Monday, April 9, 2012

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ


by Zay Ya on Monday, April 9, 2012 at 6:32pm 

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ "ဘယ်သူသေသေ ငတေမာ ပြီးရော" ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ - ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ - မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။


အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့  နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ "သေတယ်" လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို  အစပျိုးတယ်။

ဒါဆို - သေခြင်းတရား ဆိုတာ  ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက - သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း  ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် - အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။


သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ - သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင်  သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။  ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ - လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ - သေခြင်းတရား ကို ဘယ်လို  ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ - စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။  ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် "How to die" ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ  အဖြေရှာ ကြိုးပမ်း ကြပါစေ - လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု  ရှိနေတယ် ။  အဲ့ဒါကတော့ "သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်"   ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့်  နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။ 

ခင်ဗျား ဆိုပါတော့ - သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် - သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့်  သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် - တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။  ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ - ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း - သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ 

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း - ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ  အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ - သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ သေခြင်း တရားဟာ ခင်ဗျား နဲ့ အတူ ယှဉ်တွဲပြီး ကြီးထွား လာလိုက်တာ - အဲ့ အချိန် အခါ မှာ အထွဋ် အထိပ်ကို ရောက်ရှိ ပါတယ်။ ခင်ဗျား ဌာနေ ခင်ဗျား ပြန်ရောက် သွားတာလို မျိုးပဲ။

ဒါပေမယ့် လူဟာ သေခြင်းတရားကို ငြင်းဆန် တယ်။ ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် တစ်ခုလို မြင်တယ်။ သေခြင်း တရား ဟာ သူ့အတွက် ရန်သူ သာ ဖြစ်နေ ပါတယ်။ ဒီအကြောင်း ကြောင့် ဘဝ တစ်ခုလုံး မှာ အဲ့ဒါကို တွန်းလှန်ဖို့ အကြောက် အကန် စိတ်အား ပြင်းထန် တယ်။ တွန်းထိုး တိုက်ခိုက်ရင်း တစ်ချက် ကလေးမှ အနားမနေနိုင် ဘူးပဲ။ သေခြင်း တရားဟာ ဘဝရှင်သန်မှု ရဲ့ ရန်သူ ဖြစ်တယ် လို့ မြင်ထားသူ - သူ့ အတွက် ဘယ်လို အေးအေး နားနေ နိုင်မလဲ။ ဘယ်လို မှ မဖြစ်နိုင် ဘူးရယ်။ ဟုတ်တယ် မဟုတ် လား။ မိမိ မလွဲမသွေ တွေ့ကြုံရမယ့် သူ ဟာ ရန်သူ ဖြစ်တယ် လို့ မြင်ထားသူ ဟာ သက်တောင့်သက်သာ ဘယ်လို မှ မနေနိုင်ဘူး မဟုတ် လား။

ခင်ဗျား ရဲ့ ခဏတိုင်းမှာ ခင်ဗျား ရန်သူ က စောင့်နေတယ် ဆိုတဲ့ အခါ ခင်ဗျား ဘယ်လို သက်တောင့်သက်သာ ရှိနေနိုင်မလဲ ။ သူက ခင်ဗျား ဆီ အချိန်မရွေး ရောက်လာမယ် - ခင်ဗျား ကို ခုန်အုပ်ပြီး ဒီလောကကနေ အပြီးအပိုင် ဆွဲခေါ်ယူသွားမယ် - သူ့အရိပ်ကြီး မိုးနေတဲ့ ခင်ဗျား အတွက် တစ်ရံတစ်ဆစ် နားနေဖို့ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်မလဲ။ တကယ်စင်စစ် သေခြင်းတရား ကို ရန်သူ အဖြစ် သတ်မှတ် ထားတဲ့ ခင်ဗျား ရဲ့ အတွေးဟာ မိမိကိုယ်ကိုယ် နားနေမှု မပေး နိုင်ဘူးရယ်။

ဒါ့ကြောင့် ခင်ဗျား ဘဝ တစ်လျောက်လုံး တင်းအား တွေရှိ နေရပါ တယ်။ စိတ်ပြင်းအားတွေ ရှိလာတော့ တယ်။ စိတ်ဇော တွေနဲ့ ရှေ့ကို - ရှေ့ပြီးရင် ရှေ့ကို- ဦးတည် နေရတော့ တယ်။

မိမိ သန္တာန် ကို မိမိဘာသာ ပြန် ဆင်ခြင် ကြည့်ပါ။ သေခြင်းတရား ကို အကြောက်အကန် ငြင်းဆန်ဖို့ လုပ်လေ - ခင်ဗျား သန္တာန် မှာ ဇောချွေးပြန်လာဖို့ ရာခိုင်နှုန်း များလာ လေပဲ။ ဘာလို့ ဆို - ဒါကလည်း သဘာဝ ကျပါတယ် - ခင်ဗျား ရင်ဆိုင် ငြင်းဆန် မယ့် သေခြင်း တရား ဟာ ခင်ဗျား ရှောင်လွှဲလို့ မရနိုင်ဘူး ဆိုတာ၊ ခင်ဗျား မသေဘဲ မနေနိုင်ဘူး ဆိုတာ မိမိ ဘာသာ အသိသား ပဲရယ်။ ခင်ဗျား ဘဝရဲ့ နောက်ဆုံး အဆုံးသတ်မှာ - ရန်သူ အဖြစ်သတ်မှတ်ထားသူ ခြေဖဝါးအောက် အရှုံးပေး ရတော့မှာ - ဝပ်ဆင်း သွားရတော့ မှာ ။ ဒါကို သိတဲ့ နောက် - ခင်ဗျား ဘယ်လို ပျော်ရွှင် နိုင်မလဲ။ မိမိ ကြိုးပမ်းပြီး ရှောင်လွှဲကြည့် သမျှ ဘယ်လို မှ မရဘူး ဆိုတာ သိတဲ့ နောက် ခင်ဗျား ဘဝကို ဘယ်လို နေပျော်မလဲ။ ခင်ဗျား အပေါ်ယံ အတွေးနဲ့ - သေခြင်းတရား ကို ရန်သူ အဖြစ်၊ ရှောင်လွှဲဖို့  ဘယ်လောက် အသည်းအသန်  ငြင်းဆန်နေပါစေ - ဟိုး အတွင်း သန္တာန်ထဲ ဝင်ကြည့်တဲ့ အခါ - ရှောင်လွှဲမရတဲ့ အကျိန်းသေဆုံး အရာဟာ သူတစ်ခု တည်း။

ခင်ဗျား ဘဝမှာ အခြား အရာတွေ ဘာတွေ ဘယ်လို ရှိရှိ - သေခြင်းတရားလောက် ကျိန်းသေတဲ့ အရာ မရှိဘူး မဟုတ်လား။ ဒါ့ကြောင့် ပြောလေ့ ရှိတဲ့ စကားက -

"In life, everything else is uncertain, only death is certain. There is only one thing and in that certainty you have an enemy."

ဒီလို ကျိန်းသေ ကြုံဆုံရမယ့် အရာ ဟာ ကိုယ့်ရဲ့ ရန်သူ ဖြစ်နေ တယ် လို့ မြင်တဲ့  အခါ အဲ့ဒီ လူအတွက် ဘယ်မှာ အေးချမ်း နိုင် ပါဦးမလဲ။ မိမိ မနိုင်တဲ့ ရန်သူကို ရွံ့မုန်း ရှောင်လွှဲနေပြီး၊ မကျိန်းသေ တဲ့ အပရိက အရာတွေ ကိုသာ မျှော်လင့်နေ မိတဲ့ စိတ် ခင်ဗျား မှာ ရှိနေတဲ့ အခါ - ခင်ဗျားကိုယ် ခင်ဗျား ငြိမ်းအေး အောင် ဘယ်လို အဖြေ ရှာပေးမလဲ။ ခင်ဗျား ဘယ်လိုနည်းနဲ့ တည်ငြိမ်ပြီး ၊ ကမ္မဋ္ဌာန်း ဘာဝနာ ကို အေးအေး လူလူ ပြုနိုင်လဲ။ ဘယ်လိုမှ မဖြစ်နိုင် ဘူး ပဲ။



ကနေ့ လူ့အဖွဲ့အစည်းမှာ - "To fight to survive" ရှင်သန်ကျန်ရစ်ဖို့ တွန်းထိုး တိုက်ခိုက်နေရမယ် ဆိုတဲ့ အမြင် အမြစ်တွယ်လျက် ရှိနေပါတယ်။ သူတို့ ပြောလေ့ ရှိတာက -
  • "Survival of the Fittest" အစွမ်းနိုင်ဆုံး၊ အသင့်တော်ဆုံး သူသာ ရှင်သန် ကျန်ရစ်တယ်။
  • "Life is a struggle." ဘဝဆိုတာ တိုက်ပွဲ ဖြစ်တယ်။

စသဖြင့် ဒီစကားတွေ အမြစ်တွယ် နေတယ် မဟုတ်လား။ ဒီစကားတွေ မကြာခဏ သွန်သင်ခံရမှု ကြောင့် ကနေ့ ကမ္ဘာမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ပါတီနဲ့ တစ်ပါတီ၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်ဖြတ်၊ ညှင်းပန်း၊ ခေါင်းပုံဖြတ်၊ ကလိန်ကျ၊ တွန်းထိုး ရုန်းကန် စတာတွေသာ  အနှံ့အပြား ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒါဆို ဘာလို့ ဘဝဟာ တိုက်ပွဲ ဖြစ်ရသလဲ။ အကြောင်း က သေခြင်းတရားကို ဘဝရဲ့ ဆန့်ကျင်ဘက် အရာတစ်ခုလို ယူဆ ထားကြ လို့ပဲ လို့ ကျနော် မြင်ပါတယ်။

အချို့လူတွေ ပြောတာ ရှိတယ်။ "သူတို့ ငြိမ်းချမ်းချင်တယ်။ ငြိမ်းအေး နေချင်တယ်။ မိမိ သန္တာန်မှာ အေးငြိမ်းမှုနဲ့ သူတို့ အိမ်မှာ၊ ဒီကမ္ဘာ မှာ သက်တောင့်သက်သာ နားနေချင်တယ်။ တိတ်ဆိတ် အေးချမ်းတဲ့ ဘဝကို လိုချင်တယ်။" - စသဖြင့် ဒီစကားတွေ ပြောနေသည့် တိုင် သူတို့ မျက်ဝန်း တွင်းမှာ သေခြင်းတရား အပေါ် ကြောက်ရွံ့မှုက အပြင်းအထန် ရှိနေတယ်။ သူတို့ အတွက် သေခြင်းတရား ဟာ ရန်သူ ဖြစ်နေ ပါတယ်။ သူတို့ ဘယ်လို ငြိမ်းအေးရင်း သက်တောင့်သက်သာ ရှိနေနိုင်မလဲ။ သူတို့ အတွေးမှာ - သေခြင်းတရားကို လွယ်လွယ် ကူကူ ဘယ်လို ရင်ဆိုင် တိုက်ခိုက် နိုင်မလဲ။ သေခြင်းတရားကို ဘယ်လို လွယ်လွယ်ကူကူ ရှောင်လွှဲသွားလို့ ရမလဲ။ -- အဲ့ဒါကိုသာ သိချင်စိတ် ပြင်းပြ နေပါတယ်။ --

ကြည့်ကြည့်ပါ - သေခြင်းတရား က ကျိန်းသေ ရှိနေတယ် - ခင်ဗျား ဘယ်လို နားနေနိုင်ပါ့မလဲ။ ဘယ်လို တိတ်ဆိတ် အေးချမ်းနေမလဲ။ အိမ်မှာ ဘယ်လို သက်သောင့် သက်သာ ရှိနေမလဲ။ သေခြင်းတရား ဟာ ခင်ဗျား ရန်သူ ဖြစ်နေတဲ့ အခါ ခင်ဗျား အခု ရှင်သန် နေတဲ့ ဘဝကိုယ်တိုင်က နေလို့ မရ ဖြစ်နေပါတယ်။ ခင်ဗျား ရှင်သန် မှု ကိုယ်တိုင်က ခင်ဗျား ရန်သူ ဖြစ်နေတယ်။ အချိန်တိုင်း နေရာ တိုင်း မှာ သေခြင်းတရား ရဲ့ အရိပ်သာ ကြီးစိုး နေရင်း - ခဏတိုင်း မစဲ သူ့ရဲ့ အသံဝါကြီးသာ ပဲ့တင်ထပ်နေတယ်။ အဲ့အခါ ခင်ဗျား အခု ရှင်သန် နေ တဲ့ ဘဝမှာ ခင်ဗျား မငြိမ်းအေး နေနိုင်ဘူး။ တွန်းလှန် တိုက်ခိုက်ဖို့ တာစူ နေပါတော့တယ်။

ဒါပေမယ့် ဘယ်လို ဘဝမျိုး မဆို သေခြင်းတရားဆီ ဦးတည်သွားနေတယ် မဟုတ်လား။ လူချမ်းသာရဲ့ ဘဝ၊ လူဆင်းရဲ ရဲ့ ဘဝ၊ အောင်မြင်သူ ရဲ့ ဘဝ၊ ကျရှုံးသူရဲ့ ဘဝ၊ ပညာရှိရဲ့ ဘဝ၊ ပညာမဲ့ ရဲ့ ဘဝ၊ သူယုတ်မာရဲ့ ဘဝ၊ သူတော်စင်ရဲ့ ဘဝ -- စသဖြင့် ဘယ်လို ဘဝ ပုံစံမျိုး ဖြစ်နေ ပါစေ - အဆုံးသတ် မှာ သေခြင်းတရား ဆီသာ ဖြစ်တယ်။

ဒါဆို သေခြင်း တရား ကို အကြောက်အကန် ငြင်းဆန်ပြီး ခင်ဗျား အခု ရှင်သန်နေတဲ့ ဘဝကို ဘယ်လို ချစ်နိုင်မလဲ။ သေခြင်းတရားကို ရှင်သန်မှု ဘဝရဲ့ ဆန့်ကျင်ဘက် တစ်ခု အဖြစ် မြင်ထားမယ့် ခင်ဗျား က ဘဝရှင်သန်မှု ကို ချစ်တယ် လို့ ပြောမယ်။ တနည်း - သေခြင်း တရား ကို ပစ်ပယ်ပြီး ဘဝရှင်သန်မှု ကို ချစ်နေမယ် လို့ ဆန္ဒ ရှိတဲ့ အခါ - ခင်ဗျား ဘဝကို ချစ်တယ် ဆိုတာဟာ ချစ်တာ မဟုတ်ဘူး ရယ်။ သေခြင်းတရားကို ငြင်းဆန်ရင်း လက်ရှိ ရှင်သန်မှုကို တွယ်တာ နေတာ သာ ဖြစ်တယ်။ ဘဝရှင်သန် နေလိုစိတ်  သက်သက် သာ ဖြစ်နေတယ်။ ဟုတ်တယ် မဟုတ်လား။

ခင်ဗျား ချစ်ခင်တွယ်တာနေတဲ့ ဘဝ ရှင်သန်မှုကို မြတ်မြတ် နိုးနိုး စေ့ငှ ကြည့်ကြည့်ပါ။ ခင်ဗျား ချစ်တဲ့ ဘဝ ဟာ တစ်နေ့ တစ်ခြား သေခြင်း တရား ဆီသာ ဦးတည်သွားနေတယ်။  ခင်ဗျား ရန်သူ ဆီကိုသာ ဆွဲခေါ်ယူသွားနေတယ် ။ ဒါကို ခင်ဗျား မြင်ရမှာ အမှန်ပဲ မဟုတ်လား ။

အဲ့ဒီ အခါ ခင်ဗျား အခု ရှင်သန်နေတဲ့ ဘဝကိုရော ဘယ်လိုနည်းနဲ့ ချစ်ခင် နေပါဦးမလဲ။ ခင်ဗျား စိတ် ကစဥ့်ကလျား ဖြစ်ရင်း ရုန်းကန် အားထုတ်သမှု စတင် ပါတော့တယ်။ ခင်ဗျား သန္တာန်မှာ စိတ်ဇောတွေသာ ချွေးပြန်အောင် ကျဆင်းလာတော့ တယ်။ ခင်ဗျား ဘဝ ရှင်သန်မှု တစ်ခုလုံး တုန်ခါ လှိုက်မောနေမယ်။ မခံနိုင်တဲ့ အဆုံးမှာ ခင်ဗျား ရူးသွပ်သွားဖို့သာ ရှိပါတယ်။

ဘဝကို ရုန်းကန် ယှဉ်ပြိုင်နေရတဲ့ တိုက်ပွဲ ဖြစ်စဉ် တစ်ခုလို ယူဆမယ် ဆိုရင် အဲ့လို ယူဆတဲ့ လူ့အဖွဲ့အစည်းမှာ -
၁။ တစ်နေ့တစ်ခြား ရူးသွပ်သူတွေ များပြား လာပါလိမ့်မယ်။
၂။ တစ်နေ့တစ်ခြား မိမိကိုယ်ကိုယ် အဆုံးစီရင်သူတွေ မြင်တွေ့ရပါလိမ့်မယ်။
၃။ လုပ်ကြံသတ်ဖြတ်မှုတွေ တစ်မှုပြီး တစ်မှု ပေါက်ဖွား လာပါလိမ့်မယ်။

စင်စစ် သေခြင်းတရားနဲ့ ရှင်သန်နေထိုင်မှု ဘဝဟာ ဖြစ်စဉ် တစ်ခုတည်းရဲ့ မျက်နှာစာ နှစ်ဖက်သာ ဖြစ်ပါတယ်။ ခင်ဗျား သေခြင်း တရား ကို ရန်သူ လို့ သတ်မှတ်တဲ့ အခါ - ခင်ဗျား ရှင်သန်နေတဲ့ ဘဝဟာလည်း ခင်ဗျားရဲ့ ရန်သူ ဖြစ်နေမှာပဲ။ ဒီ စကားဟာ ယုံတမ်း လို ဖြစ်နေ မလား - ယုံတမ်း ဖြစ်နေဟန်သာ ရှိပါတယ်။ တကယ့် အဖြစ် က အဲ့အတိုင်းပဲ ။  သေခြင်းတရားကို ကောင်းကောင်း လက်မခံနိုင်ဘဲ - အခု လက်ရှိ ဘဝကို ခင်ဗျား ကောင်းကောင်း လက်မခံနိုင်ဘူးရယ်။ သူ့ကို ရန်သူ လို ရွံ့မုန်း နေရင် - သူ့ဆီ ခေါ်ဆောင် သွားနေတဲ့ ခင်ဗျား ဘဝ ကိုလည်း ခင်ဗျား ရွံ့မုန်း လာမှာပဲ။

စင်စစ်  သေခြင်းတရား ကို မိတ်ဆွေ အဖြစ် စိတ်ရောကိုယ်ပါ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် လက်ခံ ကြည့်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီ အခါ အခု ရှင်သန်နေတဲ့ အဖြစ်ဟာ အပြည့်အဝ နှစ်လို ဖွယ် ဖြစ်ကြောင်း မြင်နိုင်တယ်။ အခု ရှင်သန်နေတဲ့ မိမိ အဖြစ်ကို ပေါ့ပါး လန်းဆန်းမှု အပြည့် ရှိ နေတာ တွေ့ရပါလိမ့်မယ်။ ခင်ဗျား ပတ်ဝန်းကျင် ရှိရှိသမျှ အရင်က အရုပ်ဆိုး အကျည်းတန် သမျှ အရာရာ ဟာ ခင်ဗျား အတွက် လှပနေပါလိမ့်မယ်။ နားနေလိုတဲ့ စိတ်ဆန္ဒ ရှိနေမလား - ဒီဆန္ဒကို အဲ့အခါမှာ  အပြည့် အဝ ဖြည့်ဆည်း နိုင်ကြောင်း တွေ့ရ ပါလိမ့်မယ် ။ အနှစ်နှစ် အလလ လိုလားခဲ့တဲ့ ငြိမ်းအေးမှု ကိုလည်း ရရှိလာ သလို - ခင်ဗျား အမြင်အတွေးဟာ အဲ့အချိန် မှာ ကောင်းကောင်း ပွင့်လန်း နေမှာပဲ လို့ ကျနော် ဆိုချင်ပါတယ်။ 

................
April 9th 2012 at 5:50 PM
................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...............

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...