Tuesday, April 24, 2012

အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးနဲ့ သွားကြမှာလဲ (မောင်ဝံသ)

[By Maung Wuntha ]
မက်ဆင်ဂျာ (Messenger) ဂျာနယ်မှ ဖော်ပြခဲ့တဲ့ ဆောင်းပါး။

မျက်ကန်းတစ္ဆေမကြောက်
    ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ]]ပြည်သူများ၏ဆန္ဒကို ပုံမှန်ကျင်းပသော လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများမှတစ်ဆင့် ထင်ရှားစေရမည်}} လို့ ဖော်ပြထားတာကို သတိပြုမိကြမယ်ထင်ပါတယ်ဗျာ။ အဲဒီကြေညာစာတမ်းကို လက်ခံကြောင်း အဖွဲ့ဝင်နိုင်ငံတိုင်းက လက်မှတ် ရေးထိုးထားကြပေမယ့် ကမ္ဘာမှာ လစဉ်နီးပါးလောက် ကျင်းပနေကြတဲ့ ရွေးကောက်ပွဲတွေအနက် စလယ်ဆုံး လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲဆိုတာ အရေအတွက် အင်မတန်မှ နည်းပါးနေတယ်လို့လည်း အကဲခတ်များရဲ့ အစီရင်ခံစာတွေက ပြောနေတယ်ဗျ။

 ရွေးကောက်ပွဲတွေ စလယ်ဆုံး လွတ်လပ် တရားမျှတပါတယ်လို့ ပြောနိုင်တာ နည်းပါးရခြင်းရဲ့ အကြောင်းရင်းကတော့ အဓိကအားဖြင့် နိုင်ငံ့အကျိုးထက် မိမိတို့ပါတီအကျိုး၊ အများအကျိုးထက် မိမိအကျိုးကို ရှေ့တန်းတင် ဦးစားပေးတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ (သူတို့ထဲက အားလုံးနီးပါးဟာ အာဏာရထား သူတွေဖြစ်တယ် ဆိုတာကိုတော့ အထူးပြောဖို့လိုမယ် မထင်ဘူးဗျ။) ပဲ ဖြစ်တယ်ဗျ။ တိုင်းပြည်အပေါ် စေတနာမမှန်တဲ့  အဲဒီပုဂ္ဂိုလ်တွေနဲ့ ပါတီတွေဟာ နဂိုကတည်းကိုက အာဏာနဲ့ အာဏာရဲ့ မမှန်ကန်တဲ့အကျိုးဆက်တစ်ခုအဖြစ် ရရှိလာတဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ စွဲလမ်းတပ်မက်လေ့ ရှိသူတွေ ဖြစ်ကြတာမို့ အာဏာမှာ အနေကြာလေ အာဏာကို ပိုမိုယစ်မူးရူးသွပ်လေ၊ အာဏာကို အလွဲသုံးစားလုပ်လေ၊ အာဏာကို စွန့်လွှတ်ဖို့ ပိုပြီးခက်ခဲလေဖြစ်လာရာကနေ ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့တဲ့ မသမာမှု၊ မတရားမှုတွေကို ရွေးကောက်ပွဲ နည်းလမ်း အတွင်းဖြစ်စေ၊ အခြားနည်းလမ်းများအတွင်းဖြစ်စေ မျက်ကန်းတစ္ဆေမကြောက် လုပ်လာကြတာပဲ ဖြစ်တယ်ဗျ။


ဒီမိုကရေစီနဲ့ရွေးကောက်ပွဲ
    ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ရွေးကောက်ပွဲတွေဟာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူးဗျာ။ စစ်အေးခေတ်ပြီးဆုံးသွားမှုနဲ့အတူ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အထိရောက်ဆုံး စိန်ခေါ်နိုင်ခဲ့တဲ့ နိုင်ငံရေးစနစ်ဖြစ်တဲ့ ကွန်မြူနစ် စနစ် မှိန်ဖျော့အားနည်းသွားခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီစနစ် ရှင်သန်ထမြောက်လာတဲ့အခါ ရွေးကောက်ပွဲတွေဟာလည်း ကျွဲကူးရေပါဆိုသလို ကမ္ဘာ့နိုင်ငံများအကြား ပြန်လည်ရေပန်းစား လူကြိုက်များလာခဲ့တာ ဖြစ်တယ်ဗျ။ ကျူးဘား၊ မြောက်ကိုရီးယား စတဲ့ ရှေးရိုးစွဲကွန်မြူနစ်ဝါဒီနိုင်ငံ လက်တစ်ဆုပ်စာလောက်ကလွဲလို့ ကျန်တဲ့ကမ္ဘာ့နိုင်ငံအများစုကြီး မှာ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ကြတယ်ဗျ။ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်း နိုင်ငံတချို့မှာတောင်မှ ရွေးကောက်ပွဲတွေကို မြင်တွေ့လာခဲ့ကြရတယ်ဗျာ။

ဒါပေမဲ့ အဲဒီအာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေအပြင် ဒီမိုကရေစီယောင်ယောင် နိုင်ငံတွေမှာ ကျင်းပဆဲရွေးကောက်ပွဲတွေ ရှိတာဟာ ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေဖို့၊ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာအားကောင်းလာစေဖို့ ရည်ရွယ်တာ မဟုတ်ဘူးဗျ။ တကယ်ကတော့ အဲဒါတွေဟာ လက်ရှိ အာဏာရ နေသူတွေက သူတို့ရဲ့ အာဏာ ဆက်လက်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် နိုင်ငံတကာမှာ ]အပြ}ကောင်းအောင် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ တွေ ဖြစ်တယ်ဗျ။

 အဲဒီလိုအရင်းခံ စေတနာကိုက မမှန်တဲ့ ရွေးကောက်ပွဲတွေဖြစ်တာကြောင့်လည်း အဲဒီလိုနိုင်ငံမျိုးတွေက ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲ မလုပ်ခင်မှာရော၊ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာရော၊ ရွေးကောက်ပွဲ လုပ်ပြီးတဲ့နောက်မှာပါ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်ခဲ့ကြရတာဖြစ်တယ်ဗျ။
    မကြာသေးမီနှစ်အနည်းငယ်အတွင်းကို ပြန်ပြီး ငဲ့ကြည့်လိုက်ရင်တောင် ကမ္ဘာတစ်လွှားက အဲဒီလိုမျိုး ပြဿနာတွေ တခြိမ်းခြိမ်းတက် ခဲ့တဲ့ ရွေးကောက်ပွဲတွေကို မျက်စိတဆုံးတွေ့ကြရမှာ ဖြစ်တယ်ဗျာ။

ဖိလစ်ပိုင်က ပြည်သူ့စွမ်းအား
    ကျွန်တော်တို့ အာရှဒေသမှာ ]ပြည်သူ့စွမ်းအား} (People Power)လှုပ်ရှားမှုဆိုတဲ့ ဝေါဟာရကို တစ်ရှိန်ထိုး မြှင့်တင်ပေးခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံက ရွေးကောက်ပွဲဟာ အဲဒီ စေတနာမမှန်တဲ့ မူမမှန်တဲ့ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်တယ် ဗျာ။ လက်ျာအာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ်ဟာ ၁၉၈၆ခု ဖေဖော်ဝါရီလက သူကိုယ်တိုင် ကျင်းပပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ၀န်မခံဘဲ အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဖိလစ်ပိုင်တပ်မတော် အပါအ၀င် ပြည်သူတစ်ရပ်လုံးက အတိုက်အခံ သမ္မတလောင်း ကိုရာဇန်အကွီနိုနောက်မှာ တစ်ခဲနက် အခိုင်အမာရပ်တည်ခဲ့ကြပြီး အကွီနိုကလည်း သူသာလျှင် ရွေးကောက်ပွဲအနိုင်ရသူဖြစ်ကြောင်း ရဲရဲရင့်ရင့်ကြေညာခဲ့တာကြောင့် ဖိလစ်ပိုင်မှာ အာဏာရှင်စနစ် နိဂုံးချုပ်သွားခဲ့တယ်ဗျာ။

ဆားဘီးယားက မီလိုစီဗစ်
    သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီသမ္မတစလိုဘိုဒန်မီလိုစီဗစ် နိုင်ငံတကာရဲ့ ဖိအားဒဏ်မခံနိုင်တော့လို့ ကျင်းပပေးခဲ့ရတဲ့ ဆားဘီးယားနိုင်ငံက ရွေးကောက်ပွဲမှာလည်း ဒီအတိုင်းပဲဗျ။ မီလိုစီဗစ်ဟာ ရွေးကောက်ပွဲ အရှုံးကို လက်မခံဘဲ ဟိုလိုလို ဒီလိုလိုလုပ်နေလို့ အတိုက်အခံသမ္မတဟောင်း ကော်စတာနီဆာက သူ့ကို တစ်ခဲနက်ဝန်းရံနေကြတဲ့ ပြည်သူလူထုရဲ့ အားကိုယူပြီး ရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ရဲရဲရင့်ရင့်ကြေညာခဲ့တယ်။ သူ့ရဲ့ကြေညာမှုကို နိုင်ငံတကာအသိုက်အ၀န်းကလည်း အခိုင်အမာ ၀ိုင်းဝန်းထောက်ခံခဲ့ကြ တဲ့အတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အရိုင်းစိုင်း အကြမ်းကြုတ်ဆုံး စစ်ပွဲတွေကို မီးမွှေးခဲ့တဲ့ ဘောလ်ကန်ဒေသက အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့တယ်ဗျာ။

အိုင်ဗရီကို့စ် ပြည်သူ့အောင်ပွဲ
    ဖိအားအမျိုးမျိုးကြောင့် မတတ်သာလို့ ရွေးကောက်ပွဲလုပ်ပေးရပေမယ့် လက်ရှိအာဏာရအစိုးရတွေက ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့တဲ့ကြားက ပြည်သူ့ဆန္ဒအောင်ပွဲရသွားခဲ့တဲ့ ဖြစ်ရပ်တွေထဲက လတ်တလော အကျဆုံးဖြစ်ရပ်ကတော့ အိုင်ဗရီကို့စ်နိုင်ငံက ဖြစ်ရပ်ဖြစ်တယ်ဗျ။ အဲဒီနိုင်ငံက ရွေးကောက်ပွဲမှာ သမ္မတလောရင့်ဂဘက်ဘိုဟာ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် နိုင်ငံတကာရဲ့ ရှုမြင်ခြင်းခံခဲ့ရတဲ့ အတိုက်အခံသမ္မတလောင်း အလက်ဆိန်းအွာတာရာကို အာဏာလွှဲ မပေးဘဲ သူ့ကို ထောက်ခံတဲ့စစ်အရာရှိတစ်စုအားကိုးနဲ့ တင်းခံနေ တာကြောင့် အိုင်ဗီရကို့စ် စစ်တပ်ထဲက ဒီမိုကရေစီလိုလားတဲ့ တပ်ဖွဲ့ဝင် တွေ၊ အဲဒီနိုင်ငံမှာ အရင်ကတည်းက ရှိနေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေနဲ့ အိုင်ဗရီကို့စ်နိုင်ငံရဲ့ ကိုလိုနီပိုင်ရှင်ဟောင်း ပြင်သစ်နိုင်ငံက တပ်ဖွဲ့တွေ စုပေါင်းပြီး။ ဂဘက်ဘိုဘက်တော်သား တပ်ဖွဲ့တွေကို လအတန်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြရတယ်ဗျ။ နောက်ဆုံးတော့ ဂဘက်ဘိုတပ်တွေ လက်နက်ချပြီး အခုဆို သမ္မတဟောင်းဟာ နိုင်ငံတကာစစ်ခုံရုံးရောက်နေပြီဖြစ်တယ်ဗျ။
    ဒါပေမယ့် ရွေးကောက်ပွဲတွေက ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်မပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ကမ္ဘာမှာ အရင်ကရော အခု လက်ရှိမှာလာ အနမတဂ္ဂရှိခဲ့ရှိနေဆဲ ဖြစ်တယ်ဗျ။ အဲဒီထဲကမှ အီရန်၊ ကင်ညာ၊ ဇင်ဘာဘွေ၊ ကွန်ဂိုနိုင်ငံတွေက ရွေးကောက်ပွဲလွန် ပဋိပက္ခတွေဟာ ကမ္ဘာ့သတင်းစာကြီးတွေရဲ့ မျက်နှာဖုံးတွေမှာနေရာယူခဲ့ကြတာကို တွေ့ရတယ်ဗျာ။

ကျွဲနှစ်ကောင်နဲ့ မြေဇာပင်
    ကျွန်တော်တို့ဆီမှာလည်း ၁၉၉၀ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲ ရလာဒ်ကနေ လွှတ်တော် မပေါ်ပေါက်ခဲ့ဘဲ ရွေးကောက်ပွဲ ကြီးမှူးကျင်းပပေးတဲ့ အစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီအကြား တင်းမာမှုတွေသာ ဖြစ်ပေါ်ခဲ့ပြီး နှစ်၂၀ ကျော်ကြာ အချိန်တွေ အလဟဿဖြစ်ခဲ့ရတယ်ဗျာ။
    ယခုတော့ ၁၉၉၀ အနိုင်ရ ပါတီကြီးဟာ ၂၀၁၂ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၄၅ နေရာမှာ ၄၃ နေရာ အနိုင်ရလာခြဲ့ပီဗျ။
ကြားဖြတ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ထဲရောက်သွားရင်တော့ အနည်းစုပါတီပဲ ဖြစ်နေဦးမှာပါ။ သို့ပေမယ့် လွှတ်တော်ထဲ အများစု အနေအထား မှာရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ လူထုထောက်ခံမှုအများစု ရရှိနေတဲ့ြီူ တို့ရဲ့ လွှတ်တော်တွင်း အပြန်အလှန် ဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်ရေးအသွင်ဖြစ်မလား၊ အစိုးရပါတီနဲ့ အတိုက်အခံပါတီ ဆက်ဆံရေးပုံစံပဲ ဖြစ်မလားဆိုတာ မကြာခင်တွေ့လာရတော့မယ်ဗျ။ နှစ်ဖက်စလုံးအဖို့ သည်အနေအထားပေါ်မှာ ဘယ်လို ကျင့်သုံးသွားကြမလဲ။  သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ဖြစ်လာနိုင်တာကတော့ အထူးပြောစရာမလိုဘူးထင်ပါ့ဗျာ။

   ကျွန်တော်တို့ကတော့ ပြည်သူ့ရှုထောင့်ကပဲ ပြောချင်ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားထဲက မြေဇာပင်ပဲ ကြေမွပျက်စီးရတယ်ဆိုတဲ့ စကားပုံနဲ့ ပုံခိုင်းပြောရရင် ပြည်သူတွေဟာ မြေဇာပင်ပဲဗျ။ မြေဇာပင်တွေ မကြေမွစေဖို့ကတော့ ကျွဲတွေ ထမခတ်ပါစေနဲ့လို့ ဆုတောင်းရမည်သာ ဖြစ်ကြောင်းပါဗျာ။

မောင်ဝံသ
၁၃၊ ၄၊ ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...