Myanmar Youth Media Club 13 Mar 2014
MYMC - MYMHOT |
Posted: 13 Mar 2014 10:52 PM PDT
Bermuda
Triangle လိုပဲ နောက်ထပ် နာမည်ကြီးတဲ့၊ လျို့ဝှက်တဲ့ နေရာ တစ်နေရာက
Bridgewater Triangle ပါ။ အမေရိကန် နိုင်ငံ၊ Massachusetts ပြည်နယ်
အရှေ့တောင် ဘက်က 200 square miles လောက်ရှိတဲ့ နေရာ တစ်နေရာ ဖြစ်ပြီး
သဘာဝလွန် ဖြစ်ရပ်တွေ၊ UFO တွေ၊ မီးလုံးကြီး တွေအပြင် ခုထိ ရှိ၊မရှိ
အငြင်းပွားဆဲ Big Foot သတ္တ၀ါ ကြီးတွေ၊ thunderbird ငှက်တွေ အပြင် တခြား
မျိုးရိုးဗီဇပြောင်း သတ္တ၀ါ တွေပါ တွေ့မြင် ခဲ့ရတယ် ဆိုတဲ့ သိပ္ပံနည်း ကျကျ
ဖြေရှင်းလို့ မရတဲ့ အရာတွေ ပြည့်နှက် နေပါတယ်။ Bridgewater Triangle ထဲမှာ
ဘာတွေ ရှိပါသလဲ၊ ဘာတွေ မြင်တွေ့ခဲ့ ရလို့ နာမည်ကြီး ရပါသလဲ။
နှစ်ပေါင်းများစွာ သရဲဖမ်း မုဆိုးတွေနဲ့ သဘာဝလွန် အဖြစ်အပျက် တွေကို စိတ်ဝင်စား သူတွေဟာ Bridgewater Triangle ကိုလာရောက် လေ့လာ တတ်ကြပါတယ်။ ဒီနေရာက တခြား နေရာနဲ့ မတူဘဲ တစ်ခုခု ၀င်စီးနေတဲ့ နေရာတစ်ခုလို့ ကောက်ချက် ချထားကြပြီး အဓိက နေရာ ၃နေရာ ရှိပါတယ်။ Bridgewater Triangle ရဲ့အလယ်မှာ Hockomock Swamp လို့နာမည် ပေးထားတဲ့ New England ပြည်ရဲ့ အကြီးဆုံး သဘာဝ ရွံ့ဗွက်ညွန် ရှိပြီး အပင်တွေ၊ အကောင် ဇီဝမျိုးကွဲ မျိုးစိတ်တွေ ပေါကြွယ်ဝတဲ့ နေရာ တစ်နေရာပါ။ Hockomock ဆိုတဲ့ နာမည်ကို Wampanoag လူမျိုးစု တွေက ပေးထားတာ ဖြစ်ပြီး "၀ိညာဉ်တွေ ကျက်စားတဲ့ နေရာ" လို့အဓိပ္ပါယ် ရပါတယ်။ ကိုလိုနီ နယ်ချဲ့ တွေကတော့ မကောင်းဆိုးဝါး တွေပြည့်နေတဲ့ ရွံ့ညွှန် နေရာလို့ ခေါ်ပါတယ်။ ဒေသခံ လူမျိုးစု တွေကို နယ်ချဲ့ တွေက ဖိနှိပ်ခဲ့တာကြောင့် စိတ်နာပြီး ကျိန် စာတိုက် ထားတဲ့ မြေပါတဲ့။ ထူထပ်လွန်းတဲ့ တောနက် နေရာ ဖြစ်တာကြောင့် ဒီထဲမှာ ရှိတဲ့ မျိုးစိတ်တချို့က လူတွေ မသိရှိ၊ မတွေ့ရှိ သေးတဲ့ အရာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပြီး တစ္ဆေတွေ၊ ထူးထူးဆန်းဆန်း အကောင်ပျံတွေ တွေ့ရတယ်လို့ သတင်းပို့ချက် တွေရှိပါတယ်။

၁၉၇၀ ခုနှစ်တွေ လောက်မှာ Bigfoot တွေက ဒေသခံ တွေရဲ့ ၀က်တွေ၊ သိုးတွေကို သတ်ပစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ခြေ ရာကြီး တွေတွေ့ခဲ့ပြီး ရဲတွေက ခွေးတွေနဲ့ ၂ရက်တိုင်တိုင် လိုက်ခြေရာ ခံပေမယ့် ဘာမှ မတွေ့ခဲ့ ရပါဘူး။ နောက်တစ်ခုက Thunderbird လို့ ခေါ်တဲ့ ၈-၁၂ပေ လောက်ကြီးတဲ့ ငှက်မည်းကြီးတွေ ပျံသန်း သွားတာကို တွေ့ခဲ့ ရပါတယ်တဲ့။ UFO တွေတွေ့ခဲ့ ရပါတယ်တဲ့။ ၁၉၀၈ ဟော လိုဝင်း ကာလမှာ၊ ၁၉၆၈မှာ လူ၅ယောက်၊ ၁၉၇၃မှာ Joseph's စားသောက်ဆိုင်မှာ ရှိနေတဲ့ သူတွေက UFO ကိုတွေ့ခဲ့ ရကြောင်းနဲ့ လမ်းမ ၄၄ Route 44 မှာ UFO ၂စင်း ဆင်းသက် ရပ်နား ထားတယ်၊ ၁၉၉၄မှာ ရဲဝန်ထမ်း တစ်ဦးက အနီနဲ့ အဖြူရောင် တောက်နေတဲ့ တြိဂံပုံ ယာဉ် တစ်စီး တွေ့ခဲ့ရတယ် ဆိုပြီး သတင်းပို့ ခဲ့ပါတယ်။ နောက်ပြီး ရထားလိုမျိုး မီးလုံး အတွဲလိုက် ကြီးတွေကို နှစ်စဉ် ဇန်န၀ါရီ လလောက်မှာ မြင် တွေ့ရလေ့ ရှိပါတယ်တဲ့။ ဒီရွံ့ညွှန် ဒေသမှာ Foxfire မီးလင်းတဲ့ မှိုမျိုးစိတ် တွေလည်း တွေ့ရပါတယ်။ ဒုတိယ နေရာ Anawan Rock က လူမျိုးစု ခေါင်းဆောင် Anawan ကိုအစွဲပြုပြီး နာမည် ပေးထားတာ ဖြစ်ပြီး Anawan ကလက်နက်ချ အရှုံးပေး ခဲ့ပြီး "King Phillip's War" ကိုအ ဆုံးသတ် ခဲ့တဲ့နေရာပါ။ စစ်ကို အရှုံးပေးခဲ့လို့ ဒေါသ ထွက်နေတဲ့ Anawan ရဲ့စစ်သည်တော် ၀ိညာဉ် တွေက ဒီဒေသကို ဆက်လက်ခြောက် လှန့် နေပြီး မီးတောက်တွေ၊ တစ္ဆေတွေ ကခုန် နေတာတွေ မြင်တွေ့ရ ပါတယ်တဲ့။

နောက်တစ်နေရာက Profile Rock ပါ။ လူသေ အလောင်းတွေ တွေ့ခဲ့ရပြီး စေတန် နတ်ဆိုးကို ကိုးကွယ်သူ တွေရဲ့ ပူဇော် ပသမှုတွေ ပြုလုပ်တဲ့ နေရာလို့ ဆိုပါတယ်။ ဖြစ်နိုင်ချေ တစ်ခုက ဒီနေရာ နားမှာ အမြန် လမ်းမကြီး Route 24 ရှိတာကြောင့် လူသတ်မှု ကျူးလွန်ခဲ့တဲ့ သူတွေ အတွက် လက်စဖျောက်ဖို့ ကောင်းမွန်တဲ့ နေရာ တစ်ခုပါ။ အဲ့လမ်းမ ၄၄မှာ ဆံပင်အနီနဲ့ ပါးသိုင်းမွှေး တွေနဲ့ လူတစ်ယောက်ကို မြင်တတ် ကြပြီး သူ့ကို ခေါ်တင်ဖို့ ကားရပ် လိုက်ရင် ပျောက်ပျောက် သွားပါတယ်တဲ့။ ဒီတောနက်ရဲ့ အဆုံးနားမှာ Assonet Ledge ဆိုတဲ့ ချောက်ကမ်းပါး ရှိပြီး ၀ိညာဉ် တွေက လူတွေကို ဒီနေရာကို ခုန်ချဖို့ ခေါ်လာတတ် တယ်လို့ ဆိုပါတယ်။ ပရလောက လေ့လာသူ John Brightman ကသူ့ကိုယ်တိုင် အဲ့လို အဖြစ်မျိုး ကြုံခဲ့ရပြီး ၀ိညာဉ်က သူ့ကို ခုန်ချမလား။ ထွက်သွား မလား ဆိုပြီး ပြောခဲ့တယ်လို့ ပြောပါတယ်။ Copicut Road ဆိုတဲ့ လမ်းမကြီး မှာလည်း သူ့ရာဇ၀င် ရှိပါတယ်။ ခရီးသွား တွေက သူတို့နောက်ကို ကုန်တင်ကား တစ်စီးက ကပ်ကပ်လိုက် လာတတ်ပြီး အဲ့ကား ဒရိုင်ဘာက ရိုင်းပြတဲ့ အမူအရာတွေ လုပ်ပြပြီး အဲ့ကားက ပျောက်ပျောက် သွားပါတယ်တဲ့။

Images from menotomyjournal, beforeitsnews, cryptomundo, mon-unvers. Source: boston.com, paranormal-encyclopedia.com

0 comments:
Post a Comment