ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သတင်းစာ အင်တာဗျူး (၂)
Author: lubo601 |
10:10 PM |
No မှတ်ချက် |
ဒီမိုကရေစီစနစ်ကူးပြောင်းရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံက အန်တီ့ကို စေ့ဆော်မှု အပေးနိုင်ဆုံးလဲခင်ဗျ။
ပြောရခက်တယ်။ တောင်အာဖရိကအတွေ့အကြုံကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး သိပြီးသားပဲ၊ ဒါပေမယ့် ပိုလန်မှာ လုပ်သွားကြတာလည်း အင်မတန်ကောင်းတယ်လို့ အန်တီယူဆတယ်။
ကမ္ဘာတဝှမ်းက အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေ ထပ်တူကျချင်မှ ကျလိမ့်မယ်၊ ဥပမာ စပိန်ရဲ့ အပြောင်းအလဲက Francisco Franco သေသွားပြီးနောက်ပိုင်းမှ စခဲ့တာ၊ ဒါပေမယ့် အစီအမံတွေ ကောင်းခဲ့လို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အသွင်ကူးပြောင်းနိုင်ခဲ့တယ်။ ဒီမိုကရေစီလိုပဲ အသွင်ကူးပြောင်းရေးကိုလည်း အန်တီတို့နဲ့ အသင့်တော်ဆုံး ပုံစံကို ရှာယူကြရမှာပါ။ ဒါပေါ့၊ အသွင်ကူးပြောင်းခြင်းက စစ်မှန်ကြောင်းကို သေချာစေဖို့အတွက် အခြေခံကျတဲ့ မူတွေနဲ့ စနစ်တွေက ရှိနေရမှာပေါ့၊ နိုင်ငံတိုင်းမှာလည်း အတွေ့အကြုံကိုယ်စီ ရှိမှာပါလေ။ အန်တီကတော့ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နည်းလမ်းကိုရှာတွေ့ဖို့ အမြဲတောင့်တတယ်၊ ဘယ်လမ်းပဲရွေးရွေး၊ အကောင်းဆုံးလမ်း ဖြစ်နေရမယ်လို့ အန်တီထင်ပါတယ်။ပြောရခက်တယ်။ တောင်အာဖရိကအတွေ့အကြုံကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး သိပြီးသားပဲ၊ ဒါပေမယ့် ပိုလန်မှာ လုပ်သွားကြတာလည်း အင်မတန်ကောင်းတယ်လို့ အန်တီယူဆတယ်။
ဒါက (ဒီမိုကရေစီအသွင်ကူးပြောင်းရေးက) အန်တီအမြဲစဉ်းစားနေတဲ့ ကိစ္စပဲလား။
ဟုတ်တယ်၊ အဲဒါ အန်တီ့ဘဝရဲ့ အစိပ်အပိုင်းတစ်ခုပဲ။ အန်တီတို့ နိစ္စဓူဝလုပ်နေတဲ့ အလုပ်တွေအားလုံးနီးပါးဟာ အဲဒါနဲ့ ပတ်သက်နေတယ်။ အန်တီတို့ ဒိအတွက် ၂၃ နှစ်ကြီးများတောင် ကြိုးစားရုန်းကန်ခဲ့ပြီးပြီ။
အန်တီ့ဖေဖေကို အမှတ်တရရေးထားတဲ့ လက်ရွေးစင်စာစုတွေကို ကျနော်ဖတ်ဖူးတယ်၊ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အန္တရာယ်တစ်ခု ရှိနေတတ်ကြောင်း အဲဒီထဲက ဆောင်းပါးတစ်ပုဒ်မှာ အန်တီရေးထားတယ်နော်။ အဲဒီအန္တရာယ်က ဘာလဲဆိုတော့ နိုင်ငံရေးအတွက် အရေးတကြီး လုပ်လိုက်ရတဲ့ ကိစ္စတွေဟာ နဂို တော်လှန်ရေးပန်းတိုင်ကို မှေးမှိန်သွားစေရုံတင်မကပဲ အဲဒီရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရတဲ့အထိတောင် ဖြစ်သွားနိုင်တယ် လို့ ဖတ်မိတယ်။ တော်လှန်ရေး ရည်မှန်းချက်ရဲ့ မြင့်မြတ်ခြင်းတွေ၊ အရေးကြီးခြင်းတွေကို စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ ဆိုတာထက် ဒီလိုစွဲကိုင်ထားတဲ့အတွက် Animal Farm syndrome လိုမျိုး (တိရစ္ဆာန်တွေက ခြံပိုင်ရှင်ကို တွန်းလှန်ပြီး တစင်ထောင်တဲ့ အဖြစ်အပျက်တွေ) ဖြစ်မလာအောင် ရှောင်လို့ရသေးတယ်ခင်ဗျ။ တကယ်တမ်းကျတော့ ဒီပြဿနာမျိုးက နိုင်ငံတော်တော်များများ ကြုံနေကြတာပဲနော်။
(TZA: Animal Farm syndrome က Animal Farm ဝတ္ထုထဲကနေ ပေါ်ထွက်လာတာပါ၊ အဲဒီထဲမှာ ဝက်လေးတွေနဲ့ တခြားတိရစ္ဆာန်တွေ ပူးပေါင်းပြီး ခြံပိုင်ရှင်ကို တော်လှန်ပြီးတော့ ခြံကို ဦးစီးတဲ့အကြောင်း ရေးထားပါတယ်၊ ကျနော့်စိတ်ထင် NLD နဲ့အပြိုင် NDF လို ပါတီမျိုး ပေါ်လာတာကို ပြောချင်တာ ဖြစ်မယ်ထင်တယ်၊ ကျနော်ထင်တာ မှားကောင်းမှားနိုင်ပါတယ်)

အန်တီဆိုလိုချင်တာက ရည်မှန်းချက်နဲ့ လုပ်ပုံလုပ်နည်းကို သပ်သပ်စီခွဲပြောလို့မရဘူး။ တချို့တော်လှန်ရေးတွေ အမှားကြီးမှားနေတဲ့ လမ်းမှားပေါ် ဘာကြောင့်ရောက်သွားသလဲ၊ အကြောင်းကတော့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်နည်းလမ်းပဲ သုံးရသုံးရ ဆိုပြီး အဲဒီ တော်လှန်ရေးသမားတွေ ထင်နေလို့ပဲ။ မင်း ဒီလိုလုပ်လို့မရဘူး၊ ဒါဆိုရင် တော်လှန်ရေးရဲ့ ပင်ကိုယ် ရည်ရွယ်ချက်ကြီးက ပုံပြောင်းသွားပြီ။ မင်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဆိုရင် လူ့အခွင့်အရေးနဲ့ ဖီလာဆန့်ကျင်နေတဲ့ နည်းလမ်းတွေ မသုံးရဘူး။ မင်း အဲသလိုလုပ်လိုက်ရင် ပန်းတိုင်ရောက်သွားတဲ့အခါ နဂိုက လိုချင်တောင့်တခဲ့တဲ့ ပန်းတိုင်မဟုတ်တော့ပဲ လုံးဝမတူတော့တဲ့ တခြားအရာတခု ဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ရည်မှန်းချက်ကို မင်းက တောက်လျှောက် ပုံစံပြောင်းပစ်တာကိုး၊ သူ့ရဲ့ အခြေခံအကျဆုံး ဂုဏ်ဒြပ်တွေက မင်းလက်ချက်နဲ့ ပျက်စီးကုန်ပြီလေ။
အန်တီ ဒီအချက်ကို ပါတီဝင်တွေကို မနားတမ်း သတိပေးနေမှာလားခင်ဗျာ။
ဟုတ်တယ်။ ကိုယ်ဘယ်နည်းလမ်းသုံးနေတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိနေရမယ်လို့ အန်တီ အမြဲပြောတယ်။ တယောက်ယောက်ကို လွတ်လပ်စွာတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးပုံတွေကို သင်ပေးချင်တယ် ဆိုပါစို့၊ အဲဒီလူက လွတ်လွတ်လပ်လပ် မတွေးတတ် မခေါ်တတ်တာနဲ့ သူ့ကို ထ ဗြင်းလို့မရဘူးလေ။ တဖက်က ရိုက်ရင်း တဖက်က “ဦးနှောက်သုံးစမ်းကွာ၊ လွတ်လွတ်လပ်လပ်ကြီး တွေးစမ်းပါကွာ” ဆိုပြီး ကြိမ်းမောင်းနေလို့ မရဘူး၊ ဒီလိုနည်းနဲ့ လူတစ်ယောက်ကို လွတ်လပ်တဲ့ တွေးခေါ်မှုမျိုး မပေးနိုင်ဘူး၊ လန့်သွားအောင်ပဲ ခြောက်လို့ရမယ်၊ လွတ်လပ်ခြင်းနဲ့ လုံးလုံး ဆန့်ကျင်နေတာကိုပဲ သူခံစားရလိမ့်မယ်။
ကျနော်ကြားဖူးတယ်၊ အန်တီက လစ်ဗျားလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူးဆို၊ ဟုတ်လား။
ဘယ်အခြေအနေမျိုးမှာမဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကို အန်တီအားပေးတယ်။ အန်တီတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝ သွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်၊ ဒါပေမယ့် သူ့နဲ့အတူ တွဲပါလာမယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်။ လစ်ဗျားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အချိန်အများကြီးပေးပြီး ကုစားရမှာ၊ အပေါ်ယံကြည့်လိုက်ရင် အရာရာ အနည်ထိုင်သွားပြီဆိုပေမယ့် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ ရန်လိုမှုတွေက မမြင်ရတဲ့နေရာတွေမှာ ပလုံစီနေလိမ့်မယ်၊ အပြန်အလှန် သတ်ကြ ဖြတ်ကြပြီး လူတွေအများကြီး သေသွားကြပြီ၊ ဒါတွေ (နာကျင်မှုတွေ) က ချက်ချင်း ပျောက်သွားနိုင်တာမှ မဟုတ်ပဲ။
လစ်ဗျားနိုင်ငံသားတွေကတော့ အန်တီ့အမြင်ကို သဘောတူချင်မှ တူမယ်ထင်တယ်ဗျ၊ ကဒါဖီကြီး ရက်စက်လွန်းလို့ အဲလိုဖြစ်ကုန်တာလို့ သူတို့ပြောမှာပေါ့။

သူတို့ (အကြမ်းဖက်တော်လှန်ရေး) မှားတယ် မှန်တယ်လို့ အန်တီ ပြောနေတာ မဟုတ်ဘူး၊ အဲဒီလမ်းစဉ်ရဲ့ ရလဒ်ကို ပြောနေတာပါ။ တော်လှန်ရေးအတွက် အကြမ်းဖက်ရခြင်းရဲ့ အကြောင်းရင်းက ဘာပဲဖြစ်နေနေ အကျိုးဆက်ကိုတော့ အချိန်အများကြီး အကုန်ခံပြီး ခက်ခက်ခဲခဲ ဖြေရှင်းရမှာပါ။
အယုံအကြည်ကင်းမဲ့မှုတွေ၊ မသေချာ မရေရာခြင်းတွေရဲ့ ဖျက်ဆီးခြင်းကို နှစ်ရှည်လများ ခံခဲ့ရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို အသိတရားနဲ့ယှဉ်ပြီး ဖျောင်းဖျယူတဲ့နည်းနဲ့ ဒီလိုယုံကြည်စိတ်တွေ သွင်းပေးတာက မြန်မာ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ တကယ့်အနှစ်သာရပဲလို့ အန်တီပြောဖူးတယ်နော်။
လေတလုံး မိုးတလုံး ဟောပြောပွဲတွေနဲ့ ပရိသတ်ကို မင်း ဆွဲဆောင်နိုင်ပါတယ်၊ ဒါပေမယ့် ချက်ချင်းဆိုသလို မေ့သွားမှာပဲ။ အကယ်၍များ အပြောင်းအလဲရှိရမယ်ဆိုတာ ယုံကြည်နေဖို့ သူတို့ကို အသိတရားနဲ့ နားချနိုင်ရင်တော့ မင်းအနောက်ကနေ သူတို့တသက်လုံး လိုက်လာပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်နေတဲ့ ကာလတွေမှာ သူတို့ ထုတ်မပြောရဲကြပေမယ့် သူတို့စိတ်ထဲမှာတော့ ပိုကောင်းတဲ့ လူ့ဘောင်ဆိုတာ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အားပေးအားမြှောက် ပြုနိုင်ရမယ် လို့ပဲ ခံယူထားကြမှာပါ။
ဒီလိုစကားမျိုး ကြားရတာ ပြီးပြည့်စုံနေသလိုပဲဗျာ၊ ဒါပေမယ့် သူတို့ကို အသိတရား ဝင်လာအောင် နားချတာနဲ့ တော်လှန်ရေးအတွက် လှုံ့ဆော်တာနဲ့က ဝိရောဓိဖြစ်နေသလားလို့။
တော်လှန်ရေးဆိုတာ ပြောင်းလဲခြင်းအနက်ကို ဆောင်နေတာပဲ၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကြီး တကယ့်ကို လိုအပ်နေတာ။ ယုံကြည်စိတ်ကင်းမဲ့ပြီး လမ်းစပျောက်နေတဲ့ လူတစ်ယောက်က ဒီလိုနည်းနဲ့ သူ့ကိုယ်သူ ပြန်ရှာတွေ့သွားပြီး ယုံကြည်စိတ်တွေ ပြန်ဝင်လာရင် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးက အစပျိုးသွားပြီ။ ဒါဟာ အပေါ်ယံက ကြီးကြီးမားမား ပြောင်းလဲမှုတွေထက် အများကြီး စစ်မှန်တဲ့ ပြောင်းလဲမှုပဲ။
Gustave Le Bon ရဲ့ The Crowd; study of the popular mind ကို ဘယ်လိုမြင်ပါသလဲခင်ဗျ။
အန်တီမဖတ်ဖူးဘူး၊ အန်တီဖတ်တာတွေက သူတို့ (မိတ်ဆွေနဲ့ ကူဖော်လောင်ဖက်တွေ) ပေးတဲ့ စာအုပ်တွေပဲ။ တဆိတ်လောက် ပြောပြပါဦး။
ဥပမာအားဖြင့် Le Bon က လူထုဆိုတာ မျက်ကန်းနောက်လိုက်တွေ၊ အလွယ်လေး ထိန်းချုပ်လို့ရတယ်လို့ မြင်တယ်လေ။
ဩော်၊ crowd mentality လား။ အင်း ဟုတ်တယ်၊ ဟစ်အော်ပေါက်ကွဲနေတဲ့ လူအုပ်ကြီးထဲ ရောက်နေရင် စိတ်ခံစားမှုတွေ ကူးစက်ပြီး တွန်းအားပေးခံရမှာပဲ၊ ဒါပေမယ့် ကိုယ်စီကိုယ်ငှ အိမ်ပြန်ရောက်ကြတဲ့အခါ ခံစားမှုတွေ တူချင်မှတူတော့မယ်။ ပြီးတော့ crowd mentality ကို အများအားဖြင့် မကောင်းမှုတွေလုပ်ဖို့ အသုံးချကြတယ်၊ ဒါကြောင့် အားမပေးသင့်ဘူး။ သို့သော် ပြည်သူတွေ စည်းလုံးလာပြီး တူညီတဲ့ ရည်မှန်းချက်တစ်ခုတည်းအတွက် ကြိုးစားကြမယ်ဆိုရင် အဲဒါ crowd mentality နဲ့ မတူတော့ဘူး၊ အဲဒါကနေ လှုံ့ဆော်ပေးလိုက်တာက လူ့ပင်ကိုယ်စရိုက်ရဲ့ ဒေါက်ခနဲ ဒက်ခနဲပေါ်လာတဲ့ အသိစိတ်တမျိုးပဲ။

SPW: သတိတရား mindfulness က ပိုတယ်မရှိဘူး ဆိုတဲ့အချက်ဟာ ဆရာတော်ဦးပဏ္ဍိတဆီက သင်ယူမှတ်သားခဲ့တဲ့ ဒေသနာတွေအထဲမှာ အရေးကြီးဆုံးလို့ အန်တီ ပြောခဲ့တယ်နော်၊ အဲဒါလေး သေချာပြောပြပါဦး။
DASSK: အင်း၊ အဲဒါတွေကို ဆရာတော်သင်ပေးခဲ့တာပဲ၊ သူကတော့ ဗုဒ္ဓဘာသာ ဆရာတစ်ဆူပေါ့နော်။ နယ်ပယ်အများကြီးမှာ မင်း အကောင်းဆုံး ဖြစ်ချင်ဖြစ်နေလိမ့်မယ်၊ မင်းမှာ ပြီးပြည့်စုံနေတဲ့ ဥာဏ်ရည်ဥာဏ်သွေး ရှိနိုင်တယ်၊ ဝီရိယ စိုက်ထုတ်မှုလည်း အပြည့်အဝ ရှိနေနိုင်တယ်၊ ဒါပေမယ့် သတိတရားကျတော့ ဘယ်တော့မှ ပိုနေတယ်ဆိုတာ မရှိဘူး။ သတိတရားရှိခြင်းဟာ ကိုယ့်ကိုကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော သတိထားနေတယ်ဆိုတဲ့ သဘောပဲ၊ အခု ဒီလက်ရှိအနေအထားကို ဥပမာအနေနဲ့ ပြောရရင် မင်းက အန်တီ့ကိုပြောတဲ့ စကားတွေကို သတိပြုနေတဲ့ တချိန်တည်းမှာ အန်တီက မင်းကိုပြောနေတဲ့ စကားတွေကိုလည်း သတိသွင်းနေရတာလေ။ ဒါ့အပြင်၊ အန်တီများ ပင်ပန်းနေပြီလား၊ ကိုယ်ကိုယ်တိုင်ပဲ ပင်ပန်းသွားပြီလား ဆိုတာတွေကိုလည်း မင်းစိတ်ပူရဦးမယ်လေ။ ဒါကြောင့် သတိတရားကတော့ ဘယ်တော့မှ အဆုံးမရှိပါဘူး၊ အန်တီတို့ ဒီတသက်လုံး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားဖို့အတွက် အဲဒါလေးက အကူအညီ ပေးပါလိမ့်မယ်။
(TZA: အပေါ်က အကြောင်းအရာနဲ့ ပတ်သက်တာကို ဒီမှာ ထပ်ရှာတွေ့ပါတယ်၊ အဲဒီမှာတော့ သတိတရားကို အပိုလုပ်မရဘူး လို့ ရေးထားတယ်၊ ဒါပေမယ့် ကျနော် ဒီမှာဖတ်ရတာကသတိတရားဆိုတာ ပိုတယ်မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်)
SPW: ဒီလို စိတ်နှလုံးသွင်းထားတာက အန်တီ့ရဲ့ အကျယ်ချုပ်ခံနေရတဲ့ ကာလတွေမှာ ဘယ်လိုနည်းနဲ့ အထောက်အကူပေးသလဲခင်ဗျ။
DASSK: ဥပမာ၊ အန်တီစိတ်ဆိုးတဲ့အခါ စိတ်ဆိုးနေတဲ့အကြောင်း အန်တီ့ကိုအန်တီ သတိပေးတယ်၊ ပြီးတော့ အဲဒီစိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ နောက်ပြီး လောကကြီးမှာ ထာဝရ မပြောင်းလဲတဲ့အရာဆိုတာ မရှိမှန်းလည်း အန်တီသိတယ်လေ၊ ဒါကြောင့် စိတ်တိုင်းမကျတာတွေ ကြုံတဲ့အခါ ဟုတ်တယ်၊ အခု အခြေအနေသိပ်မကောင်းဘူး၊ ဒါပေမယ့် ချက်ချင်းကြီး ကောင်းလာနိုင်တာပဲ ဆိုပြီး ဒီအမှန်တရားကို သတိသွင်းရပါတယ်။ ဒီလို သတိတရားက မင်းရဲ့စိတ်ကို ငြိမ်သွားစေပြီးတော့ ဟန်ချက်မပျက်အောင် ထိန်းထားပေးနိုင်တယ်လေ။

SPW: ကျနော်မှတ်မိသေးတယ်၊ အကျယ်ချုပ်ခံရတာက အန်တီ့အလုပ်ရဲ့ အစိပ်အပိုင်းတစ်ခုပဲဆို။
DASSK: မှန်တယ်၊ အန်တီကတော့ ဘယ် အချုပ်ခံချင်ပါ့မလဲ၊ သို့သော် ရှောင်လွှဲလို့မရမှတော့ လက်ခံလိုက်ပြီး ဒါကို အလုပ်တစ်ခုလို့ပဲ သဘောထားလိုက်တာပေါ့။
SPW: စိတ်ကုန်မိတဲ့အခါမျိုး မရှိဘူးလား။ မတရားဘူး၊ ဘာလို့ ဒါတွေအားလုံး ငါချည်း ခံနေရသလဲ ဆိုပြီး။
DASSK: ဟင့်အင်း၊ ဒီကိစ္စက မတရားဘူး တို့၊ စိတ်ကုန်ဖို့ကောင်းတယ် တို့၊ တခြား အဲလိုခပ်ဆင်ဆင် ခံစားမှုမျိုး တခါမှ မစဉ်းစားဖူးဘူး။ တကယ်တမ်း (လျှောက်စဉ်းစားဖို့) ပျင်းဖို့အချိန်တောင် မရှိပါဘူး၊ အကျယ်ချုပ်ခံနေရလည်း မင်းမှာလုပ်စရာတွေ အပုံကြီးရှိနေတာလေ။
SPW: သာမန်ပုထုဇဉ်လူသားတွေလိုပဲ ခံစားချက်ပေါင်းစုံ လွှမ်းမိုးထားတာမျိုးရော မဖြစ်တတ်ဘူးလား။
DASSK: ဖြစ်တတ်တာပေါ့၊ ဒါပေမယ့် ပျင်းတယ်ဆိုတဲ့ခံစားမှုမျိုးတော့ တခါမှ မရှိဖူးဘူး။ အန်တီထင်တယ်၊ စိတ်ထဲကအားအင်တွေ ပြည့်ဝနေရင် ပျင်းဖို့ကောင်းတဲ့အချိန်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။ ပြီးတော့ အန်တီ့မှာ ဖတ်စရာစာအုပ်တွေ၊ နားထောင်စရာ ရေဒီယိုတွေတောင် ရှိသေးတယ်လေ၊ အကျဉ်းထောင်ထဲက ရဲဘော်တွေထက်စာရင် အန်တီအများကြီး ကံကောင်းပါတယ်။
SPW: အခုအချိန်မှာ ဘယ်လိုကိစ္စကများ အန်တီ့ကို စိတ်ဆိုးစေနိုင်သေးလဲဆိုတာ ကျနော်သိချင်ပါရဲ့ဗျာ။
DASSK: နေပါဦး၊ ဒီနေ့ အန်တီ့ကို စိတ်ဆိုးစေတဲ့ကိစ္စ၊ ဟုတ်လား (ရယ်လျက်)။ တကယ်တော့လည်း အသေးအဖွဲလေးပါ၊ အချိန်မလေးစားတာကို အန်တီမကြိုက်ဘူး။ အန်တီကိုယ်တိုင်က အင်မတန် အချိန်လေးစားတဲ့လူတစ်ယောက်ပါ၊ အချိန်လေးစားတယ်ဆိုတာ တဖက်သားကို လေးစားတာပဲ၊ လူတစ်ယောက်ဟာ တကယ်လို့များ အချိန်မလေးစားဘူးဆိုရင် သူ(သူမ)မှာ ချင့်ချိန်နိုင်စွမ်းတွေ လျော့နေပြီ၊ အဲသလို တွေးတောချိန်ဆနိုင်စွမ်း မရှိတာမျိုးကို အန်တီ ဘဝင်မကျဘူး။

SPW: Principlist တွေနဲ့ Idealist တွေအတွက် နိုင်ငံရေးလောကမှာ နေရာမရှိဘူးဆိုပဲ၊ အန်တီသဘောတူလား။
DASSK: သဘောမတူဘူး။ နိုင်ငံရေးမှာ principlist တွေအတွက် နေရာတနေရာတော့ ရှိသင့်တယ်။ Idealist ကတော့ မင်းရဲ့ဖွင့်ဆိုချက်ပေါ်မှာပဲ မူတည်တယ်၊ အဲဒါတွေက လက်တွေ့နဲ့ အရမ်းကွာဟနေတဲ့ အရာတွေဆိုပြီး မင်း အနက်ဖွင့်နိုင်သလို၊ ဘယ်အရာပိုကောင်းသလဲ၊ ပိုပိုင်ဆိုင်သင့်သလဲ ဆိုတာတွေကို တွေးခေါ်တဲ့ နည်းလမ်းတမျိုး လို့လည်း အဓိပ္ပါယ်ဖွင့်နိုင်တယ်။ ဒါကြောင့် နိုင်ငံရေးလိုက်စားသူတွေမှာ principlist ရော idealism ရော ရှိနိုင်တယ်လို့ အန်တီထင်ပါတယ်။
SPW: ကိုယ့်ကိုကိုယ် သတ္တိရှိလှပါရဲ့၊ စိတ်ဆုံးဖြတ်ချက် ချနိုင်လှပါရဲ့ ဆိုပြီး ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ အန်တီပြောလေ့ရှိတယ်၊ ဒါဆို ဘယ်အချက်ကများ အန်တီ့ကို ထူးခြားစေတာလဲခင်ဗျာ။
DASSK: အင်း၊ အဟုတ်ပဲ၊ သူများတွေ အန်တီ့ကို သတ္တိရှိတယ်လို့ ပြောကြတာ အံ့ဩတယ် (ရယ်လျက်)၊ လုပ်သင့်တဲ့အရာတွေကိုပဲ အန်တီလုပ်နေတာပါ။ ပြဿနာတစ်ခုကို စဉ်းစားတဲ့အခါ ငါလုပ်သင့်တဲ့အလုပ်ကို ငါလုပ်မယ် လို့ပဲ စဉ်းစားတယ်၊ ဒီလိုလုပ်တာကို လူတွေက သတ္တိရှိတယ်လို့ မြင်ကြရင်တော့လည်း၊ အင်း၊ ကောင်းတာပေါ့။
SPW: အန်တီ့ စိတ်ယန္တရားကို နှိုးဆော်ပေးနေတာက ဘယ်လိုစွမ်းအင်တွေပါလိမ့်။
DASSK: ကိုယ်လုပ်တဲ့အရာကို ယုံကြည်တာပဲပေါ့။ အန်တီလုပ်နေတဲ့ အလုပ်တွေက အန်တီ့တိုင်းပြည်နဲ့ ပြည်သူတွေ လိုအပ်နေတဲ့အရာလို့ အန်တီယူဆတယ်။
SPW: ဘယ်တုန်းကမှ သံသယမဖြစ်ဖူးဘူးလား။
DASSK: ဟင့်အင်း၊ ဒါ အန်တီကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်မယ် ထင်တယ်။ လူတိုင်းလူတိုင်းရဲ့ ကြီးပြင်းတဲ့ပုံစံတွေနဲ့ ပညာသင်ယူခဲ့တဲ့ ပုံစံတွေက သူတို့ တွေ့ကြုံလာမယ့် အရာတွေအပေါ် တန်ဘိုးထားတတ်ပုံတွေကို ပြောင်းလဲသွားစေလိမ့်မယ်၊ အဲဒီ တန်ဘိုးတွေမှာ လုံလောက်တဲ့ ခိုင်မြဲမှုတွေရှိရင် မင်း ယိမ်းယိုင်မှာမဟုတ်တော့ဘူး။

Credit : TZA
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment