Monday, May 14, 2012

ကလေးအတွေး


by Naing Htoo Aung on Monday, May 14, 2012 at 7:16am 


ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာပေါ့ဗျာ...။ 
ကျောင်းသားတွေ ကြည့်ရင် စာတော်တဲ့ ကျောင်းသားလဲ ရှိပါတယ်။ စာညံတဲ့ ကျောင်းသားလဲ ပါပါတယ်။ သိပ်အဆော့သန်တဲ့ ကျောင်းသားလဲ ရှိသလို စကားသိပ်များတဲ့ ကျောင်းသာလဲ ပါတာပေါ့။ အတန်းသားအချင်းချင်း လိုက်စတတ်တဲ့ ကျောင်းသားတွေ ရှိနေသလို ခဏခဏရန်ဖြစ်တတ်တဲ့ ကျောင်းသားဆိုတာလဲ မရှားပါဘူး။
မုန့်ခိုးစားတဲ့ ကျောင်းသာပါသလို လစ်ရင်တွမ်တတ်တဲ့ ကျောင်းသားကလဲ တစ်မျိုးတစ်ဘာသာပေါ့။ အတိုင်အတောထူတဲ့ ကျောင်းသားတွေကလဲ တစ်မျိုး တစ်ယောက်တည်း အားငယ်ပြီး ငြိမ်ကုတ်နေတတ်တဲ့ ကျောင်းသားလဲ တွေ့ဖူးပါရဲ့။ မုန့်စားဆင်းချိန် အိမ်ကထည့်ပေးတဲ့ မုန်စားရတဲ့ ကျောင်းသားရှိသလို မုန့်ဈေးတန်းက မုန့်ဝယ်စားတဲ့ ကျောင်းသားလဲ ပါသပေါ့ဗျာ။ နောက်ပြီးတော့ သူများတကာ စားနေတာ သရေယိုနေရတဲ့ ကျောင်းသားကလဲ ပါပေဦးမပေါ့လေ။ အတန်းထဲ ပညာပြချင်တဲ့ ကျောင်းသားပါသလို ဆရာလုပ်ချင်တဲ့ကလေးတွေလဲ ရှားမယ်မထင်ဘူး။ ဒါက ကျောင်းသားတွေမှာ ရှိတတ်တဲ့ ပုံစံလေးတွေကို တစ်မျိုးချင်းရေးထားတာလေ။ တစ်ယောက်မှာ တစ်မျိုးပဲရှိတာ မဟုတ်ပါဘူး တွဲဘက်လေးတွေနဲ့ပေါ့ဗျာ။ ဥပမာဆိုရင် စာညံ့ပြီး ခဏခဏရန်ဖြစ်တတ်တဲ့ ကျောင်းသားပေါ့။ ကြိုက်တဲ့ပုံစံတွေ တွဲကြည့်ပါ နှစ်မျိုးမကလဲ တွဲရပါတယ် စိတ်ဝင်စားစရာလေးတွေ ရတာပေါ့ဗျာ... နော်။

ကျောင်းဆရာ ဆရာမတွေထဲမှာလဲ စာသင်ကောင်းတဲ့ ဆရာမပါသလို စာသင်ညံ့တာလဲ ပါမှာပဲ။ အရိုက်ကြမ်းတဲ့ ဆရာမပါသလို အပြောချိုတဲ့ ဆရာမတွေလဲ ရှိကြတာပါပဲ။ သမာသမတ်ကျတဲ့ ဆရာတွေ အများကြီးရှိသလို ကျူရှင်လာအောင် လုပ်တဲ့ဆရာတွေလဲ ကြုံဖူးပါတယ်။ စည်းကမ်းကြပ်တဲ့ ဆရာတွေနဲ့ ပုံတိုပတ်စ ပြေတတ်တဲ့ ဆရာတွေကလဲ အပုံကြီး။ ဘာမှန်းမသိ မျက်နှာထားကြည့်ပြီး တုန်အောင်ကြောက်ရတဲ့ ဆရာတွေရှိနေသလို ကျောင်းမှာမုန့်ရောင်းတဲ့ ဆရာမလဲ ရှိတတ်ပါတယ်။ ကျောင်းသားစာခေါ်ခိုင်းပြီး ဆရာမချင်း အတင်တုပ်နေတာလဲ မကြာမကြာ ကြုံဖူးသလို စာချည်းလှိမ့်သင်တဲ့ ဆရာကလဲ မရှားပါဘူး။ အသင်းတွေခွဲပေးပြီး ကျောင်းဝေယျာဝတ်စ လုပ်ခိုင်းတတ်တဲ့ ဆရာတွေရှိသလို မကြာမကြာ ပိုက်ဆံကောက်တတ်တဲ့ ဆရာတွေလဲ မနည်းပါဘူး။ တကယ်အနစ်နာခံတဲ့ ဆရာတွေရှိသလို ခဏခဏ မဏ္ဍပ်တိုင်တက်ပြတတ်တဲ့ ဆရာတွေလဲ အပုံကြီးလို့ဆိုရပါမယ်။ သေချာကြပ်မတ်တဲ့ ဆရာတွေလိုမျိုးပဲ ကျူရှင်မှာ မေးခွန်းပေးတဲ့ဆရာတွေ ပေါပါတယ်။ သူ့ကျူရှင်မတတ်တဲ့ကျောင်းသား စာမရရင် ပိုရိုက်တတ်တဲ့ဆရာနဲ့လဲ ကြုံဖူးပါတယ်။ ဒီမှာလဲ တွဲကြည့်ကြပေါ့ဗျာ... နော်။

ဒီနေရာမှာ အတိုင်အတောထူတဲ့ ကလေးကို တိုင်လွန်းလို့ လျစ်လျူရှုမရသလို ကလေးဆိုးနေတာ ဆရာမက ပြင်ပေးရမှာပါ။ စာတော်တဲ့ကျောင်းသားကို ချီးမြှောက်ပေးရမှာ ဆရာမတာဝန်ဖြစ်သလို ခဏခဏရန်ဖြစ်တဲ့ ကျောင်းသားကိုလဲ ဒဏ်ပေးရမှာပါ။ စာညံ့နေရင် ကြိုးစားလာအောင် လုပ်ပေးရမှာဖြစ်သလို စကားများနေရင်လဲ ဟန့်တန်ဟန့်ရမှာပေါ့လေ။ အားငယ်တတ်တဲ့ ကျောင်းသာကို သတိထားကြည့်ရှုရမှာဖြစ်ပြီးတော့ ကျောင်းသားအနေအထားကြည့်ပြီး မော်နီတာတန် မော်နီတာ အသင်းခေါင်းဆောင်တန် အသင်းခေါင်းဆောင်နဲ့ မြှောက်ပေးရဦးမှာပါပဲ။ လက်ရေးလှသူကို စာထွက်ရေးခိုင်းပြီး အသံအောင်သူကို စာခေါ်ခိုင်းဖို့လဲ စဉ်းစားရမှာပါ။ သူများလိုက်စနေတဲ့ ကျောင်းသားကို မှတ်လောက်အောင် ဆုံးမပြီးတော့ အဆော့သန်တဲ့ မျောက်လောင်းတွေကို မကျိုးမပဲ့အောင် ရိုက်တန်ရိုက် ခြောက်တန်ခြောက်ပြီး ထိန်းရပါဦးမယ်။ အိမ်စီးပွားရေးကို မှန်းဆပြီးတော့ တစ်ချို့ကျောင်းသားတွေ အားမငယ်ရအောင် စီမံဖို့လဲ ဆရာတွေ တာဝန်ပါပဲ။

တပည့်မကောင်း ဆရာ့ခေါင်းလို့ ဆိုကြတယ်မဟုတ်ပါလား။ ကျောင်းသားဘယ်လိုပဲ အခြေအနေဖြစ်နေနေ ဆရာတစ်ယောက်မှာ လုံးလုံးတာဝန်ရှိတယ် ပြောကြရင် ငြင်းခုံစရာတော့ သိပ်မလိုဘူးမလား။ ကျောင်းသားတော်သည် ညံ့သည်၊ ဆိုးသည် လိမ္မာသည်ဆိုတာက ဆရာ့ပေါ်မူတည်တာမဟုတ်လား။ အဲဒိလို မဆိုရင်တောင် ပြုပြင်ထိမ်းကျောင်းပေးဖို့ တာဝန်အရှိဆုံးသူတွေက ဆရာတွေပဲမဟုတ်ပါလား။

ကလေးဆိုးနေ ညံ့နေပေမယ့် ဆရာကောင်းနဲ့ တွေ့သွားလို့ တော်သွား လိမ္မာသွားတာတွေရှိသလို၊ လိမ္မာပြီး တော်တဲ့ကျောင်းသားတွေ ဆရာမကောင်းလို့ ထွန်းပေါက်သင့်သလောက် မပေါက်ခဲ့တာတွေ ရှိကောင်းရှိပေမယ့် ဆရာဆိုးတိုင်း ကျောင်းသားတွေအကုန် ညံ့သွားတာ မဟုတ်သလို ဆရာကောင်းတိုင်း အားလုံးတော်သွားတယ်ဆိုတာ မကြားဖူးပါဘူး။ ကလေးဆိုတာ အသိဥာဏ်နုတဲ့ အရွယ်မို့ ဆရာ့အရည်အချင်း ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုက များတယ်ဆိုပေမယ့် ကိုယ်တိုင်က ကောင်းနေဖို့ တော်နေဖို့ဆိုတာ အဓိကပဲလို့ မြင်မိပါတယ်။

ကလေးတစ်ယောက် ကျောင်းသားတစ်ယောက်ရဲ့ အဆိုးအကောင်း စရိုက်ဗီဇတွေက စာသင်ကျောင်းတစ်ခုတည်းနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။ သူ့ရဲ့ ပတ်ဝန်းကျင် မိဘတွေရဲ့ ဆိုဆုံးမမှုတွေ စိတ်ဓါတ်အဆင့်အတန်း ဥာဏ်အရည်အသွေးတွေနဲ့ အများကြီးသက်ဆိုင်သေးတာ မဟုတ်ပါလား။ ကျောင်းသားကိုယ်တိုင်ကလဲ ပြောင်းလဲချင်စိတ် ကြိုးစားအားထုတ်မှု မရှိခဲ့ရင် ဘယ်လောက်ပဲ ဆရာက ကြိုပမ်းအားထုတ်နေနေ ကောင်းသောပြောင်းလဲခြင်းကို ရောက်လာဖို့ လိုနေဦးမှာပါပဲ။ ဒီလိုပြောလို့ ဆရာတွေမှာ တာဝန်မရှိဘူးလားဆိုတော့ ရှိပါတယ် လုံးလုံးတာဝန်ရှိတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်တိုင်ကြိုးစားမှု မရှိတဲ့ကျောင်းသားဟာ တာဝန်ယူလွန်းသူနဲ့ တွေ့တာတောင် ကောင်းမလာနိုင်ပါဘူးဗျာ။

ခုနေခါမှာ ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတဲ့ အရိပ်အယောင်တွေကနေ တဖြည်းဖြည်း ပုံရိပ်တွေထင်လာပါပြီ။ နိုင်ငံမှာ ရှေ့ဆောင်လမ်းပြ လုပ်နေကြတဲ့ သူတွေကလဲ အဲ ရှေ့ဆောင်လမ်းပြဆိုတာက သမ္မတကြီးတင်မက ဒေါ်စုတို့လဲ ပါပါတယ် သူတို့တွေက အပြိုင်အဆိုင် လက်တွဲလုပ်နေကြတယ်လို့ မြင်မိပါတယ်။ လွန်ခဲ့သော တစ်နှစ်ကျော်လောက်က မတွေးမိတဲ့ အကြောင်းအရာတွေ ဖြစ်လာနေတယ်ဆိုတာတော့ ငြင်းကြမယ် မထင်ပါဘူး။ စောင့်ကြည့်နေကြတဲ့ သူတွေလဲ အတိုင်းအတာတစ်ခုထိ ရောက်နေပြီဆိုတာ တွေးမိကြမယ် ထင်ပါရဲ့ဗျာ။

ကျောင်းသားနဲ့ဆရာ နိုင်ငံက ဦးဆောင်သူတွေနဲ့ ပြည်သူတွေကို နှိုင်းယှဉ်မိရင်တော့ဗျာ ထစ်ကနဲ့ရှိ သမ္မတကြီး ဘာတွေလုပ်ပေးပါ။ ဘာတွေကို မလုပ်ဘူးလား။ ဒေါ်စုက ဒါတွေမလုပ်ဘူးလား ဒါတွေကို မျက်ကွယ်ပြုထားတာလားဆိုတဲ့ အတိုင်အတောထူတဲ့ ကျောင်းသားလိုမျိုး အော်ဟစ်ဆူညံကြတာတွေ နေရာရချင်တဲ့သူတွေ စသဖြင့်စသဖြင့်ပေါ့လေ ကျွန်တော်တို့ နိုင်ငံကြီးမှာ လူပေါင်းစုံရှိကြပါရဲ့ဗျာ။ တစ်ခုပြောချင်တာက ကျွန်တော်တို့က ဘေးပတ်ဝန်းကျင်ကြောင့် ယိမ်းယိုင်ပြောင်းလဲမယ့် ကလေးတွေ မဟုတ်တော့သလို နိုင်ငံရှေ့ဆောင်တွေကလဲ ဥုံဖွပျောက်စေ ဆရာတွေမဟုတ်ဘူးဆိုတာပါပဲ။

ကလေး လေးငါးဆယ်ရှိတဲ့ ကျောင်းစာသင်ခန်းကို စာမသင်ဖူးတဲ့ လူတစ်ယောက် ဘယ်လိုမှ ရအောင်မထိန်းနိုင်ပါဘူး။ ကလေးတွေရဲ့ စရိုက်တွေ အကျင့်တွေကို ပြုပြင်ထိန်းကျောင်းပေးရသလို သင်ရမယ့် စာတွေကိုလဲ ပြီးပြတ်အောင် တစ်ချိန်းတည်း တစ်ပြိုင်တည်း သင်ရမှာပါ။ ကိုယ်တိုင်ကြိုးစားပြီး လိမ္မာတဲ့ ဓါတ်ခံရှိတဲ့ ကျောင်းသားက တော်သွားမှာပါပဲ။ အဲဒိလိုကျောင်းသားတွေ များများရှိလေ များများ တော်လေလေပေါ့ဗျာ။ တစ်တန်းလုံးဆိုလဲ တစ်တန်းလုံး တော်တာပေါ့လေ။

ဒီလိုပါပဲ နိုင်ငံတစ်ခုကို ထိန်းကျောင်းမောင်းနှင်တဲ့အခါမှာ နိုင်ငံခေါင်းဆောင်တွေ ရှေ့ဆောင်လမ်းပြတွေဟာ လမ်းစဉ်တွေ လမ်းကြောင်းတွေပဲ ဖော်ထုတ်လမ်းကြောင်းရုံပဲ လုပ်ပေးနိုင်မှာပါ။ ချမှတ်ထားတဲ့ ပေါ်လစီတွေ လမ်းကြောင်းတွေပေါ်မှာ ပြည်သူလူထုက လိုက်ပါပြီး ကိုယ်တိုင်ကိုယ်ကျ တိုးတက်တဲ့ နိုင်ငံတော်ကြီးကို ရအောင် အားထုတ်ကြရမှာပါ။ ကိုယ်တိုင်လုပ်ရမယ့် အလုပ်ကို လုပ်ပေးတာစောင့်နေရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ကလေးတွေ ပတ်ဝန်းကျင်ကို မှီခိုနေရသလိုပဲ နိုင်ငံသားတိုင်းမှာ မိမိကိုယ်တိုင်ရဲ့ လူမှု စီးပွား ဘဝတွေကို အရင်ပြည့်စုံအောင်လုပ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ကိုယ်လုပ်တဲ့အလုပ်မှာ အဆင်ပြေအောင်လုပ်နေရင်နဲ့ ကျွဲကူးရေပါ ကြိုးစားကြရင်းနဲ့မှ တိုးတက်တဲ့ နိုင်ငံကို ရောက်နိုင်မှာပါ။ များများက တာဝန်သိတက်ကြရင် မြန်မြန်ရောက်မှာပေါ့ဗျာ...။ တောင်းနေ အော်နေရုံနဲ့ အလုပ်မဖြစ်တာတော့ သိဖို့ကောင်းပါတယ်။

ကျောင်းသားနဲ့ ဆရာတွေလို နှိုင်းယှဉ်ပြီး ပြောရရင် နိုင်ငံရှေ့ဆောင် ခေါင်းဆောင်တွေမှာ တာဝန်မရှိဘူးလားဆိုတော့ ရှိပါတယ် လုံးလုံးတာဝန်ရှိတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်တိုင်ကြိုးစားမှု မရှိတဲ့ပြည်သူတွေဆိုရင် တာဝန်ယူလွန်းသူနဲ့ တွေ့တာတောင် ကောင်းမလာနိုင်ပါဘူးဗျာ။ ဒါပါပဲ...။

Luminox
14.5.2012
 · 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...