တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်နှင့် မြန်မာ့မော်ဒယ်သစ်
by Lu Cifer on Saturday, May 12, 2012 at 5:41am
၂၀ ရာစုရဲ့ အထင်ကရ နိုင်ငံရေးနဲ့ လူမှုဗေဒပညာရှင် မာတင် လစ်ပ်ဆတ် (Martin Lipset) ပြောခဲ့ဖူးတဲ့ စကားတစ်ခု ရှိပါတယ်။ “တိုင်းပြည်တစ်ခုထဲကိုပဲ သိသူဟာ ဘယ်တိုင်းပြည်အကြောင်းကိုမှ မသိဘူး” (He knows only one country knows no countries.) တဲ့။ လစ်ပ်ဆတ် ရဲ့ စကားအတိုင်းဆိုရင် ကိုယ့်နိုင်ငံအကြောင်းပဲ သိသူဟာ တခြားနိုင်ငံတွေအကြောင်းကို မသိသလို၊ ကိုယ့်နိုင်ငံ အကြောင်းလည်း ရေရေလည်လည် မသိသူလို့ ဆိုရလိမ့်မယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံကို ချစ်တဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့သူတွေက ကိုယ့်နိုင်ငံ အကြောင်းတင်မကဘဲ အခြားနိုင်ငံတွေရဲ့ အကြောင်းတွေကိုပါ စိတ်ဝင်တစား လေ့လာကြတာဖြစ်တယ်။ အခြား ဥရောပ၊ အမေရိက၊ အာရှ၊ အာဖရိကတို့က တိုင်းပြည်တွေ အာဏာရှင်စနစ် မျိုးစုံအောက်က ဘယ်လို ရုန်းထွက်ခဲ့သလဲ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို ဘယ်ပုံစံတွေနဲ့ အောင်မြင်အောင် တည်ဆောက်ကြသလဲ ဆိုတာ ကိုယ့်နိုင်ငံဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြတယ်။ အထူးသဖြင့် အခု လူငယ်ပိုင်းက မြန်မာနိုင်ငံကို စင်္ကာပူလို၊ အင်ဒိုနီးရှားလို၊ တရုတ်နဲ့ အိန္ဒိယလို၊ စကင်ဒီနေးဗီးယား နိုင်ငံတွေလို ပုံစံအမျိုးမျိုးကို စိတ်ကူး ပုံဖော်ကြည့်ကြတယ်။
တကယ်တမ်းအားဖြင့် မြန်မာနိုင်ငံအတွက် စဉ်းစားစရာ အားကျစရာ အကောင်းဆုံး နိုင်ငံတစ်ခုကတော့ အာရှက တောင်ကိုရီးယား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်က တရုတ်မော်ဒယ်ထက် ပိုအတုယူဖို့ ကောင်းသလို၊ ထိုင်ဝမ် စင်္ကာပူ ဟောင်ကောင် တို့ထက်လည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ထိုင်ဝမ်၊ စင်္ကာပူ၊ ဟောင်ကောင် တို့က တောင်ကိုရီးယားထက် ပိုချမ်းသာချင် ချမ်းသာနိုင်ပေမဲ့၊ သူတို့က မြို့ပြနိုင်ငံလေးတွေမို့ တောင်ကိုရီးယားနဲ့ ပုံစံအနေအထား မတူပါဘူး။
မြန်မာအနေနဲ့ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းပုံ၊ ဖွံ့ဖြိုးရေးတည်ဆောက်ပုံနဲ့ ကမ္ဘာ့ထိပ်တန်းဖြစ်အောင် ကြိုးပမ်းပုံတွေကနေ လေ့လာသင်ခန်းယူစရာ အများကြီး ရှိနေပါတယ်။
စီးပွားရေးနှင့် ဒီမိုကရေစီ ပေါင်းစပ်
၁၉၆၀ ခုနှစ် မြောက်ဘက်နဲ့ စစ်ပွဲတွေအပြီး အပျက်အစီးပုံအောက်မှာ စစ်ပန်းနေတဲ့ တောင်ကိုရီးယားဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီအချိန် ကိုရီးယားနိုင်ငံသား တစ်ဦးချင်းဝင်ငွေက အာဖရိက ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အတူတူပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်မှာတော့ တောင်ကိုရီးယားဟာ ဥရောပအဖွဲ့ဝင်နိုင်ငံ အများစုထက် ပိုချမ်းသာလာပါတယ်။ ဂျီဒီပီ တစ်ဦးချင်း တစ်နှစ်ဝင်ငွေက ဒေါ်လာ ၃၁,၇၅၀ ရှိလာပြီး၊ ဥရောပနိုင်ငံတွေရဲ့ ပျမ်းမျှဝင်ငွေ ဒေါ်လာ ၃၁,၅၅၀ ထက် ပိုပါတယ်။
ထူထောင်စအချိန်မှာ တောင်ကိုရီးယားဟာ နိုင်ငံတကာက ချေးငှားပေးကမ်းတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို အလေအလွင့် မရှိအောင် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချပြီး အခုလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံအဆင့်ထိရောက်အောင် တက်လှမ်းလာခဲ့တဲ့ တစ်ခုထဲသော နိုင်ငံအဖြစ် တောင်ကိုရီးယားကို ချီးကျူးပြောဆိုကြပါတယ်။
တောင်ကိုရီးယားဟာ တရုတ်လို ၀ုန်းဒိုင်းကြဲ တိုးတက်လာတာ မဟုတ်သလို၊ ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တာလည်း မဟုတ်ပါဘူး။ စီးပွားရေးတိုးတက်မှုကို ဒီမိုကရေစီနဲ့ ပေါင်းစပ်ဖို့ အမြဲကြိုးစားပါတယ်။ စစ်အာဏာရှင် ပတ်ခ်ချောင်ဟီး လက်အောက်မှာ စခဲ့ရပေမဲ့၊ လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး တောင်ကိုရီးယား ပါလီမန်က အသက်ဝင်လာခဲ့ပါတယ်။
ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၁ သုံးသပ်ချက်အရ တောင်ကိုရီးယား ဒီမိုကရေစီစနစ်က ဂျပန်နဲ့ အဆင့်တူ ရမှတ်တူ ဖြစ်ပါတယ်။ အခြား ဘယ်အာရှနိုင်ငံမှ လွတ်လပ်မှုအဆင့်အတန်းမှာ အဲဒီနှစ်နိုင်ငံကို လိုက်မမှီသေးပါဘူး။
နောက် တောင်ကိုရီးရဲ့ ထူးခြားချက်က တိုးတက်မှုနဲ့ ဆင်းရဲချမ်းသာညီမျှမှုကို ပေါင်းစပ်ဖို့ ကြိုးစားခြင်းပါပဲ (It has combined growth with equity.)။ လူမှုထောက်ပံ့မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ စကန်ဒီနေဗီးယား တိုင်းပြည်တွေကို မမှီသေးပေမဲ့၊ ကနေဒါထက်တော့ သာလွန်နေပြီလို့ Freedom House အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့
၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလမှာ တောင်ကိုရီးယားက သူရဲ့ တိုးတက်အောင်မြင်မှုကို အလျင်အမြန် ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေရတဲ့ အခြားချမ်းသာတဲ့ ဘယ်နိုင်ငံထက်မဆို၊ တောင်ကိုရီးယားက အမြန်ဆုံး ပြန်ရုန်းထွက်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ကြရပါတယ်။
၂၀၀၈ ဇွန်လနဲ့ ၂၀၀၉ ဖေဖော်ဝါရီလကြားမှာ တောင်ကိုရီးယား အလုပ်သမား ၁.၂ သန်း အထိ လျှော့ပစ်ခဲ့ရတယ်။ ၂၀၀၉ စက်တင်ဘာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ကိုရီးယား စတော့ဈေးကွက်ကနေ ဒေါ်လာ ၁၁ ဘီလီယံ ဖိုး ပြန်ထုတ်သွားလို့၊ ငွေကြေးဈေးကွက် ၁၀ ရာခိုင်နှုန်း အထိနာခဲ့တယ်။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်ကျတော့ ဂျီဒီပီ တိုးတက်မှု ၆ ရာခိုင်နှုန်းအထိ ပြန်ဦးမော့လာတယ်။ ၂၀၁၂နှစ်အကုန်ထိ ဂျီဒီပီ ၅ ရာခိုင်နှုန်းနဲ့ ပုံမှန်ဆက်တိုးတက်ဖို့ ရှိနေပြီး၊ အခု အလုပ်လက်မဲ့ ၃ ရာခိုင်နှုန်းပဲ ရှိတော့တယ်။
တောင်ကိုရီးယား စီးပွားရေး အလျင်အမြန် ပြန်နာလန်ထမှုကိုကြည့်ရင် တရုတ်စီးပွားရေးအပေါ် တစ်စိတ်တစ်ပိုင်း မှီထားတာကို တွေ့ရတယ်။ တောင်ကိုရီးယား ကုန်စည်အများစုက တရုတ်ကို တင်ပို့တာဖြစ်ပြီး၊ တရုတ်-တောင်ကိုရီးယား လက်ရှိ ကုန်သွယ်မှု ပမာဏက တရုတ်-ဂျာမဏီ အရွယ်အစားထက် ပိုကြီးမားပါတယ်။ ဟွန်ဒိုင်းကုမ္ပဏီအကြီးကဲဟောင်း သမ္မတ လီမြောင်ဘတ်ခ် လက်ထက်မှာ အလုပ်သမား ဥပဒေတွေ ပြင်ဆင်ခဲ့ပြီး၊ ကိုရီးယား လုပ်သားအင်အားစုရဲ့ ၂ ရာခိုင်နှုန်းရှိတဲ့ သက်ကြီးလုပ်သားတွေကို လူမှုထောက်ပံ့မှုအပြည့်နဲ့ ပင်စင်ပေးနားခဲ့တယ်။ တစ်နိုင်ငံလုံး ကျွမ်းကျင်လုပ်သားစု ဖြစ်အောင် ပညာရေး မြှင့်တင်ခဲ့ပါတယ်။
အခုအတိုင်း တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းနဲ့ ဆက်သွားနေရင်၊ စီးပွားရေးတိုးတက်မှု ၂.၅ ရာခိုင်နှုန်းနဲ့ သွားနေတဲ့ အမေရိကန်နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (တစ်ဦးချင်းဝယ်ယူနိုင်မှုစွမ်းရည် PPP) ကို နှစ်အနည်းအငယ်အတွင်း ဖြတ်ကျော်သွားမယ်လို့ the Economist မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ IMF ရဲ့ အစီရင်ခံစာသစ်မှာလည်း တောင်ကိုရီးယား စီးပွားရေးနဲ့ တစ်ဦးချင်းဝင်ငွေက နောက်ငါးနှစ်အတွင်း ဂျပန်ကို ကျော်လွန်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
နောက် တောင်ကိုရီးယား တိုးတက်မှုမှာ အဓိကကကျတဲ့ အချက်က ဂျပန်ကို အားကျစိတ် အတုယူစိတ်နဲ့ မခံချင်စိတ်တို့ ရှိတာက အရေးပါပါတယ်။ ဂျပန် ဘယ်လိုအလုပ်လုပ်သလဲ ဘာတွေလုပ်သလဲ နီးနီးကပ်ကပ် စောင့်ကြည့်ပြီး၊ သူတို့ထက်သာဖို့ ကျားကုပ်ကျားခဲ အမြဲကြိုးစားပါတယ်။
ဒါက တိုင်းပြည်တစ်ပြည်၊ ကုမ္ပဏီတစ်ခုနဲ့ လူတစ်ယောက်အတွက် အတုယူ အားကျစရာ ပြိုင်ဘက်ရှိမှ တိုးတက်တယ်ဆိုတာကို တောင်ကိုရီးယားက သက်သေပြနေပါတယ်။ ဟွန်ဒိုင်းက တိုယိုတာထက် ခိုင်ခန့်အောင် ဈေးပေါအောင် အရေအတွက်များများ ထုတ်နိုင်အောင် အမြဲ ကြိုးစားနေတယ်။ ကိုရီးယားသဘောင်္ကျင်း လုပ်ငန်းတွေက ဂျန်နဲ့ ဂျာမဏီကို အတုယူပါတယ်။
ကိုရီးယားစီးပွားရေးအတွက် စွမ်းဆောင်မှု လေးရပ်
၁၉၆၀နဲ့ ၂၀၁၁ ခုနှစ်ကြား နှစ် ၅၀ ကျော် တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ကြည့်ရင် ထင်ရှားတဲ့ သွင်ပြင်လက္ခဏာလေးခု တွေ့ရပါမယ်။ အောင်မြင်မှုအတွက် အလုပ်ကို ဇွဲနပဲကြီးကြီးလုပ်တဲ့ ပညာတတ် လုပ်သားအင်အားစု (Stakhanovite workforce)၊ စုဖွဲ့ထားတဲ့စီးပွားရေးလုပ်ငန်းကြီးများ (powerful conglomerates)၊ အသေးစားလုပ်ငန်း အားပေးမှု (small firms) နဲ့ လူမှုပေါင်းစည်းညီညွတ်မှု (social cohesion) ဆိုတဲ့ လေးရပ် ဖြစ်ပါတယ်။
ကိုရီးယားရဲ့ ထူးခြားချက်တစ်ခုက ‘ပညာရေးနဲ့ အလုပ်ကြိုးစားမှု’ ကို ပေါင်းစပ်ပြီး ပညာတတ် လုပ်သားအင်အားစု ဖြစ်အောင် အစိုးရနဲ့ ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်တာပါ။ တစ်နှစ်ကို အလုပ်ချိန် အနည်းဆုံး ၂၂၀၀ နာရီ သတ်မှတ်ထားလို့၊ ဒတ်ခ်ျနဲ့ ဂျာမဏီတို့ထက် အလုပ်ချိန် ပိုများပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ထိုင်ဝမ်ပြီးရင် တောင်ကိုရီးယားက ဒုတိယ အလုပ်အချိန် အများဆုံးပါပဲ။ လုပ်သားအင်အားစုမှာလည်း အရေအတွက်ထက် လုပ်သားရဲ့ အရည်အချင်းကို ပိုအလေးထားပါတယ်။
ချမ်းသာတဲ့ အိုအီးစီဒီ ၃၂ နိုင်ငံရဲ့ နိုင်ငံတကာ ပညာရေးအဆင့် ပြိုင်ဆိုင်မှုမှာ ဖင်လန်၊ စင်္ကာပူတို့နဲ့အတူ တောင်ကိုရီးယား ကျောင်းသားတွေက ရှေ့ဆုံးမှာ ရှိပါတယ်။ နောက် ပညာရေးအသုံးစရိတ်မှာ အမေရိကန်ထက်ရော အခြားချမ်းသာတဲ့ ဘယ်နိုင်ငံထက်မဆို ဂျီဒီပီ ရာခိုင်နှုန်း ပိုများပါတယ်။ ကိုရီးယားပညာရေး ကောင်းမွန်တာဟာ အစိုးရကျောင်းတွေထက် ပုဂ္ဂလိက ကျောင်းတွေကြောင့် ဖြစ်ပါတယ်။ အစိုးရက ပညာရေးကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်း သုံးထားပြီး၊ မိသားစုတိုင်းရဲ့ ပညာရေး အသုံးစရိတ်က တိုင်းပြည် ဂျီဒီပီရဲ့ ၂.၈ ရာခိုင်နှုန်း ရှိပါတယ်။ အိမ်ထောင်စုတိုင်းက ၀င်ငွေရဲ့ လေးပုံတစ်ပုံကို သားသမီး ပညာရေးအတွက် သုံးစွဲပါတယ်။
တောင်ကိုရီးယားရဲ့ ပဉ္စလက်ဆန်ဆန် အောင်မြင်မှုနောက်ကွယ်မှာ ‘ချေးဘိုလ်’ ခေါ် ကုမ္ပဏီလုပ်ငန်းစုကြီးတွေရဲ့ ဇာတ်လမ်း ရှိနေပါတယ်။ နည်းပညာအရရော ကူးသန်းရောင်းဝယ်မှုမှာပါ အင်အားကြီးတဲ့ ချေဘိုးတွေရဲ့ အခန်းကဏ္ဍက ကြီးမားပါတယ်။ ဥပမာ၊ ဆမ်ဆောင်း အီလက်ထရောနစ် ဆိုရင် ကုမ္ပဏီလုပ်ငန်းပေါင်း ၈၃ ခုရှိပြီး၊ Apple နဲ့အပြိုင် စမတ်ဖုန်း ရောင်းချနေပါတယ်။
၁၉၇၇ ခုနှစ် တောင်ကိုရီးယား စက်မှုနိုင်ငံဖြစ်အောင် စတင်လျှောက်လှမ်းနေချိန်မှာ အမေရိကန်အစိုးရ စီးပွားရေး အတိုင်ပင်ခံ ပါမောက္ခ အိုင်ရာ မဂါဇီနာ (နောက်ပိုင်း သမ္မတ ဘီလ်ကလင်တန်ရဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်း အထူးအကြံပေးလုပ်ခဲ့သူ) က ဆမ်ဆောင်း လုပ်ငန်းခွင်ကို သွားကြည့်ပြီး ‘အထက်တန်းကျောင်း သိပ္ပံဓာတ်ခွဲခန်း ခပ်စုတ်စုတ်ထက်တောင် ပိုချာသေးတယ်’ လို့ မှတ်တမ်းရေးခဲ့ပါတယ်။ ဒါပေမဲ့ “သူတို့ဟာ RCA, GE, Hitachi တို့လို ကမ္ဘာကျော် ကုမ္ပဏီတွေက ကာလာတယ်လီဗေးရှင်းတွေ စုပုံချ၊ အဲဒါတွေ တစ်စစီဖျက်ကြည့်ပြီး ကိုယ်ပိုင်ဒီဇိုင်းဖြစ်အောင် လုပ်နေကြတယ်” လို့ ရေးထားပါတယ်။
နောက် ငါးနှစ်အကြာ မဂါဇီနာ တောင်ကိုရီးယား ထပ်လာတော့၊ ဆမ်ဆောင်း လုပ်ငန်းခွင်က အမေရိကန်ကုမ္ပဏီကြီးတွေနဲ့ ပြိုင်ဆိုင်နိုင်လောက်အောင် နည်းပညာတိုးတက်နေတာကို တွေ့ရလို့ အံဩခဲ့ရတယ်တဲ့။ မိသားစုပိုင်လုပ်ငန်းလေးကနေ ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ဧရာမ ဂလိုဘယ် အီလက်ထရောနစ် ကော်ပိုရေးရှင်းကြီး ဖြစ်လာအောင် စွမ်းဆောင်ခဲ့တာ ဒဏ္ဍာရီ ဆန်လွန်းတယ်လို့ ပြောပါတယ်။ အခု ဆမ်ဆောင်း က ကမ္ဘာမှာ တယ်လီဗေးရှင်း အများဆုံး ထုတ်လုပ်နေပြီး၊ စမတ်ဖုန်း ဒုတိယ အများဆုံး ထုတ်လုပ်သူ ဖြစ်လာပါတယ်။
ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ LG တို့လို နိုင်ငံခြားပို့ကုန်အတွက် ထုတ်လုပ်တဲ့ ချေးဘိုလ်ကြီးတွေရှိသလို၊ ပြည်တွင်း ၀န်ဆောင်မှုလုပ်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (small and medium-sized firms) လည်း ရှိပါတယ်။ အဲဒီ SMEs တွေကို ကုမ္ပဏီကြီးတွေ လက်ဝါးကြီးမအုပ်နိုင်အောင်၊ ပြိုင်ဆိုင်မှုကနေ လွင့်မသွားအောင် အစိုးရက နည်းမျိုးစုံနဲ့ အကာအကွယ် ပေးထားပါတယ်။ အထူးသဖြင့် အဲဒီ လုပ်ငန်းငယ်တွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း (R&D) ကုန်ကျစရိတ်တစ်ဝက်ကို အစိုးရက ထည့်ဝင်ပေးပါတယ်။
နောက် တောင်ကိုရီးယားမှာ ၀င်ငွေမညီမျှမှု၊ ဆင်းရဲမွဲတေမှုနဲ့ သက်ကြီးအလုပ်သမားပြဿနာ ဖြေရှင်းဖို့အတွက် အစိုးရက ၀င်ငွေခွန်တွေ တိုးမြှင့်ကောက်ပြီး၊ လူမှုလုံခြုံရေးအစီအစဉ်တွေ (social safety nets) ထိထိရောက်ရောက် လုပ်ဆောင်ပါတယ်။
ခေတ်သစ်ဖွံ့ဖြိုးရေး မော်ဒယ်
အခုနောက်ပိုင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေကြားမှာလည်း တောင်ကိုရီးယားရဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပုံစံကို ခေတ်သစ် နိုင်ငံတည်ဆောက်ရေး မော်ဒယ်အဖြစ် ရည်ညွှန်းပြောဆိုမှုတွေ ရှိလာပါတယ်။ နာမည်ကျော် နိုင်ငံရေးပညာရှင် ဖရန်စစ် ဖူကူးယားမားက သူ့ရဲ့ နောက်ဆုံးထုတ် the Origins of Political Order မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် တည်ဆောက်ဆဲ နိုင်ငံတွေ အားကိုးစရာအဖြစ် တောင်ကိုရီးယား မော်ဒယ်ကို အောက်ပါပုံစံနဲ့ ရှင်းပြထားပါတယ်။
တောင်ကိုရီးယားဟာ နိုင်ငံအုပ်ချုပ်ရေးမှာ ကွန်ဖျူးရှပ်အစဉ်အလာကို တရုတ်ထံက ရရှိထားတယ်။ ၁၉၀၅ နဲ့ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ကိုလိုနီအပြုခံရတဲ့အချိန်မှာ ခေတ်သစ် အင်စတီကျူးရှင်းပုံစံအချို့ကို ရရှိခဲ့တယ်။ ကိုရီးယားစစ်ပွဲအပြီးမှာတော့ အတန်သင့် အားကောင်းတဲ့အစိုးရ (strong government) ကို ပိုင်ဆိုင်လာတယ်။ ၁၉၆၁ ခုနှစ် အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ် ပတ်ချုံဟီး ခေါင်းဆောင်မှုအောက်မှာ စီးပွားရေးတိုးတက်မှုကို စက်မှုဖွံ့ဖြိးရေး ပေါ်လစီတွေနဲ့ အကောင်အထည် ဖော်ခဲ့တယ်
(နိုင်ငံတည်ဆောက်ရေးမှ စီးပွားရေးတိုးတက်မှုကို သွားတဲ့ မျှား ၁ ကို ကြည့်ပါ)။
နောက် စိုက်ပျိုးရေးကနေ စက်မှုနိုင်ငံအဖြစ် မျိုးဆက်တစ်ဆက်ခန့်ကြာအောင် ပြောင်းလဲရင်းနဲ့ ကုန်သွယ်ရေးသမဂ္ဂတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစဉ်အလာမှာ မရှိခဲ့တဲ့ အခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေ စတဲ့ လူမှု လှုပ်ရှားမှု (social mobilization) အင်အားသစ်တွေကို အသက်ဝင်လှုပ်ရှားစေခဲ့တယ် (မျှား ၂)။
၁၉၈၀ ကွမ်ဂျူး လူသတ်ပွဲအပြီးမှာ ဗိုလ်ချုပ် ချန်ဒူးဝမ် အစိုးရနဲ့ စစ်တပ်ကို အာဏာနေ ဆင်းပေးဖို့ လူမှုလှုပ်ရှားတဲ့ အုပ်စုတွေက ဖိအားပေးလာတယ်။ ၁၉၈၇ မှာတော့ ဆက်တိုက်ဖြစ်လာတဲ့ လူမှုလှုပ်ရှားမှုတွေနဲ့ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတ ရွေးကောက်ပွဲကို ကြေငြာနိုင်ခဲ့တယ် (မျှား ၃)။
တိုင်းပြည်စီးပွားရေး အလျှင်အမြန်တိုးတက်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေက အပြန်အလှန်အားဖြင့် အစိုးရရဲ့ တရားဝင်မှု (legitimacy) အားကောင်းအောင် ကူညီပေးတယ်၊ အဲဒီလို အစိုးရရဲ့ legitimacy ကောင်းလာမှုက ၁၉၉၇-၉၈ အာရှ စီးပွားရေး အကျပ်အတည်းလို ပြဿနာကနေ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့တယ် (မျှား ၄ နဲ့ ၅)။
နောက်ဆုံး စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ တိုးတက်လာမှုက တောင်ကိုရီးယားမှာ တရားဥပေဒစိုးမိုးမှု (the rule of law) ကို အားကောင်းလာအောင် ကူညီပေးပါတယ် (မျှား ၆ နဲ့ ၇)။
ဖူကူးယားမား ရှင်းပြတဲ့ ဇယားပုံစံကို ကြည့်ရင် အားကောင်းတဲ့အစိုးရ၊ စီးပွားရေးတိုးတက်မှု၊ လူမှုအုပ်စုတွေရဲ့ လှုပ်ရှားမှု၊ ဒီမိုကရေစီ၊ အစိုးရတရားဝင်မှု၊ တရားဥပဒေစိုးမှု စတဲ့အချက်တွေက တစ်ခုကိုတစ်ခု အထောက်အကူပြုပြီး ကိုရီးယား လူ့အဖွဲ့အစည်းကို အောင်မြင်စေခဲ့တယ်။ တောင်ကိုရီးယား မော်ဒယ်က စီးပွားရေးဖွံ့ဖြိုးမှုကနေ ဒီမိုကရေစီကို သွားခဲ့တာ ဖြစ်တယ်။ နောက်ပိုင်း စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို အပြန်အလှန်အမှီပြုလာပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ အချိန်ကာလအားဖြင့် ဆယ်စုနှစ် ငါးခု ကြာခဲ့ပါတယ်။
တောင်ကိုရီးယား အတွေ့အကြုံကနေ မော်ဒယ်သစ်ဆောက်
မြန်မာနိုင်ငံကတော့ လက်ရှိ စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို တပြိုင်နက် သွားနေတာဖြစ်တယ်။ ဒါပေမဲ့ တောင်ကိုရီးယား မော်ဒယ်အတိုင်း၊ စီးပွားရေးတိုးတက်မှု၊ လူမှုလှုပ်ရှားမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီ စတာတွေ ပုံမှန် ဆက်တိုးတက် လာနိုင်မလားဆိုတာတော့ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ အမြှော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်အပေါ် အများကြီး မူတည်နေပါတယ်။ အခု တောင်ကိုရီးယားမော်ဒယ် အပါအ၀င် အခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတွေကနေ သင်ခန်းစာများများ ယူနိုင်ဖို့လိုပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အဓိက စိန်ခေါ်မှုဖြစ်လာပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကုလသမဂ္ဂရဲ့ သန်းခေါင်စာရင်းလုပ်ငန်း အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြင်ဆင်မှုတွေ လုပ်လာပါတယ်။ တကယ်လို့ ၂၀၁၅ အဖြေက ကျေနပ်စရာ ကောင်းပြီး၊ စီးပွားဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်လည်း စလျှောက်နေပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မော်ဒယ်က အာရှဒေသနဲ့ အခြားဒေသနိုင်ငံတွေအတွက် စံပြုစရာမော်ဒယ်သစ်တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။
ဒါ့ထက် စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ ဒီမိုကရေစီ ဆက်ဖြစ်ထွန်းလာခဲ့ရင်၊ ပညာရေးမှာ အဓိကအပြောင်းအလဲတွေလုပ်လာရင် တောင်ကိုရီးယားလို ဆယ်စုနှစ် ငါးခုမကြာဘဲ ကမ္ဘာ့ထိပ်တန်း နိုင်ငံစာရင်းထဲ ၀င်လာနိုင်ပါတယ်။
ဝင့်ထန်း
ရည်ညွှန်း။ the Economist; the origins of political order by Francis Fukuyama
0 comments:
Post a Comment