သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်
Myint Myint Thein
ရှေးအခါက ရွာတစ်ရွာက လူတစ်ယောက်ဟာ မစားနိုင်မသောက်နိုင်
တရှောင်ရှောင်နဲ့ အတော်မကျန်းမမာ ဖြစ်နေတယ်။ ဒီလူဟာ မမာမကျန်းဖြစ်နေတော့ စိတ်လည်း
အင်မတန်ညစ်နေတယ်။ ဆေးအမျိုးမျိုးလည်း စားတယ်။ ဆရာအမျိုးမျိုးနဲ့လည်း ကုတယ်။ ဒါပေမယ့်
ဘာမှ မထူးခြားဘူး။ တစ်နေ့ထက်တစ်နေ့ အားအင်ဆုတ်ယုတ်လို့သာ လာတယ်။
အဲဒီလိုတရှောင်ရှောင်နေရင်းနဲ့
လူနာဟာ သူ့ကိုလာပြီး သတင်းမေးတဲ့သူတွေဆီက သတင်ကောင်းတစ်ခု ရလိုက်တယ်။
သူရတဲ့သတင်းကတော့ အရှေ့စူးစူးအရပ်မှာရှိတဲ့ တိုင်းပြည်တစ်ပြည်မှာ အင်မတန်အံ့သြစရာကောင်းတဲ့
ဗေဒင်ဆရာတစ်ယောက် ရှိတယ်။ ဒီဗေဒင်ဆရာဟာ သူ့ဆီကို ရောက်တဲ့ လူတိုင်းကို
ချမ်းသာအောင်လည်း ညွှန်ကြားနိုင်တယ်။ ကျန်းမာအောင်လည်းညွှန်ကြားနိုင်တယ် ဆိုတဲ့
သတင်းပဲ။
ဒီသတင်းကို
ကြားတာနဲ့ လူနာဟာ ဘာပဲဖြစ်ဖြစ် ဒီဗေဒင်ဆရာဆီရောက်အောင်သွားမယ်ဆိုပြီး အိမ်ကထွက်လာခဲ့တယ်။
ဗေဒင်ဆရာဆီသွားဖို့ အိမ်ကဆင်းလိုက်တယ်ဆိုရင်ပဲ လူနာဟာပေါ့ပေါ့ပါးပါး ဖြစ်လာပြီး
လမ်းကိုလည်း ကောင်းကောင်းလျှာက်နိုင်တယ်။ ဒါကို တွေ့တော့ လူနာက
ငါဗေဒင်ဆရာဆီ သွားမယ်လို့ လုပ်တုန်းရှိသေးတယ်။ ရောဂါဟာချက်ချင်းသက်သာသွားတယ်။
ဒီဆရာနဲ့ ငါနဲ့တော့ အပ်စပ်ပြီး ဆရာ့ဆီကို မရောက်ရင်မနေ၊ ရောက်အောင်သွားမယ်လို့
အားခဲလိုက်တယ်။
အဲဒီလိုအားခဲပြီး
အိမ်ကထွက်လာလိုက်တာ ညနေစောင်းတဲ့အခါ ညောင်ပင်ကြီးတစ်ပင်ကိုတွေ့ရတယ်။ ဒီတင် လူနာက
ရှေ့ခရီးကိုဆက်ဖို့ အချိန်ကုန်နေပြီ၊ ဒီညောင်ပင်အောက်မှာပဲ
ဒီညအိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး အမှိုက်သရိုက်တွေလှဲကာ ညောင်ပင်အောက်မှာ
စခန်းချလိုက်တယ်။
လူနာဟာ
ညောင်ပင်အောက်မှာ နေသားတကျ ထိုင်လို့လည်းပြီး ရော ညောင်ပင်ကိုစောင့်တဲ့
ရုက္ခစိုးဟာ ဘွားကနဲ့ ကိုယ်ထင်ပြပြီး လူနာရဲ့ရှေ့မှာလာရပ်တယ်။ ပြီးတော့ ရုက္ခစိုးက “
အသင်လူသား ဘယ်ကိုသွားမှာမို့ ငါ့ညောင်ပင်အောက်မှာ ဝင်နားတာလဲ ” လို့မေးတယ်။
လူနာက
“ ကျွန်တော်မျိုးဟာ အရှေ့တိုင်းပြည်က အင်မတန်ကျော်ကြားတဲ့ ဗေဒင်ဆရာကြီးဆီသွားပြီး
ဗေဒင်မေးမလို့ပါ ” လို့ ပြန်ပြောတယ်။
ဒီလိုပြောလိုက်တော့
ညောင်ရုက္ခစိုးက “ ဒီလိုဆိုရင် ကောင်းပါပြီ၊ ငါ့အတွက်ပါ ဗေဒင်ဆရာကို
သင်တစ်ခုမေးခဲ့ပါ၊ ငါဟာ ဒီညောင်ပင်က ခွာပြီး တခြားညောင်ပင်ကို သွားချင်ပါရက်ကနဲ့
မသွားနိုင်ဖြစ်နေတာဘာကြောင့်ပါလဲ လို့ ဗေဒင်ဆရာကို တစ်ဆိတ်မေးပေးစမ်းပါ ” လို့မှာလိုက်တယ်။
ရုက္ခစိုးက
အဲဒီလိုတဆင့် ဗေဒင်မေးခိုင်းတာကို လူနာက “ ရုက္ခစိုးနတ်မင်း
ကျွန်တော်မေးဖြစ်အောင်မေးခဲ့ပါမယ် အရှင် ” လို့ ကတိပေးလိုက်တယ်။
ဒီလိုပြောပြီးတာနဲ့ တပြိုင်တည်း ရုက္ခစိုးလည်းသူ့ရှေ့ကပျောက်ကွယ်သွားတော့တယ်။
လူနာဟာ
ညောင်ပင်အောက်မှာပဲအဲဒီည အိပ်ပြီး မနက်လင်းတော့ ရှေ့ကိုခရီးဆက်ထွက်ပြန်တယ်။
အဲဒီလိုသွားရင်းနဲ့ တောင်ပို့ တစ်ခုနားရောက်တော့ မြွေကြီးတစ်ကောင်ဟာ တောင်ပို့ထဲက
ထွက်လာပြီး လူနာသွားတဲ့လမ်းမှာ ကန့်လန်ဖြတ်ရပ်နေတယ်။ ပြီးတော့ မြွေကြီးက “
အသင်လူသား သင်ဘယ်ကိုသွားမလို့ ဒီလမ်းကလာတာလဲ ” လို့မေးတယ်။
ဒီတော့ခရီးသည်လူနာက
“ မြွေမင်း ကျွန်တော်ဟာ ရှေ့မှာရှိတဲ့ တိုင်းပြည်က အင်မတန်ကျော်ကြားတဲ့
ဗေဒင်ဆရာဆီမှာ ဗေဒင်မေးဖို့ သွားမလို့ပါ။ ” လို့ ပြန်ပြောတယ်။
အဲဒီအခါမြွေက
“ ဒီလိုဆိုရင်လည်း အဲဒီဗေဒင်ဆရာဆီမှာ ကျုပ်အတွက်လည်း ဗေဒင်မေးခဲ့စမ်းပါ။ ကျုပ်ဟာ
ဒီတောင်ပို့ကခွာသွားချင်ပေမယ့် ဘာဖြစ်လို့ မသွားနိုင်သလဲ၊ မသွားဖြစ်သလဲ
ဆိုတာမေးပေးစမ်းပါ ” လို့တစ်ဆင့် ဗေဒင်မေးခိုင်းပြန်တယ်။
လူနာကလည်း
“ ကောင်းပါပြီ၊ ကျွန်တော်မေးပြီး အပြန်ကို မြွေမင်းဆီ ဝင်ပြောပါ့မယ်။ ” လို့
ကတိပေးလိုက်တယ်။ ဒီကတိကို ရတယ် ဆိုရင်ပဲ မြွေကြီးဟာ သူ့တွင်းထဲကို
သူပြန်ဝင်သွားရော။ လူနာခရီးသည်ကလည်း ရှေ့ကိုဆက်ပြီး ခရီးထွက်လာပြန်တယ်။
လူနာဟာ
အဲဒီလိုတဖြည်းဖြည်း ခရီးဆက်ထွက်လာလိုက်တာ
နေဝင်ခါနီးချိန်မှာမြစ်တစ်ခုရဲ့ကမ်းဘေးကို ရောက်သွားတယ်။ မြစ်ကလည်း ကျယ်ပြီး
ကူးစရာ လှေကူးတို့ လဲမရှိတာနဲ့ ကမ်းစပ်မှာထိုင်ပြီး ဘယ်လိုဒီမြစ်ကြီးကို
ကူးရပါ့မလဲလို့ စဉ်းစားနေတယ်။
အဲဒီလို
ထိုင်စဉ်းစားနေတုန်း မိကျောင်းကြီးတစ်ကောင် သူ့ရှေ့ကို ကူးလာပြီး “ အသင်လူသား
ဒီမြစ်ကို ရောက်လာတာ အသင်ဘယ်သွားပြီး ဘာလုပ်မလို့လဲ ” လို့မေးတယ်။
မိကျောင်းကမေးတော့
လူနာက “ မိကျောင်းမင်း ကျွန်တော်ဟာ ရှေ့မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ အင်မတန်အံ့သြစရာကောင်းတဲ့ဗေဒင်ဆရာဆီ
သွားမလို့ပါ။ ” လို့ပြန်ပြောတယ်။
ဒီတော့
မိကျောင်းက “ ဗေဒင်ဆရာဆီသွားမယ်ဆိုရင် သင့်ကို တစ်ဖက်ကမ်းရောက်အောင်
ကျုပ်ပို့ပေးပါ့မယ်။ ဒါပေမယ့် ကတိတစ်ခုတော့ ပေးရမယ်။ အဲဒီကတိက
ဗေဒင်ဆရာဆီကိုရောက်ရင် ကျုပ်အကြောင်းကို မေးပေးဖို့ပါပဲ၊
ကျုပ်ဟာမိကျောင်းဖြစ်ပါရက်ကနဲ့ ဘာဖြစ်လို့ ရေငုပ်လို့မရသလဲ ဆိုတဲ့အကြောင်းကို
မေးပေးမယ်ဆိုရင် ကျုပ်အပေါ်ကိုသာတက်စီးပါ။ တစ်ဖက်ကမ်းကို ပို့ပေးပါမယ်။ ” လို့
ပြောပြန်တယ်။
လူနာက
“ကောင်းပါပြီ၊ ကျွန်တော်မေးဖြစ်အောင် မေးပေးပါမယ်။ ” လို့ကတိပေးလိုက်တယ်။
ဒီလိုကတိပေးလိုက်တာနဲ့
မိကျောင်းဟာ လူနာကို သူ့ကျောပေါ်မှာစီးခိုင်းပြီး တစ်ဖက်ကမ်းကို ပို့ပေးလိုက်တယ်။
လူနာဟာလည်း တစ်ဖက်ကမ်းကို ရောက်တော့ မိုးချုပ်နေတာနဲ့ ကမ်းစပ်သဲသောင်ပြင်ပေါ်မှာပဲ
အဲဒီည အိပ်လိုက်တယ်။
မနက်လင်းတဲအခါ
လူနာဟာ သူ့ခရီးစဉ်အတိုင်းထွက်ပြန်တယ်။ ဒီလိုနဲ့ သွားလိုက်တာ တိုင်းပြည်တစ်ပြည်ကို
ရောက်သွားတယ်။ သူရောက်သွားတဲ့တိုင်းပြည် ဘုရင်က သူ့တိုင်းပြည်ကို ဘယ်က
တစိမ်းတရံဆံလူမှ ဝင်မလာရဘူး၊ ဝင်လာခဲ့ရင် ဝင်လာတဲ့လူကို သတ်ရမယ်လို့
အမိန့်ထုတ်ထားတယ်။
လူနာအဲဒီတိုင်းပြည်ရောက်သွားတော့
အစောင့်မင်းချင်းတွေကဖမ်းပြီး သူတို့ဘုရင့်ရှေ့တော် ပို့လိုက်ကြတယ်။
ရှေ့တော်ရောက်လာတဲ့လူနာကို ဘုရင်က “ အသင်ဒီတိုင်းပြည်ထဲကို
ဘာဖြစ်လို့ကျူးကျော်ပြီးဝင်ရောက်လာခဲ့သလဲ၊ ဒီတိုင်းပြည်ကို ဝင်လာတဲ့သူကို
သတ်စေလို့ အမိန့်ထုတ်ထားတာ သင်မသိဘူးလား ” လို့မေးတယ်။
ဒီတော့
လူနာက “ ဒီလိုအမိန့်ထုတ်ထားမှန်းလည်း ကျွန်တော်မျိုးမသိရပါ။ ကျွန်တော်မျိုးဟာ
အမှန်အတိုင်းဆိုရင် အရှင်မင်းမြတ်ရဲ့ တိုင်းပြည်ကို လာသူမဟုတ်ပါ။
အရှေ့အရပ်မှာရှိတဲ့ အင်မတန်ကျော်ကြားတဲ့ ဗေဒင်ဆရာကြီးဆီကို သွားဖို့ဖြစ်ပါတယ်။ ”
လို့ တင်လျှောက်လိုက်တယ်။
အဲဒီလိုလူနာက
တင်လျှောက်တဲ့စကားကို အနားမှာရှိတဲ့ဘုရင့်သမီးတော်ကကြားတော့ “ အို အမောင်
ဗေဒင်ဆရာဆီကိုသွားရင် ကျွန်မအတွက်ပါ ဗေဒင်ကြည့်ခဲ့ပြီးပြန်ပြောပါဦး ” လို့
ဝင်ပြောတယ်။
ဆက်ရန်...... သားတို့ရေ
ပုံပြင်အဆက်လာပါပြီ
လူနာကလည်း “ ကောင်းလှပါပြီ သမီးတော်
ကျွန်တော်မျိုးပြန်လာရင် အရှင့်သမီးတော် အတွက် ဗေဒင်ဆရာက ဘာတွေဟောလိုက်တယ်ဆိုတာ
ပြန်ပြီး သံတော်ဦးတင်ပါ့မယ်။ ” လို့ ပြန်လျှောက်လိုက်တယ်။
ဘုရင်ကြီးဟာ
သမီးတော်နဲ့ တိုင်းပြည်ထဲဝင်လာလို့ဖမ်းထားတဲ့လူနဲ့ ပြောတဲ့စကားကိုကြားရတော့
အင်မတန်ခက်ခဲတဲ့ ပြသနာတစ်ခုနဲ့ ဆုံရသလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ဘုရင့်ရဲ့သမီးဟာ မွေးကထည်းက မမာတဲ့ သမီးတစ်ယောက်ဖြစ်တယ်၊ ပြီးတော့ ဒီသမီးတော်ဟာ
ဘယ်တုန်းကမှ ဘာစကားတစ်ခွန်းမှ မပြောဘူး၊ တစ်နန်းတော်လုံးက အ နေတယ်လို့
ထင်နေတဲ့သမီး၊ ဒီသမီးဟာ အခု ဒီလူနဲ့တွေ့ကာမှ ပထမဆုံးအကြိမ် စကားပြောတယ်။
သူ့စကားကလည်း သူ့အတွက်ဗေဒင်ဆရာဆီ ဗေဒင်မေးပြီး သူ့ကို ပြန်ပြောဖို့ဖြစ်တယ်။
တကယ်လို့ ဘုရင်ဟာ သူ့တိုင်းပြည်ထဲဝင်လာတဲ့ လူနာလူစိမ်းကို သူထုတ်ထားတဲ့အမိန့်အတိုင်း
သတ်ပစ်လိုက်ရင် သူ့သမီးရဲ့ ဆန္ဒကို သူက ဖျက်ဆီးလိုက်သလိုဖြစ်မယ်။ ဒါကြောင့်ဘုရင်ဟာ
အင်မတန်ကြီးတဲ့ပြသနာကြီးနဲ့ ဆုံရသလိုဖြစ်နေတယ်။
နောက်တော့
ဘုရင်ဟာ သူအင်မတန်ချစ်လှတဲ့ သမီးလေးကို ငဲ့ကွက်ပြီး လူနာလူစိမ်းကို မသတ်တော့ဘဲ
ဗေဒင်ဆရာဆီကို သွားခွင့်ပြုလိုက်တဲ့အပြင် ပြန်ရင်ဝင်ခဲ့ပြီး ဗေဒင်ဆရာက
သူ့သမီးအတွက် ဘာများဟောလိုက်တယ် ဆိုတာကို သံတော်ဦးတင်ရမယ်လို့ပါ မှာလိုက်တော့တယ်။
ဒါနဲ့
လူနာဟာ နန်းတော်ကထွက်ပြီး သွားလိုက်တာ ရက်မကြာခင်ပဲ ဗေဒင်ဆရာဆီကို ရောက်သွားတယ်။
လူနာဟာ ဗေဒင်ဆရာဆီရောက်တာနဲ့ သူမကျန်းမမာဖြစ်ပုံကို ပြောပြပြီး ဗေဒင်တွက်ပေးပါလို့
တောင်းပန်တယ်။ ဗေဒင်ဆရာကြီးလည်း လူနာကိုတွက်ချက်ကြည့်ပြီး “ မင်းဟာ
ငါ့ဆီကိုသာထွက်မလာရင် သေမယ့်လူပဲ။ အခုတော့ ဒီကိုယာယီခရီးလာလိုက်လို့ မသေတော့ဘူး။
ကျန်းမာလာဖို့ပဲရှိတယ်။ ပြီးတော့ ဒီကပြန်သွားရင် အိမ်ရောက်တာနဲ့ အင်မတန်ကြွယ်ဝ
ချမ်းသာတဲ့လူဖြစ်လိမ့်မယ် ” လို့ဟောလိုက်တယ်။
ဒီလိုဟောတာကို
ကြားလိုက်တော့ လူနာဟာ ရောဂါလုံးဝပျောက်သွားသလောက် ကောင်းသွားတယ်။ ပြီးတော့ လူနာက
ဗေဒင်ဆရာကို ကန်တော့ပြီး “ ကျွန်တော့အတွက်တော့ ဟုတ်ပါပြီ၊ လမ်းမှာလာတုန်းက
မိတ်ဆွေတွေကမှာလိုက်လို့ သူတို့အတွက်ပါ နည်းနည်းတွက်ကြည့်ပေးပါဦး ” လို့ ပြောပြီး
သူဖြတ်လာခဲ့တဲ့ တိုင်းပြည်က ဘုရင့်သမီးဟာ မွေးကတည်းက မာလည်းမမာဘူး၊ ခု ၁၆
နှစ်သမီးထိ စကားလည်းမပြောဘူး၊ ဒါကိုတစ်ချက်ကြည့်ပေးပါ ” လို့ပြောလိုက်တယ်။
ဒီတော့
ဗေဒင်ဆရာက မခက်ပါဘူးကွာ၊ အဲဒီဘုရင့်သမီးဟာ သူ့တစ်သက်မှာ ပထမဆုံးစကားပြောတဲ့ သူနဲ့
သူ့အဖေကပေးစားလိုက်ရင် တစ်ခါတည်းမာပြီး လူကောင်းဖြစ်သွားမှာပေါ့ ”
လို့ပြန်ပြောလိုက်တယ်။
ဒီတင်လူနာကဆက်ပြီး
“ ကျွန်တော်လမ်းမှာလာတုန်းက မြစ်ကိုဖြတ်ကူးတဲ့အခါမှာ မိကျောင်းတစ်ကောင်တွေ့လို့
မိကျောင်းကမှာလိုက်ပါတယ်။ သူဟာ မိကျောင်းဖြစ်ပါရက်ကနဲ့ ရေထဲကို မငုပ်နိုင်ဘူး၊
ရေငုပ်လို့မရဘူးလို့ပြောပါတယ်၊ ဒါကိုလည်း တဆိတ်လောက်ကြည့်ပေးပါ ” လို့
ဗေဒင်ဆရာကိုပြောပြန်တယ်။
ဗေဒင်ဆရာက
“ အေး ဒါက ဒီလိုပါ၊ ဒီမိကျောင်းရဲ့ ဦးခေါင်းမှာ အမြုတေ ရှိနေတယ်။
ဒီအမြုတေကိုထုတ်လိုက်ရင် ဒီမိကျောင်းဟာရေငုပ်နိုင်မှာပါ၊ အမြုတေရဲ့သတ္တိကြောင့်သာ
ရေမမြုပ်ဘဲ ရှိနေတာ ” လို့ ပြန်ပြောတယ်။
အဲဒီလိုပြောလိုက်တော့
လူနာက တစ်ခါထပ်ပြီး “ နောက်ရှိပါသေးတယ်၊ ဆရာ့ဆီကို အလာမှာ လမ်းကတောင်ပို့ တစ်ခုက
မြွေတစ်ကောင်ထွက်ပြီး ဆရာ့ကိုမေးပေးပါလို့ မှာလိုက်ပါတယ်။ သူဟာ ဒီတောင်ပို့မှာနေရတာငြီးငွေ့လို့တခြားကိုသွားချင်ပေမယ့်
မသွားနိုင်ဘူး၊ ဒါဟာ ဘာဖြစ်လို့လဲလို့ မေးခိုင်းပါသေးတယ် ” လို့မေးပြန်တယ်။
ဒီတော့
ဗေဒင်ဆရာက “ ဒါကလည်းလွယ်ပါတယ်၊ ဒီမြွေဟာ တောင်ပို့ထဲက
ပတ္တမြားကြီးကိုစောင့်နေရတာပါ။ ဒီပတ္တမြားကိုယူပစ်လိုက်ရင် ဒီမြွေဟာ သွားချင်တဲ့ဆီ
သွားနိုင်မှာပါ ” လို့ပြန်ပြောတယ်။
ဒါနဲ့လူနာက
မေးခွန်းတစ်ခုကျန်သေးတော့ နောက်ဆုံးဆရာ့ကို မေးပါရစေ၊ ဆရာ့ဆီကျွန်တော်လာတုန်းက
လမ်းမှာညောင်ပင်တစ်ပင်အောက်မှာ အိပ်ခဲ့ရပါတယ်။ ဒီအခါမှာ ညောင်ရုက္ခစိုးက
ကိုယ်ထင်ပြပြီး သူဟာ ဒီညောင်ပင်က ခွာသွားချင်ပေမယ့် မခွာနိုင် မခွဲနိုင်ဖြစ်နေတာ
ဘာ့ကြောင့်ပါလဲ လို့ အမေးခိုင်းလိုက်ပါသေးတယ်၊ ” လို့ မေးတယ်။
ဗေဒင်ဆရာက
“ ဒါကလဲ မြွေရဲ့ကိစ္စမျိုးပါ၊ ညောင်ပင်အောက်မှာ ရွှေအိုးကြီး ရှိတယ်၊ ရုက္ခစိုးဟာ
အဲဒီရွှေအိုးကြီးကို စောင့်နေရလို့ ဘယ်မှမရွှေ့နိုင်မပြောင်းနိုင်နဲ့ ဒီညောင်ပင်မှာ
မြဲနေရတာပါ။ ရွှေအိုးကို တခြားရွှေ့လိုက်ရင် ညောင်ရုက္ခစိုးလဲ
လွတ်လွတ်ကျွတ်ကျွတ်သွားချင်ရာသွား လာချင်ရာလာနိုင်လိမ့်မယ် ” လို့ဟောလိုက်တယ်။
ဒါနဲ့
လူနာဟာ ဗေဒင်ဆရာပြောသမျှ အကုန်မှတ်ပြီး ပြန်လာခဲ့တယ်။
လူနာဟာတဖြည်းဖြည်းပြန်လာခဲ့တဲ့အခါ သူ့ကို ဗေဒင်အမေးခိုင်းလိုက်တဲ့ မင်းသမီးကလေးရဲ့
တိုင်းပြည်ကို ရောက်လာတယ်။ ဒီတော့ လူနာက နန်းတော်ထဲဝင်ပြီး ဗေဒင်ဆရာဟောလိုက်တဲ့
အတိုင်း မင်းသမီးကလေးကို ပြန်ပြောတယ်။
ဒီတင်မင်းသမီးကလေးရဲ့
ခမည်းတော်က သူ့သမီးတော် ကျန်းမာရေး အသက်ရှည်ရေးအတွက် ၁၆ နှစ်ကာလ အတွင်း ပထမဆုံး
စကားပြောသူနဲ့ပေးစားရမယ်ဆိုတဲ့ အတိုင်း ပထမဆုံး စပြီးစကားပြောသူဟာ ဗေဒင်ဆရာဆီကို
သွားတုန်းက ဝင်သွားပြီ ယခုပြန်ရောက်နေတဲ့သူသာဖြစ်တဲ့အတွက် အဲဒီလူနာနဲ့
လက်ထပ်ထိမ်းမြားပေးလိုက်တယ်။ အဲဒီကတည်းကစပြီး မင်းသမီးကလေးဟာ ပကတိကျန်းမာပြီး
လူကောင်းအတိုင်းဖြစ်သွားတော့တယ်။
ရောဂါပျောက်ကင်းပြီဖြစ်တဲ့
လူနာဟာလည်း မင်းသမီကလေးကိုရတော့ သူ့မိခင် ဖခင်အိမ်ကို မင်းသမီးလေးကို ခေါ်ပြီး
ဆွေပြ မျိုးပြ ပြန်ခဲ့တယ်။ လမ်းမှာမြစ်ကြီးက မိကျောင်းဆီရောက်တဲ့အခါ
လူနာဖြစ်ခဲ့တဲ့ လူက မိကျောင်းကို ခေါ်ပြီ “ သင်ရေမငုပ်နိုင်တာ တခြားကြောင့်မဟုတ်၊ သင့်ခေါင်းထဲမှာရှိတဲ့
အမြုတေကြောင့် ရေထဲကိုမြုပ်အောင် မငုပ်နိုင်တာပါ ” လို့ပြောပြတယ်။
ဒီတော့
မိကျောင်းဖြစ်ပြီး ရေမငုပ်တတ်လို့ စိတ်ညစ်နေတဲ့မိကျောင်းက “ ဒီလိုဆိုရင်ခေါင်းက
အမြုတေကို ထုတ်ယူပါ၊ ” လို့ပြောတယ်။ ဒါနဲ့ မင်းသမီးလေးရဲ့ ခင်ပွန်းဟာ ဓားကလေးနဲ့
မိကျောင်းခေါင်းက သားရေကို အသာခွဲပြီး အမြုတေကို ထုတ်ယူလိုက်တယ်။
ဒီလိုလည်းထုတ်ယူလိုက်ရော မိကျောင်းကလည်း ရေထဲကို ငုပ်နိုင်သွားတော့တယ်။ ဒီတင်
မိကျောင်းကကျေးဇူးတင်လှပြီး အမြုတေကို ပေးလိုက်တဲ့အပြင် တစ်ဖက်ကမ်းကိုလည်း
သူ့ကိုယ်ပေါ်တက်စီးခိုင်းပြီး ဇနီးမောင်နှံ နှစ်ဦးစလုံးကို ပို့ပေးလိုက်တယ်။
သူတို့ဇနီးမောင်နှံဟာ
တဖြည်းဖြည်းနဲ့ ရှေ့ခရီးကို ဆက်လက်ထွက်ခဲ့ကြတဲ့အခါ မကြာခင်ပဲ
မြွေကြီးရှိတဲ့တောင်ပို့ကို ရောက်လာကြတယ်။ ဒီတင် မင်းသမီးကလေးရဲ့ခင်ပွန်းက
တောင်ပို့ထဲက မြွေကြီးကို ခေါ်လိုက်ပြီး “ အသင်မြွေမင်း၊ မြွေမင်းဟာ ဒီတောင်ပို့က
ဘယ်မှထွက်ပြီး မသွားနိုင်တာ အခြားကြောင့်မဟုတ်ဖူး၊ ဒီတောင်ပို့မှာရှိတဲ့
ပတ္တမြားကို စောင့်နေရလို့ဖြစ်တယ်။ ဒီပတ္တမြားကို ဖော်ပြီး တခြားကို
ပြောင်းရွှေ့လိုက်ရင် မြွေမင်းဟာ ဒီနေရာက ခွာနိုင်ပါလိမ့်မယ် လို့ ဗေဒင်ဆရာက
ဟောလိုက်တယ် ” လို့ ပြောပြတယ်။
မြွေကြီးဟာ
အဲဒီစကားကိုကြားတော့ “ တောင်ပို့ကို ဖြိုပြီး သင်တို့ အဲဒီ ပတ္တမြားကို
ထုတ်ယူသွားကြပါတော့၊ ဒီပတ္တမြားဟာ ကျုပ်အတွက် တန်ဖိုးမရှိတဲ့အပြင် ဒုက္ခတောင်
ဖြစ်နေပါသေးတယ် ” လို့ပြန်ပြောတယ်။
ဒါနဲ့
ဇနီးမောင်နှံဟာ တောင်ပို့ကြီးကို ဖြိုပြီး ပတ္တမြားကို ထုတ်ယူလိုက်ကြတယ်။ ဒီနောက်
မြွေကြီးလည်း ကျေးဇူးအင်မတန်တင်ကြောင်းပြောပြီး တခြားကို ထွက်သွားတော့တယ်။
ဇနီးမောင်နှံဟာ
တောင်ပို့ကြီးက ခွာလာပြီးတော့ မကြာခင်မှာပဲ ရုက္ခစိုးရှိတဲ့ ညောင်ပင်ကြီးကို
ရောက်လာကြတယ်။ ညောင်ပင်ကိုရောက်တဲ့အခါ လင်ဖြစ်သူက ညောင်ပင်ပေါ်မော့ပြီး “
အရှင်ရုက္ခစိုးနတ်မင်း အရှင်နတ်မင်း မှာလိုက်တဲ့အတိုင်းကျွန်တော် ဗေဒင်ဆရာဆီက
ဗေဒင်မေးပြီးပြန်ခဲ့ပါပြီ၊ ရုက္ခစိုးမင်း ဒီညောင်ပင်က မခွာနိုင်မသွားနိုင်တာဟာ
တခြားကြောင့်မဟုတ်၊ ဒီညောင်ပင်အောက်က ရွှေအိုးကို စောင့်နေရလို့ဖြစ်တယ်။ ရွှေအိုးကို
ရွှေ့ပစ်လိုက်ရင် အရှင်ရုက္ခစိုးနတ်မင်း လိုရာကိုသွားနိုင်ပါလိမ့်မယ် ”
လို့ပြောလိုက်တယ်။
ဒီအခါ
ညောင်ပင်ပေါ်က အသံတစ်ခုက “ ဟုတ်ကပြီ၊
ငါ့ညောင်ပင်ရဲ့အရှေ့ဘက်ကိုထွက်တဲ့အမြစ်အောက်မှာ ရွှေအိုးကြီး ရှိလေရဲ့၊
ကျေးဇူးပြုပြီး အမောင်ပဲ တူးဖော်ပြီး ယူပါတော့၊ ဒီတော့မှ ကျုပ်လည်း သွားချင်ရာကို
သွားနိုင်တော့မယ် ” လို့ ရွှေအိုးကြီးကို တူးယူဖို့ အခွင့်ပေးတယ်။
အဲဒီ
ဇနီးမောင်နှံဟာ လင်ယောက်ျားရဲ့ မိဘများအိမ်ကို ပြန်ခဲ့ကြပြီး နောက်တစ်နေ့မှာ
ရွှေအိုးကြီးကို သွားဖော်ယူလိုက်ကြတယ်။ အဲဒီအချိန်ကစပြီး
ဗေဒင်ဆရာဟောလိုက်တဲ့အတိုင်း လူနာဟာ ကျန်းမာသူဖြစ်သွားပြီး ရွာမှာလည်း
အချမ်းသာဆုံးလူတစ်ယောက် ဖြစ်တဲ့အပြင် မင်းသမီးကိုပါ ရသူဖြစ်လာတယ်။
ဒီလိုဖြစ်ရတဲ့
မူလအကြောင်းရင်းကတော့ ဗေဒင်ဆရာမဟုတ်ဘူး။ သူတပါးအကျိုးကို ဆောင်မယ်ဆိုတဲ့အတိုင်း
ပြုလုပ်တဲ့ လူနာပဲဖြစ်တယ်၊ တကယ်လို့ ဒီလူနာဟာ ဗေဒင်ဆရာကို ရုက္ခစိုးအကြောင်း၊
မြွေကြီးအကြောင်း၊ မိကျောင်းကြီးအကြောင်း၊ မင်းသမီးလေးရဲ့ အကြောင်း ကို ဂရုတစိုက်
မမေးမိရင် လူနာဟာ ဘာမှ မဖြစ်ဘဲ ချမ်းလဲချမ်းသာနိုင်မှာ မဟုတ်ပေဘူး။
ဥမဒေသ။ ။
သူတပါးအကျိုးဆောင်က ကိုယ့် အကျိုးအောင်တယ်။
(ဒီပုံပြင်နဲ့
ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ် မြန်မာပုံပြင်များထဲမှာ ရှိပါတယ်။ ဒါပေမယ့် ပြောပုံ
နည်းနည်းစီကွာကြပါတယ်၊)
(မွန်ပုံပြင်များ
တတိယတွဲ စာမျက်နှာ ၁၀၃-၁၁၃)
လူထုဦးလှ၏တိုင်းရင်းသားပုံပြင်များ
0 comments:
Post a Comment