Wednesday, May 2, 2012

ရေတွင်းထဲမှ ကလေးငယ်


by Zeyar Htun on Wednesday, May 2, 2012 at 10:16pm 


အချိန်က နေ၀င်ဖျိုးဖျ။ မှောင်ရီသမ်းစဖြစ်သည်။ တောဓလေ့ တောသသဘာဝအလိုက် ကလေးများ စုဝေး၍ ကစားနေကြ၏ ။ အချို့က စိန်ပြေးတမ်း ကစားနေကြသည်။ အချို့က တူတူပုန်းတမ်း ကစားနေကြသည်။ လူကြီးများမှာ စားသောက်ပြီးကြ၍ အေးအေးဆေးဆေး အနားယူနေကြ၏ ။ ငြိမ်းချမ်းသည် ဘကြီးမှုံနှင့်အတူ အိမ်ရှေ့ခုံတန်းတွင် ထိုင်၍ စကားပြောနေ၏ ။

ထိုအချိန်တွင် ရွာအ၀င်ပေါက်နားရှိ ရေတွင်းမှ "၀ုန်း" ဟူသော အသံကိုကြားရသည်။ ဘကြီးမှုံ၏အိမ်နှင့် သိပ်မဝေးသောကြောင့် ငြိမ်းချမ်းကောင်းကောင်းကြားလိုက်ရ၏ ။ ရေပုံးကိုတစ်ယောက်ယောက်က ဆောင့်ငင်နေသည်ထင်၍ အမှတ်တမဲ့သဘောထားလိုက်မိသည်။ သို့ရာတွင် ချက်ချင်းလိုပင် အော်သံတစ်ခု ထွက်လာ၍ ငြိမ်းချမ်းရော၊ ဘကြီးမှုံပါ အထိတ်တလန့် ဖြစ်သွားကြ၏ ။

"ကလေးတစ်ယောက် ရေတွင်းထဲကို လိမ့်ကျသွားတယ်ဗျို့ လုပ်ကြပါဦးဗျို့"

ရေတွင်းအနီးမှ စက်ဘီးစီး၍ဖြတ်လာသော ကိုအောင်သန်းက အော်လိုက်သည်။ သို့ရာတွင် ကိုအောင်သန်းသည် ရေတွင်းဆီသို့မသွား၊ စက်ဘီးကို သူ့အိမ်သို့ တအားနင်းသွားသည်။
"ဟဲ့ လှရင် လှရင် ကလေးတွေ ရှိရဲ့လား ကြည့်စမ်း၊ ဟိုမှာ ကလေးတစ်ယောက် ရေတွင်းထဲ လိမ့်ကျသွားတယ်၊ ထွန်းထွန်းရော အောင်အောင်ရော"
ကိုအောင်သန်း၏ အသံမှာ ထိတ်ထိတ်ပြာပြာ ဖြစ်နေသည်။ ခဏအတွင်းမှာပင် ရွာတောင်ပိုင်းတစ်ခုလုံး ဆူညံဆူညံ ဖြစ်သွား၏ ။

"ကလေးတစ်ယောက် ရေတွင်းထဲကျလို့တဲ့ဟေ့၊ ဟဲ့ ဖိုးကြီးတို့၊ ဖိုးငယ်တို့ ရှိကြရဲ့လားဟေ့၊ ခင်လှရေ ဟဲ့ ခင်လှ ကလေးတွေ ကြည့်စမ်း၊ ခင်လှမြန်မြန်လုပ်စမ်းပါဟဲ့"
"အောင်မလေး ကိုအုန်းမောင်၊ လုပ်ပါအုံး၊ တော့်သားမရှိဘူး၊ လုပ်ကြပါဦးတော့်၊ ရှာကြပါအုံး"
"အောင်ဝင်းရေ၊ ပြုံးကြည်ရေ၊ ဟဲ့ကလေးတွေရော"
ကိုယ့်ကလေး ကိုယ်အော်ကြ၊ ခေါ်ကြ၊ ရှာဖွေကြဖြင့် ပွက်ပွက်ညံသွား၏ ။

ငြိမ်းချမ်းနှင့် ဘကြီးမှုံတို့က ကိုအောင်သန်းအော်သံ ကြားကြားချင်း ရေတွင်းဆီသို့ ပြေးကြသည်။ ငြိမ်းချမ်း ရေတွင်းထဲ ငုံ့ကြည့်သည်။ ဘာမှမမြင်ရ၊ မှောင်မည်းနေသည်။ တစ်ချက်တစ်ချက် ရေပွက်သံ ကြားရသည်။

"ကဲ ဘကြီးမှုံ ကျွန်တော်ဆင်းမယ်" ငြိမ်းချမ်းက အကျီချွတ်ရင်း ပြောလိုက်သည်။
"ဖြစ်ပါ့မလား ဆရာ၊ ရေတွင်းက ဆင်းဖို့ မလွယ်ဘူး"
ငြိမ်းချမ်းက အကျီကို ဘကြီးမှုံအား လှမ်းပေးလိုက်သည်။ ပုဆိုးကို ခါးတောင်းကျိုက်ပြီးနောက် ရေတွင်းဘောင်ပေါ်သို့ တက်လိုက်သည်။ ထိုအချိန်တွင် ဆန်စက်မန်နေဂျာကိုထွန်း ရောက်လာသည်။
ငြိမ်းချမ်း ဆင်းကြည့်သည်။ ရေတွင်းမှာ ရေညှိများဖြင့် ချောနေ၏ ။ ခုန်ချရမည်ကလည်း တော်တော်နက်သည်။ ရေထဲသို့ လွတ်လွတ်ကင်းကင်းကျလျှင် အကြောင်းမဟုတ်၊ ကလေးပေါ်သို့ တည့်တည့်ကျလျှင် ဒုက္ခဖြစ်မည်။

"နေအုံးဆရာ နေအုံး၊ ကျွန်တော် ကြိုးသွားယူမယ်"
ကိုထွန်းသည် စက်ထဲသို့ အမြန်ဆုံးပြန်ပြေးကာ ကြိုးရှည်ရှည်တစ်ချောင်းယူလာ၏ ။ ကြိုးစတစ်ဖက်ကို ရေတွင်းအနီးမှ တိုင်တွင် ချည်လိုက်သည်။ ထို့နောက် ကြိုးကို ရေတွင်းထဲ ချပေးလိုက်၏ ။ ငြိမ်းချမ်းသည် ကြိုးကိုဆွဲ၍ ရေတွင်းထဲသို့ လျောချလိုက်သည်။

ကလေးမှာ ရေတွင် မြုပ်နေပြီ။ ငြိမ်းချမ်း ရေငုပ်၍ ရှာရ၏ ။ ရေတွင်းဘေးတွင် ရွာသူ၊ရွာသားတွေ အများကြီး ရောက်နေကြပြီ။ ဆူညံစွာ အော်ဟစ်ပြောဆိုရင်း ရေတွင်းထဲ ငုံ့ကြည့်နေကြ၏ ။ အချို့က လက်နှိပ်ဓါတ်မီးဖြင့် ထိုးထားကြသည်။

"ဟ ဆရာ ကြာလှချည်လားကွ" ဘကြီးမှုံက စိုးရိမ်စိတ်ဖြင့် အော်ပြောလိုက်သည်။
"ဟာ ဟိုမှာ ပေါ်လာပြီ။ ပေါ်လာပြီ"

ငြိမ်းချမ်းသည် ရေပေါ်သို့ရောက်ရောက်ချင်း လက်တစ်ဘက်ဖြင့် ကြိုးကို လှမ်းဆွဲလိုက်သည်။ ကလေးမှာ သူ၏လက်တစ်ဘက်တွင် ပိုက်၍ ပါလာ၏ ။

"ကလေးပါတယ်ဟေ့၊ လုပ်ကြပါဦး၊ တစ်ယောက်ဆင်းကြပါအုံး၊ ဘယ်သူ့ကလေးလဲဟ"
တစ်ယောက်တစ်ခွန်းပြောသံများဖြင့် ဆူနေသည်။ ခုချိန်ထိ သူ့ကလေး၊ ကိုယ့်ကလေး မေးကြဆဲဖြစ်၏ ။ အချို့က လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်ကြသည်။ သို့ရာတွင် ကလေးမှာ ငြိမ်းချမ်း၏လက်ထဲတွင် မှောက်ရက်ဖြစ်နေ၍ မျက်နှာကိုမမြင်ရ။ ငြိမ်းချမ်းသည် ရေတွင်းဘောင်ကို ခြေဖြင့်ကုပ်၍ ရပ်ရန်ကြိုးစားသည်။ သို့ရာတွင် ရေတွင်းမှာ ကျယ်လည်းကျယ်၍ ချောလည်းချောနေသောကြောင့် ခြေကုပ်၍မရ။

ကိုထွန်းက ကြိုးတစ်ချောင်းဖြင့်ဆင်းက ငြိမ်းချမ်းကို ကူညီသည်။
ကိုထွန်း၏ အကူအညီဖြင့် ငြိမ်းချမ်းက ကလေးကို သူ့ပုခုံးပေါ် ရောက်အောင်တင်ပြီးလျှင် ရေမြန်မြန်အန်အောင် လုပ်ရသည်။ ကလေးပါးစပ်မှ ရေများ အန်ထွက်လာသည်။ သို့ရာတွင် ကလေးမှာ ငြိမ်းချမ်းပုခုံးပေါ်တွင် ပျော့ခွေနေ၏ ။

"အောင်မလေး အဲဒါကျုပ်သားလေးပါ့တော့၊ သားလေးသေပါပြီတော့၊ ညနေကမှ ဒီဘောင်းဘီနဲ့ အင်္ကျီကို ၀တ်သွားတာပါတော့၊ သန်းရွှေရေ အမေရင်ကျိုးပြီဟဲ့"
ဘကြီးမှုံ၏ ထရံအလုပ်သမား ဦးမောင်ကြီး၏ဇနီး ဒေါ်စိန်လှက အော်လိုက်သည်။ ဒေါ်စိန်လှကို ဆွဲသူကဆွဲ၊ အော်သူကအော်၊ ငေါက်သူကငေါက် လုပ်နေကြသည်။ သေပြီ၊ မသေဘူး ငြင်းသူကငြင်း နေကြသည်။

"ဆရာရေ ကျွန်တော်ရှိတယ်ဗျို့၊ ကလေးကိုအပေါ်ရောက်အောင်သာ လုပ်ပေး၊ အသက်ရှုအောင် ကျွန်တော်လုပ်မယ်"
ကျန်းမာရေးဆေးမှုးက ရေတွင်းပေါ်မှ အော်ပြောလိုက်သည်။ ငြိမ်းချမ်း ၀မ်းသာသွား၏ ။
"ဆရာမြလားဗျို့၊ ဟုတ်ပြီ ဟုတ်ပြီ၊ ဆရာရှိနေတာ ဟန်ကျတယ်၊ ကြိုးရှိရင် ချပေးကြအုံးဗျို့"
ငြိမ်းချမ်းက ရေတွင်းထဲမှ ပြန်အော်လိုက်သည်။ ရွာသားများက ကြိုးများကို ချပေးကြသည်။

"ဆရာရေ ကျွန်တော်တို့ ကလေးကို ခါးမှာတစ်ချက်၊ ရင်ဘတ်မှာတစ်ချက် ကြိုးနှစ်ချောင်း ချည်လိုက်မယ်၊ အပေါ်ကို ဆွဲတင်ရင် ရမလား" ငြိမ်းချမ်းက အော်မေးလိုက်သည်။
"ရတယ်၊ ရတယ်။ မြန်မြန်လုပ်၊ မှောက်ရက်အနေအထားအတိုင်းချည်၊ ကျွန်တော်တို့အပေါ်က ကြိုးနှစ်ချောင်းကို ထိန်းပြီးတင်မယ်" ဆေးမှုးက ပြန်အော်ပြောသည်။

ငြိမ်းချမ်းထမ်းထားသည့်အတိုင်း ကိုထွန်းက ကလေး၏ခါးကို ကြိုးတစ်ချောင်းဖြင့် မြဲအောင် ချည်လိုက်သည်။ အပေါ်ကလူများက ကြိုးကို ဆွဲတင်သည်။ နောက်ကြိုးတစ်ချောင်းဖြင့် ကလေး၏ချိုင်းကြားမှ ရင်ဘတ်ကို ရစ်ပတ်၍ချည်လိုက်ပြန်သည်။
"ကဲ ကြိုးနှစ်ချောင်းညှိပြီး ဖြည်းဖြည်းချင်း ဆွဲတင်ကြ" ကိုထွန်းက အပေါ်သို့ အော်ပြောလိုက်သည်။
အပေါ်မှလူများ ဖြည်းဖြည်းချင်း ဆွဲတင်ကြသည်။ လက်နှိပ်ဓါတ်မိးများကလည်း ၀ိုင်း၍ ထိုးထားကြ၏ ။
ကလေးအပေါ်သို့ရောက်သည်နှင့် ကြိုးများကို အမြန်ဖြည်ပြီးလျှင် ဆေးမှုးက ကလေးကို ပုခုံးမှာထမ်း၍ ကျန်သည့်ရေများ အန်အောင်လုပ်သည်။ ရေကုန်သောအခါ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ရှုအောင် ပြုစုပေးသည်။ ခဏကြာသောအခါ ကလေး အသက်ရှုလာသည်။ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ လူများ ၀မ်းသာအားရ အော်ဟစ်ကြသည်။

"ဟ ရေတွင်းထဲက ဆရာတို့ကိုရော တက်နိုင်ရဲ့လား ကြည့်ကြပါအုံးဟ"
လူကြီးတစ်ယောက်က အော်လိုက်မှ ကလေးကို ၀ိုင်းကြည့်နေသူအချို့ ရေတွင်းဆီသို့ လာကြည့်ကြသည်။ ရေတွင်းထဲတွင် မှောင်နေသည်။
"ဟ လက်နှိတ်ဓါတ်မီး ထိုးကြည့်ပါဦးဟ"
တစ်ယောက်က ပြေးလာ၍ လက်နှိတ်ဓါတ်မီး ထိုးပြလိုက်သည်။ ကိုထွန်းက ချောနေသော ရေတွင်းနံရံကို ကြိုး၏အကူအညီဖြင့် ကုပ်ကပ်တက်နေ၏ ။ ငြိမ်းချမ်းမှာ ရေတွင်းထဲတွင် ရှိသေးသည်။

"ကျွန်တော်တို့ ကိစ္စမရှိဘူး၊ ကလေးသာ ဂရုစိုက်ကြပါ" ငြိမ်းချမ်း အော်ပြောလိုက်သည်။ သို့ရာတွင် ဆောင်းတွင်းကာလလည်းဖြစ်၊ ရေထဲမှာလည်း ကြာသွားသောကြောင့် ငြိမ်းချမ်းမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေပြီ။
ကိုထွန်းအပေါ်ရောက်သွားမှ ငြိမ်းချမ်း ဆက်တက်ရသည်။
ငြိမ်းချမ်းအပေါ်ရောက်သွားသောအခါ ကလေးမှာ မန္တလေးဆေးရုံသို့ ပို့ရန်အတွက် ကားပေါ်သို့ပင် ရောက်နေပြီ။ ငြိမ်းချမ်းက ကားဆီသို့ ပြေးသွားသည်။ ဆေးမှုးက ငြိမ်းချမ်းနှင့်ကိုထွန်းအား နွေးနွေးထွေးထွေးနေကြဖို့ပြောသည်။ ကလေးအတွက် စိတ်ပူစရာမရှိကြောင်းပြော၍ သူကိုယ်တိုင် မန္တလေးဆေးရုံကြီးသို့ လိုက်ပို့သည်။
ကလေးမှာ ဆေးရုံတွင် နှစ်ရက်သာနေရသည်။ နေကောင်းသွားသောကြောင့် ပြန်ဆင်းလာရ၏ ။

ရွာထဲတွင်ကား အမြောက်တပ်မှ ရဲဘော်ဟောင်းကြီးဦးလှမောင် ပြောစကားကို လူတိုင်းပြန်ပြောနေကြသည်။

"ကလေးတစ်ယောက် ရေတွင်းထဲကျတယ်ဆိုတော့ ကိုယ့်ကလေးကို လိုက်ရှာနေလိုက်ကြတာ ဘယ်သူမှ ရေတွင်းထဲ မဆင်းကြဘူး။ ကျောင်းဆရာဦးငြိမ်းချမ်းက ဆင်းရတယ်။ ကျောင်းဆရာကတော့ မဆင်းလို့ ဘယ်ဖြစ်မလဲ တစ်ရွာလုံးမျာ ရှိတဲ့ကလေးတွေအားလုံးဟာ သူ့ကလေးချည့်ကိုး"

ပန်းမြိုင်လယ်မှ ဥယျာဉ်မှုး/လယ်တွင်းသားစောချစ် (၁၉၇၈ တွင်ရေးသားသည်)

(ကျောင်းအပ်ချိန်နီးလာပြီဖြစ်၍ ပန်းမြိုင်လယ်မှ ဥယျာဉ်မှုးကို ကျွန်တော် ပြန်ဖတ်မိပါသည်။ - ဇေယျာထွန်း ဧပြီလ ၃ရက်။ ၂၀၁၂ ခုနှစ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...