Wednesday, May 2, 2012

ပညာ နှင့် အရွယ်: ပါရဂူ (၂)


by Zay Ya on Wednesday, May 2, 2012 at 7:28am 


မက်ထရစ် စာမေးပွဲ အောင်ပြီးနောက် ရှေ့အစီအစဉ်ကို ပြုလုပ်ရန် အတွက် လေးနှစ်ကြာ စောင့်ဆိုင်း နေရသည့် ကာလ အတွင်း မည် သည့် အရာ များ ကို ပြုလုပ် ဆောင်ရွက် သင့်သနည်း။ ခရီးလှည့်လည် သွားလာသူ အတွက် ပထဝီ နှင့် မြေပုံ စာအုပ် အသိဥာဏ် ရရှိ ဖို့ အတွက် အလွန်တရာ လိုအပ်သည်။ မက်ထရစ် သို့မဟုတ် ဆယ်တန်း အထိ သင်ကြား ရသော ပထဝီနှင့် မြေပုံ အသိဥာဏ်သည် မ လုံလောက် သေးပေ။ ခရီးသွားခြင်း နှင့် ပတ်သက်သော စာအုပ် အဟောင်းကို ဖြစ်စေ၊ အသစ်ကို ဖြစ်စေ ဖတ်သည့် အခါ မြေပုံကို ကြည့်ရှု ရလိမ့်မည်။
မြေပုံကို ကြည့်ရှုရုံမျှ နှင့်လည်း မလုံလောက် သေးပေ။ မြေပုံ၌ အမြင့်ပိုင်းနှင့် ရေခဲပြင် စသော အမှတ် လက္ခဏာ များ ရှိနေသော် လည်း ယင်းတို့ကို ကြည့်ခြင်း အားဖြင့် ဆောင်းဥတု ကာလ၌ ထိုဒေသများ ၏ ပထဝီ မြေပြင် မည်ကဲ့သို့ ရှိနေလိမ့်မည် ဆိုသည် ကို တိတိ ကျကျ သိရှိ ကြလိမ့်မည် မဟုတ်ပေ။


မြေပုံတွင် လီနင်ဂရက်ကို ကြည့်သောသူသည် ထိုဒေသ၌ ဆောင်းဥတု ကာလတွင် အပူဒီဂရီ သည် ၄၅ – ၅၀ ဒီဂရီ (-၂၄, -၃၀ ဒီဂရီ စင်တီ ဂရိတ်) အထိ ကျသွား သည် ဆိုသည်ကို သိရှိလိမ့်မည် မဟုတ်ပေ။ အပူချိန် ၄၅ – ၅၀ ဒီဂရီအောက် ကျသွားခြင်း ကိုလည်း သာမန် ပထဝီ စာအုပ် များကို ဖတ်ခြင်းအားဖြင့် ခန့်မှန်း နိုင်လိမ့်မည် မဟုတ်ပေ။

စာဖတ်သူများသည် ဟိမဝန္တာတောင် ပေ ၆၀၀၀ အထက် နေရာများသို့ ဆောင်းဥတု ကာလတွင် မသွားဖူးကြပေ။ ထို့ကြောင့် ရေခဲပြင် အကြောင်း ကိုလည်း မှန်းဆနိုင် ကြမည် မဟုတ်ပေ။ အကယ်၍ မိနစ်အတန်ကြာမျှ လက်ဝါးထဲတွင် ၅၀ သားလောက် ရေခဲတုံးကို ထည့် ထား မည် ဆိုလျှင်ကား အသင့်အတန် မှန်းဆကြည့်၍ ရပေ လိမ့်မည်။

သို့ရာတွင် ခရီးလှည့်လည် သွားလာသော လုလင်သည် အိမ်မှ မထွက်ခင် ရာသီဥတု အမျိုးမျိုး ရှိသော နေရာများသို့ သာမန်ခရီး မျှ လောက် သွားပြီး ကြည့်ရှုလေ့လာ သင့်သည်။ အကယ်၍ ဇန်နဝါရီလ တွင် ဆင်းမလား သို့မဟုတ် နိုက်နီတာလ ကို ရောက်ဖူးလျှင် ရွှင်ကျန်နှင့် ဖာဟီယန် တို့၏ ‘တုသာရ’ ခရီးစဉ်မှတ်တမ်း များ အကြောင်း ကို မှန်းဆ သိရှိနိုင်ပေလိမ့်မည်။ လီနင် ဂရက်၏ အပူချိန် ၄၅ -၅၀ ဒီဂရီ အောက် ကျသွားသော အအေးကိုလည်း အတော်အတန် မှန်းဆ သိနိုင်ပေလိမ့်မည်။ ယင်းသို့ ပြုလုပ်လျှင် ခရီးလှည့်လည် သွားလာ ရန် အတွက် ပြင်ဆင်ဆဲ အချိန် ကာလ၌ လည်း သာမန် ခရီးသွားလာ ကြည့်ဖို့ ကျွန်ုပ် အလေးအနက် ပြောပြနေသည်ကို ခရီး လှည့်လည် သွားလာသော လုလင်သည် နားလည် သဘောပေါက် လာပေလိမ့်မည်။

ကျောင်းသားသည် ပထဝီနှင့် သမိုင်းကို လေ့လာရင်း ခရီးသွားခြင်း နှင့် ပတ်သက်သော တခြား စာအုပ်များကိုလည်း လေ့လာ ဖတ်ရှုနိုင် သည်။ ကောလိပ် ကျောင်း တက်သော အခါ စာရေး သည့် အလေ့အကျင့် ကိုလည်း ပြုလုပ်သင့်သည်။ ထိုအချိန်မှာ လုလင်၊ လုံမပျိုများ၌ ကဗျာ ရေးစပ်ရန် သဘာဝ အားပေး လှုံ့ဆောင်မှု ဖြစ်ပေါ် လာသည့် အချိန် ဖြစ်သည်။ ဝတ္ထုရေး ဆရာ ဖြစ်လိုသည့် စိတ်ဆန္ဒမျိုး လည်း တက်ကြွ လှုပ်ရှားလာသည့် အရွယ် ဖြစ်သည်။

ထို့ကြောင့် လုလင် များသည် မိမိတို့၏ ကော်ပီ စာအုပ်၊ စာမျက်နှာများကို နက်သွားအောင် ပြုလုပ်သင့်သည်။ သို့သော်လည်း မိမိတို့ စပ်ဆို ရေးသား ထားသော ကဗျာ သို့မဟုတ် ဝတ္ထုကို ပုံနှိပ် ဖော်ပြရန် ဆန္ဒ မစောလျှင် ကောင်းလိမ့်မည်။

အချိန် မတိုင်မီ မိမိတို့ ရေးသား စပ်ဆိုသော စာနှင့် ကဗျာ များကို စာစောင်များ၌ ပုံနှိပ်ထုတ်ဝေခြင်းသည် ဝမ်းမြောက် အားတက် ဖွယ် ဖြစ်သော် လည်း အကြိမ် များစွာ အန္တရာယ် ဖြစ် တတ်သော အကြောင်းအရာ လည်း ဖြစ်လာနိုင်သည်။ အချိန် မတိုင်မီ ကျော်ကြားမှု ရရှိသောကြောင့် မိမိတို့၏ အနာဂတ် ပိတ်သွားသော အလားအလာ ရှိသူ လုလင်များကို တွေ့မြင်နေရသည်။ ယခု ခေတ်တွင်လည်း အချိန် မတိုင်မီ ကျော်ကြားမှုက မိမိတို့ ၏ အနာဂတ်ကို ပိတ်ပစ်လိုက်သော လုလင်များ ရှိသည် ကို တွေ့ရ သည်။ သူတို့သည် အသစ် တီထွင်မှု များကို မပြုလုပ် ကြတော့ပေ။ ကဗျာရွတ်ပွဲ တစ်ခုခုသို့ ရောက်သွားသော အခါ သူတို့၏ ရေးဖွဲ့ပြီးသား ကဗျာဟောင်းနှင့် ပတ်သက်ပြီး လက်ခုပ် ဩဘာ ပေးကြသည် ဖြစ်၍ သူတို့သည် ကြိုးစား၍ အသစ် တီထွင်ဖို့ အတွက် စိတ်ဝင်စားမှု မရှိကြတော့ပေ။

ခရီးလှည့်လည် သွားလာသူသည် ယင်းကဲ့သို့သော ကျော်ကြားမှု မျိုးကို မလိုလားသင့်ပေ။ သူတို့၏ ဘဝသည် လက်ခုပ် ဩဘာသံများ ပဲ့တင် ထပ်နေစေရန် အတွက် မဟုတ်ပေ။ နှစ်နှစ် သုံးနှစ် အလုပ်လုပ်ပြီး ပင်စင်ယူလျက် ထိုင်နေရန် အတွက် မဟုတ်ပေ။ ခရီး လှည့် လည် သွားလာ သူသည် ဘဝနှင့် အတူတကွ သာလျှင် ခရီးဆက် နေရ လိမ့်မည်။ နေ့အား ရက်အား သို့မဟုတ် ပင်စင် ကို မမျှော် လင့် သင့်ပေ။

ခရီးလှည့်လည် သွားလာသူများ အတွက် လိုအပ်သော စာပေနှင့် အခြား အရာများ အကြောင်းကို နောက်ပိုင်း တွင် ထပ်ပြီး ပြောပြဦး မည်။ ဤနေရာ၌မူ အထူးအားဖြင့် ခရီး လှည့်လည် သွားလာသော လုလင်များ အတွက် လိုအပ်သော ကိုယ်ကာယ ပိုင်း ဆိုင်ရာ ပြင်ဆင်မှု အကြောင်းများကို ပြောပြလိုသည်။ ခရီးလှည့်လည် သွားလာသူ ၏ ကိုယ်ခန္ဓာ သည် ပန်းပွင့်ကလေးလို ဖြစ်မနေသင့်ပေ။ သူ၏ စိတ်ဓာတ် နှင့် စွမ်းအား သည် သံမဏိ လို ဖြစ်နေသည့် အတိုင်း ကိုယ်ခန္ဓာကလည်း သံမဏိလို ဖြစ်နေ သင့်သည်။ ခရီးလှည့်လည် သွားလာ သူ သည် သင်္ဘော၊ ရထား၊ လေယာဉ် ခရီးများကို မသွားရ ဟူ၍ မပြောလိုပေ။ သို့ရာတွင် ယင်းခရီး သုံးမျိုး အထိသာ သတ်မှတ် ထား လျှင်မူ ပထမ အဆင့် ခရီးသည် ဖြစ်၍ ဝေးစွ၊ ဒုတိယ အဆင့် ခရီးသည်ပင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။

ခရီးလှည့်လည် သွားလာသူသည် ယင်းကဲ့သို့သော ယာဉ်များ မရှိသည့် နေရာမျိုး၌ ခရီးလှည့်လည် သွားလာသင့်သည်။ အချို့ နေရာ များ၌ နွားလှည်း ဖြစ်စေ သို့မဟုတ် လား ဖြစ်စေ တွေ့ရလိမ့်မည်။ သို့သော်လည်း ခရီးလှည့်လည် သွားလာသူ အနေနှင့် မိမိ၏ ဝန်စည် စလယ်ကို ကျောပိုးပြီး သွားရ သည့် နေရာမျိုး လည်း တွေ့ရ လိမ့်မည်။ ကျောပေါ်တွင် ဝန်စည်စလယ် ပိုးပြီးသွားလျှင် တစ်နေ့ ခရီး လောက် သွားရုံ မျှဖြင့် ခြေကုန်လက်ပန်း ကျသွားနိုင်သည်။ အကယ်၍ ကြိုတင်ပြီး အလေ့ အကျင့် ပြုလုပ် မထားလျှင် သုံးလေး ပိဿာလောက် ရှိသည့် ဝန်ထုပ်ဝန်ပိုး ပိုးပြီး နှစ်မိုင် ခရီးလောက် သွားလိုက်ရုံမျှ ဖြင့် တစ်ကမ္ဘာလုံးကို ကျိန်ဆဲ ပေလိမ့်မည်။

ထို့ကြောင့် လေးနှစ်တာ အချိန်ကာလ အတွင်း အနာဂတ် ခရီးလှည့်လည် သွားလာမည့် သူသည် မိမိ၏ ကိုယ်ခန္ဓာကို အခက်အခဲ ခံနိုင် ရုံမျှ သာ မက အထူးတလည် ခံနိုင်အောင် လည်း အလေ့အကျင့် ပြုလုပ်ထားသင့်သည်။ ကျောပေါ်တွင် ဝန်ထုပ် ပိုးပြီး သုံးလေး မိုင် လောက် ခရီးကို အသွားအပြန် သွားလာနိုင်အောင် အလေ့ အကျင့် ပြုလုပ် ရ လိမ့်မည်။ ကိုယ်ခန္ဓာကို သန်မာ တောင့်တင်းရန် အ တွက် တခြား နည်းလမ်း အားဖြင့်လည်း ကျန်းမာရေး လေ့ကျင့်ခန်း များကိုလည်း ပြုလုပ် နိုင်သည်။ သို့ရာတွင် ခရီး လှည့်လည် သွားလာ သူ သည် ခရီး လှည့်လည် သွားလာရင်း နပန်းလုံး၍ လည်းကောင်း၊ လက်ဝှေ့ထိုး၍ လည်းကောင်း ရန်ပြုစရာ မလိုပေ။

တောင့်တင်း သန်မာသော ကိုယ်ခန္ဓာသည် ကျန်းမာသော ကိုယ်ခန္ဓာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး လေ့ကျင့်ခန်း နည်းမျိုးစုံဖြင့် ကိုယ်ခန္ဓာ တောင့်တင်း သန်မာ လာအောင် ပြုလုပ်နိုင်သည်။ သို့ရာတွင် ခရီးလှည့်လည် သွားလာသူ အတွက် အကူအညီ အများ ဆုံး ပေးနိုင်ခြင်း မှာ ဝန်ထုပ်ဝန်ပိုး ကြီးကို ကျောပေါ်တွင် ပိုးပြီး ငါးမိုင် ဆယ်မိုင် သွားနိုင်ခြင်း၊ ပေါက်တူးနှင့် တစ်ကြိမ်တည်း မြေကြီး နက် သွားအောင် ပေါက် နိုင်ခြင်း များ ဖြစ်သည်။ ယင်းအလုပ် နှစ်မျိုးကို ပြုလုပ်ရန် အတွက် နှစ်သုံးရက် အလေ့အကျင့် လုပ်၍ မ ရနိုင်ပေ။ လ အတော်များများ ကြာအောင် အလေ့အကျင့် လုပ်ရလိမ့်မည်။ ယင်းကဲ့သို့ အကျင့် ဖြစ်သွားသော အခါ မည်သည့် အရပ် ဒေသ သို့ သွားသွား မိမိ၏ ကိုယ်ခန္ဓာနှင့် ပတ်သက်သော အလုပ်ဖြင့် သူတစ်ပါး တို့၏ အပေါ်တွင် ဝန်ပိသွားအောင် လုပ်စရာ မလိုတော့ပေ။

ခရီးသွားရင်း တောအရပ် ဒေသရှိ လယ်သမား တစ်ဦးဦး၏ အိမ်ရောက် သွားလျှင် ထို လယ်သမား၏ အလုပ်ကို ကူညီ လုပ်ပေးပါက ခရီး လှည့်လည် သွားလာသူသည် ထိုလယ်သမား ၏ အိမ်တွင် တစ်လကိုး သီတင်း ဧည့်သည် အာဂန္တု အဖြစ်ဖြင့် နေ၍ ရပေလိမ့်မည်။ ပထမ အဆင့် ခရီးသည်သည် မိမိ၏ ကိုယ်ကာယ ဆိုင်ရာ လုပ်အား အတွက် ကမ္ဘာပေါ်၌ ခရီးလှည့်လည် သွားလာရင်း ကျရာ အလုပ်ကို လုပ် လျက် ခရီးသည် ဘဝကို အဆင်ပြေမှု ရှိအောင် လုပ်၍ မရသည့် ရပ်ရွာ ဒေသ ဟူ၍ ဘယ်မှာ ရှိမည်နည်း။

မိမိ၏ လုပ်အားသည် မိမိ အတွက် အိတ်ထောင် ထဲတွင် ရှိနေသော ငွေကြေး၏ အလုပ်ကို လုပ်ရုံမျှသာ မကဘဲ ယခု ချက်ချင်း တွေ့ ရသော လူကိုလည်း တရင်း တနှီး ဖြစ်အောင် ပြုလုပ်သည်။ ကျွန်ုပ်၏ မိတ်ဆွေ တစ်ယောက်သည် ဂျာမနီ နိုင်ငံ တွင် ဆယ့်ခုနှစ်နှစ် ကြာ မျှ နေထိုင် ခဲ့ပြီး မကြာမီကမှ အိန္ဒိယ နိုင်ငံ သို့ ပြန်ရောက် လာသည်။ ဂျာမနီ နိုင်ငံရှိ တက္ကသိုလ် နှစ်ခုမှ ဘာသာရပ် နှစ်ခုနှင့် ပတ်သက် ၍ ဒေါက်တာ ဘွဲ့ ရရှိလာသည်။ ဘာလင် ကဲ့သို့သော မြို့ကြီး ရှိတက္ကသိုလ်တွင် အိန္ဒိယ ဒဿနိက ဗေဒ ပါမောက္ခ အဖြစ် ဆောင်ရွက် ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ပြီးသော အခါ စစ်ရှုံး ဂျာမနီ နိုင်ငံ တွင် သူ၏ ပညာ သည် အသုံးမဝင် တော့သည့် အခြေအနေ မျိုး ရောက်ရှိ လာသည်။ ထို ပုဂ္ဂိုလ် သည် ရွာတစ်ရွာ သို့ သွားပြီး လယ်သမား တစ်ဦး ၏ နွားများ နှင့် မြင်းများ ကို ကျောင်း ရင်း၊ လယ်ယာ အလုပ် လုပ်ကိုင် ပေး ရင်း နှစ်နှစ်ကြာ မျှ နေထိုင် ခဲ့ သည်။ လယ်သမား ကြီး နှင့် အတူ သူ ၏ ဇနီး မယား၊ သူ၏ သမီး သား များနှင့် တစ်အိမ်လုံး သည် ကျွန်ုပ် တို့၏ မိတ်ဆွေ ကို သူတို့ အိမ်ထောင် မိသားစု ထဲ က တစ်ယောက် အဖြစ် အသိ အမှတ် ပြုပြီး လျှင် သူတို့ အိမ်၌ ဆက်လက် နေထိုင်စေ လိုသည့် ဆန္ဒ ရှိနေကြသည်။ အကယ်၍ ကျွန်ုပ်တို့ မိတ်ဆွေက လယ်သမား ကြီး၏ သမီး ရွှေရောင် ဆံပင် နှင့် မိန်းမပျိုကို လက်ထပ်ဖို့ သဘောတူ မည် ဆိုလျှင်လည်း လယ်သမားကြီး အနေနှင့် အကြီးအကျယ် ဝမ်းသာ အားရခြင်း ဖြစ်ရမည့် အခြေအနေ မျိုး ရှိနေသည်။

ခရီးလှည့်လည် သွားလာကြသော လုလင်ပျို တိုင်းကို ကျွန်ုပ်ပြောပြ လိုသည်။ ချစ်ခြင်း၊ ခင်မင်ရင်းနှီးခြင်း သည် မကောင်းသော အရာ မဟုတ်သော်လည်း ဇင်္ဂမက ထာဝရ ဖြစ်လာခြင်း သည် ရွှေ့လျားနေသည့် အခြေအနေမှ ရပ်တန့်နေသည့် အခြေအနေ ဖြစ်လာခြင်း သည် အလွန် ဆိုးရွားသည်။ ထို့ကြောင့် လူတစ်ဦး တစ်ယောက် သည် ချည်တိုင်တွင် ချည်နှောင်ထားသော နွားဘဝမျိုး ရောက်မသွား သင့်ပေ။

ယခုခေတ် ကမ္ဘာတွင် ကျန်းမာမှု ရှိသော ကိုယ်ခန္ဓာဖြင့် လုပ်အား စိုက်ထုတ်ပြီး လုပ်ရသော မည်သည့် အလုပ်ကြမ်းမျိုး ကို မဆို အလေ့ အကျင့် ပြုလုပ် ထားခြင်း သည် ခြေသလုံး အိမ်တိုင် ခရီးသည် တစ်ဦးတစ်ယောက် အတွက် အလွန်တရာ ကျေးဇူး များသည်မှာ သိသာ ထင်ရှား လှပေသည်။

အကယ်၍ လုလင် တစ်ယောက်သည် နောက်ထပ် လေးနှစ် တိတိ ဆက်လက် ပညာ သင်ကြားမည် ဆိုလျှင် မိမိ၏ ဥာဏဗလနှင့် ကာယ ဗလ ကို ကြီး ထွား လာအောင် ပြုလုပ်နိုင် သည်။ ယင်းသို့ ပြုလုပ်ပါက လုလင်သည် ကာယ ဗလနှင့် ဥာဏဗလ ကြီးထွားလာသည့် အကျိုး ကျေးဇူး ကို ရနိုင်သည့် အပြင် တက္ကသိုလ် တစ်ခုခု က ဘွဲ့လည်း ရရှိလာနိုင်သည်။

ခရီးလှည့်လည် သွားလာသူ တစ်ဦး တစ်ယောက် အတွက် ဘီအေ အောင်ခြင်းသည် ထူးထူးခြားခြား လိုအပ်သော အရာ မဟုတ်ပေ။ ဘွဲ့ တစ်ခုခု ရလျှင် ကြီးကြီး ကျယ်ကျယ် ထူးခြားမှု တစ်ခု ဖြစ်မလာသော်လည်း ဘွဲ့တစ်ခုခု ရမထားလျှင်မူ တစ်ခါတစ်ရံ ခရီးလှည့်လည် သွားလာ သူ သည် ယင်းကဲ့သို့ ဘွဲ့တစ်ခုခု မရခြင်းကို ချို့တဲ့ ချက် တစ်ခု ဟူ၍ ထင်မှတ်ပြီးလျှင် ဒေသန္တရ အသီးသီးသို့ လှည့်လည် သွားလာနေ မည့် အစား ဘီအေအောင် အောင် လုပ်လိုသည့် ဆန္ဒ ဖြစ်ပေါ်လာတတ်သည်။

ယင်း အလိုဆန္ဒမျိုးကို စောစောကပင် ဖယ်ရှားလျက် ခရီးထွက်လာပြီ ဆိုလျှင် ထိုခရီးသည်သည် တစ်ဖန် ရပ်နားတော့မည် မဟုတ်ပေ။ ဘွဲ့တစ်ခုခု ရရှိထားခြင်းသည် တစ်ချို့ နေရာများ၌ ကျေးဇူးလည်း ရှိလာနိုင်သည်။ ဘွဲ့တစ်ခုခု ရရှိထားသည့် အတွက် အကျိုးကျေးဇူး တစ်ခု ရရှိလာနိုင်သည်။ ပထမဦးစွာ တွေ့ရသော လူတို့သည် ဤပုဂ္ဂိုလ် အား ပညာတတ် ဖြစ်သည် ဟူ၍ လည်းကောင်း၊ လူ ယဉ်ကျေး ဖြစ် သည် ဟူ၍ လည်းကောင်း ယုံကြည် စိတ်ချ သွားတတ်ကြသည်။

ကောလိပ်ကျောင်း၌ လေးနှစ်ကြာမျှ နေလာခဲ့သော လုလင်သည် ကောလိပ်ကျောင်းတွင် မိမိ၏ အနာဂတ် လုပ်ငန်း နှင့် ကိုက်မည့် စိတ်ကြိုက် ဘာသာရပ် ကို ရွေးချယ် လိမ့်မည်။ ကျောင်းစာအုပ် များ၏ အပြင်ဘက်တွင်လည်း မိမိ၏ အသိပညာ တိုးပွား ကြီးထွား လာ စေ မည့် အချက်အလက်များကို လုံလုံလောက်လောက် ရရှိ လာပေလိမ့်မည်။ ထိုအချိန် အတောအတွင်း၌ လုလင်သည် အက၊ သီချင်း၊ ဂီတ၊ ပန်းချီ အစရှိသော ခရီးလှည့်လည်သူ အတွက် အလွန်တရာ အသုံးဝင်မည့် အတတ်ပညာ များ ကိုလည်း သင်ကြား ဆည်း ပူး နိုင်သည်။

ယင်းကဲ့ သို့ နောက်ထပ် လေးနှစ်ကြာမျှ စောင့်ဆိုင်းနေခြင်း သည် အရှုံး ပေါ်လာနိုင်စရာ အကြောင်း မရှိပေ။ အနှစ် နှစ်ဆယ် သို့မ ဟုတ် နှစ်ဆယ့် နှစ်နှစ် အရွယ်တွင် တက္ကသိုလ် ပညာကို ပြီးပြတ်အောင် သင်ကြားလိုက်လျှင် ခရီးလှည့်လည် သွားလာရန် အတွက် လိုအပ်ချက် ဖူဖူလုံလုံ ရရှိသွားပြီ ဟူ၍ ထင်မှတ်စရာ မလိုပေ။

သိတတ်သည့် အရွယ် ရောက်လာလျှင် လုလင်သည် မည်သည့် အချိန်၌ မဆို အခိုင်အမာ ဆုံးဖြတ်ပြီးလျှင် အိမ်က ထွက်သွားနိုင် သည်။ နောက်ပိုင်း မိမိ ၏ ခရီးတွင် မိမိ ၏ အသိဥာဏ်နှင့် ရဲဝံ့စွန့်စားမှု သည် မိမိကို အကူအညီ ပေးလိမ့်မည်။ သို့ရာတွင် တစ် ဆယ့် နှစ်နှစ် အရွယ် ၌ အခိုင်အမာ ဆုံးဖြတ်ပြီးလျှင် ဆယ့်ခြောက်နှစ် အရွယ်၌ အပြင်ဘက် ထွက်ဖို့ရန် အတွက် အသုံးဝင်သော အတတ် ပညာ များ ကို သင်ကြား ဆည်းပူး ပြီးသည့် အချိန်၌ အိမ်က ထွက်ပြေးခြင်းသည် ဆိုးဆိုး ရွားရွား အပြစ်ပြောစရာ အကြောင်း မဟုတ်ပေ။ သို့ရာတွင် ခရီးလှည့်လည် သွားလာခြင်း အတွက် လိုအပ်သော ပညာရပ် များကို သင်ကြား တတ်မြောက်ပြီး မိမိ ကိုယ်ခန္ဓာ အနေနှင့် မည်သည့် အလုပ် မျိုး အတွက် မဆို အဆင်သင့် ဖြစ်နေသည့် အချိန်ကျမှ ခရီးလှည့်လည် သွားလာသော သူကိုသာလျှင် မဟာ ခရီး သည် ဟူ၍ ပြောဆိုနိုင် သည်။ ၂၂ နှစ် သို့မဟုတ် ၂၄ နှစ် အရွယ် ၌ အိမ်က ထွက်ခွာ သွားသော ခရီးသည်သည် ယင်းကဲ့သို့သော ဥာဏ ဗလ နှင့် ကာယ ဗလ နှစ်မျိုးလုံး ပြည့်စုံသူ ဖြစ်လာနိုင်သည်။ ထိုအချိန်၌ ခရီးသည် လုလင် အနေနှင့် အားငယ်စရာ မလို တော့ ပေ။ ကြောင့် ကြ ပူပန် စရာ လည်း မလိုတော့ပေ။

…………..
May 1st 2012
…………..
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
……………

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...