Saturday, May 26, 2012

မြန်မာနိုင်ငံမှာ ဆန္ဒပြပိုင်ခွင့် ရှိသလော


by Lwin Aung Soe on Saturday, May 26, 2012 at 2:27am 

  
ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ရှုထောင့် နှစ်ခုကနေ ခွဲကြည့်ပါမယ်။ ပထမရှုထောင့်က နိုင်ငံတကာ သဘောတူညီမှု ရှိတဲ့ စာတမ်းအရ ဖြစ်ပါတယ်။ ဒုတိယရှုထောင့်ကတော့ မြန်မာနိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေရှုထောင့်မှ ဖြစ်ပါတယ်။

ပထမရှုထောင့်က ကြည့်ရင်…

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းက သဘောတူ လက်မှတ်ရေးထိုးပြီးမှ အဖွဲ့ဝင်ခွင့်ရတဲ့ ပဋိဥာဉ်စာချုပ် ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ အစိုးရတွေဟာ ဒီစာတမ်းပါ လိုက်နာရမယ့်ကိစ္စတွေကို ပျက်ကွက်နေကြပါတယ်။ အဲဒီအခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ စွပ်စွဲခံရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရရှိထားတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့လည်း အပါအဝင် ဖြစ်ကြပါတယ်။
ဒါပေမယ့် တရုတ်၊ ရုရှားတို့ လူ့အခွင့်အရေး ချိုးဖောက်တိုင်း မြန်မာနိုင်ငံက အတုယူ လိုက်လုပ်ရမှာတော့ မဟုတ်ပါဘူး။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ရဲ့ အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားပါတယ်။

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်၊ လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်းပါဝင်သည်။

အပိုဒ် ၂ဝ မှာတော့ အခုလို ဖော်ပြထားပါတယ်။

( ၁ ) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

ဒါကြောင့် အပိုဒ် ၁၉ နဲ့ အပိုဒ် ၂ဝ (၁) အရ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့် ရှိနေပါတယ်။

ဒုတိယရှုထောင့်က ကြည့်ရင်…

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို သဘောတူ ဆုံးဖြတ်ပြီးနောက် နိုင်ငံတော် သမ္မတကလည်း ၂-၁၂-၂ဝ၁၁ နေ့မှာ လက်မှတ်ရေးထိုး သဘောတူခဲ့တဲ့အတွက် အတည်ပြုပြီး ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီဥပဒေရဲ့ နည်းဥပဒေကို ပြဌာန်းခြင်း မရှိသေးလို့ ဆန္ဒပြခွင့် မရှိပါဘူးလို့ ဆိုပါတယ်။ ခြောက်လနီးပါး ကြာမြင့်လာနေတဲ့ အတည်ပြုပြီး ဥပဒေတရပ်ဟာ နည်းဥပဒေ မထုတ်ပြန်ရသေးလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဥပဒေ သက်ရောက်ခွင့် မရှိဘဲ ဖြစ်နေတာ ကနေ့တိုင် ဖြစ်နေပါတယ်။

တချိန်တည်းမှာ အရင့်အရင် အခြေခံဥပဒေဟောင်းတွေမှာ ပြဌာန်းထားတဲ့ ဥပဒေပုဒ်တွေ အပါအဝင် ဘယ်လို ဥပဒေကို မဆို ဖျက်သိမ်းတယ်လို့ မကြေညာမချင်း တည်ဆဲဥပဒေလို့ လက်ရှိ ၂ဝဝ၈ အခြေခံဥပဒေက ပြဌာန်းထားပြန်ပါတယ်။ အဲဒီပြဌာန်းချက်အရ ဖျက်သိမ်းလိုက်တယ် ဆိုရာမှာ အရင် မြန်မာစစ်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ နအဖ ဥပဒေ မဆိုစလောက် အနည်းငယ်သာ ရှိခဲ့ပြီး ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတဲ့ ဥပဒေ အမျိုးအမျိုးအထွေထွေတွေကို မဖျက်သိမ်းသေးဘဲ ဖြစ်နေတာ တွေ့ရပါတယ်။ 

ဒါကြောင့် လက်ရှိ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ စီတန်း လှည့်လည်ခွင့် ဆန္ဒပြပိုင်ခွင့် ဥပဒေအရ ဆန္ဒပြပိုင်ခွင့် မရှိသလို၊ တကယ်လို့ လူစုလူဝေး လုပ်မယ်၊ လူစုလူဝေးနဲ့ ချီတက်မယ်၊ ဆန္ဒပြမယ် ဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ လုံခြုံရေးတာဝန်ကျ အဓိကရုဏ်းရဲတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်

အခုတလောမှာ မန္တလေး၊ ရန်ကုန်၊ ပြည်၊ ပုသိမ် အစရှိတဲ့ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ တူညီတဲ့ အကြောင်းရင်းဟာ လျှပ်စစ်မီး အလုံအလောက် မရတာကို ရအောင် လုပ်ပေးဖို့ အစိုးရကို တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြည်မြို့မှာတော့ ဆန္ဒပြသူတွေကို တားဆီးရာမှာ ရိုက်နှက် ဖမ်းဆီးတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ခဲ့ပါတယ်။

အလားတူပဲ စားဝတ်နေရေး ကျပ်တည်းလို့ လုပ်ခလစာ ပိုမိုတိုးမြှင့်ပေးဖို့ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။ လယ်ယာမြေ အသိမ်းခံနေရတဲ့ လယ်သမားကြီးတွေကလည်း သူတို့ နစ်နာဆုံးရှုံးမှုအတွက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြရတဲ့ အရင်းခံအကြောင်းရင်းကတော့ ပြည်သူတွေမှာ နစ်နာဆုံးရှုံးမှုတွေကို ကြုံတွေ့နေရလို့သာ ဖြစ်ပါတယ်။ နစ်နာဆုံးရှုံးမှုတွေကို တရားဥပဒေအရ ကာကွယ်ပေးထားရင်၊ ခံစားပိုင်ခွင့် ပေးထားရင် ဘယ်သူမှ အလုပ်ပျက်ခံ၊ အပင်ပန်းခံပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြမှာ မဟုတ်ပါဘူး။ 

ဆန္ဒပြ ပြည်သူတွေက ယုံကြည်ထားတဲ့ အချက် ၃ ချက်

(၁) မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့အလျောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအရ မြန်မာနိုင်ငံသားတွေက လူ့အခွင့်အရေးတွေကို ခံစားပိုင်ခွင့် ရှိတယ်လို့ ယုံကြည်ထားကြမှာ ဖြစ်ပါတယ်။

(၂) လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေအရ မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့် ရှိတယ်လို့ မလွဲမသွေ ယူဆကြမှာ ဖြစ်ပါတယ်။

(၃) ပြည်ထောင်စုလွှတ်တော်မှာ သဘောတူ ဆုံးဖြတ်ပြီး သမ္မတကလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့လို့ အတည်ဖြစ်သွားတဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေအရ ဆန္ဒပြပိုင်ခွင့် ရှိတယ်လို့လည်း သဘောထားကြမှာ ဖြစ်ပါတယ်။ 

အခုလက်ရှိ ဆန္ဒပြပွဲတွေသာမက နောက်နောင်လည်း ပြည်သူလူထုဟာ မိမိတို့ရဲ့ ပကတိ လိုအပ်ချက်တွေကို ရသင့်ရထိုက်တဲ့အတိုင်း အပြည့်အဝ မရရင် အစိုးရသာမက အခြားအဖွဲအစည်းတွေ၊ အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေကို ဆက်လက် ဆန္ဒပြနေကြဦးမှာ ဖြစ်ပါတယ်။

ဆင်ကောင်ကြီး အမြီးရောက်မှ တစ်နေသလော

ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒပြတာဟာ မဆန်းပြားတဲ့ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်လျက်နဲ့ ဆန္ဒပြခွင့် မရတာဟာ ဒီမိုကရေစီတန်ဖိုးတခုကို အစိုးရကိုယ်တိုင်က ရိုက်ချိုးဖျက်ဆီးတာဖြစ်လို့ နိုင်ငံအနေနဲ့၊ အစိုးရအနေနဲ့ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်သူမဆို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ကြဖို့ ရပိုင်ခွင့်နဲ့ တာဝန်တွေ ရှိကြတဲ့အတိုင်း အစိုးရဟာ ဒီမိုကရေစီနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရပါမယ်။ ဒါမှသာ အခြား ဒီမိုကရေစီနိုင်ငံတွေနဲ့ တန်းတူဆက်ဆံပြီး နိုင်ငံ့အကျိုးစီးပွား၊ နိုင်ငံတကာ အကျိုးစီးပွားတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  

တချိန်တည်းမှာ လူတိုင်းအတွက် အကျိုးတူ စီးပွားတွေကို ခံစားပိုင်ခွင့် ရှိနေကြရမှာလည်း ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ဖြစ်လာနိုင်စေဖို့ အဆုံးအဖြတ်ပေးရာမှာ ဆန္ဒပြခွင့် ရှိ-မရှိ ဆိုတဲ့အချက်က သိပ်ကို အရေးပါနေပါတယ်။ ဖြေရှင်းမယ်ဆိုရင် ချက်ချင်းတောင် ပြေလည်သွားနိုင်လောက်တဲ့ လက်တကမ်းအလိုကို ရောက်နေတဲ့ အနေအထားပါ။

ဒါကို မဖြေရှင်းဘဲ ဒီအတိုင်းဆက်ထားရင် နိုင်ငံအတွက်ရော၊ အများပြည်သူတွေအတွက်ပါ ဘယ်လိုမှ ပိုပြီး အကျိုးမရှိနိုင်တာကို စဉ်းစားဆင်ခြင် ဆုံးဖြတ်ဖို့ အချိန်တန်နေပါပြီ။ ဆန္ဒပြခွင့်ကို တားဆီးပိတ်ပင် ချုပ်ချယ်ကန့်သတ်ထားတာတွေဟာ အာဏာရှင်စနစ်ရဲ့ လုပ်ရပ်ဖြစ်တာပါတယ်။ ဒီမိုကရေစီကို အသွင်ပြောင်းလာနေချိန်မှာ ဆက်လက် ထိန်းသိမ်း ကျင့်သုံးနေဖို့ မသင့်တော့ပါဘူး။ အာဏာရှင်စနစ်ဘက်ကို ပြန်ရောက်သွားစေမယ့် ကျင့်ထုံးမှန်သမျှကို နှမျောတသ စိုးရိမ်ပူပန်ခြင်း မရှိဘဲ ပြတ်ပြတ်သားသား စွန့်လွှတ်ရပါတော့မယ်။ တိုင်းပြည်အနာဂတ်မှာ ဘယ်လို အလားအလာကောင်းတွေ ရှိလာမလဲလို့ မျှော်မှန်းသုံးသပ်ရင်း လက်ရှိအနေအထားကို တိုးတက်အောင် ပြုပြင်ကြဖို့ အချိန်တန်ပါပြီ။  

အာရှကျားဖြစ်လာဖို့ မဝေးတော့

မြန်မာနိုင်ငံဟာ မကြာခင်မှာ အာရှကျားတကောင် ဖြစ်လာပါတော့မယ်။ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ပြီး ဖွံ့ဖြိုး အင်အားကောင်းလာတာကို ဆိုလိုပါတယ်။ ဒီလိုဖြစ်လာနိုင်တဲ့ အခြေခံအကြောင်းရင်းတွေမှာ ဒီမိုကရေစီနိုင်ငံ အဖြစ် ငြိမ်းချမ်း ငြင်သာစွာ အသွင်ကူးပြောင်းနိုင်ဖို့က အရေးပါဆုံး ဖြစ်ပါလိမ့်မယ်။ လက်ရှိ နိုင်ငံရေး လမ်းကြောင်းက အဲဒီဘက်ကို ဦးတည်နေပါပြီ။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အခြား အာဆီယံနိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေထက် သယံဇာတ ပိုမိုကြွယ်ဝလို့ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်း အားကောင်းပါတယ်။ ရေလမ်းမြေလမ်း ပထဝီ အချက်အချာကျတဲ့နေရာမှာ ရှိလို့လည်း ကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်နေပါတယ်။

အိမ်နီးချင်းတွေနဲ့ ရောင်းဝယ်ဖောက်ကားနိုင်မယ့် ဈေးကွက်အနေအထားကို ကြည့်လိုက်ရင် အရှေ့ဘက်မှာ လူဦးရေ သန်း ၅ဝဝ ကျော်ရှိတဲ့ အာဆီယံနိုင်ငံတွေ၊ မြောက်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၃ဝဝ ရှိတဲ့ တရုတ်နိုင်ငံ၊ အနောက်ဖက်မှာ လူဦးရေ သန်းပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ အိန္ဒိယနဲ့ လူဦးရေ သန်း ၁၅ဝ ကျော် ရှိတဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံတို့ တည်ရှိနေပါတယ်။

ဒါကြောင့် ကြီးမားတဲ့ စီးပွားရေး ဈေးကွက်ရဲ့ ဗဟိုအချက်အချာမှာ ကံကောင်းထောက်မစွာ တည်ရှိနေလို့ အခြေခံကျကျ စီးပွားဖွံ့ဖြိုးမှု ရှိနေပြီး ဒါကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ့် နိုင်ငံရေး တည်ငြိမ်မှုနဲ့ တချိန်တည်းမှာ ပြည်ပကျူးကျော်မှု အန္တရာယ်ကို ရင်ဆိုင် တွန်းလှန်နိုင်မယ့် ကာကွယ်ရေးစွမ်းအားလည်း ရှိနေရင် အာရှကျားကြီးတကောင်ထိ ဖြစ်လာနိုင်စရာ အခြေအနေကောင်းနေပါတယ်။

မြန်မာအချင်းချင်း ရန်သူ မဟုတ်

ဒီလိုမျိုး အနေအထားမှာ ကျနော်တို့ မြန်မာနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြီး တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ နိုင့်ထက်စီးနင်း အပေါ်စီးကနေဖို့ မဖြစ်သင့်တော့ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံမူတွေမှာ ဘယ်သူ့ကိုမဆို နှိမ့်ချခွဲခြား ဆက်ဆံခြင်း မရှိစေဘဲ တန်းတူညီမျှမှု ရှိရမယ့်အပြင် အမြင်ကွဲပြားတာတွေကို လက်ခံပြီး အများသဘောကိုဆောင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာ့ ရေမြေပေါ်က ဖြစ်လာသမျှ အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံသားတိုင်း နောင် သားစဉ်မြေးဆက် များစွာထိ တန်းတူညီမျှစွာ အမြော်အမြင်ရှိရှိ ရေရှည် ခွဲဝေစားသုံးနိုင်လောက်အောင် ဖွံ့ဖြိုးလာတော့မယ့် အချိန်ကို ရောက်လုဆဲဆဲ ဖြစ်နေပါပြီ။ ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး လက်ဝါးကြီး အုပ်ချင်နေတဲ့ ဥာဉ်ဆိုးတွေကို ဖျောက်ဖျက်ကြရပါတော့မယ်။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် တဦးနဲ့တဦး နားလည်မှုရှိရှိ ချစ်ခင် ငြိမ်းချမ်းစွာ ရပ်တည်သင့်ကြပါပြီ။   

လွင်အောင်စိုး
၂၆-၅-၂ဝ၁၂     

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...