Sunday, May 11, 2014

"ထပ်တူထပ်မျှ"


မင်းကွန်းဆရာတော်ကြီး .. ကြွလာလေပြီ ..။ .. မြို့ထဲကို စဝင်ကတည်းက .. ဗုဒ္ဓဘာသာဝင်တွေ အုံခဲဖူးမျှော်ကြပါတယ် ..။ ..
ကြွမြန်းရာ လမ်းတလျှောက် .. ဆံပင်တွေ ဆန့်တန်းမြေခ ..၊ တဘက်တွေ ဖြန့်ခင်းဝပ်ဆင်း ..၊ ကြည်ညိုသဒ္ဓါတရား ရှိသူတွေ တတ်နိုင်သူတွေက ငွေကြေးနဲ့ လက်ဝတ်လက်စားတွေ .. ထည့်ဝင်ပေးကမ်း လှူဒါန်းကြတယ် ..။ .. မင်္ဂလာအပေါင်း ခညောင်းတဲ့ အခါသမယပါပဲ ..။ .. ဘာသာတရားမှာ ဆည်းကပ်ပူဇော်ပြီး .. မေတ္တာဓာတ်တွေ ပွားများနေတာဟာ .. လူ့အဖွဲ့အစည်းအတွက် သာယာကြည်နူးဖွယ်ရာ မြင်ကွင်းတွေပဲ ဖြစ်ပါတယ် ..။ ဖူးမျှော်ရခဲလှတဲ့ ဆရာတော်ကြီးကို .. ဝေါအထက်မှာ တင်ဆောင်ပင့်ချီရင်း လူအုပ်ကြီးကြားထဲကနေ .. အချိန်ယူကာ တရွေ့ရွေ့ထိုးဖောက် တိုးလျှောက်လာကြတယ် ..။ ဒီလိုနဲ့ပဲ အိမ်ရှေ့လမ်းထိပ်ကို ရောက်လာပါပြီ ..။ အဖေက ရင်မောင့်ကို .. အိမ်ဝင်းရှေ့ထွက်လာဖို့ .. လှမ်းခေါ်ပါတယ် ..။ .. ရှောင်လို့ မရပါ၊ ငြင်းလို့ မဖြစ်ပါ ..။ .. မလွန်ဆန်နိုင်တဲ့အဆုံး .. အဖေ့အနီး နောက်နားဆီကို ကပြာကယာ အပြေးလေး သွားထိုင်လိုက်တယ် ..။ .. နောက်ဘက်မှာတော့ - အမေက အိမ်တံခါးပေါက်မှာ ရပ်ပြီး .. ရင်မောင့်ကို လှမ်းကြည့်ရင်း .. ကျန်ရစ်ခဲ့တာပါ ..။ .. ရှေ့တိုးမရ၊ နောက်ဆုတ်မရတဲ့ အခြေအနေ ..။ ရင်မောင်တို့ မောင်နှမတွေကို .. မိဘတွေက .. လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပေးထားပါတယ် ..။ .. ဘာသာတခုခုထဲကို .. အတင်းအကျပ် မသွပ်သွင်းပါဘူး ..။ .. ဒါပေမဲ့ ဘာသာကွဲ မိဘတွေရဲ့ ထုံးစံအတိုင်း .. သူတို့နှစ်သက်ယုံကြည်တဲ့ ဘာသာဘက်ကို ဆွဲဆောင်ကြတယ်၊ တွဲခေါ်ကြတယ် ..။ .. ဘယ်ဆီကို ဦးတည်လိုက်လျှောက်ရမယ်မှန်း မသိသေးတဲ့ .. ၁၅ နှစ်၊ ၁၆ နှစ်သားအရွယ် ရင်မောင့်အတွက် .. မိဘတွေ ထက်သန်တဲ့ဘက်ကို .. အလိုက်အထိုက် လိုက်ပါရချိန်ပါ ..။ .. တဖက်ဖက်ကို အပြတ်အသတ် သွားရပ်မယ်ဆိုရင် - အမေ ဒါမှမဟုတ် အဖေက ဖွင့်မပြောပေမယ့် စိတ်ကောင်းမှာ မဟုတ်ဘူးလို့ .. ရင်မောင့်ရင်တွင်းမှာ လာဖြစ်နေတယ် ..။ .. ဒီလိုတော့ဖြင့် မဖြစ်စေလို၊ မဖြစ်စေရ ..။ .. မီးစင်ကတော့ဖြင့် ကြည့်ကရတော့မယ် ..။ ရှေ့တည့်တည့်ကို ဆရာတော်ကြီး ရောက်လာတဲ့အခါ - အဖေက ရင်မောင့်ကို ‘ကန်တော့၊ ကန်တော့’ လို့ .. ပြောလာပါတယ် ..။ ရှေ့ကို .. ခန္ဓာကိုယ် ကိုင်းညွှတ်လိုက်ရင် - နောက်ကနေကြည့်နေတဲ့ အမေ .. မြင်ပါလိမ့်မယ် ..။ .. ဒါက အခက် ..။ .. မကန်တော့ရင်လည်း .. အဖေ အလိုကျမှာမဟုတ် ..။ .. ဒါကလည်း အကျပ်အတည်း ..။ တခုခုကို အမြန်ရွေးချယ်ဖို့ .. အခြေအနေက တွန်းတွန်းတိုက်တိုက် လုပ်နေပါပြီ .. ။ အချိန်မရှိတော့ ..။ အဖေက နောက်လှည့်ပြီး .. ရင်မောင့်ကို ကြည့်တဲ့အခါ .. ဖုန်ခါသလို လက်နှစ်ဖက်ကို ပွတ်သပ်ပြလိုက်ပါတယ် ..။ .. အမှန်က ရင်မောင် မကန်တော့ဖြစ်လိုက်ပါ ..။ .. နောက်ကနေ ကြည့်နေတဲ့ အမေလည်း .. ရင်မောင် ကန်တော့တယ်လို့ .. ထင်စရာ မရှိပါ ..။ ‘တော်ပါသေးရဲ့’ ဆိုတဲ့ အတွေးနဲ့ .. မို့မောက်နေတဲ့ ရင်ဘတ်ကို .. အသာလျှော့ချလိုက်ရတယ် ..။ .. ခေါင်းကလည်း .. ဆက်ပြီး ငိုက်စိုက်ချလို့ပေါ့ ..။ တပြိုင်ထဲမှာပဲ ကပ်ပါလာတာက - ကိုယ့်အဖြစ်ကို ဘဝင်မကျမှု ဖြစ်ပါတယ် ..။ .. ရင်မောင် မိဘတွေကို လိမ်ပြန်ပြီ မဟုတ်လား ..။ .. လိမ်လိုက်တာမှ နှစ်ဖက်စလုံးကိုပါ ..။ အမေဟာ ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့် .. နေ့စဉ်နေ့တိုင်း .. အဖေ့ဘုရားခန်းကိုသွားပြီး ဆွမ်းနဲ့ ဆီမီးရေချမ်းအတွက် ပြင်ဆင်ပေးလေ့ ရှိပါတယ် ..။ အဖေက အထူးအထွေ ထပ်လုပ်စရာ မလိုပါဘူး ..။ .. ကပ်လှူပြီးနောက် .. အေးချမ်းစွာ ပုတီးစိတ်၊ တရားမှတ်ရုံပါပဲ ..။ ဧည့်ခန်းအတွင်းမှာ ခရစ်တော်တပါးထဲပုံ ..၊ သခင် ယေရှုနဲ့ တပည့်တော် (တမန်တော်) ၁၂ ပါး နောက်ဆုံး ညစာစားပွဲပုံ ပန်းချီဓာတ်ပုံကြီးလည်း .. ချိတ်ဆွဲထားပါတယ် ..။ အိမ်မှာ ဘာသာကွဲနှစ်မျိုး ဝတ်ပြုပွဲ လုပ်လေ့ရှိပါတယ် ..။ .. ကြည်နူးမှုက အတိုင်းထက်အလွန် ..။ .. ပြန်လည်အောက်မေ့ဖွယ် အဖြစ်တွေပါ။ .. မှုန်ဝါးလွင့်ပြယ် မသွားနိုင်တဲ့ မြင်ကွင်းတွေပါ ..။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်မှာ - အမေနဲ့ .. စိတ်တိုင်းကျ စကားပြောခွင့် မရခဲ့ပါဘူး ..။ ပြောရပြန်တော့လည်း သူတို့အတွက် အကြောင်းကြောင်းကို ထောက်ပြီး .. အချိန်တိုတိုအတွင်း အမြန်ပြော၊ အပြတ်ဖြတ်ရတယ် ..။ .. ဘယ်လောက်ပဲ အချိန်ရရ အမေက ‘ဘုရားကို မမေ့နဲ့’ လို့ တဖွဖွမှာတုန်း ..၊ ‘မနက်တိုင်း ညတိုင်း သားတို့အတွက် ဆုတောင်းပေးကြတယ်’ ဆိုတာတော့ ပြောနေတုန်း ..။ .. ရင်နဲ့ လွယ်ထားရတဲ့ တာဝန်တခု၊ ယုံကြည်ချက်နဲ့ အားတင်းလုပ်ဆောင်တဲ့ လှုပ်ရှားမှုတခုပါ ..။ .. သားအတွက် အမေ့မှာ မေ့လို့မဖြစ် ..။ .. သူ့သားကို စိတ်ချမ်းသာစေလိုတဲ့ ဆန္ဒအပြည့်ရှိနေတယ်ဆိုတာ နှစ်များစွာက .. သက်သေခံခဲ့ပါပြီ ..။ အဖွားအို အမေက - လူကြီးဖြစ်လာတဲ့ သားကို .. စိတ်ချဦးမှာ မဟုတ် ..။ .. သူ့ကိုယ်စား တရားဓမ္မကို မပြတ်မလပ် ရှိနေစေချင်သလို .. တဆူတည်းသော ဘုရားကို ရှာဖွေစေလိုတာ အမှန်ပါ ..။ .. သေလွန်ပြီးနောက် ကောင်းကင်ဘုံမှာ .. ပြန်လည်ဆုံတွေ့ဖို့ တောင့်တမှာလည်း အသေအချာ ..။ .. ဘုရားရှင် ရဲ့ ကောင်းချီးမင်္ဂလာကို ခံစားစေချင်မှာပါ ..။ .. သားသမီးအတွက် အတောမသပ်နိုင်တဲ့ မိခင်တို့ရဲ့ .. လိုလားတောင့်တမှုပဲပေါ့ ..။ မိဘနဲ့အတူ တရားဓမ္မတွေကို .. ဒီကနေ့အထိ မေ့ပျောက်နိုင်စရာ မရှိ ..။ .. ဘယ်လောက်အထိ .. တသွေမတိမ်း လိုက်လျှောက်နိုင်မယ်ဆိုတာတော့ .. မပြောတတ် ..။ ဒါပေမဲ့ အမိုက်မှောင်ဖုံးရလောက်အောင် .. ဘဝဖြတ်သန်းမှုဟာ မညံ့ဖျင်း ..၊ ပတ်ဝန်းကျင်ဟာလည်း နိမ့်ကျခြင်း မရှိ ..။ ဒါ့အပြင် အများနည်းတူ - အမေ ပေးလိုက်တဲ့ စိတ်ဓာတ်ဟာ .. အောက်တန်းမကျ ..၊ သိမ်ဖျင်းမှု မရှိ ..။ ဒီအချက်ဟာ အမေတွေက သားသမီးတိုင်းကို ပေးလိုက်တဲ့ .. အရေးကြီးဆုံး၊ အမြင့်မြတ်ဆုံး ဘဝလက်ဆောင်အဖြစ် .. ယူဆရပါတယ်။ .. အမေက ရက်ရောစွာ ပေးနေခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ .. အကြီးကျယ်ဆုံး၊ အနွေးထွေးဆုံး အရာ ..။ လူတိုင်းနီးပါး ဒီလိုပဲ ဖြစ်တန်ရာရှိပါတယ် ..။ .. သားသမီးတိုင်းအတွက် မိခင်တွေဟာ ကျေးဇူးကြီးသူ ..၊ တန်ဖိုးကြီးသူတွေသာ ..။ .. ကမ္ဘာမီးလောင် သားကောင် ချနင်းတာဟာ မဖြစ်တန်ရာ ..၊ .. မိခင်ရဲ့ နားကို အချုပ်ခန်းအတွင်းကနေ သားသမီးတွေက ပြန်ကိုက်ရတဲ့ ဖြစ်ရပ်တွေလည်း ရှာမှရှား ..။ မိခင်တိုင်းဟာ ... ခေတ်ပညာတတ် ဟုတ်ချင်မှ ဟုတ်မှာပါ ..။ ဒါပေမဲ့ အကျင့်ဆိုးရှိတဲ့ သားသမီးတွေအတွက် .. ခေတ်ကာလတိုင်း အသုံးဝင်မယ့် နူးညံ့သိမ်မွေ့တဲ့ ကုထုံးကိုယ်စီ ရှိသလို ..၊ သြဇာသက်ရောက်မှုလည်း .. အများအားဖြင့် ရှိပါတယ် ..။ သားသမီးတွေအပေါ် ဟိတ်ဟန်မရှိ ..၊ သည်းခံခွင့်လွှတ်ခြင်း ပါရမီသာ .. ရှိပါတယ် ..။ ရင်သွေးတွေအတွက်ဆို - ပင်ပန်းဆင်းရဲခြင်း အလျဉ်းမရှိ ..၊ အားပျော့နုံးခွေခြင်း ကင်းမဲ့သူတွေသာ ..။ သားသမီးတွေရဲ့ သောကဝေဒနာကို .. လျော့ပါးပျောက်ကင်းစေရုံသာမက စိတ်ချမ်းသာမှုကိုပါ .. ပေးပါတယ် ..။ .. သားသမီးတွေအပေါ် ကျရောက်လာတဲ့ ဘေးအန္တရာယ်ကို ရှေ့ကနေ .. မတုန်မလှုပ် ရင်ဆိုင်သလို ..၊ .. လုံခြုံမှုနဲ့ ကြံ့ခိုင်မှုကို ဖန်တီးပေးပါတယ် ..။ အနေဝေးတဲ့ သားဆိုးသမီးဆိုးတွေ အသက်အရွယ်ကြီးလာပြီး ..၊ .. ဘယ်ဘဝမျိုး ရောက်ပါစေ မေတ္တာဓာတ်တွေ ပို့လွှတ်နိုင်တဲ့ .. နှလုံးသား ပိုင်ရှင်တွေ .. ဖြစ်ပါတယ်။ မိခင်တွေကိုယ်၌က သားသမီးတွေအတွက် .. အရာခပ်သိမ်း စင်းလုံးချောဖြစ်အောင် ထုဆစ်ပေးနိုင်မှာ .. မဟုတ်ပါဘူး ..။ .. ဒါပေမဲ့ အရာရာအတွက် ရေခံမြေခံ ကောင်းတွေကိုတော့ ပြင်ဆင်ပေးသူတွေပါ ..။ .. ဒါ့အပြင် မမေ့မလျော့ ဆုတောင်းပေးသူတွေလည်း ဖြစ်ကြတယ် ..။ Biological မိခင်နဲ့ Ideological မိခင်ရှိတယ်လို့ .. ဆိုပါတယ်။ .. ဒီမိခင်နှစ်မျိုးရဲ့ ပေါင်းစပ်မှုဟာ သားသမီးတွေအတွက် .. ဘဝ ခွန်အားနဲ့ အတွေးအမြင်များစွာကို ရရှိစေပါသတဲ့ ..။ .. အကျင့်သီလကောင်းနဲ့ နားလည်ခံစားနိုင်စွမ်းကို .. အားပေးမြှင့်တင်နိုင်တဲ့ နှလုံးသားမျိုး ထုဆစ်ပေးနိုင်တယ်လို့ .. ဆိုကြပါတယ် ..။ စဉ်းစားစရာပင် ..။ ဒီကနေ့အထိ အဲဒီမိခင်နှစ်မျိုးစလုံးဟာ .. အချုပ်အနှောင်ကျနေတဲ့ နိုင်ငံကြီးထဲမှာ အတုတ်အနှောင် ခံရဆဲပါ ..။ .. ခေတ်စနစ်ဆိုးကြီးကို ရင်ဆိုင်တွန်းလှန်နေရတဲ့ သားသမီးတွေ အတွက်လည်း .. ရတက်မအေးဖြစ်ရတုန်း ..၊ .. ဆုတောင်းပေးကြတုန်း ..။ သားသမီးတွေကို ရင်ခွင်ထဲမှာထားပြီး .. စိတ်အေးချမ်းချင်ပေမယ့် .. အခြေအနေက မပေးသေးပါဘူး ..။ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ် ..။ မြန်မာပြည်မှာ - အဝေးရောက်နဲ့ သားပျောက်တွေအတွက် .. ငိုကြွေးနေရတဲ့ မိခင်တွေ ..၊ အလွမ်းသယ်နေရတဲ့ မိခင်တွေ .. အများကြီး ရှိပါတယ် ..။ .. နိုင်ငံရေးသာမက အကြောင်းအမျိုးမျိုးကြောင့် .. ရှင်လျက်နဲ့ ကွေကွင်းနေရတဲ့ .. သားသမီးတွေ ပြန်အလာကို စောင့်ဆိုင်းနေကြပါတယ် ..။ .. နှလုံးသားမှာ တမြေ့မြေ့ ကျွမ်းလောင်တဲ့ဒဏ်ကို နှစ်ရှည်လများ .. ကြိတ်မှိတ်ခံစားလာခဲ့ကြရတာပါ ..။ ဆွေစဉ်မျိုးဆက် သိုက်သိုက်ဝန်းဝန်း နေချင်ရှာပေမယ့် .. စနစ်ဆိုးက ပိတ်ဆို့ထားဆဲပါ ..။ ဒီ့ထက် ပိုပြောရရင် - မိခင်တွေရဲ့ ဆုံးမသွန်သင်ချက်အတိုင်း .. လိုက်လျှောက်သူတွေနဲ့ .. ကွေကွင်းရှောင်ဖယ်သူတွေအကြားက .. တိုက်ပွဲကြောင့် သားသမီးနဲ့ မိခင်တွေ အနေဝေးနေကြတာပါ ..။ ဒီမိခင်တွေ လွတ်မြောက်ရေးဆိုတာ - အမိမြန်မာပြည်သူတွေ လွတ်မြောက်ရေးနဲ့ ထပ်တူထပ်မျှပါပဲ။ မိခင်တွေ လွတ်မြောက်ရေးအတွက် .. အားတင်းပြီး လျှောက်ကြပါဦးစို့ ..။ ထပ်တူထပ်မျှ လွတ်မြောက်ရေး တိုက်ပွဲပဲပေါ့ ..။
(မိခင်များနေ့ အမှတ်တရ) ရဲရင့်အောင် 
Chat Conversation End

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...