Saturday, May 3, 2014

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၅)




ကိုအုန်းမြင့်ဆိုတာ ကျနော်နဲ့ တရပ်ကွက်ထဲသား၊ သူက ကိုရဲ (ရဲလွင်) တို့၊ ကိုတိုး (ခင်မောင်တိုး) တို့နဲ့ အရွယ်မကွာဘူး၊
ကိုအုန်းမြင့် မိတ်ဆက်ပေးခဲ့လို့သာ ကျနော်နဲ့ မဇ္ဈိမလှိုင်း ဖြစ်လာမဲ့ လိစ္ဆဝီ (ပြသနာကောင်များ) နဲ့ ရင်းနှီးခဲ့ရတာ။

ကိုအုန်းမြင့်က ကျနော်တို့ ၆မိုင်ခွဲအုပ်စုရဲ့ ညဘက်အဆောင်တွေသွားပြီးသီချင်းဆိုကြတဲ့ အဖွဲ့ထဲမှာ သူ့အသံကအကောင်းဆုံး၊
သူတယောက်ထဲဆိုပြီဆိုရင် အားလုံးက ငြိမ်ပြီးနားထောင်ကြတာ၊ ကိုအုန်းမြင့်ရဲ့ ညီအငယ်ဆုံး ကိုထွန်းလင်းက ဂစ်တာအတီးကောင်းတယ်၊
စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် တို့သီချင်းတွေဆိုပြီဆိုရင် သူ့အသံနဲ့လိုက်တယ်၊ အဲဒီအချိန်တုန်းက (၁၉၇၉-မေလ) သူနဲ့ ခိုင်ထူးရဲ့ တေးမြုံငှက် အခွေထွက်ပြီးခဲ့ပြီ။
ဒါပေမဲ့ မပေါက်ခဲ့ဘူး၊ နောက်မှ ခိုင်ထူးတကိုယ်တော်အနေနဲ့ ထွက်တဲ့ အဉ္ဇလီမှာ ခိုင်ထူး စ ပေါက်ခဲ့တာ၊ ကိုအုန်းမြင့်ကတော့ ခွေဆက်မထွက်တော့ဘူး၊
တေးမြုံငှက်မှာ ကိုအုန်းမြင့်နာမည်က ရီဇော်၊ ကိုအုန်းမြင့်  က Philippine က. José Rizal ကို သိပ်လေးစားအားကျတယ်၊
José Rizal က Philippine ရဲ့  National Hero ပါ... ကိုအုန်းမြင့်တို့ ခေတ်က အင်္ဂလိပ်နာမည်တွေသုံးခွင့် မရှိသလို ဒီလိုတော်လှန်ရေးသူရဲကောင်းတွေရဲ့နာမည်မျိုး ပိုတောင် သုံးခွင့်မရှိခဲ့ဘူး
ဒါကြောင့်သူ့ ဖာသူ မြန်မာမှုပြုပြီး ရီဇော် နာမည်နဲ့ သီချင်းဆိုခဲ့တာ၊၊ အဲဒီတုန်းက တေးမြုံငှက်မှာ ခိုင်၊ မိုး၊ ပြည့် (ခိုင်ထူး၊ မိုးကျော်၊ ရာပြည့်) နဲ့ ရီဇော်ပေါ့။
ရီဇော်ရဲ့သီချင်းတွေက လူစိမ်း၊ တပွေထဲ၊
တပွေထဲ သီချင်းကို ခိုင်ထူးက သူနောက်ထွက်တဲ့အခွေ ( သီချင်းတပုဒ် ပန်းတဆုပ် တေးစု (၁၉၈၀-စက်တင်ဘာ) မှာ သို့တရံတခါဆီနဲ့ ပေါင်းဆိုခဲ့ပါတယ်၊ တေးရေးက ကိုနေဝင်းပါ။
ခိုင်ထူးနဲ့ကျနော်တခါမှ မဆုံခဲ့ဘူးပါဘူး၊ ဒါပေမဲ့ မိုးကျော်ရယ်၊ ဘိုတင့်လို့ခေါ်တဲ့ ရာပြည့် တို့ကတော့ သိပ်ရင်းနှီးခဲ့ပါတယ်။

https://www.youtube.com/watch?v=W6gKGPt2shE

လူစိမ်း (၁၉၇၉) ရီဇော်၊ (တေးရေး - ကိုနေဝင်း)


https://www.youtube.com/watch?v=_aJG1GXwSE0

တဗွေထဲ (၁၉၇၉) ရီဇော်၊ (တေးရေး - ကိုနေဝင်း)

ကိုအုန်းမြင့်တို့က ၆ မိုင်ခွဲက သူတို့အိမ်ရှေ့မှာ ဆေးလိပ်၊ ကွမ်းယာနဲ့တွဲပြီး အိမ်ဆိုင်လေးဖွင့်ထားတယ်၊
ကျနော်တို့ ၆မိုင်ခွဲက ကာလသားတသိုက်ရဲ့ စုရပ်ပေါ့၊ အဲဒီအချိန်တုန်းက သူတို့မိသားစုစီးပွားရေးဖြစ်တဲ့ ဒေါ်ရီ ကီမ်းယာပစ္စည်းဆိုင်ရှိပါတယ်၊
ကိုအုန်းမြင့်၊ သူ့ညီ ကိုထွန်းလင်းတို့က သူတို့အမေ ဒေါ်ရီနဲ့အတူ ဆိုင်ထိုင်ကြတယ်၊ အိမ်ဆိုင်မှာကတော့ သမီးအကြီးဆုံးဖြစ်တဲ့ မတူးကဆိုင်ထိုင်တယ်၊
သူတို့ညီအကိုတွေ သိမ်ကြီးဈေးကနေ ဆိုင်သိမ်းပြန်လာပြီး ညဘက်ကြမှ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေမှာ သီချင်းသွားဆိုကြတာ ည သန်းခေါင်အထိပဲ။
၁၉၈၄ နောက်ပိုင်းကျတော့ သူ့ညီမဖြစ်တဲ့ ချိုတူး (ချိုချိုမြိုင်)၊ ကိုကျော်ဇော၊ ကိုအုန်းမြင့်၊ နောက် ဒိန်း လို့ခေါ်ကြတဲ့ ကိုထွန်းဝင်း တို့ သိမ်ကြီးဈေးမှာထိုင်ကြတယ်။
ကျနော်နဲ့ အတွဲဆုံးက ကိုကျော်ဇော (ကိုအုန်းမြင့်ရဲ့ ညီ) ခုတော့ သူလဲ ဆုံးသွားခဲ့ပြီ၊ သူတို့ညီအကိုတွေအားလုံးကွယ်လွန်ကုန်ကြပါပြီ၊ ညီအငယ်ဆုံးဖြစ်တဲ့
ကိုထွန်းလင်းတယောက်ပဲ သားယောင်္ကျားလေးထဲကျန်တယ်၊ ကျန်တာက ညီအမတွေ၊ မတူး၊ ချိုတူး၊ မီးမီးတို့..
ကျနော်တောခိုပြီးနောက်ပိုင်းကျတော့ သူတို့ စီးပွားရေးပြောင်းသွားတယ်၊ နာမည်ကျော် ဒေါ်ရီနဲ့သားများ အထည်ဆိုင်ဖွင့်လိုက်ကြတယ်၊ သူတို့အိမ်ဆိုင်လေးကလဲ
ဒေါ်ရီနဲ့ သားများအထည်ဆိုင်ဖြစ်သွားတယ်။
ချိုတူး (ချိုချိုမြိုင်) က ကမ္ဘောဒီဒယား ဖနွမ်းပင်မှာ ဧရာဝတီ မြန်မာထမင်းဆိုင်ဖွင့်ထားတယ်၊ ခုဆို ချိုတူးနဲ့ သူ့ညီမအငယ်ဆုံး မီးမီးတို့ ကွပ်ကဲနေကြတာပေါ့၊
ချိုတူးကလဲ ဂစ်တာကောင်းကောင်းတီးတတ်တယ်၊ မိန်းခလေးတီးဝိုင်းတောင် ထောင်လိုက်သေး၊ Venus လားမသိဘူး၊ သူတို့တီးဝိုင်းနာမည်က...(သူ့ပြန်မေးရအုန်းမယ်)
ချိုတူးတို့အုပ်စုက RC 2 က စ လို့ Eco, RASU အထိ ငကဲတွေလေ၊ သူတို့အုပ်စုထဲက နာမည်တွေပြောပြမယ်၊
ချိုတူး နာမည်က သူ့အကို ကိုထွန်းဝင်းလိုပဲ ဒိန်းလို့ခေါ်ကြတယ်၊ အရပ်ရှည်လို့ ဒိန်းဒေါင်ကနေ ဒိန်းဖြစ်လာတာပေါ့၊
ဒိန်း၊ ငကစ်၊ ငဖေ၊ ပေစိ၊ ပြားလီ (နှာခေါင်းပြားလို့)၊ နှပ်ချေး၊ ဆိုးကြီး.....အဲလိုနာမည်တွေ..

 ရပ်ကွက်ထဲမှာ လူငယ်တွေကို အင်္ဂလိပ်စာ၊ ဂျပန်စာ၊ အခမဲ့ သင်ပေးတယ်၊ ဒါကြောင့် ကိုအုန်းမြင့်ကို ရပ်ကွက်ထဲက လူငယ်တွေက တီချာအုန်းလို့လဲခေါ်ကြတယ်၊
သူက ဆံပင်ညှပ်တာလဲကောင်းတယ်၊ သူတို့အိမ်ရှေ့က ဘောလုံးကွင်းအစပ် သစ်ပင်အောက်မှာ လူငယ်တွေကို ဆံပင်ညှပ်ပေးတတ်တယ်၊
အဲဒီအချိန်တုန်းက ရန်ကုန်မှာ နာမည်ကြီးဆပင်ညှပ်ဆရာကတော့ ၂၉လမ်းက ကိုသာလှ ပေါ့၊ ကိုအုန်းမြင့်က ဆံပင်ညှပ်တာ ကိုသာလှထက်သာတယ်လို့ ကျနော်တို့ ရပ်ကွက်ထဲကလူငယ်တွေကပြောကြတယ်။

သူက ဆေးလိပ်သောက်တယ်၊ နှင်းဆီဆေးပေါ့လိပ်ပေါ့၊ တခါတလေ ငွေတောင်ဆေးပေါ့လိပ်၊ အရက်မသောက်တတ်ဘူး၊ ကျနော်တို့ အရက်ဝိုင်းလိုက်ထိုင်တတ်တယ်၊ အမြည်းလိုက်စားမယ်၊
ကျနော်တို့ အရက်ဖိုးရှင်းလို့ ပါတဲ့ပိုက်ဆံမလောက်ရင် သူ့ဆီကပဲတောင်းရှင်းခဲ့ရပေါင်းလဲများခဲ့တယ်။
တခါတလေ ကျနော်သူ့ကိုလမ်းမှာဆုံမိလို့ ကိုအုန်းမြင့် အရက်လိုက်တိုက်ဗျာ...တပိုင်းဆိုရပါပြီလို့ စကားခေါ်လိုက်ရင် ဘယ်တော့မှ မငြင်းဘူး၊
စကားပြောရင်း၊ အမြည်းစားရင်းလိုက်တိုက်တတ်တယ်၊ ဘော်ဒါစိတ်အပြည့်ရှိတဲ့ ကိုအုန်းမြင့်ပါ။

ကိုအုံးမြင့်က စိတ်ရောဂါ ဝေဒနာလည်းရှိပါတယ်..Autism လို့ ပြောရမှာပေါ့၊ လူနာမည၊် နံပါတ်၊ အကြောင်းအရာ လိပ်စာ ခုနှစ်သက္ကရာဇ် အားလုံးကို သာမန်လူတွေထက် အံ့သြစရာကောင်းအောင်မှတ်မိတယ်၊
တချို့ သူ့ကိုသီချင်းရေးခိုင်းတဲ့ လူရှိရင် အလကားကူညီရေးပေးတယ်၊ သူရေးခဲ့ တဲ့သူ့သီချင်းတွေကို တချို့က သူတို့ နာမည်တွေနဲ့ ထုတ်တယ်၊ သူစိတ်ရောဂါရတဲ့အချိန်ဆိုရင် သူ့အနားဘယ်သူမှ မကပ်ရဲတော့ဘူး..၊
အဲဒီအချိန်မျိုးဆိုရင် သူနဲ့ပါတ်ဝန်းကျင်ဟာ တော်တော်ကို အဆင်မပြေဖြစ်ပြီလေ၊ အံမဝင်ဂွင်မကျပေါ့၊ သူ့လိုရောဂါမျိုးက သီချင်းရေးတဲ့ ကိုနေဝင်းမှာလဲ ရှိတယ်။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ၊
သူ့ရောဂါနဲ့သူ ရှိကြတာပဲလေ။ ခုတော့ ကိုအုန်းမြင့်လဲ ၂ဝ၁ဝ ခုနှစ်၊ မတ်လ ၂ဝရက်နေ့မှာ လောကကြီးကိုခွဲခွာသွားခဲ့ပါပြီ။

သီချင်းဆိုတဲ့ ကိုအုန်မြင့် (ရီဇော်) သမိုင်းဝင်းထဲက အင်ကြင်းဆောင်နောက်မှာ သူဆိုနေကျသီချင်း ၁၉၇၉ တုန်းကပေါ့...."တံတားထိပ်ကျောင်းသူ" (စိုင်းခမ်းလိပ်ရေးပြိး စိုင်းဆိုင်မောဝ်ဆိုတဲ့သီချင်း) ..အမှတ်တရပါ...
လွမ်းဆွတ်သတိရတယ်ကိုအုန်မြင့်ရေ....

https://www.youtube.com/watch?v=tJBNuzNRDYM

တံတားထိပ်ကျောင်းသူ (၁၉၇၉) စိုင်းဆိုင်မောဝ်၊ (တေးရေး - စိုင်းခမ်းလိတ်)

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...