Monday, April 2, 2012

ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု ဆရာဝန်ကြီး) ၏ ခွေးကိုက်လျှင် ကာကွယ်ဆေးထိုးပါ


by ဘဘကြီး ဘဘကြီး ဘဘကြီး on Monday, April 2, 2012 at 10:51am 

 By Good HealthOriginally posted 28/03/2012 11:12AM
ထားဝယ်မြို့ကို ရောက်တဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ဗဟုသုတ တိုးပွားသွားတယ်။  ဆရာဝန် တစ်ယောက်ရဲ့ ရည်ရွယ်ချက် တစ်ခုနဲ့ ကြိုးစားလုံ့လထုတ်တာဟာ ဘယ်လောက် အောင်မြင်နိုင်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်ရတယ်။ ဒီလို အောင်မြင်မှုမျိုး နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရစေချင်တဲ့ ဆန္ဒလည်း ဖြစ်တယ်။ ဆရာဝန်ကတော့ ထားဝယ်မြို့က ဒေါက်တာ ဦးသန်းဝင်းပါပဲ။ သူရဲ့ ခွေးကိုက်ခံရသူ လူနာ ကာကွယ်ဆေးထိုးခန်း လေးကို တည်းခိုခန်းနဲ့ ကပ်လျက်ဖြစ်နေတော့ သွားကြည့်မိတယ်။ လူအပြည့် ခွေးကိုက်ခံရသူတွေကို စနစ်တကျ ကာကွယ်ဆေး ထိုးပေးနေတာ တွေ့ရတယ်။ ထားဝယ်နယ် တစ်ဝိုက်က လူတွေဟာလည်း ခွေးကိုက်ခံရရင်၊ အကောင်ကိုက်ခံရရင် ကာကွယ်ဆေး ထိုးရမယ်လို့ နားလည်နေတယ်။ သူ့ဆေးခန်းကို လာကြတယ်။ သေသေချာချာ မှတ်ထားပေမယ့် သုံးနှစ်လား၊ ငါးနှစ်လား မမှတ်မိတော့ဘူး။


ဒီကာလအတွင်းမှာ လူပေါင်း ၁၄၇၀၀ ကျော်ကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့တယ်။ ဒီအထဲက ခုနစ်ယောက်လောက်သာ ခွေးရူးပြန်ရောဂါ ရခဲ့ကြတယ်။ အထူးသဖြင့် မျက်ခွံအောက် ခွေးကိုက်ခံရတဲ့ လူနာ၊ နားအနောက် ခွေးကိုက်ခံရတဲ့ လူနာ၊ အချိန်နောက်ကျမှ ကာကွယ်ဆေးထိုးသူ၊ ခွေးကိုက်ဒဏ်ရာကို ဖွင့်မထားဘဲ ချုပ်ပြီး ပိတ်ထားသူတွေမှာ တွေ့ရသတဲ့။ အားကျလို့ ရန်ကုန်ရောက်တဲ့အခါ ခွေးကိုက်ခံရသူတွေအတွက် ဆေးခန်းတစ်ခုဖွင့်ရင် ကောင်းမှာပဲလို့ ကြံစည် စိတ်ကူးပေမယ့် အချိန်ပေးနိုင်တဲ့ GP  ဆရာဝန် တစ်ဦးကသာ ကိုယ့်ထက်ပိုပြီး အရာရောက်မယ်ဆိုတာ ကိုယ့်ဆေးခန်း မန်နေဂျာက ရှင်းပြတော့မှ သဘောပေါက်သွားတယ်။ ခွေးကိုက်ခံရလို့ ဆေးခန်းကြီး သွားရမယ်ဆိုရင်တောင် ခွေးရူးပြန် ကာကွယ်ဆေးက အဆင်သင့် ရှိချင်မှ ရှိမယ်။ စနစ်တကျ ထိုးတတ်ချင်မှ ထိုးတတ်မယ်။ စနစ်တကျ လမ်းညွှန်ချင်မှ လမ်းညွှန်တတ်မယ်။ စနစ်တကျ ထိုးတတ်တဲ့ လူရှိရင်တောင်မှ ဒီလူဟာ ဆေးခန်းမှာ အမြဲရှိချင်မှ ရှိနေမယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးပေါ်က GP ဆရာဝန်တွေက ခွေးကိုက်ခံရတဲ့ လူနာတွေကို စနစ်တကျ ထိုးပေးတဲ့ ဆေးခန်းလေးဖြစ်အောင် ကြိုးစားစေချင်တယ်။

ဘာလို့ ဒီဆေးခန်းတွေဟာ အရေးကြီးရတာလည်းဆိုတော့ ခွေးကိုက်ခံရပြီး ခွေးရူးပြန်ဖြစ်သူ အားလုံးနီးပါး အသက်ဆုံးရှုံးနိုင်လို့ပါပဲ။ ခွေးကိုက်ခံရပြီး၊ အကောင်ကိုက်ခံရပြီး စနစ်တကျ ကာကွယ်ဆေး ထိုးနိုင်ရင် ရာနှုန်းပြည့်  တားဆီးနိုင်တဲ့ ရောဂါတစ်ခု ဖြစ်နေလို့ပါပဲလို့ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာ ပါမောက္ခ ဌာနမှူး ဦးအောင်ကြီးက မော်လမြိုင် ဆရာဝန်အသင်း ဆေးပညာ နှီးနှောပွဲမှာ ဟောပြောသွားတယ်။ ခွေးကိုက်ခံရပဲ ခံရ၊ ခွေးသွားနဲ့ ခြစ်မိပဲ ခြစ်မိ၊ ပေါ့ဆနေလို့ မရပါဘူးတဲ့။ ခွေးက ရူးလို့ ကိုက်တာ မဟုတ်ဘူး။ ခွေးကို စမိလို့ ကိုက်တာ။ ကစားရင်း၊ ဆော့ရင်း ကိုက်မိတာ၊ ခြစ်မိတာဆိုပြီး မပေါ့ဆပါနဲ့တဲ့။ ခွေးကို ကာကွယ်ဆေး ထိုးထားတာပဲဆိုပြီးလည်း မပေါ့ပါနဲ့တဲ့။ ခွေးကိုက်ခံရတဲ့ သို့မဟုတ် သွားခြစ်ခံရတဲ့ ဒဏ်ရာကို ပြုစုကုသခြင်းနဲ့ PEP (Post-exposure Prophylaxis) လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်း ရှိပါသတဲ့။ ရိုင်းတဲ့ခွေး၊ လေလွင့်တဲ့ ခွေးတွေဟာ အန္တရာယ်ရှိသလို ချစ်စရာကောင်းတဲ့ အနီးကပ်ခွေးကလည်း အန္တရာယ်ရှိတာပါပဲတဲ့။ WHO ကတော့ အနာကို ရေနဲ့ သေသေချာချာ စင်အောင် ဆေးရမယ်၊ ဆပ်ပြာနဲ့ သေသေချာချာ ဆေးရမယ်၊ ဆပ်ပြာကို မရနိုင်ရင်တောင်မှ ရေနဲ့ သေချာပြောင်အောင် ၁၀ မိနစ်လောက် ဆေးရမယ်တဲ့။ ဒီလို ရေဆေးတာနဲ့ပဲ ခွေးရူးပြန်ရောဂါ ဖြစ်နှုန်းကို ၉၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပါသတဲ့။ အနာကို တင်ချာ (Iodine) နဲ့ တို့ ပေးရပါမယ်။

အနာကို ကိုင်တွယ်တဲ့အခါ လက်ဗလာနဲ့ မကိုင်ပါနဲ့။ လက်အိတ်ဝတ်ပြီး ကိုင်တွယ်ပါတဲ့။ ပိုးသေအောင် ငရုတ်သီးတို့၊ ကွမ်းရွက်တို့ ကွမ်းငုံအုပ်တာတို့၊ ဆီထည့်တာတို့၊ မြေဖြူသိပ်တာတို့ မလုပ်ပါနဲ့။ အနာကို မချုပ်ပါနဲ့၊ အနာကို ဖွင့်ထားပါ။ ကာကွယ်ဆေးက နှစ်မျိုးရှိတယ်။ Rabies Virus ခြေကုပ် မယူနိုင်အောင် အနာပတ်လည်ထိုးတဲ့ သွေးရည်ကြည် ကာကွယ်ဆေး Rabies Immunoglobulin (RIG) နဲ့ ရေရှည်မှာ ကာကွယ်ပေးနိုင်မယ့် Anti-Rabies Vaccine နှစ်မျိုး ရှိတယ်။ Immunoglobulin ခေါ်တဲ့ ပဋိပစ္စည်းက လူကထုတ်တဲ့ ပဋိပစ္စည်းနဲ့ မြင်းကထုတ်တဲ့ ပဋိပစ္စည်း နှစ်မျိုးရှိတယ်။ လူက ထုတ်တာကို HRIG လို့ ခေါ်ပြီး မြင်းသွေးရည်ကြည်က ထုတ်ရင် ERIG လို့ခေါ်တယ်။ အနာရဲ့ အတွင်းကိုလည်း ထိုးရမယ်။ အနာဘေးပတ်ပတ်လည်ကိုလည်း ထိုးရမယ်။ HRIG ဆိုရင် 20 IU/kg ထိုးရမယ်။ ERIG ဆိုရင် HRIG ရဲ့ နှစ်ဆ (20 IU/kg) ထိုးရမယ်။ ခွေးကိုက်ခံရတဲ့ နေရာများရင် နေရာနှံ့အောင် Sterile normal saline နဲ့ နှစ်ဆ၊ သုံးဆရောပြီး ထိုးရမယ်။ ပိုနေသေးရင် တင်ပါးတို့၊ ပေါင် အရှေ့ပိုင်းတို့မှာ အသားဆေး IM ထိုးရမယ်တဲ့။ သတ်မှတ်ထားတဲ့ ဆေးအချိန်အဆထက် ပိုမထိုးပါနဲ့တဲ့ အရင်တုန်းက ကာကွယ်ဆေး မထိုးခဲ့ဖူးတဲ့ လူတွေမှာသာ လိုတယ်။ ဖြစ်နိုင်ရင်တော့ ခွေးကိုက်ခံရတဲ့ နေ့မှာပဲ ထိုးပေးစေချင်တယ်။ ဆေးရမှု ခက်ခဲရင်တော့ ခုနစ်ရက်အတွင်း ထိုးပါ။ ခုနစ်ရက် ကျော်သွားရင်တော့ အကျိုးမရှိဘူးလို့ ဆိုတယ်။ ခွေးကိုတော့ ၁၀ ရက် စောင့်ကြည့်ပါ။

Vaccine တွေက-
- Human diploid cell vaccine (HDCV)
- Purified vero cell rabies vaccine (PVRV, Verorob)
- Purified chick embryo cell vaccine (PCECV, Rabipur)
- Purified duck embryo vaccine
(PDEV-Lyssavax) တို့ ဖြစ်ကြတယ်။

Nerve tissue ကထုတ်တဲ့ Vaccine တွေကို သိပ်မသုံးကြတော့ဘူး။ Vaccine တွေ ထိုးနည်း နှစ်မျိုးရှိတယ်။ တစ်ခုက အသားထဲကို ထိုးတဲ့နည်း (IM)Intramascular နဲ့ အရေပြားထဲကို ထိုးတဲ့နည်း (ID)Intradermal နည်းတွေ ဖြစ်တယ်။ Vaccine  အသားဆေး ထိုးရမယ့် နေရာကတော့ လက်မောင်းပဲ။ ကလေးတွေမှာ ပေါင်ရဲ့ ဘေးဘက်ပဲ။ တင်ပါးကို မထိုးရဘူး။ အရေပြားထဲကို ထိုးရင် လက်မောင်း၊ လက်ဖျံ၊ ပေါင်ရဲ့ဘေး၊ ဝမ်းဗိုက်အောက်ပိုင်း၊ ပခုံးတို့မှာ ထိုးလို့ရတယ်။ အရေပြားထဲကို ထိုးတဲ့နည်းက အသားဆေး ထိုးတာထက် ဆေးပမာဏ ထက်ဝက်သက်သာတယ်။ ပိုပြီး ကာကွယ်နိုင်တယ်လို့ ဆိုတယ်။ ၂၀၁၀ ပြည့်နှစ်အတွက် WHO ကာကွယ်ဆေးထိုးနည်း ဇယားလေး ပေးထားတယ်။ အသားဆေးထိုးနည်း နှစ်မျိုးရှိတယ်။

Essen regimen နဲ့ Zagreb regimen ဆိုပြီး ရှိတယ်။ Essen regimen ကတော့ ဖြစ်ဖြစ်ချင်းမှာ တစ်လုံးထိုး၊ သုံးရက်မြောက်မှာ တစ်လုံးထိုး၊ ခုနစ်ရက်မြောက်မှာ တစ်လုံးထိုး၊ ၁၄ ရက်မှာ တစ်လုံးထိုး၊ အရင်ကတော့ ၂၈ ရက်မှာ တစ်လုံး ထပ်ထိုးခိုင်းတယ်။ ဒါပေမဲ့ အခု လေးလုံးပဲ လိုတယ်တဲ့။ Zagreb ကတော့ ကိုက်ခံရတဲ့နေ့မှာ နှစ်နေရာ တစ်လုံးစီထိုး၊ နှစ်ရက်မှာ တစ်လုံး၊ ၂၁ ရက်မှာ တစ်လုံးထိုး၊ လေးလုံးထိုးရမယ်။ အရေပြားထဲကို ထိုးတဲ့နည်းကတော့ ဖြစ်စနေ့မှာ နှစ်နေရာထိုး၊ သုံးရက်မြောက်နေ့မှာ နှစ်နေရာထိုး၊ ခုနစ်ရက်မြောက်မှာ နှစ်နေရာထိုး၊ ၂၈ ရက်ကြာရင် တစ်နေရာ ထိုးရမယ်။ ဒါက ကြာရင် မေ့သွားမယ်။ ဆေးတစ်လုံးကို လေးနေရာခွဲပြီး တစ်ပတ်အတွင်း ၀၊ ၃၊ ၇ ထိုးတဲ့နည်းလည်း ပေါ်နေတယ်။ အရေပြားထဲ Intradermal ထိုးတယ်ဆိုတာ အရေပြားအောက်  Subcutaneous မဖြစ်ဖို့ သိပ်အရေးကြီးတာပါပဲ။ “One ID injection, at 4 sites (deltoids and lateral thighs) days 0, 3, 7" တဲ့။

ခွေးကိုက်ခံရတဲ့သူတွေကို WHO ကတစ်ဆင့် သုံးဆင့်ခွဲထားတယ်။ ခွေးကို အစာကျွေးရင်း ထိရုံထိတာ၊  အရေပြားက မပေါက်ပြဲဘူးဆိုရင် ပထမအဆင့်ခေါ်တယ်။ ဘာမှ ကာကွယ်ဆေးပေးစရာ မလိုဘူး။ နည်းနည်းပါးပါး ပေါက်ပြဲတယ်၊ ဒါပေမဲ့ သွေးလည်း မထွက်ဘူးဆိုရင် ဒုတိယအဆင့် ခေါ်တယ်။ ကာကွယ်ဆေး (Vaccine) ပဲ ထိုးဖို့လိုတယ်။ အရေပြား ပေါက်တယ်၊ ပြဲတယ်၊ ခွေးရူးရဲ့ သွားရည်နဲ့ ထိတယ်ဆိုရင် သွေးရည်ကြည် (RIG) နဲ့ ကာကွယ်ဆေး (Vaccine) နှစ်မျိုးစလုံး ပေးရမယ်တဲ့။ ခွေးတွေကို ကိုင်တွယ်နေရတဲ့သူ ဆိုရင် ကာကွယ်ဆေး ထိုးထားဖို့ ကောင်းတယ်။ ပထမအကြိမ်၊ သုံးရက်ကြာ တစ်ကြိမ်၊ ၂၁ သို့မဟုတ် ၂၈ ရက် အကြာမှာ တစ်ကြိမ် ထိုးထားရမယ်။။ ကာကွယ်ဆေး ကြိုထိုးထားခဲ့ပြီဆိုရင် ခွေးကိုက်ခံရရင် Immunoglobulin (RIG) ရှာဖို့ မလိုတော့ဘူး။ ခွေးကို အစာစားတုန်း မစပါနဲ့။ အိပ်နေတဲ့ ခွေးကိုလည်း မစနဲ့။ ခွေးငယ် တစ်အုပ်နဲ့ ခွေးမကြီးနားလည်း မကပ်လိုက်ပါနဲ့တဲ့။ ခွေးတွေကိုလည်း ကာကွယ်ဆေး ထိုးပေးထားရမယ်။      

ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု ဆရာဝန်ကြီး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...