ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်။
ဟိုး …… ရှေးရှေးတုန်းက ဥယျာဉ်မှုးတစ်ယောက်ရှိသတဲ့။ တစ်ခုသော ဆောင်းဦးပေါက်ကာလရဲ့ လှပတဲ့ ဆည်းဆာမှာ အဲဒီဥယျာဉ်မှုးဟာ သူ့ရဲ့ ဥယျာဉ်ထဲမှာ လမ်းလျှောက်နေခဲ့တယ်။ သူအဲဒီလို အေးအေးငြိမ်းငြိမ်း လမ်းလျှောက်နေတုန်းမှာ နတ်သမီးလေးတစ်ပါးဟာ သူ့အတောင်ပံလေးတွေကို ဖြန့်ကား ပျံသန်းရင်း ရောက်လာတယ်တဲ့။
ဥယျာဉ်မှုးလည်း အရမ်းအံ့သြသွားတာပေါ့။ ဒါနဲ့ သူက နတ်သမီးလေးကို မေးလိုက်တယ်။ အသင်နတ်သမီး ဘယ်အရပ်က လာပါသလဲ … ဘယ်သူပါလဲပေါ့။ နတ်သမီးလေးက ပြောတယ် ဥယျာဉ်မှုးကြီး ကျွန်မဟာ ပန်းနတ်သမီးလေးပါ။ ဒါဆိုရင် ဘာကြောင့် ကျွန်ုပ်ဆီကို လာပါသလဲလို့ ဥယျာဉ်မှုးကြီးက မေးတယ်။
နတ်သမီးလေးက ပြောတယ်။ သူဟာ ပန်းလေးတစ်ပွင့်အဖြစ်နဲ့ လူလောကကြီးကို အလှဆင်ချင်လို့ပါတဲ့။ ဒါနဲ့ ဥယျာဉ်မှုးကြီးကလည်း သူ့ဆီကို ဘာအတွက်လာသလဲပေါ့လေ။ နတ်သမီးလေးက ဥယျာဉ်မှုးကြီးဆီက အကူအညီ တစ်ခုတောင်းတယ်။ သူ့ကို စိုက်ပျိုးပြုစုပေးဖို့ပေါ့။ သူက ဥယျာဉ်မှုးကြီးရဲ့ စိတ်သဘောထား၊ ဥယျာဉ်မှုးတစ်ယောက်မှာ ရှိသင့်တဲ့ စည်းကမ်းသေ၀ပ်မှုတွေကို သိတဲ့အတွက် လာရောက်ပြီး အကူအညီ တောင်းရတာပါတဲ့။ ဒါနဲ့ ဥယျာဉ်မှုးကြီးကလည်း သူ တတ်နိုင်သလောက် ကူညီမယ်လို့ ပြောတယ်တဲ့။ နတ်သမီးလေးကလည်း ကောင်းပါပြီပေါ့။ ဒါပေမဲ့ စည်းကမ်းချက်လေးတွေတော့ လိုက်နာရမယ်တဲ့။ အဲဒီစည်းကမ်းချက်က ဘာလဲဆိုတော့ နတ်သမီးလေးက ပန်းပင်လေးအဖြစ် ရှင်သန်လာဖို့ ဥယျာဉ်မှုးကြီးက အစွမ်းကုန် ပြုစု စိုက်ပျိုးရမယ်။ နေပူပူ မိုးရွာရွာ ဆောင်းချမ်းချမ်း ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် ပန်းပင်လေး ရှင်သန်ဖွံ့ဖြိုးအောင် စိုက်ပျိုးရမယ်။ ပန်းပင်လေးကို ထိခိုက်စေမဲ့ ပိုးတွေ အန္တရယ်ကနေ ကာကွယ်စောင့်ရှောက်ရမယ်။ အရေးအကြီးဆုံး အချက်ကတော့ ပန်းလေးပွင့်လာရင် ဥယျာဉ်မှုးကြီးက အဲဒီ ပန်းလေးကို မခူးရဘူးဆိုတဲ့ ကတိပဲတဲ့။ ဒါနဲ့ ဥယျာဉ်မှုးကြီးကလည်း ကောင်းပါပြီ ပန်းလေးပွင့်လာရင် သူလုံးဝ မခူးပါဘူးလို့ ကတိပေးလိုက်တယ်တဲ့။ အဲလို ကတိပေးပြီးတဲ့ နောက်မှာ နတ်သမီးလေးဟာ သူ့ရဲ့ အတောင်ပံလေးတွေကို ရုတ်ပြီး သူ့မျက်ဝန်းဖြူလေးကို ပိတ်လိုက်တယ်ဆိုရင်ပဲ ဥယျာဉ်မှုးရဲ့ လက်ထဲမှာ လှပတဲ့ ပန်းမျိုးစေ့လေး ဖြစ်သွားရောတဲ့။
ဥယျာဉ်မှုးဟာ အဲဒီလှပတဲ့ ပန်းမျိုးစေ့လေးကို တယုတယ ကိုင်လာရင်း သူ့ရင်ထဲမှာ နှလုံးသွေးတွေ နွေးထွေး ဆူပွက်လာတယ်တဲ့။ အဲဒီလိုနဲ့ နောက်တစ်နေ့ မနက်စောစောမှာ သူဟာ သူ့ဥယျာဉ်ရဲ့ ဗဟိုတည့်တည့်မှာ ပန်းပင်လေးကို စတင်မျိုးစေ့ချ စိုက်ပျိုးပါရော။ သူ့ ဥယျာဉ်ထဲက တစ်ခြား ပန်းတွေအားလုံးဟာ ဥယျာဉ်မှုး စိုက်ပျိုးတဲ့ ပန်းပင်လေးကို ၀ိုင်းဝန်း သြဘာပေးကြတယ်။ သိပ်လှတဲ့ ပန်းပွင့်လေးတော့ တို့ရဲ့ ဥယျာဉ်ထဲမှာ ဖူးပွင့်တော့မယ်လို့ တီးတိုး ပြောကြသတဲ့။ ဥယျာဉ်မှုးဟာ အဲဒီနေ့က စပြီးတော့ အဲဒီပန်းပင်လေးကို အရိပ်တကြည့်ကြည့်နဲ့ နေတော့တာပဲတဲ့။ မြေသြဇာဆိုရင်လည်း အကောင်းဆုံးဆိုတဲ့ မြေသြဇာကိုပဲ သုံးပြီး ရေလောင်းပေါင်းသင် လုပ်တဲ့အခါမှာလဲ သူ့လက်တွေနဲ့ အမြတ်တနိုးလုပ်ကိုင်သတဲ့။ ပန်းပင်လေးနားကို လာတဲ့ ပိုးကောင်လေးတွေဆိုရင် သူ သိပ်မုန်းတာပဲတဲ့။ သူ့ ပန်းပင်လေးကို ဖျက်ဆီးမဲ့ ရန်သူတွေလို့ သူက ယူဆထားတာပေါ့နော်။ ဒီလိုနဲ့ တစ်ညမှာ မိုးကြီး သည်းသည်းထန်ထန် ရွာပါလေရော။ ဥယျာဉ်မှုးဟာ အရမ်းပဲ ထိတ်လန့်သွားတာပေါ့ ။ သူဟာ မိုးတွေ လေတွေ အရမ်းတိုက်နေတဲ့ ကြားကနေပြီး သူ့ ဥယျာဉ်ထဲကို ပြေးလာခဲ့တယ်။ ပြီးတော့ ပန်းပင်လေးကို သူ့ ရင်ခွင်နဲ့ ကာပြီး မိုးလေဒဏ်က ကာကွယ်ထားတယ်။ သူဟာ တစ်ညလုံး မိုးတွေထဲမှာ ပန်းပင်လေးကို ကာကွယ်ရင်း မိုးရေစက်တွေ လေပြင်းတွေရဲ့ ခပ်ပြင်းပြင်း ရိုက်ခတ်မှုကို ခံခဲ့ရတယ်။ ဒီလိုနဲ့ ဆောင်းရာသီကို ရောက်လာပါရော။ ဒီနှစ်မှပဲ ဆောင်းဟာလည်း သူ့ရဲ့ လက်တံရှည်ရှည်တွေနဲ့ လောကတစ်ခုလုံးကို ရစ်ပတ်ပြီး အရိုးခိုက်အောင် အေးစေတယ်။ ဥယျာဉ်ထဲက ပန်းပွင့်လေးတွေဟာ အေးရှာလွန်းလို့ တပွင့်နဲ့တပွင့် ပူးကပ်တွယ်စပ်ပြီး အနွေးဓာတ်ရအောင် နေကြရသတဲ့။ အဲဒီအချိန်မှာ နတ်သမီးပန်းပင်လေးကတော့ ဥယျာဉ်မှုးရဲ့ ရင်ငွေ့ကို ခြုံ ရင်း နွေးနွေးထွေးထွေး အိပ်ရပါတယ်။ ဥယျာဉ်မှုးကတော့ အသည်းခိုက်အောင် အေးလွန်းလှတဲ့ ဆောင်းမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ကြားက သူ့ရဲ့ နတ်သမီးလေးကို သူ့ရင်အစုံနဲ့ ဖြန့်မိုး ကာကွယ်ထားနိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ နွေရာသီဟာ ဆောင်းမြူမှုန်တွေကို ဖယ်ရှားရင်း လင်းပစွာ ရောက်လာခဲ့တော့တယ်။ ဥယျာဉ်မှုးဟာ မနက်အစောကြီး သူ့နတ်သမီးပန်းပင်လေးဆီ ရောက်လာခဲ့တယ်။ အဲဒီမှာပဲ သူ အရမ်းကို အံ့သြ၀မ်းသာပျော်ရွှင် သွားတယ်။ သူ့ရဲ့ နတ်သမီးပန်းပင်လေးက ပန်းပွင့်လေး တစ်ပွင့် ရှင်းသန့်ဖြူစင်စွာ ပွင့်နေပြီလေ။ သူ ပျော်လွန်းလို့ ဥယျာဉ် တစ်ခုလုံး အနှံ့ ပြေးရင်း အော်နေတော့တယ်။ သူ့ရဲ့ နတ်သမီးလေး ရှင်သန်ထမြောက်လာပြီလို့ပေါ့။ သူဟာ အဲဒီနေ့က စပြီးတော့ နတ်သမီးပန်းပွင့်လေး အနားမှာပဲ တချိန်လုံး ရှိနေတော့တယ်။ ထမင်းလည်း စားရကောင်းမှန်း မသိတော့ဘူး။ တချို့ ညတွေမှာဆိုရင် သူဟာ အဲဒီနတ်သမီးပန်းပွင့်လေး ဘေးနားမှာ တစ်ညလုံး ထိုင်ပြီး စကားတွေ ပြောနေတယ်တဲ့။ အဲဒီနတ်သမီးပန်းပွင့်လေးဟာ ပွင့်ဖတ်လေးတွေက အစ ဖြူဖွေးနုနယ်ပြီး သိပ်လှတာပဲတဲ့။ သူ့ရဲ့ ၀တ်မှုန် ၀တ်ဆံလေးတွေကလည်း နတ်သမီးလေးရဲ့ မျက်ဝန်းလေးတွေလိုပဲ ကြည်လင်တောက်ပပြီး ဖြူစင်နေတာပဲတဲ့။ ဥယျာဉ်မှုးဟာ သူ့ရဲ့ နတ်သမီးပန်းပွင့်ဖြူလေးကို သူများတွေ ခူးယူမှာ သိပ်ကြောက်တာပဲတဲ့။ သူ ရေလောင်းနေတဲ့ အချိန် ရေခပ်သွားရင်တောင်မှ စိတ်မချနိုင်ရှာဘူးတဲ့။ ဒါနဲ့ နောက်ဆုံးသူဟာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ သူ့ရဲ့ လက်ကို ဖောက်ပြီး သူ့ရဲ့ သွေးနဲ့ ပန်းပင်လေးကို ရေလောင်းသတဲ့။ ဒီလိုနဲ့ ပန်းပွင့်လေးဟာ သိပ်လှပတဲ့ ပန်းပွင့်ဖြူဖြူ အဖြစ် ဥယျာဉ်ထဲမှာရော ဥယျာဉ်ရဲ့ ပြင်ပမှာပါ ဂုဏ်သတင်း ကျော်ကြားလာတော့တယ်။ ဥယျာဉ်မှုးကြီးကတော့ ပန်းပွင့်လေးရဲ့ ဘေးနားမှာ သူ့ရဲ့ သွေးတွေ မခမ်းခြောက်သေးသရွေ့
ပြုစုပျိုးထောင်ရင်း နေလာတယ်တဲ့။ ပန်းပွင့်လေးဟာ အဆင်းသာ လှတာမဟုတ်ဘူးတဲ့ သူ့ရဲ့ ရနံ့ဟာလည်း မွှေးပျံ့လွန်းလို့ ဥယျာဉ်ထဲက တခြား ပန်းပွင့်လေးတွေတောင် ရနံ့မရှိဘူးလို့ ထင်ရတယ်တဲ့။ ဒီလိုနဲ့ ရက်တွေသာ ကြာညောင်းလာခဲ့တယ်။ ပန်းလေးကလဲ ပွင့်ဆဲ ဥယျာဉ်မှုးကြီးကလည်း အနားမှာ စောင့်ရှောက်ဆဲပေါ့လေ။ အဲဒီ ပန်းပွင့်လေးကို လိုချင်တဲ့ သူတွေကလည်း ဥယျာဉ်မှုးဆီကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ကြတယ်။ ဒါပေမဲ့ ဥယျာဉ်မှုးကြီးကတော့ ဘယ်လိုပဲ ချဉ်းကပ်ပါစေ ပေးလည်း မပေးဘူး ရောင်းလည်း မရောင်းဘူးတဲ့။ တစ်ချို့ကဆို စိန်တွေ ရွှေတွေတောင် ပေးဝယ်တယ်ဆိုပဲ။ ဒါပေမဲ့ ဥယျာဉ်မှုးကြီးကတော့ ဘာနဲ့မှ မရောင်းဘူးတဲ့။ တစ်နေ့ထက် တစ်နေ့ ဥယျာဉ်မှုးကြီးသာ အိုလာတယ်။ ပန်းပွင့်လေးကတော့ လှဆဲ မွှေးဆဲပဲတဲ့။ ဥယျာဉ်မှုးဟာ တစ်နေ့ထက် တစ်နေ့ လှလာတဲ့ ပန်းပွင့်လေးကို ကြည့်ရင်း ခူးဆွတ်ချင်စိတ်တွေ ပေါက်လာတယ်တဲ့။ ဒါပေမဲ့ သူဟာ ဥယျာဉ်မှုး တစ်ယောက် ဖြစ်နေတော့ ဥယျာဉ်မှုး တစ်ယောက်ရဲ့ စည်းကမ်းအရ ပန်းခူးခွင့် မရှိရှာဘူး။ နောက်တစ်ချက်က သူဟာ နတ်သမီးလေးကို ပန်းလုံးဝ မခူးပါဘူးလို့လဲ ကတိပေးထားတော့ ခူးရခက်နေတယ်တဲ့။ ပန်းပွင့်လေးကလဲ အရမ်းလှ အရမ်းမွှေးတော့ သူ့ရဲ့ ခူးဆွတ်ချင်တဲ့ ဆန္ဒတွေဟာလည်း တနေ့ထက် တနေ့ တိုးလာတာပေါ့။ ဒီလိုနဲ့ တနေ့မှာ ……. ….. ….. …….
ပုံပြင်လေးရဲ့ အဆုံးသတ်ကတော့ ချီရွန့် စိတ်ထဲမှာ ရေးပြီးသား ရှိပါတယ်။ အခု စာဖတ်နေတဲ့သူကရော ဘယ်လို အဆုံးသတ်ချင်ပါသလဲ။ ကျွန်တော့်စိတ်ကူးနဲ့ရော တထပ်တည်း ဖြစ်ပါ့မလား။ ဒါမှမဟုတ် ဘယ်လို ကွဲလွဲမလဲ၊ အဲဒါကို ကျွန်တော်က သိချင်တာပါ။ နောက်တစ်ရက်ကြာတဲ့ အခါမှာ ဒီပုံပြင်လေးအဆုံးသက်ကို ဆက်လက်ဖော်ပြပေးပါမယ်
0 comments:
Post a Comment