Wednesday, May 23, 2012

အတိုက်အခံ၊ အပြိုင်အဆိုင်နှင့် အပေးပြိုင်ပွဲ


by Zeyar Htun on Wednesday, May 23, 2012 at 10:02am

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေ ၂၃၊ ၂၀၁၂

မဇ္ဈိမဒေသမှာ မြတ်စွာဘုရားမပွင့်ပေါ်မီကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးရှိပါတယ်။ သူတို့ဟာ မြတ်စွာဘုရား ပွင့်တော် မချိန်အထိလည်း သူ့နောက်လိုက် သူ့ပရိတ်သတ်နဲ့သူတော့ အတော်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သမိုင်းသုတေသီအချို့က သူတို့ကို “ဗုဒ္ဓနှင့် ခေတ်ပြိုင် ဘုရားကြီးခြောက်ဆူ’’ လို့ သတ်မှတ်သုံးစွဲပြောဆိုကြပါတယ်။ သူတို့ကို ကြည်ညိုကြသူများအနေနဲ့လည်း ကိုယ့်ဆရာကို တော့ ဒီလိုပဲထင်မှတ်ပြီး ချီးမြှောက်ပြောဆိုကြမယ်ထင်ပါတယ်။ အမှန်ကတော့ သူတို့ဟာ ဂိုဏ်းဆရာကြီးတွေပါ။ ဒီဂိုဏ်းဆရာကြီးတွေကို မကြည်ညိုကြသူများကတော့ “တိတ္တိကြီးတွေ’’ လို့ ပြောဆိုသုံးစွဲကြပါတယ်။ မြန်မာ့ဇာတ်သဘင်လောကမှာတော့ ဒီပုဂ္ဂိုလ်ကြီးတွေကို အရိုင်းအစိုင်းကြီးတွေ သဘောမျိုးဖြစ်အောင် သရုပ်ဆောင်ပြကြတာကိုလည်း တွေ့ရပါတယ်။


ဒီဃနိကာယ်၊ သာမညဖလသုတ်မှာတော့ သူတို့နဲ့ပတ်သက်လို့ “သဃိံဂဏီ = နောက်လိုက်များစွာ ပရိဗိုဇ်သံဃာ၊ ပရိဗိုဇ်ဂိုဏ်းရှိသူတွေ။ ဂဏာစရိယော = ဂိုဏ်းဆရာကြီးတွေ။ တော = နိုင်ငံတစ်ဝန်း ကျော်ကြားထင်ရှားသူတွေ။ ယသဿီ = ဂုဏ်သတင်းကျော်စော ကိတ္တိရှိ သူတွေ။ ဗဟုဇနဿ သာဓုသမ္မတော = လူအများက သူတော် ကောင်းကြီးလို့ သမုတ်သတ်မှတ်ထားသူတွေ’’ စတဲ့ဂုဏ်ပုဒ်များနဲ့ သုံးနှုန်းပြောဆိုထားတာကိုထောက်ဆကြည့်ရင် အရိုင်းအစိုင်းများလို့ ချိုးချိုးနှိမ်နှိမ် သတ်မှတ်ပြောဆိုရမည့် ပုဂ္ဂိုလ်ကြီးတွေတော့ မဟုတ်တန်ရာပါဘူး။

အဲဒီ ဂိုဏ်းဆရာကြီးသုံးဦးထဲမှာ “ပူရာဏကဿပ’’ ဆိုတဲ့ ဆရာကြီးက “ကောင်းမှု မကောင်းမှုတွေ ဘယ်လိုပဲပြုနေနေ၊ ကောင်းမှုပြုသူ များဟာလည်း ကုသိုလ်ရှင်များလို့မဆိုနိုင်သလို မကောင်းမှုပြုသူများဟာလည်း အကုသိုလ်ရှင်များလို့ မဆိုနိုင်ဘူး။ လောကမှာ ကောင်းမှု မကောင်းမှုရယ်လို့ မရှိပါဘူး’’ လို့ ခံယူဟောပြောနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို “ကံကိုပစ်ပယ်တဲ့ဝါဒ’’ လို့ သတ်မှတ်ပါတယ်။

“အဇိတ ကေသကမ္ဗလ’’ ဆိုတဲ့ ဆရာကြီးကတော့ “ကောင်းမှုပြုတဲ့အတွက်ကြောင့် ကောင်းကျိုးရတယ်ဆိုတာလည်းမရှိပါဘူး။ မကောင်း မှုပြုလို့ မကောင်းကျိုးခံစားရတယ်ဆိုတာလည်း မရှိပါဘူး’’ လို့ ဟောပြောတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို“အကျိုးကို ပစ်ပယ်တဲ့ဝါဒ’’လို့ သတ်မှတ်ပါတယ်။

“မက္ခလိဂေါသာလ’’ ဆိုတဲ့ဆရာကြီးကတော့ “လောကမှာ ကိုယ်စွမ်းကိုယ်စဆိုတာလည်း မရှိဘူး။ ဆရာသမားတို့ရဲ့အကူအညီ စွမ်းအားဆို တာလည်း မရှိဘူး။ ကံဆိုတာလည်း မရှိဘူး။ ကံရဲ့အကျိုးဆိုလည်း မရှိဘူး။ အဆိုးအကောင်းဟူသမျှဟာ ဘာအကြောင်းမှမရှိဘူး။ သူ ဖြစ်ချင်သလို ဖြစ်နေတာ’’ လို့ ခံယူပြောဟောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူ့ရဲ့ဝါဒကိုတော့ “ကံနဲ့ ကံရဲ့အကျိုး နှစ်မျိုးလုံးကိုပစ်ပယ်တဲ့ဝါဒ’’ လို့ သတ် မှတ်ပါတယ်။

ခြုံကြည့်လိုက်ရင်တော့ ကံကို ပစ်ပယ်တာဟာလည်း အကျိုးကို ပစ်ပယ်တာပဲ၊ အကျိုးကို ပစ်ပယ်တာဟာလည်း ကံကိုပစ်ပယ်တာပဲဖြစ်လို့ ဒီဂိုဏ်းဆရာကြီး သုံးဦးလုံးဟာ ကံနဲ့ကံရဲ့အကျိုး နှစ်မျိုးလုံးကို ဆန့်ကျင်ပစ်ပယ်တဲ့ “အဟေတုက၀ါဒ, အကိရိယ၀ါဒ,နတ္ထိက၀ါဒ’’ အယူရှိကြ သူများဖြစ်တယ်လို့ အဋ္ဌကထာဆရာက မှတ်ချက်ချပါတယ်။

ဒါကြောင့် ဒီဂိုဏ်းဆရာကြီးသုံးဦးတို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းတို့ဟာ ကံနဲ့ကံရဲ့အကျိုးကို လက်ခံကျင့်သုံးတဲ့ ဗုဒ္ဓ၀ါဒအပါအ၀င် အခြားကမ္မ၀ါဒီအား လုံးတို့ကို ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ အတိုက်အခံဂိုဏ်းကြီးများလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီဂိုဏ်းဆရာကြီးများရဲ့ဝါဒဟာ “ဘာမဆို လုပ်ချင်ရာ လုပ်ကြ ဘာမှမဖြစ်ဘူး’’ ဆိုတဲ့ သဘောမျိုးဖြစ်လို့ လူမိုက်အားပေးဝါဒလိုဖြစ်နေပါတယ်။ တဇောက်ကန်းလူမိုက်တို့ရဲ့ အကြိုက်ဖြစ်ခဲ့ပေမဲ့ လူယဉ်ကျေးတိုင်းက လက်မခံနိုင်ကြတဲ့ဝါဒဖြစ်လို့ ခုအချိန်မှာတော့ သူတို့ဖြစ်ပေါ်ခဲ့ရာ မဇ္ဈိမဒေသမှာ ဒီဂိုဏ်းကြီးများရဲ့ အရိုက်အရာ အဆက်အနွယ်ရယ်လို့ ထင်ထင်ရှားရှား မရှိတော့ပါဘူး။

ဂိုဏ်းဆရာကြီးတွေထဲက “သိဉ္စည်းဆရာကြီး’’လို့ လူသိများတဲ့ “သဉ္စယ ဗေလဋ္ဌပုတ္တ’’ ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကတော့ ဘာရယ်လို့ကောက် ချက်ချလို့မရလောက်အောင် အလွန်တွေဝေလွန်းတဲ့ “ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ် “မဟုတ်’’ ၀ါဒလည်း မဟုတ်’’ ဆိုတဲ့ ယောင်ဝါးဝါးဝါဒကြီးဖြစ်လို့ အခုအချိန်မှာ ယောင်ဝါးဝါးသမားတွေ နေရာတိုင်းမှာရှိနေသော်လည်း ၀ါဒတစ်ခုအဖြစ်နဲ့တော့ စာရင်းမ၀င် တော့ပါဘူး။ “ပကုဓကစ္စာယန’’ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကလည်း အတ္တ၀ါကိုပဲ မရေမရာ ဟောပြောထားတဲ့ ၀ါဒဖြစ်လို့ ကြောင်တောင်တောင်ဝါဒ တမျိုးလို့ပဲ သတ်မှတ်ပါတယ်။ ဒီဆရာကြီးနှစ်ဦးလုံးရဲ့ဝါဒများဟာ ကမ္မ၀ါဒကိုဆန့်ကျင်တာလည်း မဟုတ်၊ ထောက်ခံတာလည်း မဟုတ်၊ ကြားနေတာလည်း မဟုတ်တဲ့အတွက် သူတို့ကို အတိုက်အခံဝါဒလို့ မဆိုနိုင်သလို အပြိုင်အဆိုင်ဝါဒလို့လည်း မဆိုနိုင်ပါဘူး။

ဗုဒ္ဓနဲ့ ခေတ်ပြိုင်မှာ “ဂိုဏ်းဆရာကြီး ခြောက်ဦး’’ ဆိုတဲ့စာရင်းထဲမပါတဲ့ တခြားတစ်သီးပုဂ္ဂလ ရောယောင်ခွတုတ်လုပ်စားလေ့ရှိတဲ့ ဂိုဏ်းဆရာ ကလေးတွေလည်း ပိဋကတ်တော်မှာ တွေ့ရပါတယ်။ သူတို့ကတော့ လောကမှာ ကျော်စောထင်ရှားတဲ့ ဂိုဏ်းဆရာကြီးများနဲ့ ရောရိရောရာ လုပ်ပြီး ကိုယ်ကျိုးရှာကြတဲ့ဂိုဏ်းကလေးများလို့ ဆိုရမယ်ထင်ပါတယ်။ သူတို့ဟာ မြတ်ဗုဒ္ဓ ပွင့်တော်မူတဲ့အခါမှာတော့ ထင်ရှားတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်များကပါ လေးစားရိုသေဆည်းကပ်ခြင်းခံရတဲ့ မြတ်ဗုဒ္ဓနဲ့ ထင်ရှားတဲ့ တပည့်သား ရဟန်းတော်များကို ပိုပြီး အကျွမ်းတ၀င်ဖြစ်ဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။

ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ ပေါဋ္ဌပါဒသုတ်မှာ ပေါဋ္ဌပါဒပရိဗိုဇ်ဆိုတာ သူ့နေရာကို မြတ်စွာဘုရားကြွလာတဲ့အခါ အလွန်အမင်းကို ၀မ်းသာအားရဖြစ်ပြီး အူးယားဖားယား ကြိုဆိုပါသတဲ့။ ဘာကြောင့် အူမြူးဝမ်းသာဖြစ်ရတာလဲဆိုတာကို အဋ္ဌကထာဆရာကြီး ဖွင့်ပြတာက တော့ ဒီပုဂ္ဂိုလ်များဟာ ဘုရားရှင်နဲ့တပည့်သားများ သူတို့ဆီလာတာကိုအကြောင်းပြုပြီး သူတို့ကို ကြည်ညိုပြီးဖြစ်တဲ့သာဝကတွေကို တွေ့ ရင် “တွေ့တယ်မဟုတ်လား၊ ငါတို့ဆီကို ဂေါတမမြတ်စွာဘုရားကြွလာတယ်။ ရှင်သာရိပုတ္တရာ ကြွလာတယ်။ ဒီပုဂ္ဂိုလ်တွေဆိုတာ နှယ်နှယ်ရ ရနေရာမျိုးကိုကြွတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဒီလောက်ဆို ငါတို့ရဲ့ကြီးမြတ်ပုံကို မင်းတို့သဘောပေါက်ကြ’’ ဆိုပြီး အမြတ်ထုတ်ကြသတဲ့။

ဘုရားရှင်ကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင် ထင်ရှားတဲ့ ဒကာ ဒကာမတွေနဲ့ တွေ့တဲ့အခါကျတော့လည်း “မင်းတို့ရဲ့ဆရာ ဂေါတမမြတ် စွာဘုရားကတောင် ငါတို့ဆီကြွလာတာပါ။ ငါတို့ဟာ အချင်းချင်း ဆန့်ကျင်ဘက်တွေ မဟုတ်ကြပါဘူး။ မင်းတို့က ဘာဖြစ်လို့ တို့ကိုမရိုမသေ မကြည်ညိုကြတာလဲ’’ ဆိုပြီး စည်းရုံးကြပါသတဲ့။

ဂိုဏ်းဆရာကြီးခြောက်ဦးစာရင်းထဲမှာလည်းမပါ၊ ပေါဋ္ဌပါဒတို့လို ကြားနေခွတုတ်လည်းမဟုတ်ဘဲ အပြိုင်အဆိုင်သမားသက်သက်အဖြစ်နဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးကတော့ ဝေသာလီပြည်က “သစ္စကပရိဗိုဇ်’’ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ ဒီပုဂ္ဂိုလ်ကြီးနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တို့ သိသိမှတ်မှတ်ပြုတဲ့အချက်တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ အပြင်အောင်ခြင်းရှစ်ပါးထဲမှာ ဆဋ္ဌမမြောက်အောင်ခြင်းအဖြစ်နဲ့ ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတာပါပဲ။

ဝေသာလီပြည်သား လိစ္ဆ၀ီမင်းတွေဆိုတာ အလှည့်ကျမင်းပြုရတဲ့ ပြည့်သူ့ကိုယ်စားလှယ်တွေပါပဲ။ သူတို့ရဲ့ ပင်ကိုယ်စရိုက်ဝါသနာက အတွေးအခေါ် အယူဝါဒ အထူးအဆန်းကို မေးမြန်းစိစစ်လိုကြတယ်။ အချင်းချင်း ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အခါ အနိုင်မခံ အရှုံးမပေးဆိုတဲ့ စိတ်ဓာတ်ရှိကြပြီး နေရာတိုင်းမှာ သူတစ်ပါးထက် သာလွန်လိုကြတယ်။ ဒါကြောင့်လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာမှာတောင် သူတစ်ပါးထက် ထူးထူးခြားခြား ကျင့်ကြံပြနိုင်သူတို့အချင်းချင်း ၀ါဒချင်း ပြိုင်ဆိုင်ကြသူတို့ကို ပိုသဘောကျလေ့ရှိတယ်။

တစ်ခါက အလွန်ဝါဒစစ်ထိုး ကျွမ်းကျင်တဲ့ ပရိဗိုဇ် ယောကျာ်းနဲ့ ပရိဗိုဇ်မတို့ ၀ါဒစစ်ထိုးကြရာမှာ သူနိုင်ကိုယ်နိုင် မ,တပြန် ကျားတပြန် ပွဲကြီး ပွဲကောင်းပြိုင်ပြီး ဘယ်သူ့ ဘယ်သူမှမနိုင်ပဲ သရေပွဲဖြစ်သွားတဲ့အခါ ဝေသာလီပြည်သားတွေက သဘောကျလွန်းလို့ သူတို့အချင်းချင်း ထိမ်းမြားလက်ထပ်ပေးပြီး နေထိုင်စားသောက်စရာ အပြည့်အစုံနဲ့ကို ကိုးကွယ်ပူဇော်ထားကြပါသတဲ့။

သစ္စကပရိဗိုဇ်ဆိုတာ အဲဒီပရိဗိုဇ် ဇနီးမောင်နှံကပေါက်ဖွားလာတဲ့ မွေးချင်းငါးယောက်ထဲက အစ်မလေးယောက်ရဲ့နောက်မှာ ဖွားမြောက်လာ တဲ့ အငယ်ဆုံးသားပေါ့။ အလွန်ဉာဏ်ပညာထက်မြက်တဲ့အတွက် မိဘများဆီက သင်ယူရရှိထားတဲ့ဝါဒပေါင်းတစ်ထောင် သာမက သာသ နာပ ၀ါဒပေါင်းများစွာ သင်ယူတတ်မြောက်ထားတာဖြစ်လို့ လိစ္ဆ၀ီမင်းသားငယ်တို့ရဲ့ မင်းဆရာဖြစ်နေသူပေါ့။ ပညာတွေ အလွန်ပြည့်နေတဲ့ အတွက် ၀မ်းဗိုက်ပေါက်ကွဲထွက်သွားမှာစိုးလို့ သံပြားနဲ့ ၀မ်းဗိုက်ကိုပတ်ထားရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။

သူ့ရဲ့ ဘာသာရေးခံယူချက်ကတော့ “ရုပ်ဆိုတာလည်း သူ့အလိုကျအတိုင်း ဖြစ်စေနိုင်စွမ်းရှိတဲ့ အတ္တပဲ။ ခံစားတဲ့ဝေဒနာဆိုတာလည်း အတ္တ ပဲ။ မှတ်သားတဲ့သညာလည်း အတ္တပဲ။ ကြံစည်စိတ်ကူးတဲ့သင်္ခါရလည်း အတ္တပဲ။ သိတဲ့ ၀ိဉာဏ်ဆိုတာလည်း အတ္တပဲ။ အတ္တဟာ အရာရာကို သူ့အလိုကျအတိုင်းဖြစ်စေနိုင်တဲ့အစွမ်းသတ္တိရှိတယ်။ မြဲလည်း မြဲတယ်’’ လို့လက်ခံ စွဲယူထားတာပါ။

မြတ်စွာဘုရားက “သင်္ခါရမှန်သမျှဟာ မမြဲတဲ့ အနိစ္စ၊ အစိုးမရတဲ့ အနတ္တ’’ လို့ ဟောလေ့ရှိတယ်ဆိုတာသိရတော့ “ဒီလောက် မကြားဝံ့ မနာ သာ အယူမှားတွေကိုဟောကြားနေတဲ့ ဂေါတမဗုဒ္ဓကို ငါ့ဝါဒတွေနဲ့ ပြိုင်ဆိုင်လှုပ်ခါပြီး အနိုင်ယူပြမယ်’’ လို့ ကြုံးဝါးရင်း နောက်ပါ လိစ္ဆ၀ီမင်းသား ပရိသတ်တွေအခြံအရံနဲ့ ဘုရားဆီသွားပြီး ၀ါဒချင်းပြိုင်သတဲ့။

မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သစ္စကပရိဗိုဇ်က “မျိုးစေ့သစ်ပင်မှန်သမျှဟာလည်း မြေကြီးကိုမှီပြီးမှ ရှင်သန်နိုင်သလို၊ သွားလာလှုပ်ရှား လုပ် ကိုင်နေသူမှန်သမျှလည်း မြေကြီးကိုပဲမှီနေရသလို လူတို့ရဲ့ ကောင်းမှု မကောင်းမှုမှန်သမျှဟာလည်း အတ္တကိုသာမှီပြီးတော့ ဖြစ်နေရတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတို့ဟာ တိုင်းသူပြည်သားတို့အပေါ်မှာ လိုအပ်သလို အမိန့်ပေးနိုင်တဲ့ အာဏာရှိသလို အတ္တဟာလည်း အရာရာကို လိုချင်သလို အမိန့်ပေးနိုင်တဲ့အာဏာရှိတယ်’’ ဆိုတဲ့ သူ့ဝါဒကို အဆိုပြုတင်ပြပါတယ်။

မြတ်စွာဘုရားရှင်က “ဒီလိုဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ဟာ သူတို့ကို သူတို့ ငါရဲ့ရုပ်ဟာဘယ်လို ဖြစ်စေရမယ်၊ ဘယ်လို မဖြစ်ရ၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်တို့ဟာလည်း ဘယ်လိုသာဖြစ်စေရမယ်၊ ဘယ်လိုတော့မဖြစ်စေရလို့ အမိန့်ပေးနိုင်ပါသလား’’ လို့ မေးလိုက်တဲ့အခါမှာတော့ သစ္စကပရိဗိုဇ် အဖြေရခက်သွားတယ်။ သူ့နောက်မှာလည်း လိစ္ဆ၀ီမင်းပရိသတ်က အများကြီးရှိနေတာဆိုတော့ တကယ်လို့ “ရုပ်အပေါ်မှာ အာဏာပေးလို့ရတယ်’’ လို့ဖြေလိုက်ရင် နောက်ပါလိစ္ဆ၀ီမင်းတွေက “ဒီလိုဆိုရင် သင့်ရဲ့ရုပ်ကို နတ်သားလေးလို လှနေအောင် အာဏာနဲ့ အမိန့်ပေးပါလား။ ဘာဖြစ်လို့ ခုလို ဗိုက်ပူရုပ်ဆိုးကြီးဖြစ်နေရတာလဲ’’ လို့ ၀ိုင်းပြီးဟားကြတော့မှာ။ ဒီတော့ အဖြေခက် အနေကျပ်ကြီးဖြစ်ပြီး မဖြေဘဲ ပေကပ်နေတော့တယ်။ နှစ်ကြိမ်ကနေ သုံးကြိမ်မြောက်အထိ မြတ်စွာဘုရားကမေးလာတဲ့အခါမှာတော့ တကိုယ်လုံးတင်းကျပ်ပြီး ခေါင်းရှစ်စိတ်ကွဲတော့မတတ် ခံစားလာရတဲ့အခါ မနေသာတော့ဘဲ အရာရာကို အမိန့်ပေးနိုင်တဲ့အတ္တဆိုတာမရှိပါကြောင်း ၀န်ခံလိုက်ရတယ်။ ပညာကို နှံ့စပ်အောင်မလေ့လာမဆည်းပူးခဲ့ဘဲ ကိုယ်သိသမျှလေးကိုသာ အဟုတ်ကြီးထင်မှတ်ခဲ့တဲ့အတွက် မြတ်စွာဘုရားအပေါ်မှာ မောက်မာခက်ထန်တဲ့စကားလုံးတွေနဲ့ သုံးနှုန်းပြောဆိုခဲ့သမျှကိုလည်း တောင်းပန်သွားပါတယ်။

သစ္စကဟာ ကိုယ့်အထင်နဲ့ကိုယ် နိုင်မယ်ထင်လို့ ပြိုင်ခဲ့ပေမဲ့ မနိုင်တဲ့အခါမှာတော့ ရန်ငြိုးအာဃာတရယ်လို့မထားဘဲ မြတ်စွာဘုရားရှင်ကို တောင်းပန်ပြီးတော့မှ မြတ်စွာဘုရားနဲ့ နောက်ပါသံဃာတော်များကို ဆွမ်းတစ်နပ် ကပ်လှူပါသေးတယ်။ မြတ်စွာဘုရားရှင်ကလည်း သစ္စကပရိဗိုဇ်ဟာ ဒီဘ၀မှာတော့ မဂ်ဖိုလ်ကို မရနိုင်လောက်ပေမဲ့ အလေ့အထုံ ၀ါသနာဘာဂီဖြစ်စေဖို့ရည်ရွယ်ပြီး စူဠသစ္စကသုတ္တန်နဲ့ မဟာသစ္စကသုတ္တန်ဆိုတဲ့ ဒေသနာတော်ကြီးနှစ်ခုကို ဟောပြောပေးတော်မူပါတယ်။

ပြိုင်ပွဲရဲ့ထုံးစံအတိုင်း ယှဉ်ပြိုင်ကြပေမဲ့ “ရှုံးသူကိုလည်း အနစ်နာစေရ၊ နိုင်သူကလည်း မမောက်မာရ’’ ဆိုတဲ့ စံနမူနာကောင်းကို ပြလိုက် တဲ့ပွဲပါပဲ။ ရှုံးသူနိုင်သူ ကြည်ဖြူကြတဲ့ ဒီကောင်းမှုကြောင့်ပဲ သစ္စကပရိဗိုဇ်ဟာ အပါယ်ဒုဂ္ဂတိဘေးကလည်း ကင်းလွတ်သွားပါတယ်။ ဘုရား ရှင် ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း (၂၀၀) ကျော်တဲ့အချိန်မှာတော့ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှာ မင်းရဲ့အပူဇော်ခံ “အရှင်ကာဠဗုဒ္ဓရက္ခိတ’’ ဆိုတဲ့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအရှင်မြတ်ကြီး ဖြစ်တော်မူသွားပါသတဲ့။

မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဝါဒတွေထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိသလောက် ထိပ်တိုက်ရင်ဆိုင်မှုရယ်လို့ သိပ်မရှိလှတဲ့ပုဂ္ဂိုလ်ကတော့ ဂိုဏ်ဆရာ ကြီး ခြောက်ဦးထဲက မင်းရော ပြည်သူပါ အလေးစားဆုံးခံရတဲ့ “မဟာဝီရ’’ ခေါ် “ဂျိန(ဇိန)=ဂျိန်း’’ ဘာသာရေးခေါင်းဆောင်ကြီး “နိကဏ္ဌ’’ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးကျမ်းစာများအလိုအရ နိဂဏ္ဌဟာလည်း သိဒ္ဓတ္ထ မင်းသားလို ရှင်ဘုရင်ရဲ့သားတစ်ဦးပဲ ဖြစ်တယ်လို့ဆိုပါတယ်။

သူနဲ့ သူ့ရဲ့ ဂိုဏ်းသားများဟာ ကမ္မ၀ါဒကို ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ ဗုဒ္ဓ၀ါဒနဲ့ အတိုက်အခံဂိုဏ်းလို့ မဆိုနိုင်ပါဘူး။ ပြင်းထန်တဲ့ အပြိုင်အဆိုင်ဂိုဏ်းလို့သာဆိုရမှာပါ။ “ အပြိုင်အဆိုင်” ဆိုတဲ့နေရာမှာတောင် နိကဏ္ဌ နဲ့ မြတ်ဗုဒ္ဓတို့ စိန်ခေါ်ပြိုင်ဆိုင်တာမျိုးတော့ မဟုတ်ပါဘူး၊ နိကဏ္ဌရဲ့ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ကို ညှဉ်းပန်းကျင့်ကြံတဲ့ အတ္တကိလမထာနုယောဂအကျင့်ကို သဘောကျသူများက ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်နဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်ပြီးသုံးသပ်ကြလို့သာ အပြိုင်အဆိုင်လို့ပြောရတာပါ။

ကမ္မ၀ါဒကို လက်ခံကျင့်သုံးတဲ့နေရာမှာတော့ နိဂဏ္ဌရဲ့အကျင့်က အတော့်ကို ကြံပေါက်ကြံစည် ကတ်သီးကတ်သပ်လည်းနိုင်၊ ပြင်းလည်း ပြင်းထန်ပါတယ်။ ပါဏာတိပါကံ တစ်ခုရှောင်ဖို့လေးမှာတောင် ရေစိမ်းမှာ ပိုးမွှားပါလို့ ဒီအတိုင်းသောက်ရင် အပြစ်ရှိတယ်။ ဒါကြောင့် ရေစိမ်းသောက်ခြင်းကို လုံးဝရှောင်တယ်။ သွားတဲ့ခြေလှမ်းအောက်မှာ ပိုးမွှားတွေကင်းအောင် ခြေလှမ်းတိုင်းမှာ တံမြက်စည်းလှဲပြီးမှ လှမ်းရ တာတို့၊ မကောင်းမှုကိုတားမြစ်ခြင်းဆိုတဲ့ ဓမ္မနဲ့သာ အမြဲထိတွေ့နေစေဖို့အတွက် အ၀တ်အရုံအထိအတွေ့ကိုပါ ရှောင်ကြဉ်တာတို့၊ တချို့က သာယာတဲ့ အထိအတွေ့မဖြစ်အောင် ဆူးပေါ်မှာသာထိုင်တာ အိပ်တာတို့လည်း ပါရဲ့။ ရသာရုံခံစားမှုကင်းအောင် အစားတစ်လုပ် ရေတစ် မှုတ်သာ သုံးဆောင်တာအထိပါပဲ။

လူအများကတော့ ကိုယ်မလုပ်နိုင် မကျင့်နိုင်တာတွေကို ပင်ပင်ပန်းပန်း လုပ်ပြနေပြတာ၊ ခြိုးခြိုးခြံခြံ ကျင့်ကြံဒုက္ခခံပြတာတို့ကို အလွန် အ ထင်ကြီးကြတာဆိုတော့ ကျင့်ကြံနေထိုင်မှုအပိုင်းမှာ မြတ်စွာဘုရားနဲ့တပည့်သားများထက် နိဂဏ္ဌတို့ကို ပိုပြီးအထင်ကြီးကြသူတွေလည်း မရှားပါဘူး။ မလိုက်နာနိုင်ပေမဲ့ လေးစားကြည်ညိုသူ အတော်များပါတယ်။ တချို့နိဂဏ္ဌတပည့်တွေကဆိုရင် ဘုရားရှင်နဲ့ တပည့်သားတွေ အပေါ်မှာ အ၀တ်ရုံတာ၊ အစာစားတာလောက်ကိုတောင် တဏှာရမ္မက်ကြီးသူတွေလို့ ထင်ကြတာလည်းရှိတယ်။

အထင်ကြီးလေးစားကြပေမဲ့ ပြင်းထန်တဲ့အကျင့်ကိုလိုက်နာနိုင်သူကရှားလာလို့ တပည့်ရင်းခံပြီး ကျင့်ကြံသူကတော့ တဖြည်းဖြည်း လုံးပါးပါး လာပါတယ်။ နိဂဏ္ဌရဲ့အဆုံးအမဟာ အသိဉာဏ်သဘောတရားရယ်လို့ မပါဘဲ ခန္ဓာကိုယ်ကို ညှဉ်းပန်းတဲ့အကျင့်မျိုးစုံကိုသာ ဟောညွှန်ထား တာဖြစ်လို့ သူ့ဝါဒကို ယုံကြည်သူအများစုဟာလည်း ဆင်ခြင်တုံတရားနည်းပါးကြတဲ့အတွက် အသိနည်းသလောက် အစွဲနာ အခွာခက်တွေ ဖြစ်ကြလို့ ခုအထိလည်း မျိုးဆက်တော့ဖြင့် မဆိတ်သုဉ်းသေးပါဘူး။

ဗုဒ္ဓ၀ါဒနဲ့ ခေါင်းခေါင်းပါးပါး အကျင့်ချင်းပြိုင်သလိုဖြစ်နေလို့သာ အပြိုင်အဆိုင်လို့ဆိုရပေမဲ့ ဗုဒ္ဓနဲ့နိဂဏ္ဌတို့ ထိပ်တိုက် ရင်ဆိုင်ယှဉ်ပြိုင်တာရယ် လို့တော့ ပိဋကတ်မှာ ကြီးကြီးမားမား မတွေ့မိပါဘူး။ မြတ်ဗုဒ္ဓပွင့်ပေါ်လာတဲ့အခါမှာ နိဂဏ္ဌရဲ့ဂိုဏ်းဟာ တဖြည်းဖြည်း အင်အားလျော့ပါးလာတာ ကတော့ အတော်လေးသိသာပါတယ်။ တချို့ ဆင်ခြင်တုံရှိကြတဲ့ သီဟစစ်သူကြီးတို့၊ ဥပါလိသူကြွယ်တို့လိုပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓရဲ့ တ ပည့်သားအဖြစ် ခံယူသွားကြလို့ပါ။ ဒါပေမဲ့ မြတ်ဗုဒ္ဓကတော့ ဒီဒကာများကိုလည်း “ရှေးအစဉ်အလာမပျက် နိဂဏ္ဌတို့အပေါ်မှာလည်း လှူ ဒါန်းမှု၊ ထောက်ပံ့မှု မပျက်ကွက်ကြဖို့ တိုက်တွန်းထားပါတယ်။ တကယ်ကိုမှ လေးစားခင်မင်မှုမပျက်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို ပီပီပြင်ပြင်ကျင့်သုံးပြတဲ့သဘောပါပဲ။

ဗုဒ္ဓ၀ါဒနဲ့ ယှဉ်လာတဲ့အခါ နိဂဏ္ဌတို့ရဲ့ဝါဒက သိသိသာသာကြီး လျော့နည်းသွားရခြင်းရဲ့အဓိကအကြောင်းကတော့ နိဂဏ္ဌတို့ဟာ လောက သားတို့ အံ့သြလေးစားလောက်အောင် အကျင့်နဲ့ အပင်ပန်းခံပြပေမဲ့ လောကသားတို့ရဲ့လိုအပ်ချက်ကို ပြည့်ပြည့်စုံစုံ ဖြည့်ပေးတဲ့ “အပေးပြိုင် ပွဲ’’ မှာတော့ လုံးဝကိုယှဉ်လို့မရတဲ့အချက်က အဓိကဖြစ်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓနဲ့ခေတ်ပြိုင် ဘာသာရေးနယ်ပယ်မှာ “အပြိုင်အဆိုင်’’ ဆိုတဲ့အဆင့်နဲ့ သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးထဲမှာ သစ္စကပရိဗိုဇ်က “အ ပြော’’ နဲ့ လူတွေကို ဖမ်းစားဖို့ ကြိုးစားတယ်။ အပြောကို ငေးမောမိသူများအနေနဲ့ ပြောဆိုငြင်းခုံဖို့ကလွဲလို့ တကယ့်ဘ၀မှာ ဘာမှသုံးမ ရတဲ့အတွက် ဒီဝါဒက လုံးဝဆိတ်သုဉ်းသွားတာပါပဲ။

နိဂဏ္ဌဆရာကြီးကတော့ “အပြ’’ နဲ့ လောကကို ဖမ်းစားဖို့ ကြိုးစားခဲ့သူပါ။ သူပြတဲ့အကျင့်များက ကံရဲ့အမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို လုံးဝချုပ်ချယ်ပြီး ကျင့်ကြံရတာဖြစ်လို့ လူဖြစ်ရှုံးရုံကလွဲပြီး ဘာအကျိုးမှမရတဲ့ အနေဆင်းရဲ အသေဆင်းရဲ “အပြ’’ ကြီး ဖြစ်နေတဲ့အတွက် တဖြည်းဖြည်းလုံးပါးပါးသွားရတာပါပဲ။

မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ပြမှုများဟာ လက်ငင်းလက်တွေ့အကျိုးရစေပြီး လက်တွေ့ စမ်းသပ်စစ်ဆေးခွင့်ကိုပါ ခွင့်ပြုဖိတ်ခေါ်ဝံ့ခဲ့တဲ့ ၀ါဒဖြစ်တဲ့ အတိုင်း ကံပေးအမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့ပတ်သက်လို့လည်း “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား’’ ဆိုတဲ့အတိုင်း မကောင်းမှုဆိုတဲ့အရှုပ်ကိုသာ ဖယ်စေပြီး ကောင်းမှုနဲ့ယှဉ်ပြီး အသုံးပြုခံစားတဲ့ လူ့အခွင့်အရေးကိုတော့ မချုပ် ချယ်တဲ့အတွက် “လောကရဲ့လိုအပ်ချက် ဓမ္မရဲ့ပြည့်စုံမှု’’ ဆိုတဲ့ လောကီချမ်းသာ လောကုတ္တရာချမ်းသာတို့ကို အပြည့်အ၀ လက်တွေ့ကျကျ ပေးဆောင်နိုင်လို့ “အပေးပြိုင်ပွဲ’’ မှာ အတုမရှိ အောင်ပွဲဆင်ခဲ့တာဖြစ်တယ်။

“အပြောသမား’’သက်သက်က တစ်ခဏနဲ့ကျဆုံး၊ အလုပ်မဖြစ်ဘဲ အထင်ကြီးစရာ သက်သက်ဖြစ်တဲ့ “အပြသမား’’ က လုံးပါးပါးပြီး အပြော ရော အပြပါ လက်တွေ့ကျကျ လောကရဲ့လိုအပ်ချက်ကိုပေးနိုင်တဲ့ “အပေးသမား’’ က ရေရှည်အောင်ပွဲ ခံသွားရတယ်လို့သာ ဆိုရပါလိမ့်မယ်။

ခြုံငုံစဉ်းစား အသိပွားနိုင်ကြပါစေ ... ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...