မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၇)
by cherrymyodaw on Wednesday, April 4, 2012 at 4:51pm ·
ဒီတစ်ပတ်မှာ ဘာသာရေးနဲ့ ပညာရေးက နိုင်ငံရေးလှုပ်ရှားမှု ပေါ်ပေါက်လာပုံကိုတင်ပြပါမယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ အောက်မြန်မာပြည်ကို အနှစ် ၆၀ သိမ်းပိုက်ပြီးတော့မှ
အထက်မြန်မာပြည်ကို သိမ်းပိုက်တာပါ။ ဒါကြောင့်မို့ ဗမာမင်းအုပ်ချုပ်တဲ့ အထက်မြန်မာပြည်မှာ
မနေရဲလို့ အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်မှာ ခိုလှုံကြတဲ့ မြန်မာတွေအများကြီးရှိပါတယ်။
တစ်ပြည်လုံးကို သိမ်းပိုက်တော့လည်း အင်္ဂလိပ်လက်အောက်မှာ လုံခြုံအေးချမ်းတာကို
ပြည်သူလူထုက သဘောကျပါတယ်။ ကိုလိုနီခေတ်မှာ “ညအိပ်နေတုန်းမှာ အသတ်မခံရဘူး” လို့
ပြောလေ့ရှိပါတယ်။
ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာ ဗမာမင်းအနိုင်ကျင့်တဲ့စနစ်ထက် ကောင်းမှန်းသိကြပေမယ့်
နိုင်ငံခြားသားအုပ်ချုပ်တာကို လက်ခံချင်စိတ်မရှိကြပါဘူး။ ဒါကြောင့် ကိုလိုနီအုပ်ချုပ်ရေးနဲ့
ပတ်သက်လာရင် ဗမာတွေမှာ စိတ်နှစ်ခွဖြစ်နေကြပါတယ်တဲ့။
အင်္ဂလိပ်လက်အောက်မှာ
အောက်မြန်မာပြည်ဖွံ့ဖြိုးတိုးတက်လာတာကို ၁၈၆၇ ခုနှစ်လောက်ကတည်းက
ဗမာတွေသတိထားမိကြပါတယ်။ အောက်မြန်မာပြည်မှာ ရွာဟာ မြို့ဖြစ်လာပြီး
အထက်မြန်မာပြည်မှာတော့ မြို့ဟာရွာဖြစ်သွားတယ်လို့ ပြောကြပါတယ်။
သားသည်အမေတစ်ဦးဟာ မိုးကောင်း/ကျိုင်းတုံ/ရန်ကုန်ခရီးကို လုံခြုံစွာ
သွားလာနိုင်တယ်လို့ မှတ်တမ်းမှာဖော်ပြပါတယ်။
ကိုလိုနီခေတ်အစောပိုင်းမှာ အေးချမ်းသာယာတာကို သံသယရှိစရာမလိုပါဘူး။ မင်းမှုထမ်းရဲ့
ဖိနှိပ်မှုနိဂုံးချုပ်သွားပြီး သူခိုးဓားပြရန်ကင်းသွားတာကြောင့် ပြည်သူတွေ စိတ်အေးလက်အေး
နေနိုင်ကြပါတယ်။ ဗမာမင်းက မနာလိုတိုရှည်ဖြစ်ပြီး မျက်စောင်းထိုးလာမှာကြောက်လို့
သိုသိုသိပ်သိပ် ရိုးရိုးကုပ်ကုပ်နေခဲ့ရတဲ့ ငွေရှင်ကြေးရှင်တွေဟာ လွတ်လပ်စွာ
ဝတ်စားသုံးဖြုန်းနိုင်တဲ့အခြေအနေကို ရောက်သွားပါတယ်။ စီးပွားရေးပြိုင်ဆိုင်မှု
မပြင်းထန်သေးတဲ့အချိန်မို့ ဗမာတွေပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနိုင်တဲ့ကာလပါပဲ။
ဒါပေမဲ့ ဘုန်းကြီး-စာဆိုတော်နဲ့ အခွင့်ထူးခံ မင်းမှုထမ်းစတဲ့ လူနည်းစုကတော့
ဗမာမင်းကွယ်ပျောက်သွားတာကို အများကြီးစိတ်မကောင်းဖြစ်မိကြပါတယ်။
သာမန်ပြည်သူကလည်း လွတ်လပ်ရေးဆုံးရှုံးရတာကို သဘောပေါက်ပါတယ်။
ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်မင်းကိုယ့်ချင်းကိုသာ လိုလားကြတာပေါ့။
အင်္ဂလိပ်အုပ်ချုပ်ရေး ဘယ်လောက်ကောင်းကောင်း ရှင်ဘုရင်ကိုတော့ အစားထိုးလို့မရဘူးလို့
ဗမာတွေက ယူဆပါတယ်။ သူရဲကောင်းမင်းတွေရဲ့ သမိုင်းဝင်အောင်ပွဲကိုဂုဏ်ယူပြီး
အမျိုးသားစိတ်ပြင်းထန်နေတဲ့ ဗမာတွေအဖို့ အင်္ဂလိပ်အုပ်ချုပ်ရေးကိုလက်ခံဖို့
အခက်အခဲရှိနေပါတယ်။ ပြည်တွင်းလူမျိုးရေး ပဋိပက္ခကိုအောင်နိုင်ပြီး အိမ်နီးချင်းကို
နယ်ချဲ့နိုင်တဲ့ ဗမာ့စွမ်းရည်ကို ဂုဏ်ယူနေကြပါတယ်။ မိမိသမိုင်းကို ဂုဏ်ယူတတ်တဲ့
ဗမာတွေအဖို့ လွတ်လပ်ရေးဆုံးရှုံးရတာဟာ ကျက်သရေမရှိတဲ့ဖြစ်ရပ်ပါပဲ။
ဗမာမင်းမရှိတော့တဲ့အတွက် ဗုဒ္ဓဘာသာဓလေ့ထုံးစံမှေးမှိန် ပျောက်ကွယ်သွားမှာကိုလည်း
ဗမာတွေစိုးရိမ်ကြပါတယ်။ သာသနာ့ဒါယကာဟာ ဘုရင်မင်းမြတ်ပါ။ ဘုရင်ဟာ သူခန့်ထားတဲ့
သာသနာပိုင်ဘုန်းကြီးကတစ်ဆင့် သံဃာလောကကို ကြိုးကိုင်ပါတယ်။ အမြဲတမ်းလှူဒါန်းပြီး
ဘာသာရေးစာပြန်ပွဲကျင်းပပေးခဲ့တဲ့ ရှင်ဘုရင်မရှိရင် ဗုဒ္ဓသာသနာလည်း မှေးမှိန်သွားလိမ့်မယ်လို့
ယူဆကြပါတယ်။ အင်္ဂလိပ်ကတော့ သာသနာပိုင်ခန့်ပြီး သာသနာ့ဒါယကာလုပ်ကာ
သံဃာ့လောကကို ချုပ်ကိုင်ဖို့ စိတ်မကူးပါဘူး။ ဘာသာရေးနဲ့ ဝေးဝေးကင်းကင်းရှင်းရှင်းပဲ
နေလိုပါတယ်။
ဒါကြောင့် ဗမာမင်းလုပ်ခဲ့သလို သာသနာ့ဒါယကာလုပ်မယ်ဆိုရင် အင်္ဂလိပ်အုပ်ချုပ်ရေးကို
လက်ခံကြဖို့ တစ်ရွာဝင်တစ်ရွာထွက် တရားဟောပေးမယ်လို့ နန်းတွင်းဆရာတော်နဲ့
ဝါရင့်သံဃာအချို့က အင်္ဂလိပ်ကို ၁၈၈၇ ခုနှစ် ဇန်န၀ါရီလမှာ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဘာသာရေးနဲ့ ကင်းရှင်းလိုတဲ့ အင်္ဂလိပ်အရာရှိတွေက ဒီကမ်းလှမ်းချက်
ကို လိမ္မာပါးနပ်စွာ ပယ်ချလိုက်ပါတယ်။
နန်းတွင်းဆရာတော်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံလိုက်ရင် အင်္ဂလိပ်ကိုလိုနီအစိုးရဟာ
သာသနာ့ဒါယကာဖြစ်လာပြီး အများပြည်သူရဲ့ထောက်ခံမှုကို ရရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ အနောက်တိုင်းအယူအဆအရ ဘာသာရေးနဲ့ ကင်းရှင်းလိုတာကြောင့်
အင်္ဂလိပ်ကိုလိုနီအစိုးရကို မိစ္ဆာဒိဋ္ဌိကုလားအစိုးရအဖြစ် ပြည်သူလူထုက သတ်မှတ်ပြီး
မုန်းတီးကြပါတော့တယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ဘာသာရေးကို လုံးဝလျစ်လျူရှုတာတော့မဟုတ်ပါဘူး။
၁၈၉၆ ခုနှစ်မှာ ပထမပြန်စာမေးပွဲကျင်းပပြီး အောင်မြင်သူတွေကို ဆုငွေချီးမြှင့်ပါတယ်။
၁၉၁၂ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့အတူ ဆုငွေတစ်ရာကို ကိုလိုနီအစိုးရက ချီးမြှင့်ပါတယ်။
ပထမပြန်အောင်တဲ့ သံဃာတွေကို မွေးထုတ်နိုင်တဲ့ ကျောင်းထိုင်ဆရာတော်တွေကို
၁၉၁၉ ခုနှစ်ကစပြီး ဆုချီးမြှင့်ပါတယ်။ ဒီလိုလုပ်ပေးပေမယ့် ဗုဒ္ဓသာသနာ မှေးမှိန်ပျောက်ကွယ်မှာကို
အမြဲတမ်းတွေးပူနေကြတုန်းပါပဲ။ ၁၈၉၇ ခုနှစ်မှာ “သာသနဓရ” အသင်းကို မော်လမြိုင်မှာ
တည်ထောင်ပြီး ဗုဒ္ဓဘာသာပြန့်ပွားရေးလုပ်ပါတယ်။ ၁၈၉၈ ခုနှစ်မှာ ပရိယတ်္တိသာသနဟိတဆိုတဲ့
ဘာသာရေးနဲ့ လူမှုရေးအသင်းကို မန္တလေးမှာ တည်ထောင်ပါတယ်။
ကိုလိုနီခေတ်က ဗမာတွေဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာကို အင်မတန်ဂုဏ်ယူတဲ့အတွက်
ခေတ်ပညာတတ်တွေ ပထမဆုံးတည်ထောင်တဲ့အဖွဲ့ဟာ ဗုဒ္ဓဘာသာလူငယ်များအသင်းဖြစ်နေပါတယ်။
YMBA လို့ လူသိများတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းပါပဲ။ ပညာတတ်လူငယ်တွေဖြစ်တဲ့
ကိုဘဘေ၊ ကိုဘရင်နဲ့ ကိုမောင်ကြီးတို့က ၁၉၀၆ ခုနှစ်မှာတည်ထောင်တာပါ။
ဒါပေမဲ့ YMBA ရဲ့ ရည်ရွယ်ချက်ကို ၁၉၀၈ ခုနှစ်မှာပုံနှိပ်ပြီး ပထမအကြိမ်အစည်းအဝေး
ကျင်းပပါတယ်။ နောက်ဆယ်နှစ်ကြာတော့ YMBA ဟာ နိုင်ငံရေးမှာ
အထင်အရှားပါဝင်လှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်လာပါတော့တယ်။ ၁၉၂၀ ပြည့်နှစ်ရောက်တော့
နိုင်ငံရေးချည်းလုပ်တဲ့ GCBA (ခ) မြန်မာအသင်းများအဖွဲ့ချုပ်ကို တည်ထောင်ပါတယ်။
ကိုလိုနီခေတ်မြန်မာပြည်ဟာ အိန်္ဒိယလက်အောက်ခံပြည်နယ် တစ်ခုသာဖြစ်တာမို့
အိန်္ဒိယနိုင်ငံရေးနဲ့ အမြဲတမ်းဆက်စပ်နေပါတယ်။ ပထမကမ္ဘာစစ်မှာ အိန်္ဒိယအမျိုးသားတွေကို
အင်္ဂလိပ်ဘက်က တိုက်ခိုင်းဖို့အတွက် အိန်္ဒိယပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမယ်လို့
၁၉၁၇ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက ကတိပေးပါတယ်။ ပထမကမ္ဘာစစ်ပြီးဆုံးလို့ အိန်္ဒိယပြည်ကို
ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ စီစဉ်တဲ့အခါ မြန်မာပြည်ကို အိန်္ဒိယလက်အောက်ခံပြည်နယ်အဖြစ်
ဆက်ထားလို့ မဖြစ်တော့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ အဆင့်မမီသေးဘူးလို့
အင်္ဂလိပ်က ယူဆပါတယ်။ ဒါကြောင့် ၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ
ဒိုင်အာခီအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး မြန်မာပြည်ကို ဘုရင်ခံအုပ်ချုပ်တဲ့ ကိုလိုနီအဖြစ်
သတ်မှတ်ပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်အများစုပါဝင်တဲ့
ဥပဒေပြုကောင်စီနဲ့ ဘုရင်ခံက ပူးတွဲအုပ်ချုပ်ပါတယ်။
အိန္ဒိယမှာကျင့်သုံးမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မြန်မာပြည်မှာလည်း ကျင့်သုံးဖို့
GCBA က ရည်ရွယ်ပါတယ်။ အမျိုးသားစိတ်ပြင်းထန်လာတဲ့အခါမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး
ရဖို့အထိ တောင်းဆိုကြပါတယ်။ တက္ကသိုလ်ကျောင်းသားသပိတ်ကြောင့် တစ်ပြည်လုံးမှာ
အမျိုးသားကျောင်းတွေ ပေါ်ထွက်လာချိန်လည်း ဖြစ်ပါတယ်။ GCBA ခေါင်းဆောင်တဲ့
သပိတ်နဲ့ ၀ံသာနုလုပ်ငန်းတွေ ခေတ်စားချိန်ပါပဲ။ သမားရိုးကျ ပြည်တွင်းဖြစ် ပင်နီအင်္ကျီကို
ဝတ်ပြီး အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြပါတယ်။ အမျိုးသားရေးလှုပ်ရှားမှု
ပြင်းထန်လေလေ အင်္ဂလိပ်နဲ့ ဗမာအကြား ရင်ကြားစေ့ဖို့ ခက်လေလေ ဖြစ်လာပါတယ်ခင်ဗျာ။
[ရှေ့ပြေးစကား] - မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက် ကျရောက်တဲ့အခါမှာ
ဗမာမင်းလက်ထက်ကလို အနိုင်ကျင့်တာမျိုး ကင်းရှင်းသွားပြီး လုံခြုံအေးချမ်းပေမယ့်
ဗမာတွေဟာ အင်္ဂလိပ်အုပ်ချုပ်တာကို လက်မခံနိုင်ကြပါဘူး။ အမျိုးဘာသာ သာသနာ
ပျောက်ကွယ်သွားမှာကို စိုးရိမ်ကြပါတယ်။ အဲဒီဘာသာရေးနဲ့ လူမျိုးရေးစိတ်ဓာတ်ကြောင့်
နိုင်ငံရေးလှုပ်ရှားမှုပေါ်ပေါက်လာရပါတယ်။
(ဒေါက်တာမောင်မောင်ကြီး)
0 comments:
Post a Comment