အာစီယံ စီးပွားရေးဇုံအနာဂတ် မြန်မာ ဘယ်လိုရင်ဆိုင်မလဲ
- Published on Wednesday, 16 May 2012 06:39

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်ဖွဲ့စည်းမယ့် Asean Economic Community (AEC) အာဆီယံစီးပွားရေး အသိုက်အမြုံခေတ်ကို ရောက်ဖို့ သုံးနှစ်သာလိုတော့တဲ့ အချိန်မှာ ထိုင်းအစိုးရ၊ တတ်သိပညာရှင်တွေနဲ့ ပညာရေး အသိုက်အ၀ိုင်းတခုလုံး အုတ်အော် သောင်းနင်းဖြစ်လာကြပါတယ်။
အာဆီယံ စီးပွားရေးအသိုက် အမြုံ ဖြစ်ပေါ်လာခဲ့ရင် ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးတွေ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ အလုပ်အကိုင်ရရှိမှု စတဲ့နယ်ပယ် အသီးသီးမှာ ကျန်ရစ်မနေဖို့ ထိုင်းအစိုးရနဲ့ တိုင်းချစ်ပြည်ချစ် နိုင်ငံ့ခေါင်းဆောင်တွေ စာနယ်ဇင်းတွေ၊ ရုပ်မြင်သံကြားလိုင်းတွေကနေ ဆွေးနွေးမှုတွေ တသီကြီးပြုလုပ်နေကြတာပါတယ်။
Globalization ခေတ်မှာ အင်အားကြီးတဲ့ နိုင်ငံတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက နိုင်ငံတွေရဲ့ အနေအထားကို ကျော်လွန် ကြီးစိုးလာတာကိုတွေ့နေရပါတယ်။ အဲဒီလိုပြောင်းလဲလာမယ့် ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လိုက်လျောညီထွေစွာ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ကလည်း နိုင်ငံ့ခေါင်းဆောင်တွေရဲ့ တာဝန်ကြီးတရပ် ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံကတော့ အာဆီယံစီးပွားရေးအသိုက်အမြုံထဲကို အရည်အချင်းရှိရှိ ၀င်ဆန့်နိုင်ဖို့ အစိုးရနဲ့ ပညာရှင်တွေက အရှိန်အဟုန်နဲ့လုပ်ဆောင်လာတာကို တွေ့နေရပါတယ်။ အစိုးရရော၊ ပညာရှင်တွေပါ သဘောတူတဲ့အချက်က ထိုင်းလူငယ်တွေ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရေးက အဓိကကျကြောင်း အာဆီယံအတွင်းရေးမှူးချုပ်လုပ်နေတဲ့ ဒေါက်တာ ဆူရိန်ပန်ဆုဝန်က ပြောဆိုခဲ့ပါတယ်။
စီးပွားရေးဘက်မှာတော့ ထိုင်းလုပ်ငန်းရှင်တွေက နိုင်ငံတကာမှာ ကျက်စားနိုင်တဲ့အထိ အရည်အသွေးတွေ ပြည့်နေပြီ ဖြစ်တော့ အနာဂတ်အတွက် သိပ်ပူပင်မှု မရှိတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်လိုက်ရင် အင်္ဂလိပ်တွေကို တော်လှန်ဖို့ “ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား” လို့ မျိုးချစ်လူငယ်တွေ ကြွေးကြော်ခဲ့ကြတယ်။ အင်္ဂလိပ်ကျောင်းတွေကို သပိတ်မှောက်ပြီး အမျိုးသား ကျောင်းတွေ တည်ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် အစိုးရတွေကလည်း အမျိုးသားရေး ကြွေးကြော်သံ ဖြစ်တဲ့ ဗမာစာသည်တို့စာ ဆိုတဲ့မူနဲ့ တိုင်းပြည်တည်ထောင်ခဲ့ကြတယ်။ ရလဒ်ကတော့ သိတိုင်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တကယ့်အဖြစ်မှန်က တော်တော်ရင်လေးစရာကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ လိုက်လျောစီးမျောနိုင်ဖို့အရေး တတ်သိပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေက စည်းရုံးလှုံ့ဆော်ကြတယ်။
ဒါပေမဲ့ ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးမှာတော့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုကို ဂရုမစိုက်အားဘဲ မြောက်ဖျားက ကချင်တွေကို အမြစ်ပြတ်ချေမှုန်းရေးကသာ ပဓါန၊ တတ်သိပညာရှင်တွေကလည်း ဂွင်ဖန်တီးရေးကသာ ပဓါန၊ နာမည်ကျော်သူဌေးတွေ ဖြစ်တဲ့ ဦးဌေးမြင့်၊ ဦးခင်ရွှေ၊ တေဇ၊ ဇော်ဇော် စတဲ့သူတွေကလည်း ဆင်းရဲတွင်းနက်ပြီး ထမင်းနပ်မမှန်လို့ လယ်မထွန်နိုင်တဲ့ လယ်သမားတွေဆီက လယ်မြေတွေကို အဓမ္မသိမ်းပြီးဈေးကွက်စီးပွားရေးနဲ့၊ အရင်းရှင်စနစ်ကို တည်ဆောက်နေကြပါတယ်။ ဒါက အာဆီယံ စီးပွားရေး အသိုက်အမြုံဖြစ်လာမယ့် သုံးနှစ်အလိုမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ ဖြစ်ပါတယ်။
အာဆီယံ စီးပွားရေးအသိုက်အမြုံ ဖြစ်လာရင် ရင်ဆိုင်ရမယ့် အရာတွေကို ဟားဗတ်တက္ကသိုလ်၊ ပရင်စတန် တက္ကသိုလ်က ပညာရှင်တွေက ဒီလိုသတိပေးထားပါတယ်။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Michael Porter က ယှဉ်ပြိုင်မှုတွေ အကျိတ်အနယ် ပေါ်ပေါက်လာမယ်လို့ ပြောသလို၊ ပရင်စတန်တက္ကသိုလ် ပါမောက္ခ Paul Krugman ကလူတဦးချင်းရဲ့ ထုတ်လုပ်မှု အားကောင်းတဲ့ ခေတ်ကိုရောက်တော့မယ် လို့ဟောကိန်းထုတ်ထားကြပါတယ်။
အခြေခံကျကျ ပြောရရင်တော့ အာဆီယံ စီးပွားရေးအသိုက်အမြုံ ဖြစ်လာရင် အဖွဲ့ဝင်နိုင်ငံတွေက ကုန်စည်၊ အရင်းအနှီး၊ ၀န်ဆောင်မှုနှင့် လုပ်သားတွေ လွတ်လွတ်လပ်လပ် စီးဆင်းလာကြမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ရင်ဆိုင်ရမယ့် အချက်တွေက လုပ်သားအင်အားတွေ၊ ပညာရှင်တွေ၊ ကမ္ဘာလှည့် ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာသည်တွေ စတဲ့စတဲ့သူတွေ လွတ်လွတ်လပ်လပ် ထိုးဖောက်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီလိုထိုးဖောက်ဝင်ရောက်လာတဲ့ နယ်ပယ်အသီးသီးက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့မြန်မာပြည်သူတွေကို လက်ရှိအစိုးရက အသိပေးရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး စနစ်ကျတဲ့ပြင်ဆင်မှုတွေ လုပ်သင့်မယ့်အချိန်ရောက်နေပါပြီ။
ဥပမာအနေနဲ့ ကျနော်တို့ ပြည်သူအများစုက ပုဆိုးကိုဝတ်ဆင်လေ့ရှိကြပါတယ်။ ပုဆိုးဆိုတာ အိမ်တွင်းမှု စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ယက်ကန်းလုပ်ငန်းတွေက ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံပေါများလာမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ပုဆိုးနေရာမှာ ဘောင်းဘီတွေ ၀င်လာနိုင်တဲ့အတွက် ပုဆိုးအခြေပြု စီးပွားရေးလုပ်ငန်းများကို ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတဲ့ စနစ်တကျ ပြင်ဆင်မှုတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် တတ်သိပညာရှင်တွေကပါ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တကယ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတခုကို တင်ပြချင်ပါတယ်။ ကျနော်တို့ နေတဲ့ဒေသက မိရိုးဖလာ အိုးဖုတ်တဲ့ လုပ်ငန်းကို လုပ်ကြပါတယ်။ မြေသားနဲ့လုပ်ထားတဲ့ ရေအိုး၊ ဟင်းချက်တဲ့ ဟင်းအိုးကအစ မြေသားနဲ့ လုပ်တာကို သုံးကြပါတယ်။ နွေရာသီ ရောက်ပြီဆိုရင် အိုးခတ်၊ အိုးဖုတ်၊ တနယ်တကျေးကို သွားပြီး အိုးရောင်းကြပါတယ်။ ငွေကြေးနဲ့ ရောင်းလို့ရတာရောင်း၊ မိမိအိမ်အတွက် လိုအပ်တဲ့ သစ်ဝါး၊ ဖက်တွေနဲ့ ဖလှယ်တာကို ဖလှယ်ကြပါတယ်။ ဒါပေမယ့် ခုအချိန်မှတော့ အိုးဖုတ်လုပ်ငန်း လုပ်တဲ့သူ လုံးဝပျောက်ကွယ်သွားပါပြီ။
မြေသားနဲ့ လုပ်ထားတဲ့ ရေအိုး၊ ဟင်းအိုး၊ ခွက်တွေက ၁၉၉၀ ကျော်ခုနှစ်တွေမှာ ဘင်္ဂလားဒေ့ရှ်နှင့် တခြားနိုင်ငံထုတ် ကုန်ပစ္စည်းဖြစ်တဲ့ သွပ်နဲ့ ပလတ်စတစ်တွေကိုမယှဉ်နိုင်တော့ အိုးဖုတ်လုပ်ငန်း အလိုအလျောက် ပျက်စီးသွားပြီး အလုပ်လက်မဲ့တွေဖြစ်ကာ ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တံငါလုပ်ငန်းလုပ်တဲ့သူတွေ ဖြစ်လာကြပါတယ်။ ကြိုတင်ပြင်ဆင်မှု မရှိတဲ့ လူ့အဖွဲ့အစည်းဘဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းတွေဘဲ ဖြစ်ဖြစ် ယှဉ်ပြိုင်မှုနဲ့တွေ့တဲ့ခါ ပျက်စီးသွားနိုင်တယ် ဆိုတဲ့သာဓကတွေ ဖြစ်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ အာဆီယံမှာ ထိုင်ခုံရရေးထက် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆံယံစီးပွားရေးဇုန်မှာ ယှဉ်ပြိုင်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာလည်းထည့်သွင်း စဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။
မောင်ရမ္မာ
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2111-maukkha-asean-economic-community#.T7NNSwHt26g.facebook
0 comments:
Post a Comment