Friday, May 11, 2012

အိုင် - ကျွန်ုပ်က ပေးသည်သာ ဖြစ်၍ . . .


by ThuRa ThaWah on Thursday, May 10, 2012 at 11:19pm 

(၁)
ဟိုးတလောက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့သည်။ ဘတ်စ်ကား နေ့စဉ် စီးရသူများ၊ စပယ်ယာ များနှင့် အကြွေ ပြန်အမ်းသည့် ကိစ္စ အခြေအတင် ဖြစ်သူများ ဝမ်းသာစရာ ဖြစ်စေမည့် သတင်း။ iPay ခေါ် နတ် ပိုက်ဆံကတ် ပါတဲ့။ နတ်ပိုက်ဆံ ကတ်ပါလျှင် ဘတ်စ်ကား စီးပါက အကြွေ ဆောင်ရသည့် ဒုက္ခမှ ကင်းဝေးမည်တဲ့။ ထိုကတ် အသုံးပြုပုံ ပြုနည်း ကတော့ ဂျာနယ် စာစောင် များတွင် အကျယ်တဝင့် ပါပြီး ဖြစ်၍ ပြန်လည် မရှင်းလင်း တော့ပါ။ ဘာပဲဖြစ်ဖြစ် မောင်ဝါဝါ ဝမ်းသာမိသည်။ နေ့စဉ်နီးပါး စပယ်ယာနှင့် ခရီးသည်ကြား ပြဿနာ တက်ရသည့် ကိစ္စများ ထဲတွင် အကြွေကိစ္စ ကလည်း အတော်ကို အရေးပါသော နေရာတွင် ရှိသည်။ ခရီးသည်က ညစ်ပြီး အတန်ကြီး ပေးလို့ ပြဿနာ တက်တာပဲ ဖြစ်ဖြစ်၊ စပယ်ယာက ပြန်အမ်းဖို့ မေ့တာ၊ အမေ့ခံလို့ ပြဿနာ တက်တာပဲ ဖြစ်ဖြစ် ပြဿနာ တက်တာ ကတော့ တက်တာပါပဲ။ အခုဆို ထိုနတ်ပိုက်ဆံ ကတ်ကို အထူးယာဉ်လိုင်း အချို့တွင် စမ်းသပ် သုံးစွဲ နေပြီ ဟုလည်း သတင်းများ အရ သိရသည်။ ကောင်းတဲ့ ကိစ္စပဲဟု မောင်ဝါဝါ မုဒိတာ ပွါးမိသည်။ အဲဒီမှာ မောင်ဝါဝါ စိတ်ဝင်စား မိတာ တစ်ခုက အိုင်ပေး (iPay) ဆိုသည့် နာမည်လေး ပါပဲ။ ဘာသဘော နှင့်များ ဒီလိုနာမည် ပေးထား ပါလိမ့်။


(၂)
တစ်နေ့က မောင်ဝါဝါ နေ့လည်နေ့ခင်း မြို့ထဲ သွားစရာ ကိစ္စလေး ပေါ်လာသဖြင့် ဘတ်စ်ကား စီးမိသည်။ စီးမိသော ကားက ထိုနတ်ပိုက်ဆံကတ် အသုံးပြု၍ စီးလို့ရသည် ဟူသော ယာဉ်လိုင်း။ နေ့လည်ခင်း ဆိုတော့ ကားတွေ ကလည်း ချောင်ပါသည်။ မောင်ဝါဝါ ထိုင်စရာ နေရာရ၏။ မောင်ဝါဝါ ကားတက်စီးပြီး သုံး လေး မှတ်တိုင်လောက် ရောက်တော့ ခရီးသည် တစ်ဦး တက်လာ၏။ မောင်ဝါဝါ့ ဘေးတွင် ဝင်ထိုင်၏။ သူ့လက်ထဲ အိုင်ပေးကတ် ကလေးနှင့်။ မောင်ဝါဝါ စိတ်ဝင်စား သွားသည်။ ဒီ အိုင်ပေးကတ် အသုံးပြုပုံကို လက်တွေ့ မမြင်ဖူးသေး။ ဒီတော့ စောင့်ကြည့် နေမိသည်။ ခဏနေ .. စပယ်ယာက ကားခ လာကောက်၏။ ခရီးသည်က ကတ်ကလေး ထုတ်ပြီး လက်လှမ်းရုံ ရှိသေး။ ကိုရွှေစပယ်ယာက

“အိုင်ပေးကတ်လား .. သုံးလို့မရဘူး”
“ဟေ … မင်းတို့ ယာဉ်လိုင်းမှာ အိုင်ပေးကတ်နဲ့ စီးလို့ရတယ်ဆို၊ ကားရှေ့မှန် မှာရော၊ ကားရဲ့ ဘေးဘက်ခြမ်း တွေမှာရော စာကပ် ထားတယ်လေ”
“နိုး .. နိုး .. နိုး … အဲဒီကတ်ကို ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်ပဲ ကျွန်တော်တို့ လက်ခံတာ .. ကျန်တဲ့အချိန် လက်မခံ”
“ဟေ …”

ခရီးသည်က ဘာမှ ဆက်မပြောပါ။ စိတ်ရှုပ် သွားပုံဖြင့် အိတ်ကပ်ထဲမှ နှစ်ရာတန် ထုတ်၍သာ ပေးလိုက်သည်။ မောင်ဝါဝါလည်း ဇဝေဇဝါနှင့်။ တရားဝင် ကြေငြာ ထားတဲ့ အထဲမှာလည်း “iPay ကတ်ကို ရုံးတက် ရုံးဆင်း နှစ်ချိန်သာ အသုံးပြု ကြပါရန်” ဟု မတွေ့မိ။ ဘာလို့ ဒီနှစ်ချိန်က လွဲပြီး ကျန်သည့်အချိန် စီး၍ မရပါလိမ့်။ တချို့ ရုံးသမား မဟုတ်သူများ လိုင်းကား စီးလျှင်တောင် လူအရမ်း ကြပ်သဖြင့် ထိုအချိန်များကို တမင်ရှောင်၍ စီးကြတာ ရှိသည်။ ဒါဖြင့် အဲဒီလူတွေ ဒီကတ်ကို ဝယ်ထားလည်း သုံး၍ မရပြီလား။ ရုံးတက် ရုံးဆင်း နှစ်ချိန်ပဲ လက်ခံမည် ဆိုတော့ ကျန်သည့် အချိန် ထိုကတ်ကို ကိုင်ထားလျှင်တောင် တရားမဝင် မှောင်ခိုကတ်လို ဖြစ်နေပြီ။ ကိုရွှေစပယ်ယာ အပြောအရ ဆိုလျှင် ရုံးတက် ရုံးဆင်းချိန် မစီးသူများ ထိုကတ်ကို လုံးဝ ဝယ်စရာ အကြောင်းမရှိ ဟူသည့် သဘောများလား။ ဒီနေရာမှာ ဟိုစကားပုံက တိုက်ရိုက် အသုံးတည့် လေပြီ။

“မိအေး နှစ်ခါနာ” သတဲ့။ အိုင်ပေးကတ် ဝယ်သဖြင့် ပိုက်ဆံ တစ်ခါကုန်သည်။ ဝယ်ပြီးတော့ ပေးသော်လည်း စပယ်ယာ လက်မခံ သဖြင့် အိတ်ထဲမှ ပိုက်ဆံ ထပ်ထွက် သဖြင့် နောက်တစ်ခါ ကုန်ပြန်ပြီ။ ဒီတော့ ထိုကတ်ကို ဝယ်ထား မိသူများ အလဟဿ မဖြစ်လိုလျှင် ရုံးတက် ရုံးဆင်း အချိန်များတွင် အတင်းတိုးဝှေ့ စီး၍သာ သုံးကြပေရော့။ ဒီကတ်ကို အချိန်မရွေး သုံး၍ ရသည် ဆိုတာကို ကိုရွှေစပယ်ယာလေး လုံးဝကို မသိ၍ အပြစ်ကင်းကင်း စိတ်ရှင်းရှင်းဖြင့် လက်ခံရန် ငြင်းလေသလား။ ဒီကိစ္စမှာ တာဝန် ရှိသူက ထိုယာဉ်လိုင်းလား၊ ဒါမှမဟုတ် ခရီးသည်လား၊ ထိုကတ်ကို ထုတ်ဝေသည့် သူများလား။ မောင်ဝါဝါ တွေးသလိုများ ဘေးက ခရီးသည် တွေးမိသလား။ မောင်ဝါ့ဝါ့ ဘေးမှ နှစ်ခါနာ သွားသော ကိုအေး အား လှမ်းကြည့် လိုက်မိသည်။ ကိုအေး ကတော့ စိတ်ချလက်ချ အိပ်ငိုက်၍ နေလေပြီ။ မနေနိုင် မထိုင်နိုင် ကြားထဲမှ ခါးနာမိသော ငထွားကြီး မောင်ဝါဝါ မှာသာ အူကြောင်ကြောင်နှင့်။ သို့သော် .. တန်ပါသည်။ မောင်ဝါဝါ့ စိတ်ထဲ တစ်ချက် “လက်”ခနဲ ဖြစ်သွားသည်။

(၃)
မောင်ဝါဝါ့ စိတ်ထဲ တစ်ချက် “လက်”ခနဲ ဖြစ်သွားသည်။ သေချာ မသိခင်က တစ်ချိန်လုံး စဉ်းစား နေမိသော “အိုင်ပေးကတ်” ဟူသည့် အဓိပ္ပါယ်ကို ဓမ္မဓိဋ္ဌာန် ကျကျ သိရပေပြီ။ လက်တွေ့ မြင်ရသော အခြေအနေနှင့် ဆက်စပ် စဉ်းစား၍ ထိုကတ်၏ ထူးဆန်းသော အဓိပ္ပါယ်ကို ကိုယ့်ဟာကိုယ် ဖွင့်ဆို ပစ်လိုက်သည်။ အောင်မယ် .. အဓိပ္ပါယ်က သေချာ စဉ်းစားတော့ နှစ်ဖက်မြင်တောင် ထွက်လာ သေးသည်။ တစ်ခုက ခရီးသည် ဖက်က၊ နောက်တစ်ခုက စပယ်ယာ ဖက်က။ ခရီးသည် ဖက်က အဓိပ္ပါယ်မှာ ဤသို့ ဖြစ်လေ၏။

“အိုင်” ကျွန်ုပ်က
“ပေး” ပေးသော်လည်း
“ကတ်” ကတ်တီးကတ်ဖဲ့ အလုပ်ခံရ ခြင်းကြောင့် အိုင်ပေးကတ်ဟု ခေါ်ခြင်းသာ ဧကန်အမှန် ဖြစ်ပေမည်။ စပယ်ယာ ဖက်က အတွေးဖြင့် ပြန်လှန်၍ အဓိပ္ပါယ် ဖွင့်ရသည် ရှိသော်

“အိုင်” ကျွန်ုပ်က
“ပေး” ပေးခွင့်ပြုမှ ၄င်းခရီးသည်တို့ ပေးရသည် ဖြစ်သောကြောင့် အိုင်ပေးကတ် အမည်တွင် လေသည်သာ ဖြစ်ရမည်မှာ အမှန်။
သို့ဖြစ်၍ ဘယ်ခရီးသည်များ ဘယ်နှစ်ခါ ဘယ်အချိန်တွင် ပေး၍ ဘယ်စပယ်ယာများ ဘယ်အချိန် ဘယ်နှစ်ခါ ထိုအိုင်ပေးကတ်ကို အသိအမှတ် ပြုပြီးသည်ကို အတိအကျ မသိနိုင်သော်လည်း မောင်ဝါဝါ မှာမူ ကိုယ်တွေးတော နေမိသော အိုင်ပေးကတ် အဓိပ္ပါယ်ကို အသေအချာ ဖွင့်ဆိုနိုင်ပြီ ဖြစ်သဖြင့် ဝမ်းသာ အူမြူးလျက် ရှိကာ နှစ်ရာကျပ်တန် များကို မမေ့မလျော့ ကိုင်ဆောင်ကာ “လက်ငင်း အားပေးသည့် စနစ်” ဖြင့်သာ အထူးယာဉ်လိုင်းကြီး ပျော်ပျော်စီးလျက် ရှိနေသည်သာ ဖြစ်ပါကြောင်း။


(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 33 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)

သူရဿဝါ
၁၁ - မေ - ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...