ရေဆန်ကူးသော လက်များနှင့်
နေရာတိုင်းမှာ အသာစီးကကြီး နေရမယ့်ဆိုတာ မရှိနိုင်ပါဘူး။ သာတလှည့်၊
မှိန်တလှည့်၊ နိမ့်တလှည့်၊ မြင့်တလှည့်၊ လင်းတလှည့်၊ မှောင်တလှည့်
ဆိုတဲ့ အပေါ်မှာ ဘ၀ဟာ တည်ရှိနေတာပါ။ လှေကြုံနဲ့ ရေစုံကို လိုက်နေလို့ ချည်း မဖြစ်နိုင်ဘူး။ လှေကျန်နဲ့  ရေဆန်ကိုလည်း ပြန်တတ်နိုင်ရပေမည်။

ငယ်ငယ်က ကျွန်တော့်အဖေက ချောင်းထဲမှာ ရေးကူးသင်ပေးခဲ့တာကို သွားအမှတ်ရမိပါတယ်။ ကိုယ်ကတော့ ရေစုံစီးတဲ့ ဖက်ကိုပဲ လက်ယက်ကူး
ချင်မိတာပေါ့။ သက်လည်း သက်သာတယ်။ ညောင်းလဲ မညောင်းပဲကိုး။ လူ့ သဘော သဘာဝဆိုတော့ သက်သာသလိုသာနေချင်မိတာလေ။
အဖေကတော့ ရေဆန်ကိုလည်း ကူးစေပါတယ်။ ခြေထောက်နဲ့ လည်း ခတ်၊ လက်နဲ့ လည်း ယက်ရတာပေါ့။ ရေစုံကူးရတာထက် ရေဆန်ကူးနေရတာ
ပို ခက်တယ်။ ဘ၀ဟာ ကျွန်တော်တို့ တွေ ကူးခတ်နေရမယ့် ၀ဲဂယက်ကြီးလို့  သိလိုက်ခြင်းကြောင့်ပါ။
တံတားဆိပ်ကနေ ကျွန်တော်က ရေစုံကို ကူးခတ်သွားမိတဲ့အခါ ဒီတံတားဆိပ်ကို ပြန်ရောက်ဖို့  ရေကို ဆန်ပြီး ပြန်ကူးလာရပါတယ်။ ဒီ့အတွက် ရေဆန်
ကိုလည်း ကူးခတ်နိုင်ဖို့  လိုတာပေါ့။ အဖေပြောဖူးပါတယ်။ "ရေမှာ အစုန်၊ အဆန် ရှိသလို ဘ၀မှာလည်း အစုန်၊ အဆန်ရှိတယ်တဲ့။ ဘယ်လိုအခြေအနေမှာ
ပဲ ဖြစ်ဖြစ် မင်း ကူးခတ်နိုင်ရမယ်"တဲ့။ ဒီနေရာလေးက ကျွန်တော့်ကို သင်ခန်းစာလေး တစ်ခု ဖန်တီးပေးလိုက်ပါပြီ။
ဘ၀မှာကလည်း ရေပြင်လိုပဲ မတည်ငြိမ်နိုင်ဘူး။ စုံလိုက်၊ ဆန်လိုက် နဲ့  အမျိုးမျိုး ပြောင်းလဲနေတာပါ။ ကျွန်တော်တို့ လူသားတွေကလည်း ဘ၀ကို ရထား
ပြီးပြီ ဆိုမှတော့ မရုန်းမဖြစ် ရုန်းနေရတာပါပဲ။ အစုန်တွေ အဆန်တွေ ရွေးနေလို့ မရတော့ဘူး။ အသက်ရှင်ရပ်တည်ဖို့ ကသာ အရေးကြီးတယ်လေ။ ပြီးတော့
သိက္ခာရှိရှိနေနိုင်ဖို့ လည်း အရေးကြီးတယ်။
ရေဆန်ကို ကူးတဲ့အခါ ခန္ဓာကိုယ် သိပ်ပန်းသော်လည်း ဘ၀ရဲ့ အဆန်သဘောတရား အခက်အခဲကို ဖြတ်သန်းတာနဲ့ ယှဉ်ရင် ရယ်မောစရာ တစ်ခုလောက်
မျှသာပါ။ ဘာလို့ လည်းဆိုတော့ ဘ၀မှာ အခက်အခဲတွေကို ဖြတ်သန်းတဲ့ အခါမှာ ခန္ဓာကိုယ်ပင်ပန်းသလို စိတ်လည်း ပင်ပန်းလို့ ပါပဲ။ စိတ်က ပင်ပန်းတော့
လူက ဘယ်လန်းနိုင်ပါ့မလဲ။
ကျွန်တော်တို့ ရဲ့ လက်တွေဟာ ရေစုန်ကိုပဲ လိုက်နိုင်တဲ့ လက်တွေ မဖြစ်စေရပါဘူး။ ရေဆန်ကိုလည်း အားသွန်ကူးခတ်နိုင်တဲ့ အားမာန်ပြည့်တဲ့ လက်တွေ
ဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း အရာရာကို ရဲရဲရင်ဆိုင်နိုင်မှာပေါ့။ ပြီးတော့ ကိုယ့်ကိုတိုင်လည်း ယုံကြည်မှုတွေ ရှိလာမှာပေါ့။ ဒါကြောင့် ဘ၀ရဲ့ ထိုးနှက်ချက်တွေ
ကို ကျော်လွှားနိုင်ဖို့ ဆိုရင် မိမိဟာ ရေဆန်ကူးနိုင်သော လက်များနှင့် တည်ဆောက်ထားတဲ့ လူတစ်ယောက် ဖြစ်ဖို့ လိုပါတယ်။
True Man
(feb-10)

0 comments:
Post a Comment