Friday, May 4, 2012

ကျွန်တော်တို့ ရယ်ကြရအောင်


by Cloud Cuckoo Land on Friday, May 4, 2012 at 12:49am

ဒီနေ့ခေတ်မှာ ကျွန်တော်တို့မှာ စိတ်ဖိစီးမှု တွေ သိပ်များပါတယ်။ စားဝတ်နေ အရေးသုံးပါးကို အလျင်မီအောင်မနည်းရုန်းကန် နေရတဲ့အထဲ ကမ္ဘာကြီးပူနွေးလာမှု ဂယက် ကြောင့် ရာသီဥတုတွေက အရင်ကထက် ပိုမိုပြင်းထန် ပူပြင်းလာပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတော့ လူတွေလည်း ပိုဖောက်ပြန်လာတာပေါ့။ လောဘ၊ ဒေါသ၊ မောဟတွေပိုများလာကြ တယ်။
ရတုန်းယူထားမှ ယူနိုင်သမျှယူထား မှ ဆိုပြီး လောဘတွေပိုများလာကြတယ်။ ထစ်ကနဲဆို ဒေါသကြီးပြီး ဒေါသတွေပို များလာကြတယ်။ အမှားအမှန်ကို အရင် လောက် မခွဲနိုင်တော့ဘူး။ မောဟတွေ ပို များလာကြတယ်။ အခုတလောဆို နေကပိုပူလာ၊ မီးက မလာဆိုတော့ နေရထိုင်ရတာ အတော်ကို ခက်ခဲလာပါတယ်။ စိတ်ညစ်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒီအချိန်မှာ ဖတ်မိတဲ့ အကြောင်းကတော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ဟာ မေ ၆ (တနင်္ဂနွေ)မှာ ကျရောက်မယ်ဆိုတဲ့အ ကြောင်းပါ။ ဖတ်ကြည့်တော့ စိတ်ဝင်စား စရာကောင်းပါတယ်။

ကမ္ဘာ့အရယ်နေ့ (World Laughter Day)

ကမ္ဘာ့အရယ်နေ့ World Laughter Day ကို ၁၉၉၈ မှာ အိန္ဒိယဒေါက်တာ မဒန်း ကာတာရီးယား Dr Madan Kataria က စတင်ဖန်တီးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်း ယောဂလှုပ်ရှားမှုကို တည်ထောင်ခဲ့သူ လည်းဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့အရယ်နေ့ကို ၁၉၉၈ ဇန်န၀ါရီ ၁၁ မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ မှာကျင်းပခဲ့ပြီး၊ အိန္ဒိယနဲ့ နိုင်ငံတကာမှ ပရိသတ် ၁၂၀၀၀ တက်ရောက်ခဲ့ကြပါ တယ်။ အဲဒီပရိသတ်တွေဟာ ရယ်မောခြင်း ကလပ်တွေက အဖွဲ့ဝင်တွေဖြစ်ကြပြီး၊ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ် နေ့မှာ လူအများဆုံးပါဝင်တဲ့ ရယ်မောခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရယ်မောခြင်း ကလပ်ပေါင်း ၅,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်းယောဂ လှုပ်ရှားမှုကို တည်ထောင်ခဲ့သူက အိန္ဒိယ နိုင်ငံသားဖြစ်လေတော့ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ်နေ့ကို မွန်ဘိုင်း မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ အပြင်ဘက်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ တဲ့ ရယ်မောခြင်းလှုပ်ရှားမှုကိုတော့ ဥရောပက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာ ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၉ မှာ ကျင်းပခဲ့ ပါတယ်။ ကိုပင်ဟေဂင်မြို့တော်ခန်းမ ရင်ပြင် မှာ ကျင်းပခဲ့တဲ့ ရယ်မောခြင်းအခမ်းအနား ကို Happy-Demic လို့ခေါ်ခဲ့ကြပြီး၊ ပရိသတ် ၁၀,၀၀၀ ကျော်တက်ရောက်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှားမှုကို ကမ္ဘာ့စံချိန်များ မှတ်တမ်းတင်စာအုပ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင် ဖော်ပြခံခဲ့ရပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ကို နှစ်စဉ်မေလ ရဲ့ ပထမတနင်္ဂနွေနေ့ကို သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာဆို လည်း အဲဒီနေ့ကျရင် လူတွေရာနဲ့ချီပြီး (တစ်ခါတလေလည်း ထောင်နဲ့ချီလို့) အတူ တကွ စုပေါင်းရယ်မောကြပါတယ်။

ရယ်မောခြင်း၏အကျိုးအာနိသင်များ


မရယ်တော့မှိုင် ရယ်တော့ပိုင်တဲ့။ မရယ်ဘဲ နေတော့ မှိုင်တွေတွေနဲ့ စိတ်ကလန်းဆန်း မှုမရှိပါဘူး။ ဒီနေ့ခေတ်ရဲ့ အလိုမပြည့်နိုင် မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ဘ၀အ မောတွေနဲ့ အခက်အခဲတွေကြားမှာ လူ ဘ၀ဟာ ပျင်းရိငြီးငွေ့ဖွယ်၊ ခြောက်သွေ့ အက်ကွဲဖွယ်၊ လူ့ပတ်ဝန်းကျင်က ခွဲထွက် စွန့်ခွာဖွယ် အနေအထားတွေနဲ့ချည်း ကြုံ ရမှာ ဖြစ်ပါတယ်။ ရယ်မောတော့ ဘာဖြစ်သလဲ။ အနည်းဆုံးသက်သာရာ ရစေပါတယ်။ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အခက်အခဲတွေ့လို့ပဲ ဖြစ် ဖြစ်၊ ရှေ့မတိုး နောက်မဆုတ်သာ အနေ အထားရောက်လို့ပဲဖြစ်ဖြစ် တစ်ချက်ရယ် မောလိုက်တိုင်း တစ်ချက်စိတ်သက်သာရ စေပါတယ်။

ရယ်မောခြင်းဟာ အပေါင်းလက္ခ ဏာဆောင်သော၊ စွမ်းအားရှိသော စိတ် ခံစားမှုဖြစ်ပြီး၊ လူတွေအတွက် လိုအပ် တဲ့ ဓာတ်တွေအားလုံးဟာ ရယ်မော ခြင်းမှာ ပါဝင်နေပါတယ်။ ရယ်မော လိုက်ခြင်းကြောင့် အဲဒီလိုအပ်တဲ့ ဓာတ် တွေကို ရရှိလိုက်ပြီး ရယ်မောသူကိုယ် တိုင်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ပြီး အပေါင်းလက္ခဏာဆောင်စေပါ တယ်။ ရယ်မောခြင်းကြောင့် လူတွေက ထွက်တဲ့ လျှပ်စစ်သံလိုက်စက်ဝန်းကို တိုက်ရိုက် အကျိုးသက်ရောက်စေပြီး၊ ရယ်မောလိုက်တဲ့အခါ အဲဒီလူရဲ့ ပတ်လည်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။ တစ်ဦးချင်းစီပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စုပေါင်း ရယ်မောကြတဲ့အခါ အပေါင်းလက္ခဏာဆောင်တဲ့ အင်အားရှိတဲ့ စုပေါင်းဝန်းကျင်တစ်ခုဖြစ်ပေါ်ပါတယ်။ နေ့စဉ်နေ့တိုင်း ရယ်မောကြတဲ့ အုပ်စု တစ်ခုထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေက အနုတ်လက္ခဏာဆောင်တဲ့ ၀န်းကျင်(မကောင်းကျိုးဖြစ်ပေါ်ေ
စမဲ့အ ရာတွေ) မဖြစ်အောင် တားဆီးကာ ကွယ်ပေးပါတယ်။ ရှေးရှေးတုန်းက အိန္ဒိယကလူတွေ ယုံကြည်လက်ခံထားတဲ့ သူတို့ရွာမှာ သူ တော်ကောင်းတစ်ယောက်ရှိရင် တစ် ရွာလုံးကို မကောင်းဆိုးဝါးတွေဒဏ်က အကာအကွယ်ပေးနိုင်တယ်၊ လုံခြုံ တယ်ဆိုသလို ရယ်မောခြင်းဖြင့်လည်း အလားတူအကျိုးရနိုင်ပါတယ်။ ရယ်မောခြင်းဟာ ကမ္ဘာသုံးဘာသာ စကားတစ်မျိုးလည်း ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာအယူအစွဲတွေ မပါဝင်ဘဲ လူတွေ ပဲဆိုပြီး ပေါင်းစည်းမှုကို ရယ်မောခြင်းဖြင့် ရနိုင်ပါတယ်။ ဘာသာမတူတဲ့ လူတွေကြား ထဲမှာ ရယ်မောခြင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ကြပြီး၊ အားလုံးကောင်းမယ့် ပေါင်းစည်းမှု တစ်ခုရနိုင်ပါတယ်။ ရယ် မောရုံနဲ့ ဒီလောက်တောင် ဖြစ်နိုင်ပါ့မလား လို့ တွေးထင်နိုင်ပေမယ့် ဒါဟာ တကယ် ပဲ ဖြစ်နိုင်ပါတယ်။ ရယ်မောခြင်းဖြင့်ပင် စိတ်ဖိစီးမှုတွေ ကနေ ကင်းလွတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်းနှီးချစ်ကြည်စွာ ညီရင်းအစ်ကို မောင် ရင်းနှမ စိတ်ဓာတ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ကြပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးလည်း ဖြစ်တာမို့ လူတွေဟာရယ် ဖို့ လိုပါတယ်။ ရယ်ခြင်းဖြင့် လူတွေမှာရှိ နေတဲ့ စိတ်ဖိစီးတွေကို ဖယ်ရှားနိုင်ပါ တယ်။ ရယ်မောခြင်းဖြင့် စိတ်ကြည်လင် ရွှင်ပြပြီး တက်ကြလာပါတယ်။ ဒါကြောင့် ပျူငှာတဲ့အမူအရာဖြစ်လာပြီး တစ်ပါးသူ တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာပါတယ်။ အရင်မျိုးဆက်တွေကဆိုရင် ကျန်းမာ ပျော်ရွှင်တဲ့ အရွယ်ရောက်ပြီး လူတစ်ဦး ဟာ တစ်နေ့ကို အနည်းဆုံးမိနစ် ၂၀ လောက် ရယ်မောခဲ့ကြပါတယ်။ ဒီနေ့ ခေတ်မှာတော့ နိုင်ငံများစွာမှာ အရွယ် ရောက်ပြီး လူတစ်ဦးဟာ တစ်နေ့ကို ငါး မိနစ်လောက်တောင် မရယ်ကြတော့တာ တွေ့ရပါတယ်။ ဒါဟာ ဒီနေ့ခေတ် လူ့ဘ၀ ရဲ့ ဆိုးရွားမှုတစ်ခုလို့ ပြောလို့ရပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက် ဟာ ဘယ်လောက်ပဲအလုပ်များများ တစ် နေ့ကို မိနစ် ၂၀ လောက်တော့ ရယ်မော သင့်ပါတယ်။ ဒါမှ စိတ်ကြည်လင်ပြီး ပျော် ရွှင်လန်းဆန်းကျန်းမာမှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာကောင်းကြောင်း၊ လူ့ကျန်း မာရေးအတွက် အထောက်အကူပြုကြောင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာ ပျောက်ကင်းစေကြောင်း သိထားပါလျက် နဲ့ ကျွန်တော်တို့ဘာကြောင့် မရယ်ကြရ မှာလဲ။ ကျွန်တော်တို့ ရယ်ကြရအောင်။

ကျွန်တော်တို့ရယ်ကြမယ်မယ်


ရယ်မောခြင်းဟာ အေးဆေးသက်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုလည်းဖြစ် ပါတယ်။ ရယ်မောခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ အဆုတ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖြည့်တင်းပေးပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း သန့်ရှင်း စေပြီး အဆုတ်ကို လေ့ကျင့်ခန်းလုပ်ပေး ရာလည်းရောက်ပါတယ်။ ရယ်မောခြင်းဟာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် မလုပ်နိုင်သူတွေ၊ အေရိုးဗစ်လေ့ကျင့်ခန်း မလုပ် နိုင်သူ ပျိုပျိုမေတို့အတွက် အလွန်ပဲအကျိုး ရှိလှပါတယ်။ ကျွန်တော်တို့ ရယ်တဲ့အခါ ခန္ဓာကိုယ် ကနေ ဟိုမုန်းဓာတ်တွေနဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးပြု တယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ သွေးတိုးကျတယ်။ စိတ်အားတက်တယ်။ ခန္ဓာကိုယ်ခုခံအားစနစ်တက်လာတယ်။ အနောက်တိုင်း ဆေးသိပ္ပံကတော့ ရယ်မောခြင်းရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းကြီး သုတေသနပြုနေကြပြီ။

အရယ်ကလပ်ထောင်ကြမယ်
အရက်ကလပ်မဟုတ်ဘူးနော်။ အရယ် ကလပ် Laughter Club ထောင်ကြရင် သိပ်ကောင်းမှာပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ လိုအပ်လာပြီ၊ စိတ်ပါဝင်စားသူတွေက ဦး ဆောင်ပြီး လုပ်ကြရမှာပဲ။ စိတ်ဖိစီးမှုတွေ အောက်မှာ စိတ်သောကတွေအောက်မှာ ချည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ လူ တွေဖြစ်လို့ ဒါတွေကို ကျော်လွှားလွန် မြောက်အောင် ကြိုးစားရမှာပဲ။ လူမှာက စိတ်က ဦးဆောင်နေတော့ စိတ်ပျော်ရွှင် အောင် စိတ်ကြည်အောင် လုပ်ကြရမှာပဲ။ အရယ်ကလပ်တွေမှာ နိုင်ငံရေး မလုပ်ဘူး။ ဘာသာရေး မဆွေးနွေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက် ဘူး။ မပြိုင်ဆိုင်ကြဘူး။ ဖိအားတွေ မပေး ကြဘူး။ ကိုယ့်အကြောင်းတွေ မကြားဘူး။ လူတိုင်းကို ကြိုဆိုကြမယ်၊ လူတိုင်းပါဝင်နိုင် ရမယ်။ လူတိုင်းရယ်မော ပျော်ရွှင်နိုင်ရမယ်။ အရယ်ကလပ်တစ်ခု ထူထောင်ဖို့ လူ ရယ်၊ နေရာရယ်၊ အချိန်ရယ်သုံးခုလိုအပ် တယ်။ အရယ်ကလပ်မှာ လူတွေစုစည်းပြီး ရယ်မောကြမယ့် နေရာဖြစ်လို့ လူတွေလို တယ်။ လူတွေရှိလာရင် ခေါင်းဆောင်တစ် ယောက်လိုတယ်။ ခေါင်းဆောင်ကို ထောက် ကူဖို့ အကူတစ်ယောက်လိုမယ်။ လူတွေရှိလာရင် နေရာလိုလာမယ်။ နေရာမှာ အမျိုးမျိုးရှိတယ်။ အခမဲ့နေရာ၊ အခပေးနေရာဆိုပြီးရှိတယ်။ ရုံးမှာလုပ် မလား၊ အိမ်မှာလုပ်မလား၊ ခြံတစ်ခုမှာလုပ် မလား၊ အခန်းငှားမလား စဉ်းစားရမယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ပြည်သူ့ပန်းခြံတွေက အရယ်ကလပ်အတွက် ရှယ်ပဲ။ အိန္ဒိယမှာ ပြည်သူ့ပန်းခြံတွေက ပြည်သူတွေအတွက် အခမဲ့ဖြစ်တယ်။ မနက်တိုင်းလည်း လူ တွေက ပန်းခြံမှာလမ်းလျှောက်ကြ၊ လေ့ ကျင့်ခန်းလုပ်ကြတယ်။ ရုံးဆိုလည်း ကောင်းတာပါပဲ။ နံနက် စောစောရုံးမတက်ခင် ဒါမှမဟုတ် ရုံးဆင်း ချိန်တွေမှာ အရယ်ကလပ်အတွက် ဆောင် ရွက်နိုင်ကြတယ်။ မနက်ပိုင်းရယ်မောခြင်း ဟာ တစ်နေ့တာလုံးအတွက် ကောင်းတယ်။ တစ်နေကုန် စိတ်ကြည်လင်ရွှင်ပြနေလို့ အလုပ်လုပ်လို့ ကောင်းတယ်။ ညနေပိုင်း ရုံးဆင်းချိန်ကလည်း ကောင်းတာပါပဲ။ အချိန်ကတော့ ကလပ်အဖွဲ့ဝင်တွေ အားလုံး အဆင်ပြေမယ့် အချိန်ကိုရွေးရ မယ်။ မနက်ဆိုလည်း မနက်ပိုင်း၊ ညနေဆို လည်း ညနေပိုင်းပေါ့။ ဒါပေမယ့် အချိန် သတ်မှတ်ပြီးဆိုကတည်းက လူတိုင်းအ တွက် ၁၀၀ ရာခိုင်နှုန်း ပြေလည်နိုင်မှာ တော့မဟုတ်ဘူး။ အများစု အဆင်ပြေမယ့် အချိန်ကိုရွေးရမှာပေါ့။ လူတိုင်းဟာ တစ်နေ့ကို မိနစ် ၂၀ မရယ်နိုင်ကြဘူး။ ဒါကြောင့် ကလပ်မှာ ရယ်လည်းရယ်မယ်။ အသက်ပြင်းပြင်းရှု လေ့ကျင့်ခန်းကိုလည်း လုပ်ကြမယ်။ ဒါကို သူတို့က အရယ်ယောဂလို့ခေါ်ကြတယ်။ အုပ်စုလိုက်ရယ်လည်း ရယ်ကြ၊ အသက်ရှု လေ့ကျင့်ခန်းလည်း လုပ်ကြပေါ့။ အရယ်ကလပ်တစ်ခုကို ပုံမှန်လေး လည်ပတ်သွားနိုင်အောင်ကိုတော့ အချိန် တစ်နှစ်လောက်ယူကြရမှာ ဖြစ်ပါတယ်။ စမ်းသပ်ဖို့လာတဲ့လူ၊ စိတ်ဝင်စားတဲ့လူ၊ အပျော်အပြက်လာတဲ့လူ စတဲ့လူတွေဝင် ရင်း ထွက်ရင်း စိစစ်ရင်းနဲ့မှ ရယ်မောခြင်း အကျိုးကို တကယ်သိသွားတဲ့ လူတွေတင် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရယ်ကြရ အောင်ပါ။

ကလောင်ရှင် "သာတူ"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...