Wednesday, May 23, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ပဉ္စမပိုင်း)။ ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်


by Lu Maw on Wednesday, May 23, 2012 at 3:22am ·


တာတိုတာရှည် အနာဂတ်ကို မျှော်ကြည့်လိုက်လျှင် တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ဘ၀ကို မြှင့်တင်ပြီး အားလုံးကိုလည်း အကျိုးပြု၊ အပြည်ပြည်ဆိုင်ရာ မြင်ကွင်းမှာလည်း ဂုဏ်ဆောင်စေမယ့် လုပ်နိုင်စရာ ရင်းနှီးမြှပ်နှံမှုတွေ ရှိပါတယ်။ ဒီလို ရင်းနှီးလိုက်လျှင် ဘယ်လောက်အကျိုးရှိတယ် ဆိုတာကလည်း သမိုင်းကြောင်းသက်သေခံတွေက အတည်ပြုပြီးသားပါ။
မြန်မာမှာတော့ ပိုပြင်းပြင်းထန်ထန် လုပ်ဖို့လိုမယ်။ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အကြံအစည်တွေ စီမံချက်တွေ ဖော်ထုတ်ဖို့ လိုလိမ့်မယ်။ မြန်မာပြည်ရဲ့ ထူးခြားချက်က ပြင်ပကမ္ဘာမှာ ဒုံပျံတက်နှုန်းနဲ့တက်နေတဲ့ အခါသမယမှာတိုင်းပြည်ကို ရာစုနှစ်ထက်ဝက်လောက် ပိတ်ထားတာဆိုတော့ လုပ်စရာတွေ ဘယ်လောက်များ ၊ ဘယ်လောက်ခက်မယ်ဆိုတာ မပြောပဲနဲ့ သိနိုင်တယ်ထင်ပါတယ်တကယ်တော့ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က အိမ်နီးချင်းတွေကို အမီလိုက်ရုံမကသေးဘူး ပိုပြီး ရှေ့လွန်တဲ့ အဝေးရောက် ပန်းတိုင် ဖြစ်ရပါမယ်။ ဒါမှသာတော်ရုံကျမှာ ။ အခြားသူတွေကလည်း ငြိမ်ရပ်နေတာ မဟုတ်ဘူး။

  တိုင်းပြုပြည်ပြု ကောင်းသော ပြောင်းလဲရေးများ ပေါက်မြောက်အောင်မြင်ရေးမှာ အထူး အရေးပါတာက လွတ်လပ်ခိုင်မာ ရဲရင့်စွာ အတိမ်းအစောင်းမခံဘဲ တာဝန်ကို ထမ်းရွက်မယ့်တရားရေးရာ မဏ္ဍိုင် ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီတိုင်းပြည်တိုင်းရဲ့ မရှိမဖြစ် လိုအပ်ချက် တစ်ခုပါ။ လက်ရှိ မြန်မာ့အခြေကတော့ ဒီမဏ္ဍိုင်က အလွန်တရာ အားနည်းနေတာ အမှန်ပါ။ မဏ္ဍိုင် အားလုံးထဲမှာ အားအနည်းဆုံး အပျော့ညံဆုံး ဖြစ်နေတယ်။ လွတ်လပ်ခိုင်မာပြီး ရဲရင့်စွာ တာဝန်ကို နောက် မတွန့်ဘဲ ထမ်းဆောင်မယ့် တရားရေးရာ စနစ် ဖြစ်ရပါမယ်။ ဒီစနစ်ကတော့ သိကြတဲ့အတိုင်း ယိုယွင်းနေတာကြာပါပြီ။ အခြား ကဏ္ဍတွေလိုပဲ ဖြစ်နေတာ။ စနစ်အတွင်းက လူအပေါင်းကိုပြုပြင်ပြောင်းလဲဖို့ဆိုတာကလည်း အလွန်တရာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲ ။ ရင်ဆိုင်ဖို့ရာ ကြီးမားတဲ့တွန်းအားနဲ့ သတိလိုလိမ့်မယ် ။ တစ်နည်းအားဖြင့်ဆိုလျှင် ဒီပျော့ကွက်ဟာ အခု ကြိုးပမ်းနေတဲ့ (စနစ်ရော လူပါ) ပြောင်းလဲမှုကြီး အောင်မြင်မှုရဲ့ ခလုတ် ကန်သင်းလို ဖြစ်တော့မယ်။ ဖွဲ့စည်းပုံ အခြခံ ဥပဒေ အရရော လက်တွေ့ကျင့်သုံးနေပုံမှာရော ဒီအားနည်းချက်က မြန်မြန် အပြောင်းအလဲ လုပ်သင့်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီအချက်ဟာ အထက်က ဖော်ပြခဲ့တဲ့ ကဏ္ဍကြီးသုံးခုစလုံးနဲ့ ဆက်နွယ်နေတယ်ဆိုတာ လူတိုင်းရိပ်စားမိမှာပါ။ အထူးတလည် ပတ်သတ်ရာပတ်သတ်ကြောင်းရှိတာမို့ အန္တရာယ်အရှိဆုံးကတော့ လာဘ်ပေးလာဘ်ယူကိစ္စမှာ ဖြစ်မယ်။ လူဆိုရာမှာ အကျင့်စရိုက်က သူ့ဘ၀ပုံရိပ်ကို ပုံဖော်ဖန်တီးမှုအပိုင်းက မသေးဘူး ။ အကျင့်ရဲ့စိုးမိုးမှုက အလွန် တန်ခိုးထက်ပါတယ် ၊ အထူးသဖြင့် အကျင့်ဆိုး ငွေကြေး (သို့) အခြားသော အကျိုးအမြတ်တွေကို ပေးခဲ့တဲ့ ဓလေ့ဆိုလျှင် ဘယ်ဖျောက်ဖျက်ချင်ပါ့မလဲ။ ဒီအကျင့်ဆိုးကို အောင်မြင်စွာ သွတ်သွင်းပေးခဲ့တဲ့ အရင့်အရင် အစိုးရတွေရဲ့ ပယောဂတွေ အများကြီး ပါပါတယ်။ ဒီတော့ မှန်ကန်သန့်ရှင်းတဲ့ တရားရေးရာမဏ္ဍိုင် ဖြစ်လာအောင် ပြတ်ပြတ်သားသား ကြပ်မတ် ပြုပြင်ပေးရမယ် ဆိုတာက အစိုးရသစ်ရဲ့ ဗဟို အချက်အချာကျတဲ့ ဦးတည်ချက်တစ်ခု ဖြစ်လာရမယ်။

      အထက်က အဆိုပြုခဲ့တဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်စရာတွေက ဘာလဲလို့မေးလျှင် ထိပ်ဆုံးက ပါရမှာကတော့ ပညာရေးမှာ ရင်းနှီးမြှပ်နှံခြင်းပဲ ဖြစ်မယ်။

          ၁။ လောလောဆယ် ပညာရေး လောကရဲ့မြင်ကွင်းကို သုံးသပ်လိုက်လျှင် ထူးခြားတဲ့ သာရည်ကတော့ မြန်မာတွေ စာရေးတတ် ဖတ်တတ်သူနှုန်း အလွန်ကောင်းတာကို ထောက်ပြရလိမ့်မယ်။ အင်မတန်မှ ထူးခြားတဲ့ သာရည်ပါ။ တိုင်းပြည်ကို ကောင်းကျိုးပြုရာမှာ ဒီအရည်အသွေးက သူမတူအောင်စွမ်းတယ်ဆိုတာကတော့ အခြား စာတတ်နှုန်းနည်းတဲ့ တိုင်းပြည်တွေနဲ့ ယှည်ကြည့်တော့မှ ထင်ရှား သိသာ ဖြစ်လာတယ်။
       ဒီကောင်းမှု ကုသိုလ်အတွက်တော့ ပုဂံခေတ်ကစပြီး တည်ရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေကို ကျေးဇူးတင်ရလိမ့်မယ်။ ဒါပေမယ့် ဒီအခြေခံကို အခွင့်ကောင်းယူပြီး တိုးချဲ့ အသုံးချ၊ ပြီးတော့ ပိုမိုကျယ်ပြန့်ပြီး လက်တွေ့မှာလည်း ဘ၀နဲ့ ကိုက်ညီတဲ့ တက်လမ်းရှိတဲ့ ပညာရေး လမ်းကြောင်းများကို တီထွင် ဖေါ်ထုတ် လုပ်မပေးနိုင်ခဲ့ဘူး။ သိကြတဲ့အတိုင်း အခုခေတ် မြန်မာမှာက စင်ပြိုင် ပညာရေးစနစ် ၂ မျိုး ရှိနေပါတယ်။ ၁။ ကတော့ နိုင်ငံတော်အစိုးရရဲ့ ပညာရေးစနစ် ၊ ၂။ ကတော့ခေတ်မီ သင်ကြားရေးစနစ်ကိုသုံးပြီး ကျကျနန နိုင်နိုင်နင်းနင်း ဆရာဦးရေများများနဲ့ သင်နေတဲ့ ကျောင်းတွေပါ။ အဆင့်မြင့်ပါတယ်။ အရေအသွေးကွာသလို ကုန်ကျစရိတ်ကလည်း အလွန်ကွာပါတယ်။ တတ်နိုင်တဲ့သူ နည်းပါတယ်။ထိပ်တန်း အလွှာ လက်တစ်ဆုပ်စာသာ တက်နိုင်တာ။ ဒီတော့ ဆင်းရဲတဲ့သူ သားသမီးတွေနဲ့ အထက်လွှာက ကလေးတွေကြား ကွာဟမှုဟာ နက်သတဲ့နက်လာတော့မယ်။  ဆင်းရဲချမ်းသာကွာဟမှု ချောက်ကမ်းပါးကြီးက ပိုကျယ်လာမယ်။
       မြန်မာပြည်မှာက ၆၅-၇၀ ရာခိုင်နှုန်းသော ပြည်သူတွေက တောနေလူထု ဖြစ်ပါတယ်။ သူတို့ရဲ့ပညာရေးကောင်းမွန်ပါမှ တိုင်းပြည်ပညာရေးက ကောင်းမှာ၊ အခုလို (knowledge-based society) ပညာ အခြေခံ လူးအဖွဲ့အစည်းဖြစ်ဖို့ လိုတဲ့အခါမှာ ပညာရေးမှာ  သူတို့ကို ဦးစားမပေးထိုက်ဘူးလား။ လူငယ်တွေ ပညာရေးရဲ့ အဓိက ဦးတည်ချက်ဟာ နောင် အသက်မွေးဝမ်းကျောင်းအတွက် ဘ၀ရှေ့ရေးကောင်းဖို့အတွက်ဆိုလျှင် လုပ်ငန်းခွင်မှာ တကယ်ပဲ အသုံးကျတဲ့ လက်တွေ့ဆန်တဲ့ ပညာရေးမျိုးပေးထိုက်ပါတယ် ။ လူငယ်တွေ ဘာကိုရွေးလို့ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုလည်း အသိပေးထိုက်ပါတယ် ။မျက်မှောက်ကာလမှာက ကျွန်မတို့ တိုင်းပြည်ဟာ ပြင်ပတိုင်းပြည်တွေအတွက် ပညာရေးဈေးကွက်ကောင်းကြီးဖြစ်နေတယ်။ အိမ်နီးနားချင်းနဲ့ အင်္ဂလန် စတဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိ ကျောင်းတွေက သူတို့ဆီ စာလာသင်ဖို့ အရေးကို ဟောပြောပွဲတွေ ပြပွဲတွေ လုပ်နေကြတယ်။ ဘာဘွဲ့ကိုရပြီး ဘာဆက်လုပ်နိုင်တယ် ၊ ဘယ်လို တက်လမ်း ရှိတယ်၊ ဘယ်လို လူမျိုးနဲ့ အသင့်တော်ဆုံးဖြစ်တယ်ဆိုတဲ့ သတင်းအကြောင်းအရာတွေကို ပြောပြတယ် အလွန်ကောင်းတဲ့ ၀န်ဆောင်မှုလို့ ဆိုရမှာပါ။ ဒီလို ပုံစံဆန်ဆန် အောက်ခြေမှာလည်း လုပ်ပေးဖို့ ကောင်းပါတယ်။ ဥပမာ - ဆယ်တန်းမအောင်တဲ့သူတွေက ဘယ်သင်တန်းမျိုးတက်နိုင်တယ် ၊ ဘယ်လို အလားအလာ ရှိတယ် ။ ဆယ်တန်းအောင်တဲ့သူတွေအတွက်က ဘယ်လိုအခွင့်အရေးရှိတယ်၊ တက်လမ်းက ဘယ်လို ဆိုတာမျိုး တွေ့ဆုံပွဲ ရှင်းလင်းပွဲတွေ လုပ်ပေးနိုင်တယ်၊ ကျောင်းဆရာတွေ မိဘဆရာအသင်းက ကမကထ လုပ်ပြီး ရပ်မိရပ်ဖ တွေကအားပေးထောက်ကူ လုပ်နိုင်ပါတယ်။ အခုတော့ လူငယ်တွေက သူတို့နယ်မှာရှိတဲ့ကျောင်း တစ်ကျောင်းကို တက်လိုက်တာပဲ ၊ ကိုယ်နဲ့သင့်တော်တယ် ၊ ကိုယ့်စရိုက်နဲ့ ကိုက်ညီတယ်၊ ရှေ့အလားအလာ ဘယ်လိုရှိတယ်ဆိုတာ ထည့်မတွက်တော့ဘူး ။ သူတို့ အဆုံးအဖြတ်ပေးနိုင်အောင် အကူအညီ ပေးထိုက်တယ်။ ဘာကိုပဲ ရွေးရွေး အနာဂတ်မှာ အဆင့်ဆင့် တက်လမ်း လှေကားထစ်တွေကိုလည်း ဖွင့်ပေးထားရမယ်။ သူတို့ကိုလည်း ဒီအကြောင်းနဲ့ ပတ်သတ်ပြီး လမ်းညွှန်မှုပေးနိုင်ရမယ်။
    ပညာရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက် တင်ပြပါရစေ။ ဒါကတော့  အမျိုးသမီးတွေ ပညာတတ်ဖို့က တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေ ကောင်းကျိုးအတွက် အလွန်လေးနက်တဲ့ အကောင်းပြုရလဒ် ရနိုင်တယ်ဆိုတာပဲ။ ဦးစွာပထမ အမျိုးသမီးတွေဟာ တိုင်းပြည် လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတယ်။ အခုအချိန်လို တစ်တိုင်းပြည်လုံး စနစ်သစ်နဲ့ ထူထောင်နေစဉ်မှာ လူအရင်းအမြစ် ၊ လူအင်အား ရသလောက် အိတ်သွန်ဖာမှောက်ဆိုသလို အပြည့်အ၀ လိုမှာပါ။ ဒီတော့ အမျိုးသမီးတွေရဲ့ အင်အား၊ လုပ်အားကို ထိထိရောက်ရောက် သုံးရတော့မယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးတွေဟာ အလွန်ထက်မြက်ပြီး လုပ်ရည်ကိုင်ရည် ကောင်းတဲ့ သူတွေပါ။
(Effectiveness and Efficiency)  ထိရောက်မှုမှာ အမျိုးသားတွေထက်သာတာတွေတောင် ရှိပါတယ်။ သူတို့အင်အားကို အထင်မသေးပါနဲ့ ၊ အလဟဿ မဖြစ်ပါစေနဲ့၊ မြန်မာ အမျိုးသမီးတွေရဲ့စွမ်းပကားကို သမိုင်း အစဉ်အလာအရ ပုဂံခေတ်ကစပြီး ပြသခဲ့ပြီးသားပါ။ အရင့်အရင် အစိုးရတွေလက်ထက်က အမျိုးသမီးတွေ နှိမ်ထားခြင်း ခံခဲ့ရပါတယ်။ နေရာပေးခြင်းမခံခဲ့ရပါဘူး။ အထူးသဖြင့် အစိုးရ၀န်ထမ်း (ရာထူး) အပိုင်းမှာ ရာထူးတက်ဖို့အရေးမှာတော့ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံ ခံခဲ့ရပါတယ်။ ရာထူး တက်တော့ တက်မယ်။ ဒါပေမယ့် အောက်အဆင့်မှာပဲ၊ ခိုင်မာတဲ့ ထိုးဖောက်လို့ မရတဲ့ မျက်နှာကြက်-ခေါင်မိုးရှိနေလို့ ၊ ဒါကို အမျိုးသမီးတွေ ထိုးဖောက်လို့မရပါဘူး။

     ၂။ ကျန်းမာရေးဟာ လူတွေအတွက် အလွန်အရေးကြီးတယ်ဆိုတာကတော့ ဘယ်မှာပြောစရာလိုလို့လဲ ၊ အာရောဂျံပရမံလာဘံ ဆိုတာ လူတိုင်းသိတာပဲလို့ ထင်ကြမှာပဲ။ ဖြစ်တက်တာက ထင်ရှာတဲ့ ပုံမှန် ဖြစ်သွားတဲ့ အသိတွေဆို အရေးတယူ မလုပ်ကြတော့ဘူး ။ ပုံမှန် မူမှန် ဖြစ်လာတော့ အသိစိတ်ကနေ မသိစိတ်ထဲ သွတ်သွင်းလိုက်သလို ဖြစ်သွားတယ်ထင်ပါရဲ့။
      ဒါပေမယ့် မြန်မာရဲ့မျက်မှောက်အခြေအနေမှာတော့ ခေတ်နဲ့ အရေးကြီးတဲ့ စနစ်ပြောင်းချိန် ဖြစ်နေလို့ ကျန်းမာရေးကဏ္ဍဟာ ပြန်လည်သုံးသပ် လေ့လာဖို့ လိုလိမ့်မယ် ထင်ပါတယ် ၊ ကောင်းတာတွေထား ၊ ပြုပြင်စရာတွေ ပြုပြင် ၊ အလေးထား ငွေအားစိုက်ရမယ့် ဦးစားပေး အစီအစဉ် ပြန်လည်စဉ်းစား လုပ်သင့်ပါတယ်။
       တစ်ပြည်လုံးရဲ့ ကျန်းမာရေးအဆင့်ကို အပြည်ပြည်ဆိုင်ရာ အခြေနဲ့ ယှဉ်ရလျှင်တော့ အောက်ဆုံးအုပ်စုမှာ ပါနေတာပဲ။ ကြာလှပါပြီ ။တီဘီရောဂါမှာ အဖြစ်အများ အပူဇုံမှာ ပါတယ်၊ တီဘီဆေး ယဉ်ပြီး နေတဲ့ ဝေဒနာရှင်တွေလည်း ပေါများတယ် ၊ ငှက်ဖျား ပြဿနာကလည်း မသက်သာပါဘူး။
         အေ့ဒ်စ်ဆို ကောင်းမလာသေးပါဘူး။ ပိုတောင် ဆိုးလာတယ် ထင်ရပါတယ်။ ကမ္ဘာမှာ အဆိုးဆုံး စာရင်းထဲမှာ ပါနေတာ။ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ဒီလိုဖြစ်နေတာပဲလို့ဆိုလျှင် မေးစရာက ကျွန်မတို့ကဘာဖြစ်လို့ အောက်ဆုံးမှာ ဖြစ်နေရတာလဲ ။ တကယ်တော့ ကျွန်မတို့တိုင်းပြည်က မဆင်းရဲသင့်ပဲဆင်းရဲရတဲ့ တိုင်းပြည်။ ကမ္ဘာအမြင်မှာတော့ ကျန်းမာရေးမှာ ချွတ်ခြုံကျနေတဲ့တိုင်းပြည်ဖြစ်နေတယ်။
         ကျန်းမာရေးဆိုရာမှာ နေမကောင်းလို့ ဆေးကုတဲ့ အပိုင်းကိုပဲ လူတွေက သတိမူမိတာ ။ တစ်ပြည်လုံးနဲ့ နိုင်ငံသားအားလုံးကို အကျိုးပြုတဲ့ အရေးပါတဲ့ အခြားကဏ္ဍတွေ ရျိပါသေးတယ်။ ဒါတွေကတော့ -
     (Pro motive)  ကျန်းမာမှုကို အားပေးထောက်ကူပြု ၊လူတွေ ပိုပြီး ကျန်းမာရေး အဆင့်မြင့်လာအောင် လုပ်ပေးတဲ့အစီအစဉ်နဲ့ လုပ်ငန်းများ။
     (Preventive) ကာကွယ်ရေးလုပ်ငန်းများ။
     (Curative) ကုသရေး
     (Rehabilitation) ပြန်လည်ပြုစု ပျိုးထောင်ပေးရေး တို့ ဖြစ်ပါတယ်။

     Pro motive
ပထမအစီအစဉ်က သဘာဝလည်းကျ အဓိပ္ပာယ်လည်း ရှိတယ် ဆိုတာတော့ လူတိုင်းလက်ခံမယ် ထင်ပါတယ်။ အခု အဖြစ်များ အသေများတဲ့ ရောဂါတွေဟာ အသက်ငယ်စဉ်မှာ ပြုမှု ကျင့်ကြံခဲ့တာတွေရဲ့ ဆိုးကျိုးရလဒ်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကြောင့် ဖြစ်ရတာပါ။ ကောင်းသော ကျန်းမာရေးအမူအကျင့် အစားအသောက်တို့ကို လူတွေလိုက်နာအောင် သတင်းဖြန့် အားပေးထောက်ကူ လုပ်ဖို့ပါ။ ကောင်းသော ကျန်းမာရေး ထူထောင်ပေးခြင်ဖြစ်တယ်။ အခုစတင်ဆောင်ရွက်နေပြီလို့ ထင်ရပေမယ့် ပိုပြီး အရှိန်အ၀ါပြင်းပြင်းနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ရမှာပါ ဦးစား အဆင့်အမြင့်ဆုံးပေးရမှာပါ။ လိုက်နာရမယ့် အဓိက အကြောင်းတွေ ကတော့ ကျန်းမာရေးအားပေးတဲ့ အစားအစာကိုစား၊ အထူးအန္တရာယ်ရှိတဲ့ အစားအစာတွေကို ရှောင်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေး၊ ပြီးတော့ ယခု ကမာ့္ဘဂလိုဘယ်လောကက ဖန်တီးပေးလိုက်တဲ့ ဖိအားအဖုံဖုံကို ရှောင်ရှားပေး၊ သို့မဟုတ် လျော့နည်းအောင် လုပ်ပေးခြင်းတို့ ဖြစ်တယ်။ ဆေးလိပ်နဲ့ အရက်ကို ရှောင်ခြင်းတို့ကလည်း ဒီအကြောင်းအရင်းထဲမှာ အရေးကြီးတဲ့အပိုင်းက ပါပါတယ်။ အစိုးရနဲ့ ကျန်းမာရေးဌာနရဲ့ တာဝန်သတ်သတ်တော့ မဟုတ်ပါဘူး။ ဒီရှောင်ရန် ဆောင်ရန် သတင်းကိုလူထုထဲမှာဖြန့်ပေးပြီး လူအများကအခြားသူတွေကို တစ်ဆင့် တိုက်တွန်းအားပေးလုပ်နိုင်ပါတယ်။ အသင်းအဖွဲ့ စတာတွေနဲ့ အခြား ပရဟိတလုပ်ငန်းလုပ်နေကြသူတွေအားလုံး ပါဝင် လှုပ်ရှားနိုင်ပါတယ်။ လူတိုင်း လူတိုင်းရဲ့ တာဝန်လို့ သဘောထားရမှာပါ။
    Preventive
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်ဆိုတာ လူတိုင်းသိနေတဲ့စကားပါ။ ဒါပေမယ့် သာမန်ဆိုရိုးစကားတစ်ခုပဲလို့ သတ်မှတ်ထားလိုက်ပြီး အချို့ကတော့ မသိစိတ်ထဲထိုးသွင်းထားပုံ ရပါတယ်။တကယ်လုပ်တဲ့ အလုပ်ဘ၀ တကယ် လှုပ်ရှားတဲ့အဆင့်ကိုရောက်မသွားတက်ဘူး။ ဒါကိုအလေး မပေးချင်ဘူး ၊ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားတဲ့သူတွေ များတယ်။ မြန်မာမှာ ကာကွယ်ရေးကို အတန်အသင့်လုပ်နေပေမယ့် မလုံလောက်သေးပါဘူး။
တိုင်းပြည်မှာ ကာကွယ်လို့ ရပေမယ့် ထိထိရောက်ရောက်မကာကွယ်နိုင်သေးတဲ့ အကြီးစားရောဂါတွေ  လူထုကျန်းမာရေး ပြဿနာတွေ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စတဲ့ ပြင်ပ အကူအညီ တွေလည်း ရလာပြီမို့ တိုးတက်လာစရာ အကြောင်းရှိပေမယ့် လူအများရဲ့ အကူအညီတော့ လိုပါသေးတယ်။ အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းရမယ့် ထိပ်သီး ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ထောက်ပြနိုင်တဲ့ ဥပမာ အချို့ကတော့ အိပ်ဒ်စ် ရောဂါ၊ တီဘီတို့  ဖြစ်မယ်။ ကာကွယ်ဆေးထိုးဖို့ အရေးကတော့ တော်တော် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပေမယ့်ပိုမို တိုးချဲ့ပြီး တိုင်းလုံးပြည့် လုပ်နိုင်တဲ့အထိ လုပ်စရာ လက်ကျန်တွေ ရှိပါတယ်။
   Curative
ဒီအပိုင်းရဲ့ အားနည်းချက် ကတော့ တိုင်းပြည်မှာ သိပ္ပံနဲ့ နည်းပညာ နိမ့်ကျနေခြင်းပဲ ဖြစ်တယ်။ တိုင်းပြည်ကို ဒီလောက် ကြာကြာ ပိတ်လိုက်ပြီးတဲ့နောက်တော့ ဒီလိုပဲ ဖြစ်တော့မှာပဲ။ အခုခေတ် ကုသရေး မှာက အထူးကု တစ်ဦးတစ်ယောက် တည်းနဲ့ ပြီးတာ မဟုတ်တော့ဘူး။ သူ့ကုသရေး အလုပ်ကို ကောင်းမွန်ပီပြင်ပြီး အဆင့်မြင့်ကုသမှုတွေ အများကြီးလိုပါတယ်။ စစ်နည်းမျိုးစုံက တစ်ဌာန တစ်နေရာနဲ့ မပြီးပါဘူး။ ဓာတ်ခွဲခန်း၊ ဓာတ်မှန် စမ်းသပ်တာမျိုးအပြင် အင်မတန်မှ နက်နဲခက်ခဲပြီး သိမ်မွေ့ ထူးခြားတဲ့ နောက်ဆုံးပေါ် သိပ္ပံနဲ့ နည်းပညာတွေကိုလည်း သုံးဖို့လိုပါတယ်။ ဒါတွေက ဒီမှာ မရနိုင်ဘူး။ ဒီလို ထောက်ကူ မှုရဖို့ ဆိုတာက သိပ္ပံနဲ့နည်းပညာ အခြေခံ အဆောက်အအုံ (infrastructure) ဖွဲ့စည်းပြီး ရှိရပါမယ်။ ဒီအတွက်ဆိုလျှင် ငွေကြေး၊ ပစ္စည်း ၊ ကျွမ်းကျင်မှု ၊ လူအရင်းအမြစ် အဖွဲ့လိုက် လိုပါမယ်။ ဒီလို အခြေအနေမျိုးကို ဆောက်တည်မပေး နိုင်လျှင်တော့ လူနာတွေဟာ တစ်ဆိတ်ရှိ ပြဿနာ ကြီးကြီးငယ်ငယ် စင်ကာပူတို့ ဘန်ကောက်တို့ သွားနေရဦးမှာပဲ။ နောင် မကြာခင် ပြည်ပ အထောက်အကူ ရနိုင်မယ်ဆိုလျှင်တော့ တိုးတက်လာနိုင်ခြေရှိပါတယ် ။ ထောက်ပံ့တာကို တောင်းဆိုရာမှာ ဒီလို တည်ဆောက်မှုမျိုးကို ဦးစားပေးစဉ်းစားထိုက်တယ် ထင်ပါတယ်။ ဆရာဝန်နဲ့ အခြားသတ်ဆိုင်ရာ ၀န်ထမ်းများ လေ့ကျင့်ပေးရေးကိုတော့ စောစောပဲ စရမှာပါ။

      (ဆက်လက်ဖော်ပြပါမည်)။
( ပြည်သူ့ခေတ်ဂျာနယ် ၂၄၊ မေ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၅ )
ပထမပိုင်း ------  https://www.facebook.com/note.php?note_id=395482573796687
ဒုတိယပိုင်း -----  https://www.facebook.com/note.php?note_id=435073383170939
တတိယပိုင်း.......https://www.facebook.com/note.php?note_id=447308051947472
စတုတ္ထပိုင်း.........https://www.facebook.com/notes/lu-maw/%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B2%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%8A%E1%80%B9%E1%80%90%E1%80%B6%E1%82%94%E1%80%94%E1%80%B0%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%81%B3%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC-%E1%80%B1%E1%80%92%E1%81%9A%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%82%94%E1%80%BB%E1%80%99%E1%80%84/452001438144800


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...