Sunday, April 1, 2012

မုန်းသည် ဖြစ်စေ၊ ချစ်သည် ဖြစ်စေ

by Zay Ya on Saturday, March 31, 2012 at 10:54pm ·
မေတ္တာ ဟာ မှော်ဆန်တဲ့ အရာ ပါ။ ဒီအကြောင်း ကြောင့်လည်း ကမ္ဘာ မှာ မေတ္တာတရား ကို ခင်ဗျား များများစားစား မမြင် မတွေ့ရတာပဲ ဖြစ်ပါတယ်။  အဲ့ဒီ အစား မုန်းတီးမှု အာဃာတ တရား တွေသာ မြင်နေ ၊ ကြုံနေ ရတယ်။ ဟိုမှာ ဒီမှာ နေရာ တကာ မှာ ချစ်မေတ္တာ အကြောင်းကို ပြောကြား တယ်။ ခင်ဗျားလည်း နားထောင် ခဲ့ ရဖူး တယ်။  လူတိုင်း နေရာတိုင်း လိုလိုမှာ ချစ်မေတ္တာ အကြောင်း ပြော ပါ တယ်။ ကမ္ဘာမှာ ဆက်ကာ ဆက်ကာ - အတောမသတ် ပြောပြောနေ ကြတာလည်း ဒီ ချစ်မေတ္တာ အကြောင်း ပဲရယ် ။ ဒါပေတဲ့ တကယ့် တကယ်တမ်း မြင်တွေ့ရတာက   အမုန်းတရား တွေသာ ဖြစ်နေပါတယ်။  ဒါ ငြင်းလို့ မရဘူးပဲ။

ဘာသာ တစ်ဘာသာ နဲ့ တစ်ဘာသာ မုန်းတီးတယ်။ နိုင်ငံ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ မုန်းတီးတယ်။ ပါတီ တစ်ပါတီ နဲ့ တစ်ပါတီ မုန်းတီးတယ်။ လူမျိုးနွယ် တစ်စု နဲ့ တစ်စု မုန်းတီးတယ်။ ဆက်ပြီး ခင်ဗျား ကြည့်သွား ။ နောက်ဆုံး ခင်ဗျား ကိုယ်တိုင်လည်း အံ့ဩသွား ပါလိမ့်မယ်။ ကမ္ဘာမှာ မေတ္တာ တရား ထက် မုန်းတီးမှု အာဃာတ တွေသာ မှိုလို အုံလိုက် ကျင်းလိုက် စုပြုံ ပေါက်ဖွား နေကြတယ်။ နောင် ဆယ်နှစ်လား၊ ဆယ့်နှစ်နှစ်လား - ကမ္ဘာ စစ်ကြီး ပြန်ဖြစ် သွားမယ့် အထိပဲ။


နေ့စဉ် နေ့တိုင်း ခင်ဗျားတို့ မေတ္တာတရား အကြောင်းကို ဘယ်လောက်ပဲ ကြားနာရပါစေ၊ ဟိုလူကြီးမင်း ဦးဦး ဒေါ်ဒေါ် တို့ဆီက မေတ္တာတရား ဆိုစကားတွေ ဘယ်လို ဘယ်လောက် မြင်တွေ့နေရ၊ ကြားနေရ ပါစေ - အဲ့ဒီ နေ့တိုင်း နေ့တိုင်းမှာ လည်း အမုန်းတရား၊ မကျေလည်မှု အာဃာတတွေသာ ရင်ဆိုင်နေရ၊ တွေ့ကြ ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြဲ နေကြဆဲ ရှိတယ်။ တစ်ဌာနနဲ့ တစ်ဌာန ထုနှက် နေကြတုန်းပဲ။ အဲ့လိုနဲ့ တကယ်တမ်း စုပြုံ ရင်း စုစည်း မိရက် သား ဖြစ်နေတာတွေ က မေတ္တာတရား မဟုတ်ဘူးရယ်။ အမုန်း၊ အငြိုး၊ အာဃာတ တွေသာ ဖြစ်ပါတယ်။ ဒီလို စုပေါင်း လာခဲ့ရင် ဆယ်နှစ်၊ ဆယ့်နှစ်နှစ်ကာလ ဟာ ကမ္ဘာစစ် အဖြစ် အဆုံးသတ် ပေါက်ခွဲ ဖြစ်လိုက်ဖို့ အချိန် လုံလောက်တယ် ။ နှစ်သုံးထောင်၊ နှစ်ငါးထောင် စစ်မက် ဖြစ်ရ မလား- ဖြစ်ကြ ပါလိမ့်မယ်။ အဲ့ဒါတွေ အတွက် ဘယ်သူ တာဝန် ရှိသလဲ။



Good-doers တွေ လို့ သမုတ်ကြတဲ့ လူကြီးမင်း အများက ခင်ဗျားကို အမြဲလို သွန်သင် တယ်။ ဆက်ကာ ဆက်ကာ ပြောပြကြ ဆဲ ရှိတယ်။ သူတို့ ပြောသမျှ တွေက မေတ္တာတရား အကြောင်း၊ ဂရုဏာ အကြင်နာ အကြောင်း ပဲ ဖြစ်ပါတယ်။  ခင်ဗျား လည်း ဒါကို နှစ်ခြိုက် ပါ တယ်။ လိုလို လားလား ရှိတယ်။ သဘောကျတယ်။ အဲ့စကားတွေ အဲ့စာတွေ မြင်တွေ့ရတဲ့ ခဏမှာ ခင်ဗျား အေးချမ်း သွားတယ် လို့ ခံစား ရမယ်။ ခင်ဗျား မေတ္တာတရားကို လိုချင်မယ်။ ဒါ့ကြောင့်  တနည်းပြောရင် ဒီသွန်သင် သမျှတွေ ဟာ ခင်ဗျား အတွက် စိတ်ပြေရာ ပြေကြောင်း တွေသာ ဖြစ်နေ တတ်တယ်။ လိုချင်တယ် ဆိုကတည်း က ခင်ဗျားရင်ထဲမှာ မေတ္တာတရား စင်စစ် မရှိသေးဘူး မဟုတ်လား ။  ဒါကို မြင်ဖို့ လိုနေပါတယ်။

ဒါပေမယ့် ဘယ်သူမှ ညွှန်ပြမပေးဘူး။ ခင်ဗျား ရင်ထဲမှာ ရှိနေ တာက မေတ္တာတရား စင်စစ် ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကို - ဘယ်သူမှ မစီစစ် ပေးဘူး။ တကယ် ဖြစ်နေတဲ့ သန္တာန်၊ တကယ် ဖြစ်ပွားနေတဲ့ အမုန်းတရား အကြောင်း သိမြင်ထားဖို့လည်း လိုဦးမယ်။ ဒါပေမယ့် ဒါကို ဘယ်သူ့ဘယ်သူမှ  မသွန်သင်နေဘူး။ မတိုက်တွန်း ဘူး။  တကယ့်တကယ် ကမ္ဘာ မှာ ၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ၊ လူ တစ်ဦးချင်း စီ မှာ - ကိန်းအောင်း ရှိနေတာက မုန်းတီးမှု ၊ အမုန်းတရား တွေသာ ဖြစ်ပါတယ်။ ဒါကို ငြင်းလို့ မရဘူး။ တစစ သန်မာ လာတဲ့ အရာ၊ တစစ ကြီးထွား လာတဲ့ အရာ၊ လူငယ် အများကြား မှာလည်း တစစ စုဆောင်း မိနေကြတဲ့ အရာတွေ ဟာ အဲ့ဒီ အမုန်း တရားတွေ ချည်း ပဲရယ်။

အဲ့တော့ ကျနော် ပြောလိုတာက - "အဲ့ဒီ လူကြီးမင်း အများ၊ လူကောင်း သူကောင်း အများ - ဒီလို တဖွဖွ သင်ကြားပေးနေကြတဲ့ တတွတ်တွတ် ရွတ်နေ တဲ့ "မေတ္တာ၊ မေတ္တာ၊ မေတ္တာ" ဆိုတာတွေဟာ တကယ့် မေတ္တာ တရား ကို သင်ကြားပေး နေတာမှ ဟုတ်ရဲ့လား" ။  စစ်စစ် အဖြေ က "မဟုတ်သေး ဘူး" ဆိုတာ ပဲ ။ ဘယ်သူမှ မပြောနိုင်၊ ဘယ်သူမှ မသွန်သင် နိုင်ဘူး။ အဲ့ဒီ အခါ   ခင်ဗျား   ဘာဖြစ် မလဲ။ ဘယ်သူ မှ ခင်ဗျား ကို လမ်း မပြနိုင် ဘူး ဆိုတဲ့ အခါ - ခင်ဗျား တစ်ဦးတည်းသာ အထီးတည်း ကျန်ရစ် ခဲ့တယ်။ ခင်ဗျား ဘယ်သူမှ အားကိုး လို့ မရဘဲ၊ မိမိ ကိုယ်ကိုယ် သာ ပြန်ကြည့်ရတော့တယ်။ အဲ့ဒီ အခါမှ ခင်ဗျား ရဲ့ မျက်လုံး ဟာ ခင်ဗျားကိုယ်ကိုယ် ပြန်မြင် ပါတယ်။ မိမိ သန္တာန် ကို မိမိ သတိပြု မိဖို့ သာ နောက်ဆုံး အလုပ် ကျန်နေရစ် တယ်။

အဲ့ဒီ သတိ နဲ့ မိမိကိုယ်ကိုယ် ပြန်ကြည့်ကြည့်ပါ။ ခင်ဗျား သန္တာန်မှာ မုန်းတီးမှု ရှိသလား ၊ ရှိရင် သိပါတယ်။ - မေတ္တာတရား ရှိနေသလား ၊ ရှိရင် သိတယ်။ ခင်ဗျား ကိုယ် ခင်ဗျားသာ ပြန်စစ် ဆေးနိုင် တယ်။ စိတ်ကူးယဉ် မဟုတ်ဘူး။ ဖြေသိမ့်တာ မဟုတ်ဘူး။ လက်တွေ့ ခင်ဗျား ကိုယ် ခင်ဗျား အာမခံနိုင်တယ်။ ဒါ့ကြောင့် စာတွေမှာ - ဟောပြောချက်တွေမှာ - ဟိုနားဒီနားမှာ ပြောကြသလို - အမုန်းတရားကို ဖယ်ရှား ဖို့ ၊ ဖြေဖျောက်ကြ ဖို့ က အဓိက မဟုတ်သေး ဘူး ။ မေတ္တာတရားကို အတင်းသွတ်သွင်း နေဖို့ကလည်း စင်စစ် အဓိက မကျသေးဘူး ။

တကယ် အရေးပါတာက -
  • ခင်ဗျား မုန်းတီး စိတ် ဖြစ်သလား ။ တိတိကျကျ သိမြင်တဲ့ သတိ နဲ့ မုန်းတီးပါ။ အဲ့ဒီ သတိ ရှိနေပါစေ။ If you hate, Hate with Awareness.
  • ခင်ဗျား ချစ်မေတ္တာ ဖြစ်သလား။ တိတိကျကျ သိမြင်တဲ့ သတိနဲ့ ချစ်ပါ။ အဲ့ဒီ သတိ ရှိနေပါစေ။ If you love, Love with Awareness.

ဘယ်သူ့ ဘယ်သူ ကို ဘယ်လိုချစ်ရမလဲ။ ဘယ်သူ့ဘယ်သူကို ဘယ်လို မုန်းတီးရမလဲ။ ဘာအကြောင်းကြောင့် ချစ်ရသလဲ။ ဘာကြောင့် မုန်းတီး ရသလဲ။ အဲ့ဒါ တွေ က အရေးမပါဘူး လို့ ကျနော် ဆိုပါတယ်။ ခင်ဗျား လုပ်သမျှ ဖြစ်သမျှ၊ ကြုံဆုံ နေထိုင်သမျှမှာ မိမိ ကိုယ်ကိုယ် ကောင်းကောင်း သိမှု၊ သတိ သက်သက် ရှိနေဖို့ပဲ။

..................
~ Ref: Osho: Compassion the Ultimate Flowering of Love.
.................

http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...