Saturday, April 14, 2012

ရာသီခွင် အကျိတ်အခဲ (ရဲရင့်အောင်)


by Ye Yint Aung on Sunday, April 15, 2012 at 10:23am 


  
နွေဦးမှာ လေရူးတွေက ကြမ်းကြမ်းတမ်းတမ်း မွှေ့ဆော်သရမ်းနေလို့ စိတ်တွေက ဟိုယိမ်းလို့ ဒီယိုင်၊ ဖမ်းဆုပ်ကိုင်ဖို့ ခပ်ခက်ခက်။ ရာသီကူးပြောင်း လေကြောင်းတွေက သိသိသာသာကြီးနဲ့ကို သူ့ရာသီခွင်ထဲ ညှို့ယူဆွဲသွင်းနေတာ။ ကိုယ်က အလိုက်တသိနဲ့ ခပ်သော့သော့လေး မျှောလိုက်လိုက်တာပါပဲ။ မြင်ကွင်းတွေက အသစ်အသစ် ဟန်တွေနဲ့ ...။ ပွင့်ဦးပန်းအလှတွေက ပင်ယံထက်မှာ ဖူးငုံပွင့်တုံတလှည့်၊ လှချင်ရက် စက်စက်ယို။ အစို့အညှောက်နဲ့ ရွက်သစ်တွေက ထူးထူးကဲကဲ နုဖတ်နေလိုက်တာများ ... ယုယစရာ ကောင်းပါရဲ့။


ကောင်းကင်ထဲ လူးလိမ့်ပျော်ဝင်လေ့ရှိတဲ့ တိမ်ရောင်တိမ်သွေးတွေတော့ အနားယူနေသလား၊ ရှောင်ကွင်း မျက်ကွယ်ပြုနေသလားပဲ။ သူတို့မရှိလို့ ကြည်လင်တဲ့ အပြာရောင် ဝတ်ရုံကြီးကသာ ခန့်ခန့်ထည်ထည်၊ မိုးတိုး မတ်တတ်နဲ့ လောကတခွင် အလှဆင်နေလေရဲ့။ အာကာဝေဟင်က တိတ်ဆိတ်နေတုန်း၊ မြေပြင်ထက်မှာ နုနယ်ပါးလွှာတဲ့ သစ်ပင်ပန်းမန်နဲ့ ကျေးငှက်သံသာတွေ ကြီးစိုးနေတယ်။ အခက်အလက်တွေက တဖျတ်ဖျတ်၊ ရွက်ခြောက်တွေက မြေမှာခကြ၊ လူးလိမ့်ကြနဲ့။ ပွင့်ချပ်နဲ့ ဝတ်မှုန်တွေက အရှိန်ယူစ၊ နိုးထစ။ တကယ့်ကို ကြွကြွရွရွ၊ လှလှပပ။ လေရဲ့ ဆောင်ကြဉ်းရာဆီ ဝေ့ကာဝိုက်ကာ လိုက်ပါကြနဲ့။

ဒီအချိန်ဆို အလွမ်းတွေက ပိုလို့ပိုလို့ ရင်တွင်းမှာ ဘောင်ဘင်ခတ်လာတယ်။ အိပ်လျက်က လမ်းလျှောက်ရသလို၊ မူးမေ့လဲပြိုချင်သလို၊ ပျင်းအားကြီးသလိုလို ...။ အလည်တခေါက် ပေါက်ချလာတဲ့ ရင်လှိုင်းခတ်ဒဏ် တိုးရပြန်ပေါ့ ... ဒီသင်္ကြန်အခါ ...။

နှစ်ပေါင်း ၂ဝ၊ မျိုးဆက်တဆက်လောက် အစဉ်လိုက်ပါခဲ့တဲ့ အဟောင်းအမြေ့တခု၊ မိတ်ဟောင်းဆွေဟောင်းတခု အထူးသဖြင့် အလွမ်းတခု ...။ အကြိမ်ကြိမ် အကျော့ကျော့ လည်ပတ်၊ သံသရာ ချားရဟတ်ထဲမှာတော့ ဒီအလွမ်းတွေက အဟောင်းတကာ့ အဟောင်းဆုံး ...၊ အကောင်းတကာ့ အကောင်းဆုံး ...။ ဖယ်ခွာထုတ်နှစ်လို့ မရပါ။

အတွေးအမြင်သစ်၊ စိတ်သစ်လူသစ် ရှိတတ်ပေမယ့် လွမ်းစိတ်ကတော့ သစ်မလာဘဲ၊ ပြောင်းမလာဘဲ ရှိနေဆဲပဲ။ အမှောင်ညမှာ အဖြူထည် ပန်းပွင့်တွေက လင်းလက်ကြယ်စင် မရှိခိုက် အားဖြည့်ပေးသလိုမျိုးပေါ့ ..။ ဟောဒီအလွမ်းတွေကပဲ ကိုယ့်ရဲ့ အစပြုရာအရပ်ဆီ တမ်းတမ်းတတ ဖြစ်စေပြန်တာကိုး။ ဟောင်းနွမ်းအိပ်မက်ရှည်ကို ဒီရာသီ ခွင်ထဲမှာလည်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာ နိုးကြားထကြွပြန်စေတာ ဒီအလွမ်းပါပဲ။

ဒီရာသီထဲမှာပဲ နှစ်သစ်ကူး တန်ခူးလ၊ ပန်းပိတောက်တွေ ဝေဆာတဲ့ အခါသမယ၊ အားလုံးကို လွမ်းအားကြီးစေတဲ့ ကာလ၊ ဝေးနေသူတိုင်းအတွက် အပြန်အလှန် လွမ်းဆွတ်တသ သတိရပြန်တဲ့ တခဏ။ ဆင့်ကာဆက် ကာ လွမ်းရပြန်တာပါ့။ အလွမ်းဟာ ပြန်ပြောင်းအောက်မေ့ရင်း သာယာကြည်နူးမှု ပေးတတ်သလို၊ မှန်းဆတမ်းတရင်း အင်ပြည့်အားပြည့် ဖြစ်တတ်တယ်။ စိတ်ကူးနဲ့ နောက်ကြောင်းပြန်ခွင့်ပေးလို့ နုနယ်ရွှင်လန်းမှု ရှိတတ်တယ်။ တခြားမကောင်းတတ်စေတာတွေတော့ မေ့ထားလိုက်ဦးစို့။ ကြည့်စမ်းပါဦး၊ ဒီကာလမှာ မြင်ယောင်နေရတာတွေ၊ မြင်ယောင်မိတာတွေ ...။

ကမယ့်သူတွေ အကတိုက်ကြ၊ ဆိုမယ့်တီးမယ့်သူတွေ စုရုံးကြ၊ စင်မြင့်တွေဆောက်၊ ပန်းတွေကောက်နဲ့ အလှတွေဆင်၊ ရေအတွက်ပြင်ပေါ့။ အဲဒီ ဝါသနာရှင်တွေ၊ ဝါသနာတူတွေက အထိုင်သမား ...။

အထသမားတွေက ဂျစ်ကားဘောနက်ဖုံး ကြံ့ခိုင်အောင် ခင်း၊ ဆီအလုံအလောက် ဖြည့်တင်း၊ အရက်ဆို ဂါလံ ပုံးနဲ့ရအောင် အလျင်စလို စုဆောင်း၊ အလှပြကားတွေဖြစ်အောင် ထုထောင်း၊ သစ်သားရိုက်သံ တူနှက်သံတွေ နဲ့ ဟန်ချက်ကို ညီနေလိုက်တာ ...။

ဘယ်သူမဆို လာစားပါဆိုတဲ့ စေတနာသက်သက် စတုဒိသာ အလှူရှင်တွေက အကျွေးအမွေးမဏ္ဍပ်တွေနဲ့။ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်၊ ရွှေရင်အေး ကျွေးမှကျွေးပဲ။ မုန့်လုံးရေပေါ်ဆိုတာ ကောက်ညှင်းဆန်မှုန့်ကို နယ်ပြီး အထဲမှာ ထန်းလျက် ဒါမှမဟုတ် ကြံသကာထည့်၊ ပြီးရင် ပွက်ပွက်ဆူ ရေနွေးထဲမှာ ပြုတ်ထားတဲ့ လက်မ'သာသာ အလုံးလေး။ ကောင်းပေ့ဆိုရင် အထဲက အချိုခဲဟာ အရည်ပျော်နေတာ ...။

မယိုမစိမ့်အောင် ဖဲ့မစားနဲ့၊ တလုံးလုံး ပါးစပ်ထဲ ပစ်ထည့်စား။ တချို့အလုံးတွေထဲမှာ ငရုပ်သီး ရှိတတ်တယ်။ စားမိလို့လည်း မထောင်းသာဘူး။ ရှူးရှူးရှဲရှဲ အပျော်အရွှင်လေးတွေ။ ဒါက အထက်အညာဘက်က ဓလေ့တခု။ တနေရာနဲ့ တနေရာ ထပ်တူထပ်မျှ မတူပါဘူး။

နေ့လည်း နေ့မို့၊ ညလည်း ညမို့။ မပြတ်မလပ် ကကြခုန်ကြ ပျော်မြူးကြတာ။ ဘုရားရိပ် တရားရိပ် သွားသူက သွားကြ၊ သီလယူကြ၊ လှူဖွယ်ရာတွေ ကပ်လှူကြ။ လူကြီးမိဘတွေကို ခေါင်းလျှော်ဖွပ်ရင်း၊ နှိပ်နယ်ရင်းနဲ့ ကု သိုလ်ယူသူက ယူကြ၊ အပြစ်ဝန်ချတောင်းပန်ကြလို့ ခွင့်လွှတ်ကျေအေးကြ။ ပိုက်ဆံတောင်းသူက တောင်း။ ပေးလို့လည်း ကောင်း၊ ယူလို့လည်း ကောင်း။ ဘယ်သူမဆို အတာသင်္ကြန်ပွဲတော်မှာ တနေရာရာကနေ ပါရတာပဲ။

ပြိုင်ပွဲဝင် အလှပြကားတွေနောက်၊ ဂီတဝိုင်းတွေနောက် ခြေလျင်တမျိုး၊ စက်ဘီးတဖုံ။ အချိန်ကုန်ချင်ကုန်၊ ရင်ခုန်ရင် ပြီးရော။ မမောမပန်း လျှောက်လှမ်းပေရော့။ ဗေထိသံကြားရင် ရွှင်လန်းလာတာ။ ယိမ်းအကတွေကြည့်ရင် ကိုယ်ဟန်နွဲ့နှောင်း ပျော့ပြောင်းလာတာ။ ဖန်တီးမှု အနုလက်ရာတွေကြည့်ရင်း စိတ်ကူးစိတ်သန်းတွေ၊ ခံစားချက်တွေ၊ အသွေးအသားတွေ ပွင့်လန်းလာတာ။ သောက်တတ်သူတွေလည်းရှိလို့ မျောမနေဘဲ၊ သွားလာသတိ ဆင်ခြင်မိဖို့တော့ လိုမှာ ...။

ကကြိုးကကွက်တွေ၊ အတီးအမှုတ်တွေက မြိုင်မြိုင်ဆိုင်ဆိုင်၊ တေးသီချင်းတွေက အပြိုင်အဆိုင်။ နေ့ခင်းဘက် ရေကစားလို့ ညဘက် စောစောစီးစီး အိပ်ရာဝင်မယ် မပြင်နဲ့။ ညဝိုင်းတွေက ရောင်စုံတေးသွားတွေ၊ အနုအလှ အကတွေကြား နစ်မျောရပြန်တယ်။ ညဘက် အိပ်ရေးပျက်လို့ နေ့ခင်းဘက် အနားယူမယ် မကြံနဲ့။ တုံချမ်းချမ်း အသံ၊ ဟွန်းသံ၊ အော်ဟစ်ပြေးလွှားသံတွေကြား မျောပါရပြန်တယ်။ ခဏတဖြုတ် လုအိပ်၊ မရမက ပျော်ပါး။ ၃ ရက်လား၊ ၄ ရက်လား။ လာစမ်းဟဲ့၊ ပက်လိုက်စမ်းမယ်။ သွားစမ်းဟဲ့၊ ခြေဦးတည့်ရာ။

သက်ကြီးရွယ်အိုတွေ၊ ဘုရားကျောင်းကန် သွားသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နေထိုင်မကောင်းသူတွေ၊ ရေမပက်ဖို့ တောင်းပန်သူတွေကို အသာတကြည် ပေးလွှတ်ရတယ်။ ခွက်စုတ်နဲ့ ပက်၊ ရေပူဖောင်းနဲ့ ပေါက်၊ ရေ ပိုက်နဲ့ ထိုး၊ ခွက်နဲ့ လောင်း၊ ပိတောက်ခက်နဲ့ ဖြန်း။ ကြိုက်သလိုသာလုပ်။ ညီအကိုမောင်နှမ စိတ်ဓာတ်နဲ့ ပျော်ရွှင်ချမ်းမြေ့မှု ရှိရေးပါပဲ။ ကြမ်းတမ်းရမ်းကားလို့ ဘယ်ဖြစ်မလဲ။ ကိုယ်ချင်းစာရင် အလုပ်ဖြစ်တယ်၊ ပြေလည်တယ်။

သင်္ကြန်ကားကြီး ကားငယ်နဲ့ မြို့လုံးကျွတ် လှည့်သူတွေ၊ ဆိုက်ကား-မြင်းလှည်းနဲ့ သွားသူတွေ၊ ခြေကျင် အုပ်စု တွဲနဲ့ တယောက်ထဲလည်း လမ်းလျှောက်သူတွေ၊ မျက်နှာမှာ ရောင်စုံခြယ်သ၊ ဆိုင်းဘုတ်တွေကိုင်ကြနဲ့ ပျော်လွန်ကျူးနေပုံများ စိတ်ညစ်ညူးစရာမရှိ။ သင်္ကြန်ပွဲကို နွှဲပြီဆိုမှဖြင့် ဒီအရသာတွေက တလျှောက်လုံး အမျှင်မပြတ်ရနေတာ။

တချို့ကျ စည်ကားပါပေ့ဆိုတဲ့ မြို့တွေဆီ နယ်ကနေလာပြီးတော့ ပျော်တာ၊ မြို့လေးတွေက တချို့ကျ မြို့ကြီးတွေဆီ တက်ပျော်ကြတာ။ အလုပ်ရုံတွေ ရပ်နား၊ ကျောင်းတွေ ပိတ်ထား၊ စီးပွားရေးလုပ်ငန်း အများစု ရပ်ထားလို့ အခါကြီးရက်ကြီးဟာဖြင့် စည်ကားပါသလေ့ စည်သလေ့ပဲ။

‘ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့၊ ရီ(ရယ်)တာပေါ့ ရီတာပေါ့’၊ ‘ရေမပက်တဲ့ အပျိုတွေ၊ မုဆိုးဖိုနဲ့ ညားပါ စေ’၊ ‘သူများပျော်လို့ မပျော်နိုင်၊ ချစ်သူပျောက်လို့ မှိုင်’၊ ‘--- မြို့ကြီး ကျယ်တယ်ဆို၊ လျှောက်ပတ်ကြည့်တော့ ကျဉ်းကျဉ်းလေး’ လို့ အော်ဟစ်ပျော်ပါးသံတွေကတော့ မဆိတ်သုဉ်းနိုင်တဲ့ သင်္ကြန်ဆောင်ပုဒ်တွေအ လား။ မန္တလေး မြို့မဂီတဝိုင်းထွက် သင်္ကြန်သီချင်းတွေက မရိုးနိုင်၊ မအီနိုင် သင်္ကြန်မဏ္ဍိုင် သီချင်းတွေအလား ..။

ရေပက်မဏ္ဍပ်သူနဲ့ ရေပက်ခံသူ မျက်စိကျလို့ တဦးကိုတဦး အပြန်အလှန် ရေပက်ကစားတာ၊ ချစ်ရေးကြိုက် ရေးဆိုတာ၊ မထိတထိ ကြည်စယ်နေတာတွေလည်းရှိပါ့။ သင်္ကြန်အကြောင်းပြုပြီး ရည်းစားတွေ ဖြစ်ရ၊ နောက်ပိုင်း အိမ်ထောင်ကျ၊ ကလေးမွေးကြနဲ့ ဟုတ်လို့။ သူတို့ကို သင်္ကြန်ချစ်သူ၊ သင်္ကြန်ဖူးစာလို့ ဆိုရမှာပဲ။ အဲဒီလို ချစ်စရာကောင်းတာတွေအပြင် ဆွဲလားရမ်းလား၊ လက်ကစားတာတွေလည်း မြင်မကောင်း ရှုမကောင်း တွေ့တတ်တယ်။

သင်္ကြန်ကာလဆို ရဲစခန်းမှာ အရက်မူးလွန်သူတွေ၊ ခိုက်ရန်ဖြစ်သူတွေ၊ လက်ရောက်သူတွေ၊ သင်္ကြန်ကားတွေ နဲ့ ပြည့်နေတတ်တယ်။ သူတို့ကို အများအားဖြင့် နှစ်ဆန်းတရက်မှာ ပြန်လွှတ်တယ်။ အပျော်လွန်ပြီး ထိခိုက်ဒဏ်ရာနဲ့ သေဆုံးအထိတောင် ရှိတယ်။ ဆေးရုံတွေလည်း ပိတ်ကား ပိတ်၏၊ မနားရဘူး။ မစည်ကားအပ်တဲ့ အရပ်မှာလည်း အဲသလိုအားဖြင့် စည်ကားရတယ်။ စိတ်မချမ်းသာစရာ။ ဘုန်းကြီးကျောင်းတွေမှာတော့ ဒုလ္လဘ ရဟန်းခံသူတွေရှိပါ့။ သက်ဆိုင်ရာ ဘာသာဝင်တွေအတွက် တရားရစရာ၊ အားကျစရာ ...။

နှစ်ကူးသင်္ကြန်အခါ အတာရေဟာ အန္တရာယ်ကင်းဘေးရှင်း၊ ကောင်းကျိုးချမ်းသာရ၊ စိတ်ကို ကြည်နူးနှစ်သက်၊ ယဉ်ကျေးဖို့အတွက် လိုအပ်ပါတယ်။ ရန်ကုန်က ကြေးကြီးကြီးပေးရတဲ့ မဏ္ဍပ်တချို့တလေ နောက်မှာ အပူလှိုင်းတွေ ကြွနေတာ၊ အဖော်အချွတ်တွေ အသားပေးနေတာ၊ လူကြားသူကြား ကော့ကန်ကား အကတွေနဲ့ သမီးပျိုတချို့ ကနေတာ၊ အမူးလွန် အရမ်းလွန်နေတာ၊ မကြားဝံ့မနာသာတွေလည်း အလွန်အမင်းရှိတယ်လို့ ကြားရပါတယ်။

ရိုးရာဓလေ့ဆိုတာ ဘယ်လူမျိုးတိုင်းအတွက်မဆို မမေ့အပ်တဲ့ အခရာ၊ ထိပါးမခံနိုင်တဲ့ အရာ၊ ပျော်မွေ့လဲလျောင်းရာ၊ ဘယ်သူဘယ်ဝါဆိုတာရဲ့ အစ။ ထိန်းသိမ်းသူမှန်သမျှ တာဝန်ကျေကြတယ်လို့ ဆိုရမှာပါပဲ။

သင်္ကြန်အချိန်မှာ အကျဉ်းကျနေသူတွေအဖို့ သင်္ကြန်ရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားခွင့်တော့ ရနိုင်မယ် မဟုတ်ပါဘူး။ နေရပ်ကို အလွမ်းသယ်ရတဲ့ အချိန်မျိုးပါ။ အကျဉ်းသားတွေဆို ထောင်ပြင်ပက အသံဗလံတွေကို နေ့စဉ်ရက်ဆက် ၃ ရက်လောက်ကို ကျယ်ကျယ်လောင်လောင်နဲ့ ကြားနေရတာ။ သူတို့တွေထဲမှာ သူများ အကျိုးဆောင်လို့ ကိုယ့်အကျိုး အမှောင်ကျနေသူတွေ ရှိပါတယ်။ ဖြေသာနိုင်သမျှနဲ့ ဖြေနေရတဲ့ ကာလပါ။ အလွမ်းတွေနဲ့ နှစ်သိမ့်နေရတာပါ။

မွေးရပ်မြေ သင်္ကြန်နဲ့ အလှမ်းဝေးနေသူတွေ အဖို့လည်း သင်္ကြန်အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်မှာတော့ မဟုတ်ပါဘူး။ အမိမြေကို အစားထိုး အလွမ်းဖြေနေရတဲ့ အခါမျိုးပါ။ အကျဉ်းသားတွေလိုပဲ ကိုယ့်တိုင်း နိုင်ငံရင်းက သင်္ကြန်ရဲ့ အရိပ်အငွေ့တွေကို မှန်းဆတွေးရော်ရင်း နေရတာပါ။ အလွမ်းတွေနဲ့ပဲ နှစ်သိမ့်နေရတာပါပဲ။

ဒါ့အပြင် ကုမရတဲ့ ဝေဒနာသည်တွေ၊ ကုန်းကောက်စရာမရှိသူတွေ၊ ကျောင်းပျောက်နေသူတွေ၊ မိဘမဲ့ကလေးတွေ၊ အမေ့အိမ်ကို ပြန်ချင်တိုင်း ပြန်မရသူတွေ၊ နေရပ်မဲ့နေသူတွေ၊ လူမျိုးဘာသာ ခွဲခြားခံရသူတွေ၊ ဒီလူတွေကရော ဟောဒီမဟာသင်္ကြန်မှာ ပျော်နိုင်မှာမို့လား။ ရင်ဘတ်မဲ့ ဟာလာလင်းလင်းပြင်ကနေ အတာသင်္ကြန်ကြီးကို သူတစိမ်းလို စိမ်းစိမ်းကားကား ကြည့်နေမလားလို့ အတွေးရောက်ရပြန်တယ်။ ဒီရာသီခွင်မှာ ရင်ဘတ်ထဲက အကျိတ်အခဲတွေက အတုံးလိုက် အတစ်လိုက် ပေါ်လာတတ်ပြန်တယ်။

တကယ့်ကို ရာသီခွင် အကျိတ်အခဲပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...