“ဤခရီး နီးသလား မသိပါ”
by Yin Nint Aung on Saturday, April 21, 2012 at 10:13am
၁။
ဘူတာရုံက ဟောင်းနေပါပြီ။ ဘူတာရုံကပဲ ဟောင်းတာလားဆိုတော့ မဟုတ်ရပါဘူး။ ဘူတာရုံကို ဆိုက်ရောက်လာတဲ့ ရထားတွေကလည်း ဟောင်းနေပါပြီ။ ခက်နေတာက ဘူတာရုံနဲ့ ရထားပဲ ဟောင်းနေတာလည်း မဟုတ်ပြန်ဘူး။ ရထားပေါ်က လူတွေကော၊ ဘူတာရုံက လူတွေကပါ အဟောင်းကြီးတွေ။ ခက်ရပါပြီ။
၂။
“ပေါ် ပူး ပေါ်” …………..
ရထားတစ်စင်းက ဘူတာရုံမရောက်ခင် ကိုက်သုံးရာလောက်ကနေ ဥသြဆွဲလိုက်တယ်။ အောက်ကိုချထားတဲ့ ကျောပိုးအိတ်ကို သူ့ပေါင်ပေါ်တင်ပြီး အဆင်သင့်အနေအထားကို ပြင်လိုက်တယ်။ လက်ထဲက ဆေးပေါလိပ်ကို နောက်ဆုံတစ်ဖွာအဖြစ်ဖွာလိုက်ပြီးမှ နောက်တစ်ဖွာ ထပ်ဖွာလို့ ရနေတာကို တွေ့တော့ သူစိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သူကိုယ်သူလည်း မကျေနပ်ပါ။ သူဟာ အမြဲလိုလို အတွက်အချက်ညံ့ဖျင်းခဲ့သူလို့ သူ့ကိုယ်သူ အပြစ်တင်နေလိုက်တယ်။
ခဏနေတော့ သူရှေ့ဆီသို့ ဆိုက်ရောက်လာတဲ့ ရထားဆီကို သူတက်လိုက်တယ်။ သူထိုင်ရမယ့် ရထားတွဲနဲ့ ထိုင်ခုံကို ရှာပြီး သူထိုင်နေလိုက်တယ်။ သူ့ဘေးမှာတော့ သူနဲ့ အသက်ရွယ်တူ သို့မဟုတ် အနည်းငယ် ကြီးမယ်ထင်ရတဲ့ အမျိုးသမီးတစ်ဦးလာထိုင်တယ်။
အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ပြီး မျက်နှာလွဲသွားတယ်။ ယောက်ျားတစ်ယောက်နဲ့ ဘေးချင်းကပ်ထိုင်ရမှာကို မလိုလားတဲ့ ပုံစံလားလို့ သူက အကဲခတ်ရင်း တခြားလူတွေကို လျှောက်ကြည့်လိုက်တယ်။
၃။
“ပေါ် ပူး ပေါ်” …………..
ရထားက ခုထိ မထွက်သေး။ စီးမယ့် လူတွေကလည်း မစုံသေးပါ။ သူကတော့ သူ့စာအုပ်တွေ ထည့်ထားတဲ့ အိတ်တစ်လုံးပဲ ပါလာပေမယ့် တစ်ချို့ ခရီးသည်တွေက အိတ်ပေါင်းစုံနဲ့ ရှုပ်နေကြတာကို သူစိတ်ညစ်စွာ ကြည့်နေလိုက်တယ်။ သူက အမြဲလိုလို ခရီးသွားရင် ဘာကိုမှ သယ်ဆောင်သွားချင်သူ မဟုတ်။ လွတ်လွတ်လပ်လပ်ပဲ သွားချင်တဲ့သူ။ အခုမှ သူ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကကော ဘာအိတ်တွေသယ်လာလဲဆိုတာ သူစပ်စုမိသွားတယ်။ သူမကတော့ သူ့ထက်တောင် ပိုလွတ်လပ်သေးတယ်။ ဘာအိတ်မှ မပါလာပါ။ လက်ထဲမှာ စာအုပ်တစ်အုပ်သာ ပါလာတယ်။ သူ့ဘေးမှာ ထိုင်ပြီးကတည်းက သူမက အဲဒီ စာအုပ်ကို ဖွင့်ဖတ်ပြီး ငြိမ်သက်နေတော့တာပဲ။ သူကသာ ယောက်ျားတစ်ယောက်ဖြစ်ပြီး မဆိုင်တာတွေ စပ်စုနေမိပါလား။ သူ့ကိုယ်သူတောင် ရှက်သလိုလို ဖြစ်သွားပြန်တယ်။ ဒါပေမယ့် သူမကိုင်ထားတဲ့ စာအုပ်က ဘာများလဲ။ ဘာအကြောင်းရေးထားတာမို့ အဲလောက် စိတ်ဝင်တစား ဖတ်နေရတာလဲ။ သူသိချင်သွားပြန်တယ်။
၎။
“ပေါ် ပူး ပေါ်” …………..
ရထားက နောက်တစ်ကြိမ် ဥသြဆွဲလိုက်ပေမယ့် ထွက်မယ့်ပုံ မပေါ်သေးဘူး။ ခဏနေတော့ သူ့ရှေ့က ခုံဆီကို အဘိုးကြီးတစ်ယောက်လာထိုင်တယ်။ အဘိုးကြီးက တုတ်ကောက်တစ်ချောင်းနဲ့ ဟောင်းနွမ်းနေတဲ့ အိတ်တစ်လုံးနဲ့ဆိုတာ သူသတိထားမိလိုက်တယ်။ အဘိုးကြီးကိုင်လာတဲ့ တုတ်ကောက်ဆိုတာလည်း နိုင်ငံခြားဖြစ် အကောင်းစား တုတ်ကောက်မဟုတ်ဘူး။ သစ်ကိုင်းခြောက်သာသာ တုတ်တစ်ချောင်းကို ကိုင်လာတာ။ အဘိုးကြီးက တုန်တုန်ရီရီနဲ့ ထိုင်လိုက်ပြီး သူ့တုတ်ကို ဘေးမှာ ထောင်ထားလိုက်တယ်။ ခဏနေတော့ သူ့အိတ်အစုတ်လေးထဲက တစ်ခုခုကို ရှာနေပြန်တယ်။
ခဏနေတော့ အဘိုးကြီးဘေးကို ၀င်ထိုင်တာက လူလတ်ပိုင်း ယောက်ျားတစ်ဦး။ သန့်သန့်ပြန့်ပြန့် ၀တ်စားထားတယ်။ ခရီးဆောင်အိတ်ကလည်း အကောင်းစားပါ။ ဘီးလုံးနဲ့ တွန်းလို့ရတယ်။ နိုင်ငံခြားဖြစ်ထင်တယ်။ အဲဒီလူဟာ အဘိုးအိုကို တစ်ချက်ကြည့်ပြီး ဘေးမှာ ၀င်ထိုင်တယ်။ ခဏနေတော့ သူ့ဘေးက အမျိုးသမီးကို ကြည့်ပြီး သူ့ဘက်ပါလှည့်ကြည့်လာတယ်။ သူနဲ့ သူ့ဘေးက အမျိုးသမီးဟာ အသိလား၊ ဘာလား၊ ညာလား စပ်စုတဲ့ မျက်လုံးမျိုးနဲ့ ကြည့်နေတယ်လို့ သူစိတ်ထဲ ထင်လိုက်တယ်။ ခုမှ သူ့ရှေ့က အဘိုးကြီးက သူရှာနေတဲ့ ပစ္စည်းကို အိတ်ထဲက တွေ့သွားပုံပါပဲ။
၅။
အဘိုးကြီးက သူရှာတွေ့သွားတဲ့ စိပ်ပုတီးကို ထုတ်ပြီး ဂါထာတစ်ခုခုကို ရွတ်နေပါတယ်။ သူ့ဘေးက လူကတော့ ယူလာတဲ့ ဂျာနယ်တစ်စောင်ကို ဖွင့်ပြီး ဖတ်နေလေရဲ့။ သူအဲလို လျှောက်ကြည့်ရင်းက ဖုန်းသံတစ်ခု မြည်လာတယ်။ သူနဲ့ မျက်စောင်းထိုးက ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းပါ။ ဖုန်းကိုင်ပြီး စကားပြောနေပေမယ့် ဘာပြောနေမှန်းတော့ ကောင်းကောင်းမကြားရဘူး။ တစ်ယောက်ယောက်ကို နှုတ်ဆက်နေတာ ဖြစ်မယ်ထင်တယ်။ ခုမှ သူကြည့်မိတာ ကောင်မလေးက တော်တော် လှတဲ့ သူမှန်း သိလိုက်တယ်။ မျက်လုံးနဲ့ မျက်ခုံးက သူ့အလှကို ပိုပေါ်လွင်စေတယ်။ သူ့ဘေးက အမျိုးသမီးကတော့ ရုပ်ဆိုးရုံတင်မကဘူး သဘောလည်း ကောင်းမယ့်ပုံမဟုတ်ဘူးလို့ တွေးလိုက်တယ်။ ခုမှ သူ့ဘေးက အမျိုးသမီးကို ပြန်ကြည့်ပြန်တော့ သူဖတ်နေတာက တမလွန်က ပြန်လာကြသူများ ဆိုပါလား။ ဒါကြောင့် အသည်းအသန်ဖတ်နေတာ ဖြစ်မယ်။ တစ်ချိန်က သူလည်း နာနာဘာဝအကြောင်းတွေ ဖတ်ခဲ့ဖူးတာပဲ။ နောက်ဘ၀ဆိုတာ တကယ်ရှိလား။ မရှိဘူးလား။ သူဆက်မတွေးတော့ဘဲ သူ့မျက်စောင်းထိုးက ကောင်မလေးကို ပြန်ကြည့်နေမိတယ်။
၆။
ဖုန်းပြောနေတဲ့ ကောင်မလေးဘေးကို ၀င်ထိုင်တာက ကောင်မလေးရဲ့ အဖေဖြစ်ဟန်တူတဲ့ အသက်ကြီးကြီး အမျိုးသားတစ်ဦးပါ။ သူတို့ချင်း စကားတီးတိုးပြောနေကြတယ်။
“ပေါ်.. ပူး… ပေါ်”
ရထားက ထွက်တော့မယ် ထင်တယ်။ လူတွေလည်း တော်တော်စုံလောက်ပြီလား။ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကို ယူဖတ်မယ် လုပ်ပြီးမှ မဖတ်ချင်ပြန်ဘူး။ သူ့ရှေ့က အဘိုးအိုကတော့ မျက်စိကိုမှိတ်ပြီး ပုတီးစိပ်နေတုန်း။ အဘိုးကြီးဘေးက အမျိုးသားကလည်း ဂျာနယ်ကို ဟိုလှန် ဒီလှန် ဖတ်နေတုန်းပါ။ ရထားက ထပ်မံ ဥသြဆွဲလိုက်ပြန်တယ်။
“ပေါ် .. ပူး .. ပေါ်”
ဥသြသာဆွဲလိုက်ပေမယ့် မထွက်သေးပြန်ဘူး။ ခဏနေတော့ သူ့ဘေးက အမျိုးသမီးက စာအုပ်ဖတ်ပြီးသွားဟန်တူတယ်။ “ဟင်း ..” ဆိုပြီး သက်ပြင်းချသံတိုးတိုးကြားလိုက်ရတယ်။ သူမကြောက်နေတာလား။ စာအုပ်ဖတ်ပြီး သက်ပြင်းချနေတော့ ဇာတ်သိမ်းက သူမထင်သလို မဟုတ်လို့လား။ သူမ ဘာကို မျှော်လင့်နေတာလဲ။ အို .. သူမဆိုင်တာတွေ လျှောက်တွေးနေမိပါလား။
“ပေါ် .. ပူး .. ပေါ်”
ဥသြဆွဲပြီးတဲ့နောက် ဖုန်းသံပြန်ကြားရပြန်တယ်။ သူ့မျက်စောင်းထိုးက ကောင်မလေးပါပဲ။ ဖုန်းပြောနေပြန်ပြီ။ ဘာတွေကို နှုတ်ဆက်နေတာလဲမသိ။ ခရီးတစ်ခုသွားဖို့ အဲလောက် နှုတ်ဆက်နေစရာလိုအပ်လို့လား။ သူ့မှာတော့ နှုတ်ဆက်စရာ လူမရှိပါ။ ဒီခရီးနီးသလား၊ ဝေးသလား သူမသိခဲ့။ ဘယ်သူ့ကို နှုတ်ဆက်ရမလဲ သူမသိခဲ့။ နှုတ်ဆက်စရာ လူမရှိတာလား။ မဟုတ်ပါဘူး။ နှုတ်ဆက်ဖို့ မလိုအပ်တဲ့ လူတွေသာ များနေတာပါ။ လိုအပ်တယ်ထင်ရင် သူနှုတ်ဆက်ခဲ့မှာပေါ့။ ဒါမှမဟုတ် သူတို့ကကော။ သူ့ကို နှုတ်ဆက်ဖို့ မေ့နေကြလား။
(၇)
“ပေါ် .. ပူး .. ပေါ်”
ဥသြဆွဲသံအဆုံးမှာ မျက်စောင်းထိုးက ကောင်မလေး ဖုန်းပြောလို့ ပြီးသွားသလို၊ သူ့ရှေ့က ဂျာနယ်ဖတ်နေတဲ့ လူကလည်း ဂျာနယ် ဖတ်လို့ ပြီးသွားဟန်တူပါတယ်။ ဂျာနယ်ကို ချပြီး သူ့ကို တစ်ချက် ကြည့်နေပြန်တယ်။ အစကကြည့်သလိုမဟုတ်တော့ဘဲ သူနဲ့ သူ့ဘေးက အမျိုးသမီးဟာ ဘာမှ မဆိုင်ဘူးဆိုတာ သိသွားဟန်ပါပဲ။ ပြီးတော့ သူ့ဘေးက အမျိုးသမီးကို ကြည့်နေပြန်တယ်။ သူ့ဘေးက အမျိုးသမီးကတော့ စာအုပ်ဖတ်ပြီးသွားတော့ ခေါင်းမီပြီး မျက်လုံးပိတ်ထားပါတယ်။
“ပေါ် .. ပူး .. ပေါ်”
ဒီတစ်ခါ ဥသြဆွဲ အပြီးမှာတော့ ရထားက အနည်းငယ် လှုပ်ရှားလာပါပြီ။ ဒါဆို ရထားထွက်တော့မယ် ထင်တယ်။ ရိုးရိုးတန်းဖြစ်တဲ့ ရထားတွဲမို့ သက်တောင့်သက်သာတော့ ရှိမှာ မဟုတ်ပါ။ ခရီးက ဘယ်လောက်ကြာမယ်မသိတဲ့ ခရီးမို့ သူစာအုပ်ထုတ်ဖတ်ပြီး အပျင်းဖြေမှ ဖြစ်တော့မယ်။
“ပေါ် .. ပူး .. ပေါ်”
ရထားက စတင်ထွက်ပါပြီ။
(၈)
သူစာအုပ်ထုတ်ပြီးကာမှ မဖတ်သေးဘဲ ပြတင်းပေါက်ကနေ အပြင်ကို လျှောက်ကြည့်မိပါတယ်။ ဟောင်းနွမ်းနေတဲ့ ဘူတာရုံလေးမှာ လာရောက်နှုတ်ဆက်ကြသူတွေလား၊ ခရီးသွားမယ့် သူတွေလား မသိ၊ လူတွေ စုံနေပါတယ်။
“အို …”
ရုတ်တရက် သူလျှောက်ကြည့်ရင်းက လွယ်အိတ်တစ်လုံးနဲ့ စိပ်ပုတီးနဲ့ ဘူတာရုံထောင့်လေးမှာ ထိုင်နေတဲ့ အဘိုးကြီး တစ်ယောက်ကို တွေ့လိုက်ပါတယ်။
“ဟင်… ဒါ ငါ့ရှေ့က အဘိုးကြီးနဲ့ တူတာလား..”
သူအံသြစွာ တွေ့လိုက်ပေမယ့် ပိုအံသြစရာက အဘိုးကြီးရဲ့ မလှမ်းမကမ်းမှာ ဂျာနယ် တစ်စောင်ဖတ်နေတဲ့ အမျိုးသားတစ်ဦးကိုပါ တွေ့လိုက်ရတာပါ။
“ဟင် .. သူကလည်း ငါ့ရှေ့က အမျိုးသားနဲ့ တူနေပြန်ပါလား”
ဒါကဘယ်လိုဖြစ်ရတာလဲ။ အမွှာပူးတွေလား သူတို့က။ ဘာတွေလဲ။ သူ ဘူတာရုံက တခြားလူတွေကို လည်း လျှောက်ကြည့်မိကာမှ ဘူတာရုံရှေ့နားမှ ဖုန်းပြောနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေလို့ ထင်ရတဲ့ အမျိုးသားကိုပါတွေ့လိုက်ရပြန်တယ်။
“ဒါ … ဒါက … ဘယ်လိုဖြစ်တာတုန်း
ဘာလို့ ရထားပေါ်က လူတွေနဲ့ ဘူတာရုံက လူတွေက ရုပ်တွေ တူနေကြတာလဲ..
အမွှာပူးတွေဆိုလည်း ဒီလောက်တိုက်ဆိုင်စရာလား..
အို …”
(၉)
ရထားက ဘူတာရုံလေးကို ကျော်တော့မယ်။ ဖြေးဖြေးချင်းကနေ စတင် အရှိန်တင်တော့မယ် ထင်တယ်။ သူက ဘူတာရုံထဲက လူတွေကို ကြည့်လိုက် ရထားပေါ်က လူတွေကို ကြည့်လိုက်နဲ့ အံသြတုန်လှုပ်စွာ ဖြစ်နေရပါတယ်။
ဘူတာရုံဘေးက ထိုင်ခုံလေးတွေမှာ ထိုင်နေတဲ့ လူတွေကို ကြည့်နေရင်းက နောက်ထပ်တွေ့လိုက်ရတာက သူ့ဘေးက အမျိုးသမီးတစ်ဦးပါ။ စာအုပ်ဖတ်နေလေရဲ့။ အို….။
“ပေါ် .. ပူး .. ပေါ်”
ရထားက အရှိန်တင်ပြီး ဘူတာရုံလေးကို ကျော်လွန်လာပါပြီ။ သူဘယ်သွားမှာလဲ။ ဘယ်လောက်ကြာကြာသွားရမှာလဲ။ ရထားက ပိုမြန်လာပါပြီ။
“ပေါ် .. ပူး .. ပေါ်”
ဥသြဆွဲသံနောက်မှာ ဖုန်းမြည်သံသဲ့သဲ့ကို ကြားရပြန်တယ်။ ထုံးစံအတိုင်း သူ့မျက်စောင်းထိုးက ကောင်မလေးက ဖုန်းပြောပြီး နှုတ်ဆက်နေပြန်ပါပြီ။ သူတို့နဲ့ ရုပ်ချင်းတူတဲ့ လူတွေ ဘူတာရုံမှာ ရှိနေတာ သူတို့ သိနေလား။ မသိဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ။
သူပြတင်းပေါက်ကနေ အပြင်ကို ပြန်ကြည့်မိပြန်ပါတယ်။ ဘူတာရုံက စတင်ထွက်လာပါပြီ။ သစ်ပင်တွေက လေတိုက်နေလို့လား၊ ရထား အရှိန်ကြောင့်လား မသိ လှုပ်ခါရမ်းနေတယ်။ လယ်ကွင်းတွေက စိမ်းစိုလို့။ သူတို့ရထားရဲ့ဘေးက နောက်ထပ် သံလမ်းတစ်ခုပေါ် ခပ်ဝေးဝေးက ကျောပိုးအိတ်နဲ့ လူတစ်ယောက်။ ဦးထုပ်ကို ငိုက်စိုက်စောင်းပြီး လမ်းလျှောက်နေတယ်။ သူကြည့်နေရင်းက ထိုလူနဲ့ အနီးကပ် ဖြတ်ကနဲ တွေ့လိုက်ရတာက သူနဲ့ ခွဲမရအောင်တူနေတဲ့ လူတစ်ယောက်ပါ။ ဖြတ်ကနဲပေမယ့် သူ့မျက်နှာကို သူ ကောင်းကောင်းသိလိုက်တယ်။
ထိုသူ ကျန်ခဲ့ပါပြီ။ ထိုသူဘယ်သွားမှာလဲ။ သူ့လိုပဲ အ၀တ်အစားတူတူ၊ ကျောပိုးအိတ်တူတူ၊ ဦးထုပ်တူတူနဲ့ သူ ကျန်ခဲ့တာလား။ ဒါမှမဟုတ် သူပဲ ကျန်ခဲ့တာလား။ အို .. မဟုတ်ဘူး။ သူမကျန်ခဲ့ဘူး။ သူက ရထားပေါ်မှာ ပါသွားတာပဲ။
ဒါဆို ရထားပေါ်က သူတွေကကော။ သူတို့နဲ့ တူတဲ့သူတွေ ကျန်ခဲ့တာလား။ ဟုတ်မယ် ထင်တယ်။ သူတို့ မသိလိုက်ကြဘူးလား။ သူတို့ကကော ဘယ်သွားမှာလဲ။ သူနဲ့ ခရီးတူသူတွေလား။ မတူသူတွေလား။
ဒီခရီး နီးသလား။
ဒီခရီး ဝေးသလား။
ဘယ်နှစ်နာရီ လာရသလဲ။
ဘယ်အချိန် ရောက်မှာလဲ။
သူမသိပါ။ ရထားကတော့ ဥသြမဆွဲတော့ဘဲ မိုင်ကုန်နှင်ကာ ပြေးနေပါတော့တယ်။
ရင်နင့်အောင်
0 comments:
Post a Comment