Thursday, April 5, 2012

Sanctions ရုပ်သိမ်းရေးအတွက် မြန်မာနဲ့ အမေရိကန်တို့ရဲ့ Action with Action


by Lwin Aung Soe on Thursday, April 5, 2012 at 4:09pm


 

အမေရိကန် အစိုးရဟာ …
(၁) မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကနဦးအဆင့် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်။
(၂) မြန်မာနိုင်ငံသားတွေက လူ့အခွင့်အရေးတွေကို အပြည့်အဝ ခံစားစေချင်ပါတယ်။
(၃) မြန်မာနိုင်ငံမှာ နေရာတိုင်း၊ အချိန်တိုင်းမှာ တရားဥပဒေစိုးမိုးနေစေချင်ပါတယ်။
(၄) နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ပြန်လည် လွတ်မြောက်လာစေချင်ပါတယ်။
(၅) မြန်မာနိုင်ငံရဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးအနေအထားက ဒေသတွင်း တည်ငြိမ် လုံခြုံရေးကို ဖြစ်စေနိုင်တာကြောင့် တိုင်းပြည်တွင်း နိုင်ငံသားအချင်းချင်း စစ်ဖြစ်နေတာတွေကို ရပ်ဆိုင်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖြစ်စေချင်နေပါတယ်။


ဒီလိုဆန္ဒတွေဟာ မြန်မာ ပြည်သူတွေ တောင့်တမျှော်မှန်းနေတာတွေနဲ့ တထပ်တည်းဖြစ်နေပါတယ်။ ဒါပေမယ့် အရင်က အာဏာရှင် မြန်မာအစိုးရရဲ့ လိုလားချက်နဲ့တော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အရင် မြန်မာစစ်အစိုးရနဲ့ အရင်အမေရိကန် သမ္မတတွေဖြစ်တဲ့ မစ္စတာ ကလင်တန်နဲ့ မစ္စတာ ဘွတ်ရှ် တို့လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး မတိုးတက်ဘဲ ရှိနေခဲ့ပါတယ်။

အခုလက်ရှိ အမေရိကန်သမ္မတ မစ္စတာ အိုဘားမား တက်လာခါစ အချိန်မှာတောင် ဆက်ဆံရေး အနေအထား မပြောင်းလဲခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ပြောင်းလဲလိုက်ချိန်မှာတော့ အမေရိကန်က ချဉ်းကပ်တဲ့ ပုံစံကို ပွင့်လင်းမြင်သာစွာ စတင် အသုံးပြုလာပြီးနောက် ဆက်ဆံရေး တိုးတက်လာပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာတွေလည်း ဖြေရှင်းနိုင်တဲ့ အခြေအနေသစ်တခုကို ရောက်ရှိလာနေခဲ့ပါတယ်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမား လက်ထက်မှာ မြန်မာ အရပ်သားအစိုးရကို ချဉ်းကပ်ညှိနှိုင်းတဲ့ မူဝါဒကို ကျင့်သုံးလာပြီးတဲ့နောက် အဆင့်ဆင့် တိုးတက်လာတဲ့အချိန်မှာ Action with action ဆိုတဲ့ အစီအစဉ်ကို အကောင်အထည် စဖော်ပါတယ်။ အဓိပ္ပာယ်ကတော့ အရပ်သား မြန်မာအစိုးရဘက်က အမေရိကန်တို့ ဖြစ်စေချင်တာ တခုလုပ်ပေးရင် အမေရိကန်ဘက်က ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကို တထစ်လျှော့ပေးဖို့ ဖြစ်ပါတယ်။  

မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဟိုတုန်းက မြန်မာစစ်အာဏာရှင်အစိုးရဟာ လူထုဆန္ဒအတိုင်း ဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့အပြင် လူထုဆန္ဒကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသူတွေကို ရက်ရက်စက်စက် ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။ ဒါကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒါတွေကြောင့် မစ္စတာ ကလင်တန်နဲ့ မစ္စတာ ဘွတ်ရှ် တို့ရဲ့ အမေရိကန်အစိုးရတွေ လက်ထက်မှာ မြန်မာ စစ်အာဏာရှင်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒိမိုကရေစီ ဖြစ်ထွန်းမှုတွေ အောင်မြင်လာပြီ ဆိုရင်တော့ အမေရိကန် အစိုးရက ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတွေကို ချက်ချင်း ရုပ်သိမ်းပေးနိုင်မယ့် ဥပဒေကိုပါ တခါတည်း ပြဌာန်းထားခဲ့ပါတယ်။

Action with action ဆိုတဲ့ အစီအစဉ်မှာ အမေရိကန်ဘက်က စမ်းသပ်တာလို့ ကျနော် သုံးသပ်ယူဆမိတဲ့ အချက် ၅ ချက်ကို ဖော်ပြပါမယ်။

(၁) ကြားဖြတ် ရွေးကောက်ပွဲဖြင့် စမ်းသပ်ခြင်း

အခုဆိုရင် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဒီမိုကရေစီ ဖြစ်ထွန်းဖို့အတွက် လမ်းစတခုတော့ ပွင့်ထွက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၃ နေရာမှာ အနိုင်ရရှိသွားပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သွားတာကြောင့်လည်း လွှတ်တော် အသီးသီးမှာ ပါဝင်နိုင်ပြီး နိုင်ငံရေးလုပ်ခွင့်တွေ ရရှိဖို့တော့ ဖြစ်လာနေပါပြီ။ ဒါပေမယ့် ဒီမိုကရေစီ ဖြစ်ထွန်းမှုရဲ့ အဆင့်တဆင့်လို့သာ သတ်မှတ်နိုင်ပါသေးတယ်။ နောက်ပိုင်းအဆင့်တွေမှာ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာကို မသိနိုင်သေးလို့ အမေရိကန် အစိုးရအဖို့ စောင့်ကြည့်အဆင့်မှာ ရှိနေပါဦးမယ်။  

(၂) အားလုံးပါဝင်သော နိုင်ငံရေးပုံစံဖြင့် စမ်းသပ်ခြင်း

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ်ကတည်းက ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားများစွာကို လက်ရှိ အရပ်သားအစိုးရက ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါဟာ အမရိကန် လိုလားချက်ဖြစ်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး (All-inclusive politics) အဆင့်ကို မရောက်သေးပါဘူး။ အရပ်သား မြန်မာအစိုးရအဖို့ အလွယ်ကူဆုံး လိုက်လျော လုပ်ဆောင်ပေးနိုင်တဲ့ကိစ္စ ဖြစ်ပါလိမ့်မယ်။ ကျန်ရှိသူတွေကို လွှတ်ပေးလိုက်တဲ့အတွက် ဘာကိုမှ ထိခိုက်စေတာ မရှိပါဘူး။ အရင် လွှတ်ပေးပြီးတဲ့ နိုင်ငံရေး ကျဉ်းသားတွေကို ကြည့်ရင် ကောင်းကောင်းသိနိုင်ပါလိမ့်မယ်။    

(၃) လူ့အခွင့်အရေး ပြည့်ဝမှုဖြင့် စမ်းသပ်ခြင်း

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လတော်တော်ကြာကတည်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အရပ်သား မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကော်မရှင်မှာ အစိုးရ စိတ်ကြိုက် အရပ်သားတွေသာ ပါဝင်နေပြီး လွတ်လပ်တဲ့ ကော်မရှင် မဟုတ်သေးတာကို တွေ့လာရပါတယ်။ ကော်မရှင်ရဲ့ လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်ချက်တွေဟာလည်း အားရကျေနပ်စရာ မရှိပါလှပါဘူး။

ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်တွေနဲ့ မကိုက်ညီသေးလို့ ဖြစ်ပါတယ်။ ဒါဟာလည်း အမေရိကန်အစိုးရအနေနဲ့ ကျေနပ် လက်ခံနိုင်တဲ့အဆင့် မဟုတ်သေးပါဘူး။           

(၄) တရားဥပဒေ စိုးမိုးမှုဖြင့် စမ်းသပ်ခြင်း

လူ့အခွင့်အရေးကိစ္စဟာ အားရစရာ အခြေအနေမှာ မရှိသေးသလို တရားဥပဒေ စိုးမိုးရေးကလည်း မြန်မာနိုင်ငံမှာ ပိုလို့တောင် အားရကျေနပ်စရာ မဖြစ်သေးတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ။ တကယ်တော့ ဒီမိုကရေစီ အကြောင်း ပြောရင် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ချန်လှပ်ပြီး ပြောလို့ မရနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေးခံထားရသူ အများစုဟာ အရင် မြန်မာစစ်အစိုးရခေတ်က တာဝန် ထမ်းဆောင်နေခဲ့ဖူးသူတွေသာ ဖြစ်ကြပါတယ်။ သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် အစိုးရ လက်ထက်မှာ ဒီမိုကရေစီအကြောင်း လေ့လာဖို့ အခွင့်မသာခဲ့ကြပါဘူး။ ဒီတော့ ရှင်းရှင်းပြောရင် ဒီမိုကရေစီ ဆိုတာကို ကောင်းကောင်းမသိခဲ့ကြပါဘူး။ မသိတာကြောင့် တရားဥပဒေ စိုးမိုးရေးကို နားလည်တဲ့ အပိုင်းမှာလည်း တလွဲတချော်တွေ ဖြစ်ကုန်ကြပါတယ်။ အစိုးရ ထိပ်ပိုင်းအရာရှိတွေ ကိုယ်တိုင်တောင်မှ ဝေဝေဝါးဝါး ဖြစ်နေပြီး လမ်းညွှန်ချက်ဆိုတာလည်း ဘာတခုမှ ရှိမနေဘဲ ဖြစ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမ္မတအပြင် အမြင့်ဆုံး တရားရုံးချုပ်က တရားသူကြီးတွေ၊ အထက်အောက် လွှတ်တော်အမတ်တွေအားလုံး အပါအဝင် အစိုးရ အရာရှိ မှန်သမျှဟာ အခြားဥပဒေတွေ အားလုံးထက် ပိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ ကတိပြု ကျမ်းကျိန်ကြရပါတယ်။ ဒီအချက်က သမ္မတလို ခေါင်းဆောင်မျိုး၊ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မျိုးထက် တရားဥပဒေ စိုးမိုးရေး (Rule of Law) က သာလွန်နေတာ၊ ခေါင်းဆောင်တွေကိုယ်တိုင်က တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို လိုက်နာရမှာ၊ တရားဥပဒေအထက် ဘယ်သူမှ မရှိ ဆိုတာတွေကို တိတိကျကျ သတ်မှတ်ပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အုပ်ချုပ်ရေးဘက်က တာဝန်ပေးခံရသူမှန်သမျှဟာ တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို နားလည်နိုင်စွမ်း မရှိတဲ့အတွက် ပြစ်မှုဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာ အစရှိတဲ့ တည်ဆဲဥပဒေတွေမှာ ပါတဲ့အတိုင်း ပြည်သူတွေဘက်ကသာ လိုက်နာရမယ်လို့ အုပ်ချုပ်ရေးတာဝန် ပေးခံရသူတွေက သဘောပေါက် ကျင့်သုံးနေကြပါတယ်။ သူတို့ အုပ်ချုပ်သူတွေကတော့ လိုက်နာစရာ မလိုဘဲ အထက်အမိန့်အတိုင်း လုပ်နေရင် လုံလောက်ပြီလို့ ထင်နေကြပါတယ်။

ဒီအချက်ကို ကြည့်လိုက်ရင်ပဲ ဘာကြောင့် အာဏာအလွဲသုံးစားမှုတွေ ဖြစ်နေရသလဲ၊ ဘာကြောင့် အဂတိ လိုက်စားမှုတွေ ဖြစ်ပျက်နေရသလဲ ဆိုတာ ဆက်စပ်တွေးကြည့်လို့ ရနိုင်ပါလိမ့်မယ်။ တချို့ဆိုရင် မုဒိန်းမှု၊ အသရေဖျက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့တာတောင် “အထက် အမိန့်အရ” ဆိုတဲ့ အကာအကွယ်အောက်မှာ လွတ်မြောက်နေကြတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလိုမျိုး ပကတိဖြစ်ရပ်တွေ ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီ ဖြစ်ထွန်းအောင် တည်ဆောက်မှု (Democratization) အဆင့်ကို ရောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တခုဟာ တရားဥပဒေစိုးမိုးရေး ဆိုတာ ဖြစ်နေရတာပါပဲ။ တရားဥပဒေ စိုးမိုးရေး အမှန်တကယ် မရှိနိုင်သေးသရွေ့ အမေရိကန်အစိုးရက ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

(၅) အမျိုးသားပြန်လည်သင့်မြတ်ရေးဖြင့် စမ်းသပ်ခြင်း

တကယ်တော့ အမေရိကန်ရဲ့ အရှေ့တောင်အာရှ၊ အရှေ့အာရှနဲ့ တောင်အာရှဆိုင်ရာ ဒေသန္တရ အကျိုးစီးပွားဟာ ဒေသတွင်း တည်ငြိမ်လုံခြုံမှု ရှိတဲ့အနေအထားမှာ စစ်ရေးစရိတ်ကို လျှော့ချနိုင်ပြီး ကုန်သွယ်မှုပမာဏ တိုးချဲ့နိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေတဲ့အပြင် ဒေသတွင်းမှာ အမေရိကန်ရဲ့ မဟာမိတ် အဆင့်၊ မိတ်ဆွေအဆင့် နိုင်ငံတွေ ရှိနေတာကြောင့် မြန်မာ အပါအဝင်ဖြစ်နေတဲ့ ဒေသတွင်း တည်ငြိမ်ရေးကို အမေရိကန်က အလေးအနက်ထားစရာ ဖြစ်လာရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပြီး စစ်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ၊ စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်စားသောက်ကြတဲ့ တိုင်းရင်းသား လူနည်းစုလူမျိုးတွေ ဒုက္ခရောက်ကြရတဲ့ ဖြစ်ရပ်ဆိုးတွေဟာ ဒေသတွင်း တည်ငြိမ်မှုကို အကြီးအကျယ် ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနက် တချို့က ကိုယ်ပိုင် လက်နက်စက်ရုံတွေ တည်ဆောက်ပြီး ထုတ်လုပ်လာနေတာ၊ စစ်လက်နက်တွေကို ရောင်းဝယ်ဖောက်ကားကြတာ၊ ဘိန်းနဲ့ စိတ်ကြွဆေးတွေကို ထုတ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားကြတာ၊ လူကုန်ကူးတာ.. စတဲ့ အဲဒါတွေအားလုံးဟာ နိုင်ငံတကာစံအရ တရားမဝင် လုပ်ငန်းတွေ ဖြစ်ကြပြီး ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ကိစ္စတွေလည်း ဖြစ်နေပြန်ပါတယ်။

ဒီလိုအနေအထားတွေမှာ အရင်ဦးဆုံး၊ ပိုပြီး အရေးကြီးဆုံး ပြုပြင်ယူနိုင်မယ့်ကိစ္စကတော့ မြနမာနိုင်ငံတွင်းမှာ စစ်ဖြစ်နေတာတွေကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ယူနိုင်ကြဖို့ ဖြစ်ပါတယ်။ အဲဒီကနေ ပိုမိုခိုင်မာတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖြစ်စေနိုင်ဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်ထပ် ရည်မှန်းချက်တခုအဖြစ် တိတိကျကျ သတ်မှတ်ထားပါတယ်။ လက်ရှိမှာတော့ အစိုးရဘက်ကလည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုအနေနဲ့ တွေ့ဆုံဆွေးနွေး သဘောတူညီချက်တွေ ရယူလာနိုင်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်တို့ မျှော်မှန်းသလို အဆင့်ကို ရောက်လာဖို့ အလှမ်းဝေးနေသေးတယ်လို့ ဆိုနိုင်စရာ ရှိပါဦးမယ်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ဧပြီ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ (အသေးစိတ် ဖတ်ရန် နှင့် ဗီဒီယို ကြည့်ရန်)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံနဲ့ ရလဒ်ထွက်ပေါ်တာကို အမေရိကန်က အပြုသဘော တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားတာတချို့ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ရှိနေနိုင်ပါတယ်။ ဒီနောက် ပိုမိုခက်ခဲတဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့်ကို ထားရှိလာဖို့လည်း ဖြစ်နိုင်ပါလိမ့်မယ်။

  Action with action ဆိုတဲ့ အစီအစဉ်ကို မြန်မာဘက်ကလည်း အခွင့်ထူး (Advantage) အဖြစ် အလေးအနက် ထားပြီး စတင်ဆောင်ရွက်ပေးသင့်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာက အထူးအာရုံစိုက် စောင့်ကြည့်ကြပါတယ်။ အခုတောင်မှ Time မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာကို သြဇာလွှမ်းမိုးစေနိုင်တဲ့ ၂ဝ၁၂ ခုနှစ် ပုဂ္ဂိုလ်ကျော် (၁ဝဝ) ဦးရေ စာရင်းထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ပါဝင်နေပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့ တိုင်းပြည်ကောင်းကျိုးတွေကို စွမ်းစွမ်းတမံ ထက်ထက်မြက်မြက် လုပ်ဆောင်ပေးနိုင်သူ မှန်သမျှ Time မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်စာရင်း (The 2012 TIME 100 Poll) ထဲမှာ ပါဝင် ဂုဏ်ပြုခံနေရမှာ ဖြစ်ပါတယ်။

အထက်မှာ နံပတ်စဉ်ထိုးပြီး ဖော်ပြထားတဲ့ အချက် ၅ ချက်ဟာ ကျနော့်ရဲ့ အကြမ်းဖျဉ်း သုံးသပ်ချက်မျှသာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ တူချင်မှ တူပါလိမ့်မယ်။ အချက် ၅ ချက်အနက် နံပါတ် (၂) နဲ့ (၃) ကို မြန်မာအစိုးရဘက်က နောက်တဆင့်အနေနဲ့ အလွယ်တကူ လုပ်ဆောင်ပေးနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ တကယ်လို့ အဲဒီလို လုပ်ပေးနိုင်ခဲ့ရင် ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန်ဘက်ကလည်း ထပ်ဆင့်ပြီး မြန်မြန်ဆန်ဆန် ရုပ်သိမ်းပေးလာမှာ သေချာပေါက် ဖြစ်ပါတယ်။

လွင်အောင်စိုး
ဧပြီ ၅ ရက် ၂ဝ၁၂ ခုနှစ်
.....................................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...