ဘယ်လမ်းရွေးမလဲ- စာသင်ခန်းလော၊ အထာနှင့်ဂွင်လော
- Published on Tuesday, 15 May 2012 04:49
- Written by မောင်ရမ္မာ
မေလ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမဂ္ဂဇင်းပါ သတင်းဆောင်းပါးတပုဒ်ဖြစ်သည့် After War Room, Heavy Ivy League Class Room ကို ဖတ်ပြီးနောက် ဒီမိုကရေစီနိုင်ငံကြီးတခု၏ အရပ်ဘက်-စစ်ဘက်တို့၏ ဆက်ဆံရေးသဘော သဘာဝ၊ စစ်ပြန် ဗိုလ်ချုပ်ကြီးတို့၏ အသိပညာ၊ အတွေ့အကြုံတို့သည် ကမ္ဘာကျော် တက္ကသိုလ်များ၏ စာသင်ခန်းများသို့တိုင် ဖြန့်ကျက်နိုင်သည်ကို တွေ့ရှိရသည်။
ဆောင်းပါ အချက်အလက်များမှာ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးများသည် စစ်တပ်မှအနားယူပြီးချိန်တွင် အမေရိကန်ထိပ်တန်း တက္ကသိုလ်များတွင် သူတို့ကျွမ်းကျင်ခဲ့သည် စစ်ရေးစစ်ရာများကို နောင်တချိန် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာကြမည့်လူငယ်များကို ပြန်လည် ပို့ချပေးသည့် အကြောင်းအရာများကို တင်ပြထားခြင်း ဖြစ်သည်။
မိမိဘ၀တလျှောက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပို့ချပေးခြင်းဖြင့် လူငယ်များအနေဖြင့်လည်း ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များထံမှ အတွေ့အကြုံနှင့် သဘောတရားများကို လေ့လာခွင့်ရရှိခဲ့သည်မှာ ကံကောင်းလေစွဟု တွေးမိသည်။
အာဖဂန်စစ်ပွဲအတွင်း နာမည်ကျော်ခဲ့သော ကြယ်လေးပွင့်အဆင့်ရှိ အမေရိကန်ဗိုလ်ချုပ်ကြီး စတန်လေ အေမက်ခရစ်စတေ သည် စစ်တပ်မှအနားယူပြီး အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော်တက္ကသိုလ်များတွင် စစ်သားဘ၀ အတွေ့အကြုံများ၊ အာဖဂန် စစ်မြေပြင်အတွင်း တွေ့ကြုံခဲ့ရသည့် စစ်ဘုရင်များနှင့်ညှိနှိုင်း ဆွေးနွေးပြီး အာဖဂန်နစ္စတန် တည်ငြိမ်ရေးကြိုးပမ်းခဲ့ပုံ၊ အမေရိကန်အစိုးရ၏ အာဖဂန်ဆိုင်ရာမူဝါဒ စသည့်အကြောင်းအရာများကို အိုင်ဗွီလိခ် ကျောင်းသားများနှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။
လက်ရှိ ယေးလ်တက္ကသိုလ်တွင် ပို့ချနေသည့် အကြောင်းအရာတွင် မြောက်ပိုင်းအိုင်ယာလန် ခွဲထွက်ရေးလှုပ်ရှားမှုနှင့် တောင်အာဖရိကနိုင်ငံ အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ပဋိပက္ခဖြေရှင်းပုံကို ပို့ချခဲ့ပြီး၊ ယခင်ပို့ချချက်များတွင် ၀က်ပင်လယ်အော် ကျူးကျော်မှုနှင့် ဗီယက်နမ်စစ်ပွဲ အကြောင်းများကိုလည်း ပို့ချပေးခဲ့သည်။ ယေးလ်တက္ကသိုလ်သို့ လာရောက်သည့်နေ့တွင် ကျောင်းသားများ၏ ဆန္ဒပြမှုကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း ကျောင်းသား အနည်းငယ်ခန့်ကသာ သဘောမကျကြောင်း ပြသခဲ့ကြသည်။
အမိမြန်မာပြည်အကြောင်း ပြန်လည်တွေးမိသည်။ စာရေးသူတို့ တက္ကသိုလ်နေစဉ်ကာလအတွင်း စစ်ယူနီဖောင်းဖြင့် တက္ကသိုလ်ပရ၀ဏ်အတွင်းသို့ ၀င်ရောက်လာပါက ကျောင်းသားအများစုသည် မျက်စောင်းထိုးကြည့်လေ့ရှိသည်ကို မှတ်မိနေသေးသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်နဲ့ခန္ဓာ ကိုပေးအပ်ထားသည့် စစ်သားများကို အထင်ကြီးလေးစားရမည့်အစား အထင်သေးသည့် စိတ်ဖြင့်ကြည့်ရှုနေသည့် အမိမြန်မာပြည်၏ စစ်ဘက်နှင့် အရပ်ဘက်တို့၏ အက်ကြောင်းထဲမှ အက်ကြောင်းကြီး တခုကိုမျက်မြင် တွေ့မြင်ခဲ့ရသည်။
ဗိုလ်ချုပ်ကြီး အေမက်ခရစ်စတေ၏ ဘ၀သည်လည်း စိတ်ဝင်စားရာကောင်းသော အချက်ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အိမ်ဖြူတော်အရာရှိကြီးများကို ဝေဖန်မှုကြောင့် အမေရိကန်နိုင်ငံရေးနှင့် သတင်းလောကတွင် အုတ်အော်သောင်းနင်း ဖြစ်ခဲ့သူ ဖြစ်သည်။ တဆက်ထဲမှာပင် ရာထူးမှ အနားပေးခံခဲ့ရသည်။
အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအရ စစ်တပ်မှာ အရပ်သားအုပ်ချုပ်ရေး လက်အောက်တွင်ရှိသည့်အတွက် အေမက်ခရစ်စတေ၏ ပြောဆိုချက်များသည် တပ်မှူးကြီးတဦး၏ ပြောဆိုရမည့်အချက်များနှင့် မကိုက်ညီဘဲ ဒီမိုကရေစီစနစ်ကို ထိခိုက်ကြောင်း အိုဘားမားမှ မှတ်ချက်ပေးကာ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရပ်စဲရန် အမိန့်ထုတ်လိုက်သော်လည်း သမ္မတ အမိန့်မထွက်လာခင်ကထက် စစ်ပွဲမှာပိုမို ပြင်းထတ်လာနေသည်ကို တွေ့ရသည်။ သမ္မတ၏ အနေအထားက သနားစရာ ဖြစ်သွားသည်။ အာဏာဆိုသည်မှာ သေနတ်ပြောင်းဝမှလာသည် သမ္မထံမှ လာသည်မဟုတ်ကြောင်းကို လက်တွေ့ ပြသလိုက်ခြင်း ဖြစ်သည်။
အကယ်၍များ အမိမြန်မာပြည်မှ စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် သူတို့၏ အတွေ့အကြုံဗဟုသုတကို ပြန်လည်ပို့ချခွင့် ရရှိခဲ့ပါက မည်ကဲ့သို့အတွေ့အကြုံများကို ပို့ချမည်နည်းဟု စဉ်းစားမိသည်။ အမိမြန်မာပြည်၏ တက္ကသိုလ် စာသင်ခန်းများတွင် ကချင်၊ ကရင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ကရင်နီ၊ချင်း၊ ရခိုင်စသည့် တိုင်းရင်းသားပေါင်းစုံရှိသည့် စာသင်ခန်းမျိုးဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်တဦးက ကရင်တို့၏ ဌာနချုပ် မာနယ်ပလောကို ထိုးစစ်ဆင်ခဲ့စဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်ပို့ချပါက ကရင်ကျောင်းသားများအနေဖြင့် မည်ကဲ့သို့ခံစားရမည်နည်။
မိမိတို့ညီအကို အချင်းချင်းသတ်ဖြတ်မှုများကို သူရဲကောင်းဘွဲ့တံဆိပ်များ တပ်ဆင်ပေးခြင်းသည် မှန်ကန်ပါ၏လောဟု ကျောင်းသားများမှ ပြန်လှန်မေးခွန်း ထုတ်ပါက စစ်ဗိုလ်ချုပ်အနေဖြင့် မည်ကဲ့သို့ အဖြေမျိုးကို ဖြေဆိုမည်နည်း။ တရားသောစစ်၊ သောင်းကျန်းသူများကို ချေမှုန်းသော စစ်ပွဲဟု ပြန်လည်ဖြေကြားလေမလားဟု စဉ်းစားမိသည်။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ၏ ဥက္ကဌ ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး မက်မူလန်သည်လည်း ပရင်စတန်တက္ကသိုလ်တွင် စစ်ရေးနှင့် သံတမန်ရေးရာများကို လာမည့်ဆောင်းဦးရာသီတွင် ပို့ချပေးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နံပါတ်ဝမ်းတက္ကသိုလ် ဖြစ်သည့် ဟားဗတ်တက္ကသိုလ်သည် ကြယ်လေးပွင့် အဆင့်ရှိ စစ်ဗိုလ်ချုပ်များကို ဖိတ်ကြားကာ ဟောပြောပို့ချမှုများ အမြဲပြုလုပ်လေ့ ရှိသည်။ ဧပြီလအတွင်း ယခု အမေရိကန် ဗဟိုထောက်လှမ်းရေး အကြီးအကဲ အဖြစ်တာဝန်ယူနေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဒေးဗစ်ပီထရစ်ယာစ် မှလည်း ဟားဗတ်တက္ကသိုလ်တွင် လက်ချာပေးခဲ့သည်။
အထက်ဖော်ပြပါ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးများကဲ့သို့ အမိမြန်မာပြည်မှ စစ်သားများသည်လည်း မည်သည့်အချိန်တွင် အရပ်ဖက်တာဝန်များကို ယူနိုင်မည်နည်း။
လက်ရှိမြင်တွေ့နေရသော မြင်ကွင်းများတွင်ကား မြန်မာစစ်ဗိုလ်ချုပ်များ စစ်တပ်မှ အငြိမ်းစားယူပြီးသော အချိန်တွင် အရပ်ဘက်ဆိုင်ရာ အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်မှု မရှိသည်ကိုတွေ့မြင်နေရသည်။ ဤကဲ့သို့ အငြိမ်းစားကာလတွင်း အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် သုတေသနဌာနများ၊ တက္ကသိုလ်များတွင် စစ်သားကာလ အတွေ့အကြုံများကို ပြန်လည်ပို့ချပေးမည် ဆိုပါက ကျောင်းသားများအနေဖြင့် ကြီးမားသော အတွေ့အကြုံနှင့် အသိအမြင်ဖလှယ်မှုကို ရရှိစေလိမ့်မည်ဟု တွေးမိသည်။
သို့ရာတွင် အမိမြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်တို့မှာကား အငြိမ်းစားကာလ ကျန်ရှိနေသော လူ့ဘ၀အချိန်များကို အထာနှင့်ဂွင်တို့ ဖန်တီးသည့်နေရာ ဂေါက်ကွင်းတို့တွင်သာ ဘ၀၏နောက်ဆုံးအချိန်ကို ဖြုန်းတီးလေ့ရှိသည်ကို တွေ့ရသည်။
စစ်ဗိုလ်ချုပ်များအနေဖြင့် စစ်တပ်မှ အငြိမ်းစားယူပြီးနောက်ပိုင်း အရပ်ဘက်ဆိုင်ရာများတွင် တာဝန်မယူရဲ၊ တာဝန်မယူနိုင်သော်လည်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက်တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အချို့ ပညာရေးနယ်ပယ်တွင် ကြီးမားသည့် တာဝန်ကို ထမ်းဆောင်နေသည်ကို တွေ့ရသည့်အတွက် ၀မ်းသာပိတိဖြစ်မိသည်။ အားတက်မိသည်။
စစ်ဘက်ဆိုင်ရာ တာဝန်များမှ အနားယူပြီးချိန်တွင် နယ်စပ်ရှိသန်းနှင့်ချီသော အမိမြန်မာပြည်လူထုအတွက် မရှိမဖြစ်လိုအပ်သည့် ပညာရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ကြသည့် တော်လှန်ရေးသမား စစ်ပြန်များ၏ ဘ၀တန်ဘိုးကား ကြီးမားပေစွဟု တွေးမိသည်။
နောင်တချိန်တွင် အမိမြန်မာပြည်မှ စစ်ဗိုလ်ချုပ်များသည်လည်း အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် မိမိပိုင်ဆိုင်ထားသည့် အရည်အချင်းများနဲ့ ကိုက်ညီသော တာဝန်များကို ထမ်းဆောင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။ အမိမြန်မာနိုင်ငံမှ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်များအနေဖြင့် နောင်တချိန်တွင် အထာနှင့်ဂွင်တို့ထက် တန်ဘိုးရှိသော နေရာများကိုရွေးနိုင်သည့် အတွေးအခေါ်များ ပိုင်ဆိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
မောင်ရမ္မာ
http://www.maukkha.org/index.php/feature-article/2109-maukkha-after-war-room-heading-ivy-league-classroom#.T7Hwk0LSjS4.facebook
0 comments:
Post a Comment