ပြုံးပြီး ထိုင်ကြည့်နေတတ်တယ်။ ကျွန်တော် စားတာနည်းရင် သူကစိတ်မကောင်းတတ်ဘူး။ ကျွန်တော် များများစားနိုင်လေ သူကပိုပြီး သဘောကျလေလေပဲ။ ထပ်ထည့်ဦးကွ… ထပ်ထည့်စမ်းပါ … ဆိုပြီး အတင်းကျွေးတာဗျ။ ကျွန်တော်ကလည်း ဘယ်ပြောကောင်းမလဲဗျာ။ နကိုတည်းက ငတ်နေတဲ့ကောင်ဆိုတော့ တအားတွယ်တာပေါ့။ စားသောက်ပြီးတဲ့နောက်တော့ ကျွန်တော့်ကို အရင်ပြန်လွှတ်ပြီးတော့ သူက အဲသည့်ဆိုင်မှာပဲ နေခဲ့တတ်တယ်ဗျ။ ဒါကတော့ သူနဲ့ကျွန်တော်တို့ရဲ့ တစ်နှစ်တာ ဇာတ်လမ်းပါပဲ။
       သည်နေ့ ကဆုန်လပြည့်နေ့ဆိုတော့ ညနေ(၆)နာရီခွဲလောက်မှာ ဆုံနေကျ အုတ်ခုံလေးဆီ သွားဖို့ပြင်ရတာပေါ့။ အရင်နှစ်တွေနဲ့ မတူတာက ကျွန်တော်က အရင်ကလို အမှိုက်ကောက်တဲ့ ကောင်လေး မဟုတ်တော့ဘူးလေ။ အလုပ်နဲ့အကိုင်နဲ့ စားနိုင်သောက်နိုင် အခြေအနေရောက်နေပါပြီ။ ပြီးတော့ ကျွန်တော်အလုပ်လုပ်နေတဲ့ ပွဲရုံသူဌေးက အလုပ်သမားတွေအားလုံးကို သည်ညနေ သူ့အိမ်မှာ ထမင်းဖိတ်ကျွေးတယ်။ ကျွန်တော် သွားမစားဘဲနေတော့လည်း လူလွှတ်ပြီး အတင်းခေါ်ကျွေးတယ်။ မကောင်းတတ်လို့ နဲနဲပါးပါးစားမယ်ဆိုပြီး လိုက်သွားတာ … ဟိုရောက်တော့ အတင်းထပ်ထပ်ပြီး ထည့်ကျွေးလိုက်တာ ဗိုက်ကို ကားရော။ ဗိုက်တော်တော်ပြည့်နေပေမယ့် အဘိုးကြီး (သူလည်း(၆၀)ကျော်ပြီပေါ့) စောင့်နေမယ်မှန်းသိလို့ အရင်လိုပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်လေးဝတ်ပြီး အုတ်ခုံကို ထွက်လာခဲ့တယ်။
အစဉ်အလာ မပျက်ပေါ့လေ။
       အဘိုးကြီးရောက်နေနှင့်ပြီ။
       ကျွန်တော်ရောက်တာနဲ့ စားသောက်ဆိုင်ကို တန်းပြီး ထွက်လာကြတယ်။ သူ့ကိုကြည့်ရတာ ဖြူလျော်လျော်နဲ့ အားမရှိတဲ့ပုံပဲ။ အရင်လို သားသားနားနားလည်း မရှိဘူး။ ကျန်းမာရေးမကောင်းဘူးလားလို့ မေးတော့ .. သူက အသက်ကြီးလာပြီကွ လို့ပဲပြန်ဖြေတယ်။
သည်လိုနဲ့ ဆိုင်ရောက်တော့ သူကလည်း ထုံးစံအတိုင်းမှာကျွေးတယ်။ ကျွန်တော်ကလည်း သူစိတ်မကောင်းမှာစိုးလို့ တအားဆာနေတဲ့ ပုံစံနဲ့ အငမ်းမရစားလိုက်တယ်။ ဗိုက်ထဲမှာတော့ တော်တော်တင်းကြပ်နေပြီ။ ဒါပေမယ့် ပြုံးပြုံးကြီးကြည့်နေတဲ့သူ့ကြောင့် ကျွန်တော်လည်း မဆန့်မပြဲကို အတင်းသွတ်ထည့်ပစ်လိုက်တယ်။ အစာအိမ်တွေ ကွဲထွက်တော့မလားလို့တောင် အောက်မေ့ရတယ်။ တကယ့်ကို မချိမဆန့်ပါပဲ။ ထုံးစံအတိုင်းပဲ စားသောက်ပြီးတော့ ကျွန်တော်ပြန်ထွက်လာခဲ့တယ်။ သူကလည်း ထုံးစံအတိုင်း ဆိုင်ထဲမှာ ကျန်နေခဲ့တယ်။
ဆိုင်အပြင်ဘက် မှောင်ရိပ်ထဲရောက်တော့ ကျွန်တော် မဟန်နိုင်တော့ဘူး။ လည်ချောင်းအ၀ထိ ရောက်နေတဲ့ အစားအသောက်တွေက ဒလဟော ပြန်အန်ထွက်လာတော့တယ်။ ပြီးတော့ ကျွန်တော် လဲကျသွားတယ်ဆိုတာကလွဲပြီး ဘာမှမသိတော့ဘူး။
……………………………………………………………………………………………...............................................................
       ကျွန်တော်ပြန်သတိရလာတော့ ဆေးရုံမှာ ရောက်နေမှန်း သိလိုက်ရတယ်။ ဘေးနားက မိန်းမကြီးတစ်ယောက်ရဲ့အသံကို ကြားရတော့ သေသေချာချာ နားစွင့်လိုက်မိတယ်။
       “အဲသည့် အကောင်ပေါ့ စားပိုးနင့်အောင် စားပြီး ဆေးရုံကို ရောက်လာတာ… ဟိုဘက်ကုတင်က အဘိုးကြီးနဲ့ မျှပေးလိုက်တယ် … အဲသည့်အဘိုးကြီးက ဘာလုပ်တာလဲတော့ မသိပါဘူးအေ .. (၄)ရက် ထမင်းမစားထားရဘူးတဲ့ …. အခု အားပြတ်ပြီး ပစ်လဲကျလို့ ဆေးရုံရောက်လာတာ”
       အားပါး.. သူ့စကားသံကြားကြားချင်း သူပြောတဲ့ဘက်ကို ကြည့်လိုက်တော့ …… ထုံးစံအတိုင်းပဲ ကျွန်တော်ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ သူ့ကို လှမ်းတွေ့လိုက်ရတော့တယ် …. အခုတော့ ကျွန်တော်တို့ (၂)ယောက်ဟာ တစ်ယောက်ရဲ့ နှလုံးသားကို တစ်ယောက်က ထင်ထင်ရှားရှားကြီးကို တွေ့လိုက်ရပါပြီ ………….

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(((ကမ္ဘာကျော် စာရေးဆရာကြီး O’Henry ရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကို အဆင်ပြေသလို ပြန်တင်ပြလိုက်ပါတယ် …. ဘာသာပြန်ထားခြင်း မဟုတ်ပါ.. လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ဖတ်ထားခဲ့ရတာမို့ ဇာတ်ကြောင်းကလွဲပြီး တင်ပြပုံနှင့် အချက်အလက်များကို မမှတ်မိတော့ပါ.. လွဲမှားမှုရှိပါက ကျွန်တော့် ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း……))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...