"ပျားရည်ခတ်တဲ့ အဆိပ်"
၁။
ဒီတစ်ခါ ကျေးရွာဥက္ကဌ ရွေးရင် မဲခွဲပြီး ရွေးကြမယ်ဆိုပေမယ့် ငါရမှရပါ့မလားဆိုတဲ့ ပူပင်စိတ်က ကိုမြဝင်းမှာ လုံးဝကို မရှိ။ သူနဲ့အတူတူ အရွေးခံမယ့်သူဆိုလို့ ကိုမောင်ညွန့်တစ်ယောက်ပဲ ရှိတယ် မဟုတ်လား။
ကိုမောင်ညွန့်နဲ့ ကိုမြဝင်းဆိုတာက အသက်အရွယ်ကလည်း မတိမ်းမယိမ်း၊ ပိုက်ဆံရှိတာချင်းလည်းတူ၊ ကားတောင် ရွှေငါးစီးတာချင်း တူကြတယ်။ နှစ်ယောက်ပေါင်းရင်တောင် ဆယ်တန်းမရောက်တဲ့ ပညာအရည်အချင်းကိုတော့ ထည့်မပြောနဲ့ပေါ့။ ဒါပေမယ့် ကိုမောင်ညွန့် ရွာ့ဥက္ကဌလုပ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ပြီးတော့ ရွာအတွက် လုပ်ပေးတာကနည်းနည်း၊ သူ့အတွက် ရိတ်တာကများများ နောက်ပြီး ဟိုလူနဲ့လည်း အဆင်မပြေ၊ ဒီလူနဲ့လည်း ဘုကလန့်၊ ဥက္ကဌ သက်တမ်းကြာလာလေလေ ဘယ်နေရာမှာမဆို ငါမပါရင် မပြီးဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန် လုပ်ပါများလေတော့ ရွာ့ချဉ်ဖတ်ကြီး ဖြစ်လာခဲ့တာပေါ့။ ရွာထဲက လူတွေက သူ့ကို မြန်မြန် ဖြုတ်ချပစ်ချင်လှပြီ။ ဒါကို ကိုမြဝင်း အသိ။ ဒီတော့ ငါ ရွာဥက္ကဌ ဖြစ်မှဖြစ်ပါ့မလားလို့ ဘာကြောင့်များ ကိုမြဝင်းက တွေးပူနေရဦးမှာလဲ။ ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာတဲ့လား။ ဥက္ကဌရွေးမယ့်နေ့အထိ ကိုမြဝင်းတစ်ယောက် မေးစေ့ပွတ်ပြီး ဒူးနှန့်နေရုံပဲပေါ့။
အဲသည်လိုနဲ့ စိတ်အေးလက်အေး ရှိနေတဲ့ ကိုမြဝင်းကို သူ့တပည့် မောင်မောင် သယ်လာတဲ့ သတင်းဆိုးကြီးက ထိုင်ရတော့မလိုလို၊ ထရတော့မလိုလို ပျာယာခတ်သွားစေတယ်။
ရွာဥက္ကဌအဖြစ် ကိုမောင်ညွန့်အပြင် ကိုပါကြီးကပါ ဝင်ပြီး အရွေးခံမလို့တဲ့။
“ မင့်သတင်းက သေချာရဲ့လားကွာ။ ”
ကိုမြဝင်းက မောင်မောင် နောက်နေတာ မဟုတ်မှန်း သိနေလျက်နဲ့တောင် မယုံကြည်နိုင်စွာ ထပ်မေးနေမိတယ်။ မောင်မောင်က ခေါင်းကို ခပ်လေးလေးကြီးညိတ်ပြတယ်။
“ ဟူးးးး ”
ကိုမြဝင်းက သက်ပြင်းရှည်ကြီးတစ်ခုကို ဖြည်းလေးစွာ ချလိုက်တယ်။ ကိုပါကြီးပါ ဝင်ပြီး မဲအရွေးခံမယ်ဆိုရင် ကိုမြဝင်းရှုံးမှာ လုံးဝ သေချာပေါက်။ ဒါကို ကိုမြဝင်းသိသလို မောင်မောင်လည်း သိတာမို့ သူ့ဆရာကို အပြေးအလွှား သတင်းလာပို့တာပေါ့။
ကိုပါကြီးဆိုသူကလည်း ကိုမြဝင်းတို့လိုပဲ ရွာ့မိရွာဖတွေ။ ဒါအပြင့် ကိုပါကြီးက ပညာအရည်အချင်းမှာလည်း ဆယ်တန်းအောင်စာရင်းကို ရေဒီယိုကလွှင့်တဲ့ ခေတ်ကတည်းက ဘွဲ့ရခဲ့သူတစ်ယောက်။ တစ်ဦးတည်းသောသားမို့ မိဘလက်ငုတ်လုပ်ငန်းတွေကို ဦးစီးဖို့အတွက် ကျောင်းပြီးတော့ ရွာပြန်လာခဲ့သူ။ ဒီတော့ ခေတ်အမြင်နဲ့ မြင်တတ်၊တွေးတတ်တယ် ဆိုရမှာပေါ့။
ဒါအပြင် ဟိုးတစ်လောကမှ ကိုပါကြီးက သူ့သားတွေကို ရှင်ပြုရင်း ပိုက်ဆံမတတ်နိုင်တဲ့ ရွာသူရွာသားတွေရဲ့ ကလေးတွေကိုပါ စုပေါင်းပြီး ရှင်တစ်ရာ ရှင်ပြုပွဲကြီးကို ခမ်းခမ်းနားနား ကျင်းပထားခဲ့တယ်။ သူ့အလှူမှာ ရက်ရက်ရောရော လှူဒါန်းပြီး တစ်ရွာလုံးကို ခုနှစ်ရက်တိတိ မီးခိုးတိတ် ကျွေးမွေးလှူဒါန်းခဲ့တာ။ ဒီလို ပူပူနွေးနွေး အလှူ့ဒါယိကာကြီးရဲ့ မျက်နှာကို ဘယ်သူက မထောက်ဘဲ နေမှာတဲ့လဲ။ ငါတို့သားလေးကို ရှင်ပြုပေးထားသူဟဲ့ ဆိုတဲ့ မျက်နှာက တယ်ကြီးတယ် မဟုတ်လား။ မျက်နှာကြီးရာကို ဟင်းဖတ်က သေချာပေါက်ပါတော့မှာမို့ ကိုမြဝင်း ခေါင်းနားပန်းကြီးသွားရတယ်။
ဒီ ရွာဥက္ကဌနေရာက ကိုမြဝင်းအတွက် အရေးကြီးတယ်။ ကိုမောင်ညွန့်လိုမျိုး အာဏာစက်ကလေး ရှိဖူးချင်တယ်။ စာရေးတွေ၊ ပြာတာတွေရဲ့ ဟုတ်ကဲ့ဆရာ၊ ဟုတ်ကဲ့ဆရာဆိုပြီး ရိုရိုကျိုးကျိုး ဆက်ဆံကြတာကို ခံယူဖူးချင်တယ်။ တစ်ခုခုဆို ရွာက အားကိုးရတဲ့၊ အတိုင်ပင်ခံရတဲ့ သူတစ်ယောက် ဖြစ်ချင်တယ်။ ရွာဥက္ကဌရဲ့ တံဆိပ်တုံးလေးကလည်း သူ့တန်ဖိုးနဲ့သူ ရှိနေပြန်တယ်လေ။ ဒီတံဆိပ်တုံးလေးထုဖို့ လိုအပ်တိုင်း ကိုမောင်ညွန့်ကို ပြေး ပြေးကပ်ရတာကို ကိုမြဝင်းက ကြာတော့ စိတ်အချဉ်ပေါက်လာတယ်။ ပေါက်လည်းပေါက်ချင်စရာပဲလေ။ “ အချင်းချင်းတွေပဲ၊ လုပ်ပေးရမှာပေါ့။ ငါ မပါလို့မှ မပြီးတာ ” ဆိုပြီး ကိုမောင်ညွန့် စကားကြောတာကို ကိုမြဝင်းက မြင်ပြင်းကပ်နေတာ ကြာပြီ။ ကိုမောင်ညွန့်ကို ပြန်ကြောပစ်လိုက်ချင်စိတ်၊ ပြန်ချိုးပစ်လိုက်ချင်စိတ်တွေက ရင်ထဲမှာ တဖွားဖွား။ ဒီတော့ ဒီနေရာက ကိုမြဝင်းအတွက် လုံးဝ အရေးကြီးတယ်။ သူ့အတွက် ဒီနေရာက မရ မဖြစ်။ ဒီတော့ ရွာကလူတွေ ကိုပါကြီးထက်ပိုပြီး သူ့ကို အလေးပေးလာအောင် ဘယ်လိုလုပ်မရလဲလို့ ခေါင်းမီးတောက်မတတ် အကြံထုတ်ရတော့တာပေါ့။
“ အစ်ကိုကြီး .. ”
“ ကျွန်တော် အကြံတစ်ခု ရထားတယ်။ ”
ဘာလဲဆိုတဲ့ ဟန်နဲ့ ကိုမြဝင်းက မောင်မောင့်ကို မေးဆတ်ပြလိုက်တယ်။ မောင်မောင်က ဘေးဘီဝဲယာ လှည့်ကြည့်ပြီး ကိုမြဝင်း နား နားလေး ကပ်လို့ တစ်စုံတစ်ရာကို ခပ်တိုးတိုးလေး ပြောလိုက်တယ်။ မောင်မောင် ပြောတာကို နားထောင်နေရင်း ကိုမြဝင်း မျက်နှာကြီးက ရွှင်သထက် ရွှင်လန်းလာတယ်။ မောင်မောင့် စကားလည်းဆုံးရော တိမ်ပုပ်ကင်းစင်သွားတဲ့ လမင်းကြီးလို ကိုမြဝင်း မျက်နှာကြီးက ဝင်းဝင်းပပကြီး ဖြစ်လို့။
“ မင်း တယ်တော်ပါ့လား မောင်မောင်ရာ။ အမြန်ဆုံးသာ အကောင်အထည်ဖော်ဟေ့။ နှစ်ပတ်ပဲ လိုတော့တယ်မို့လား။ ”
“ စိတ်ချ အစ်ကိုကြီး။ မနက်ဖန် လပြည့်နေ့ ရွာဦးကျောင်း ဆွမ်းလောင်းမှာ တစ်ခါတည်း လှုပ်ရှားလိုက်မယ်။ အစ်ကိုကြီး စိတ်အေးလက်အေးသာနေ ”
“ အေး။ မင်းကို ငါယုံတယ်။ ညနေ မင်းအိမ်ပြန်ရင် မင်းအစ်မဆီက လုံချည်အသစ်တစ်ထည် ဝင်ယူသွားဦး။ ”
ခပ်သုတ်သုတ် ထွက်သွားတဲ့ မောင်မောင့် ကျောပြင်ကို ငေးကြည့်နေရင်း ကိုမြဝင်းတစ်ယောက် စိတ်လှုပ်ရှားနေမိတယ်။ သူတို့ရဲ့ အကြံ အောင်မှအောင်မြင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် မနက်ဖန်တစ်ရက်တော့ စောင့်ကြည့်ရမှာပေါ့လေ။
၂။
လပြည့်၊ လကွယ်နေ့တိုင်း ရွာဦးကျောင်းကို ဆွမ်းလောင်းကြတာက မောင်မောင်တို့ ဂုန်ကွေ့ရွာကလေးရဲ့ အစဉ်အလာ ဓလေ့လေးတစ်ခု။ ဆွမ်းလောင်းရမယ့်နေ့ မတိုင်ခင် ညနေကတည်းက ရွာသားတွေက ဘုန်းကြီးကျောင်းဝင်းထဲမှာ စုကြပြီး ချက်ပြုတ်ကြဖို့ ပြင်ဆင်ကြတယ်။ ငွေအားတတ်နိုင်သူတွေက ငွေသား၊ လုပ်အားတတ်နိုင်သူတွေက လုပ်အား ထည့်ဝင်ပြီး အားလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ ပါဝင်ကြတာမို့ ဆွမ်းလောင်းပွဲဟာ အမြဲတမ်း စည်စည်ကားကား။ ဆရာတော်တွေကို ဖွယ်ဖွယ်ရာရာ ကပ်လှူနိုင်ရုံသာမက ကျောင်းကို လာသမျှ လူတိုင်းကိုလည်း အဝကျွေးနိုင်တယ်။
“ ကိုပါကြီးက ဥက္ကဌနေရာ ဝင်အရွေးခံမို့ဆို ”
မြေကြီးပေါ် ဖင်ချထိုင်ပြီး ဘူးသီးတွေကို စားပွဲဝိုင်းပေါ်တင်ကာ တုံးလေးတွေဖြစ်အောင် တုံးနေတဲ့ မောင်မောင်က ချက်ပြုတ်ဖို့ ပြင်ဆင်နေကြတဲ့ တခြားသူတွေကို မေးလိုက်တယ်။
“ ဟုတ်တယ်လေ။ တစ်ရွာလုံးက သူ ဥက္ကဌလုပ်မှာကို ဝမ်းသာနေကြတာ။ သူ့ကို ဖြစ်စေချင်နေကြတာ။ ”
မောင်မောင်က ဘာမှ ပြန်မပြောဘဲ သူတို့ ဆက်ပြောမှာကို အသာလေး ငြိမ်ပြီး နားထောင်နေတယ်။
“ ကျုပ်တော့ သူ့ကို မဖြစ်စေချင်ဘူးဗျာ။ အဲဒီလူကြီးက ဘုရားဒကာလိုလို၊ ကျောင်းဒကာလိုလိုနဲ့ ကြောင်သူတော်ကြီးဗျ။ ”
ကြက်သားခုတ်နေတဲ့သူက သူ့အထင်ကို လှမ်းပြောတော့ လူတော်တော်များများ ရှုးရှုးရှားရှား ဖြစ်သွားကြတယ်။
“ ဟေ့ကောင်.. မင်းက ဘာကောင်မို့ ဒီလို စကားမျိုး ပြောရတာလဲ။ ဆင်ဆင်ခြင်ခြင် ပြောကွ။ ဒါ ငါတို့သားတွေကို ရှင်ပြုပေးထားတဲ့သူ။ သူတော်ကောင်း။ သူ့ကို စော်ကားရင် မင်း အဝီစိဆင်းရလိမ့်မှာပဲ။ ”
“ အေးလေ။ အလကားသတ်သတ် အပုပ်ချတာ။ ကိုပါကြီးက ဘယ်လိုလူစားလဲဆိုတာ ငါတို့ တစ်ရွာလုံးသိတယ်။ ”
“ နေကြပါဦးဗျ။ ကျုပ်ကြားခဲ့ဖူးတာလေး ပြောပါရစေဦး။ တစ်ခါတုန်းက ကိုပါကြီးနဲ့ သူတို့အိမ်မှာ ခေါ်ခိုင်းတဲ့ ကောင်မလေးနဲ့ ဖြစ်ကြတာတဲ့။ အဲကောင်မလေးက ၁၅နှစ်လောက်ပဲ ရှိသေးတယ် ဆိုလား။ ဗိုက်လည်းထွက်ရော ကောင်မလေးကို သူ့ရွာသူ ပြန်ပို့လိုက်တယ်ဆိုပဲ။ ”
ငါးခြောက်ထောင်းနေတဲ့လူကလည်း ကိုပါကြီး မကောင်းကြောင်းကို ဖိပြောတယ်။
မောင်မောင် ပြုံးလိုက်တယ်။ ဒီလို ကိုပါကြီး မကောင်းကြောင်း အတင်းစကားလွှင့်ဖို့ လူတွေကို သူခေါ်လာခဲ့တာပေါ့။ သူ ကိုယ်တိုင်လိုက်ပြောနေရင် ကိုမြဝင်း ထိခိုက်မယ်လေ။ ဒါကြောင့် ဗိုက်အငှားနဲ့ ဓါးထိုးခံခိုင်းရတာ။ သူတို့အချင်းချင်း ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုန်ကြတာကို မောင်မောင်က အသာလေး ငြိမ်နားထောင်နေလိုက်ပြီး အခြေအနေကို နားစွင့်နေရုံ၊ အကဲခတ်နေရုံပဲပေါ့။
“ အို.. မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းမနေစမ်းပါနဲ့။ ဒါ မင်းတို့ သက်သက် အပုပ်ချတာပဲ။ မင်းတို့က ဘာကောင်တွေလဲ။ ဘယ်ကကောင်တွေလဲ။ ”
ကြက်သွန်နီတွေ လှီးနေတဲ့ လူကြီးက အသံမာမာနဲ့ အော်ငေါက်လိုက်တယ်။ သိပ်မကြာပါဘူး။ ကိုပါကြီး မကောင်းသတင်းလွှင့်တဲ့သူတွေ၊ ကိုပါကြီးဖက်က နာပြီး ပြန်လည်ချေပတဲ့သူတွေနဲ့ ချက်ပြုတ်ဖို့ ပြင်ဆင်တဲ့ ဝိုင်းက ဆူညံပွက်လော ရိုက်သွားတယ်။
ဒါပေမယ့် အဆုံးသတ်မှာတော့ မောင်မောင့်အကြံ မအောင်မြင်ခဲ့ပါဘူး။ လူတွေက မောင်မောင်တို့ မျှော်လင့်ထားသလို ကိုပါကြီးကို အပြစ်မြင် စက်ဆုပ်မသွားဘဲ ကိုပါကြီးဖက်ကပါတောင် အတင်းဝိုင်းပြီး ကာကွယ်ကြသေးတယ်။ ကိုပါကြီး မကောင်းကြောင်း ပြောလို့ဆိုပြီး သူ့လူတစ်ယောက်ကိုတောင် ကိုပါကြီး ဘက်တော်သားတစ်ယောက်က ဆွဲထိုးသေးတာ။ ဘေးလူတွေသာ ဝိုင်းမဆွဲထားရင် အကျယ်အကျယ်တောင် ဖြစ်တော့မလို့။ မှန်းချက်နဲ့ နှမ်းတွက် မကိုက်လေတော့ ခေါင်းငိုက်စိုက်နဲ့ပဲ မောင်မောင် တပ်ခေါက် ပြန်လာရတယ်။
မောင်မောင် ပြန်ပြောပြသမျှတွေ နားထောင်တဲ့ ကိုမြဝင်းက ခေါင်းကြီး တယမ်းယမ်း။ သူ့မျက်နှာကြီးကလည်း သိသိသာသာ ပျက်နေတယ်။
“ လူသောက်မြင်ကပ်အောင် လုပ်ခိုင်းပါတယ်ဆိုကွာ။ ခုတော့ မုန်းစေလိုပါတယ် ဆိုကာမှ သူ့ကို ပိုချစ်အောင်၊ သူ့ဖက်ကနေ မခံမရပ်နိုင်ဖြစ်ပြီး အကာအကွယ်တွေပေးအောင် လုပ်ပေးလိုက်သလိုတောင် ဖြစ်ပါပြီကွာ။ ”
ဆံပင်တွေကို လက်နှစ်ဖက် ခပ်ကြမ်းကြမ်း ဖွပစ်လိုက်တဲ့ ကိုမြဝင်းရှေ့မှာ မောင်မောင်တစ်ယောက် နှုတ်ပိတ် ဆွံ့အနေခဲ့တယ်။ သူ့စေတနာက တလွဲဆံပင်ကောင်း ဖြစ်သွားတာမို့ အပြစ်ကြီးတစ်ခု ကျူးလွန်ခဲ့မိသလို ခံစားနေရတယ်။
“ ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီးရာ။ ကျွန်တော်လည်း ဥာဏ်မှီသလောက် အစ်ကိုကြီးအတွက် စဉ်းစားကြည့်မိတာပါ ”
“ ရပါတယ်ကွာ။ မင်းအပြစ်မှာ မဟုတ်တာ။ ငါလည်း အလိုတူအလိုပါပဲလေ။ အခု မင်း အိမ်ပြန်ရင် ပြန်တော့လေ။ နက်ဖန် မနက် ဆွမ်းလောင်း မသွားခင် ငါ့ဆီ ဝင်ခဲ့ဦး။ ငါလည်း ကြံကြည့်ဦးမယ်။ မင်းလည်း အကြံကောင်းလေး ဘာလေး ရရင် ပြောဦးပေါ့။ ”
၃။
အဲဒီညက ကိုမြဝင်း ဘယ်လောက်တောင် စိတ်ညစ်နေခဲ့တုန်းဆိုရင်လေ သူသိပ်ကြိုက်တဲ့ ဝက်သားနီချက် ချက်ထားတာတောင် ကောင်းကောင်း စားမဝင်ခဲ့တဲ့အထိ။ သူ့ယောက်ျားအကြောင်းကို နောကြေနေပြီး ဖြစ်တဲ့ ကိုမြဝင်း မိန်းမကတော့ ဘာကိုမှ အတင်းလည်း မမေးဘူး။ အတင်းလည်း မပြောဘူး။ သူ လုပ်စရာရှိတာလေးတွေ လုပ်ပြီး ကိုမြဝင်းကို တစ်ယောက်တည်း ထားထားလိုက်တယ်။
ညစာစားပြီးတော့ ကိုမြဝင်းက သူတို့အိမ်နောက်ဖက်မှာရှိတဲ့ အလုပ်သမား တဲတန်းအနားမှာ ထန်းလက်တွေနဲ့ လုပ်ထားတဲ့ ပက်လက်ကုလားထိုင်ခုံကြီးတစ်လုံးကိုချ၊ ခြေပစ်လက်ပစ် ထိုင်ပြီး ခြူးနဂါး ဆေးပေါ့လိပ်ကို အားရပါးရ ထိုင် ဖွာတယ်။ ကိုပါကြီးကို ဘယ်လိုအပြတ်တိုက်ရင် ကောင်းမလဲ တွေးရင်း ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီးတစ်လိပ်ဖွာနေတာ ဆေးလိပ်တိုတွေသာ မြေပြင်မှာ ပြန့်ကျဲသွားတယ်။ ဖြစ်ဖြစ်မြောက်မြောက် အကြံရယ်လို့ တစ်ခုမှ ထွက်မလာသေးဘူး။
“ အဘ အဘ. ဟိုမှာ ဟိုမှာ ကြွက် ကြွက်။ ”
“ အေး ဟုတ်သား။ ဒါပေမယ့် ငါတို့တဲတန်းမှာ ကြွက်ရှိတာ ဆန်းလို့လားကွ။ ”
တဲတန်းထဲက စကားပြောသံတွေကို ကိုမြဝင်း ကြားနေရတယ်။ အေးအေးလူလူ နေချင်တာတောင် မနေရပါလားဆိုပြီး ကိုမြဝင်း စုတ်သတ်လိုက်တယ်။ ဒါပေမယ့် မဆူကြနဲ့လို့ လှမ်းအော်ပြောချင်စိတ်ကလည်း မရှိ၊ နေရာကနေလည်း ထသွားချင်စိတ်က မရှိတာကြောင့် ဒီအတိုင်းပဲ ဆက်ထိုင်နေခဲ့တယ်။
“ ကျုပ် မနက်ကမှ ကြွက်သတ်ဆေးနဲ့ အစာနဲ့ ရောပြီး ချကျွေးထားတာ အဘရ။ ”
ကြွက်သတ်ဖို့ ဆိုပါလား။ ကိုမြဝင်း စိတ်ဝင်စားသွားတယ်။ ဒါ သူ့ဆန်စက်က အလုပ်သမား ကိုလှရီတို့ သားအဖ စကားပြောနေကြတာပဲ။ ကိုလှရီ မိန်းမက မီးတွင်းမှာ ကလေးမျက်နှာမြင်ပြီးပြီးချင်း ဆုံးသွားခဲ့တော့ အဲဒီကလေးကို ကိုလှရီတစ်ယောက်တည်းက မွေးရတယ်။ ကောင်လေးက ဘယ်လောက်ရှိဦးမှာတုန်း။ အလွန်ဆုံးရှိ ခုနှစ်နှစ်၊ ရှစ်နှစ်ပေါ့။
“ မင်းဟာကလည်း ကြွက်သတ်ဆေး ကျွေးတယ်သာဆိုတယ်. မင်း ကြွက်တွေကလည်း မသေပါလားကွ.. ဟားဟား။ ”
“ အဲတာပေါ့ အဘရ။ ကျုပ်က အဲတာကို မကျေမနပ် ဖြစ်နေတာ။ ကြွက်တွေကဗျာ ကျုပ်ကျွေးတာက မစားဘူးဗျ။ ”
“ မင်းက ဘာနဲ့ကျွေးတာတုန်း ”
“ အော်.. အဘကလည်း ညတုန်းကကျန်တဲ့ ထမင်းကြမ်းရယ် ကြောင်လျှာသီးဟင်းကပ်ရယ်ကို ကြွက်သတ်ဆေးနဲ့ လူးပြီး ကျွေးတာလေဗျာ.. ”
“ အဟားဟား .. မင်းနှယ့် အ ပါ့ လူကလေးရာ။ ဘယ်နှယ့် သူ့ကိုလည်း သေစေချင်သေး၊ အဆိပ်ကိုလည်း အခါးထဲမှာ ထည့်ကျွေးသေး။ အခါးထဲမှာ ရောထားမှတော့ အဆိပ်ရဲ့ အနံ့ကို သူတို့က ချက်ချင်း သိတာပေါ့ကွ။ ဒီမှာ တစ်ခါတည်း မှတ်ထားလိုက်။ ကြွက်မကလို့ ဘာအကောင်ဖြစ်ဖြစ်.. ထောက်ချောက်ဆင်ချင်ပြီဆိုရင်လေ ဘယ်တော့မှ အခါးနဲ့ အမျှားရဘူး။ အချိုနဲ့ မျှားရတယ်။ ဘယ်သူမဆို အချိုကြိုက်လေကွာ။ မင်း မယုံရင် ဒီည ပျားရည်ထဲ ကြွက်သတ်ဆေးရောပြီး နည်းနည်း ချကျွေးထားလိုက်။ ပျားရည်ရဲ့အချိုနံ့ကရော အရသာရောက ပြင်းတယ်လေ။ အဲဒီ ချိုတဲ့အရသာနဲ့အနံ့တွေက ကြွက်သတ်ဆေးရဲ့ အနံ့နဲ့အရသာကို ဖုံးသွားတော့ ကြွက်တွေက အဆိပ်ကို အနံ့ မခံမိကြတော့ဘူး။ အဲဒီအခါ မင့်ကြွက်တွေက ပျားရည်ကို သေချာပေါက် လာစားမှာပဲ။ အဲသည်လိုမှ သေမှာပေါ့ကွ။ ”
သူတို့ ပြောသမျှကို သေသေချာချာ နားစွင့်နေတဲ့ ကိုမြဝင်းက ကိုလှရီစကားကို တအား သဘောကျသွားတယ်။ ဟုတ်တယ်။ အသေသတ်ချင်ရင် ဘယ်လိုလုပ် အခါးကျွေးလို့ရမှာလဲ။ အချိုနဲ့ မျှားရမှာပေါ့။ ဟုတ်တယ်။ ကိုမြဝင်း ခေါင်းထဲမှာ လက်ခနဲ ဖြစ်သွားတယ်။
“ ဒီတစ်ခါတော့ အပိုင်ပေါ့ကွာ။ ”
စိတ်ထဲကနေ ကျိန်းဝါးလိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်ကနေ ဝုန်းကနဲ ထလိုက်တယ်။ သောက်လက်စ ဆေးပေါ့လိပ်ကို မြေကြီးပေါ်ချလိုက်ပြီး ခြေထောက်နဲ့ ခပ်သွက်သွက် နင်းချေလိုက်တယ်။ ပြီးတော့ ခြေလှမ်းကျဲတွေနဲ့ အိမ်ဖက်ပြန်လိုက်ပြီး မောင်မောင့်ကိုသွားခေါ်ဖို့ အလုပ်သမားတစ်ယောက်ကို ခိုင်းလိုက်တယ်။
၎။
“ စိတ်ချ အစ်ကိုကြီး စိတ်ချ။ ကျွန်တော် သဘောပေါက်တယ်။ ဒီတစ်ခါတော့ ကိုပါကြီး ခံနိုင်ရိုးလား။ အစ်ကိုကြီး ပြောတဲ့အတိုင်း ကျွန်တော် သေချာပေါက် အကောင်ထည်ဖော်ပေးမယ်။ နက်ဖန် မနက်ဘဲ စလှုပ်ရှားလိုက်မယ်။ ကျွန်တော့်ကောင်တွေကို ခုပဲသွားပြောမယ်။ အစ်ကိုကြီး သတင်းကောင်းကိုသာ နားစွင့်နေပေတော့။ သေချာပေါက် အောင်မြင်မှာ။ ရွာ့ဥက္ကဌနေရာက အစ်ကိုကြီးအတွက်ပဲ ဖြစ်ရမယ်။ ”
ကိုမြဝင်းရဲ့ အစီအစဉ်ကို နားထောင်ပြီး မောင်မောင်က အားတက်သရောနဲ့ ထောက်ခံတာမို့ ကိုမြဝင်း ပိုပြီး အားရှိသွားရတယ်။
၅။
ဆွမ်းလောင်းပွဲက အခါတိုင်းလိုပဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားတယ်။ မောင်မောင်အပါအဝင် ရွာသားတစ်အုပ်က ချက်ပြုတ်ထားသမျှကို သိမ်းကြ၊ဆည်းကြနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။
“ ဒီနေ့ ဆွမ်းလောင်းက အခါတိုင်းထက် ပိုစည်သလိုပဲနော့ ”
မောင်မောင် လက်ဖဝါးချင်းရိုက်ပြီး သင်ကြားပေးထားတဲ့အတိုင်း မောင်မောင့်လူတွေက စတင် လှုပ်ရှားကြပြီ။
“ ဒါတင် ဘယ်ကမလဲ။ ဟင်းအမယ်တွေလည်း အခါတိုင်းထက် စုံလည်းစုံတယ်။ ပိုလည်း ပိုတယ်။”
ရှေ့လူ စကားကို နောက်တစ်ယောက်ကလည်း အားတက်သရော ထောက်ခံတယ်။
“ ဖြစ်ရမှာပေါ့ဗျာ။ ကိုပါကြီးတို့လို့ ဘုရားဒါယိကာတွေက ကမကထ ပြုတာကိုး ”
“ ကိုပါကြီးက ကျုပ်တို့ ရွာအတွက် မရှိမဖြစ်ဗျ။ နေရာတကာ သူမပါလို့ကို မပြီးပါဘူးဗျာ။ ဒီနေ့ ဆွမ်းလောင်းပွဲပဲ ကြည့်လေ နော့။”
“ မင်းပြောပုံကလည်းကွာ တစ်ခြားအလှူ့ရှင်တွေကို မလေးစားရာရောက်ပါပြီ။ အားလုံး တက်ညီလက်ညီ သဒ္ဓါတရားညီကြလို့ အခုလို လှူနိုင်တာပေါ့ကွ ”
မောင်မောင့် လူတွေက ကိုပါကြီး ကောင်းကြောင်းတွေ ပိုပိုသာသာလေး ပြောလိုက်တော့ ရွာသားတစ်ယောက်က သိပ်သဘောမတွေ့သလိုနဲ့ ဝင်ထောက်တယ်။ မောင်မောင်တို့ ဆင်တဲ့ အကွက်ထဲ ဝင်လာခဲ့ပြီ။
“ ဟုတ်ပါတယ်။ လူညီလို့ ဆိုတာ သိပါတယ်။ ကျွန်တော်ပြောချင်တာက ကိုပါကြီးတို့ကို ဘုရားဒါယိကာကြီးတွေက ဦးစီးပြီး တက်တက်ကြွကြွပါဝင်မှတော့ လူတွေက သဒ္ဓါတရားတွေ ပိုထက်လာတာပေါ့လို့ ”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ။ ထားလိုက်ပါတော့ကွာ။ တခြားအလှူ့ရှင်တွေ ကြားရင် စိတ်မကောင်း ဖြစ်ကြပါဦးမယ် ”
“ ကျုပ်တော့ ရှင်တစ်ရာ ရှင်ပြုပွဲကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးဗျာ။ ကျုပ်မြင်ခဲ့ဖူးသမျှမှာတော့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးပဲ။ ဝိသာခါတို့ အနာထပိဏ် သူဌေးကြီးတို့ လုပ်တဲ့ အလှူကြီးတွေလိုမျိုး နေမှာနော့ ”
“ ဟုတ်ပါရဲ့။ ကျုပ်သားတောင် ပါသေးတယ်။ ကျုပ်ဘာသာကျုပ်ဆို ဒီကောင် တော်တော်ကြီးတာတောင် ရှင်ပြုနိုင်ဦးမှာ မဟုတ်သေးဘူး။ရယ် ကိုပါကြီး ကျေးဇူးကြောင့်သာပေါ့ ”
“ အတူတူပါပဲ ကိုယ့်လူရာ။ ကျုပ်တို့တွေရောပါပဲ။”
“ ကျုပ်တို့ရွာသားတွေ မကြေနိုင်တဲ့ ဖခင်တာဝန်ကို ကိုပါကြီးက ထမ်းဆောင်ပေးသွားတာပဲဗျ။ ရှိခိုးပြီးတောင် ဦးချသင့်ပါတယ် ”
အခုပဲ ထိုင်ကန်တော့ တော့မလိုလိုနဲ့ လူတစ်ယောက်က ပြောတယ်။
“ မင်း ပြောပုံကြီးကလည်းကွာ ”
ကိုပါကြီး ကျေးဇူးကြောင့်သာပေါ့လို့ ပြောတဲ့ ရွာသားက မျက်စိပျက် မျက်နှာပျက် ဖြစ်သွားတယ်။
“ ကျုပ်ပြောတာ မှားလို့လားဗျ။ ကိုပါကြီး ကျေးဇူးကြောင့်ပဲ ခင်ဗျားတို့ရဲ့သားတွေ ရှင်ပြုခွင့် ရတာပဲလေ။ ခင်ဗျားတို့ဘာသာဆို သူတို့တွေ ပဉ္ဖင်းခံမယ့် အရွယ်ထိတောင် ရှင်ပြုနိုင်မှာမှ မဟုတ်တာ။ ”
“ အေး။ ဒါပေမယ့် မင်းပြောစရာ မလိုဘူး။ ငါတို့ ကျေးဇူးရှင်အကြောင်း ငါတို့ သိပါ့ ”
“ သိတယ် ဆိုရင်လည်း ဒီနေ့ ဆွမ်းလောင်းစည်ကားတာဟာ ကိုပါကြီးက ဦးစီးဆောင်ရွက်တာမို့ လို့ ကျွန်တော်ပြောတော့ ခင်ဗျားတို့က ဝမ်းမြောက်ဝမ်းသာနဲ့ သဘောမတူကြတာ ဘာသဘောလဲ ”
“ သဘောမတူတာ မဟုတ်ဘူးလေကွာ။ တခြားအလှူရှင်တွေလည်း ရှိနေသေးတာကို။ တစ်ဖက်စောင်းနင်းချည်း ပြောလို့ ဘယ်ဖြစ်မှာလဲ။ အဲသဘောကိုပြောတာ ”
ဘာမှဝင်မပြောဘဲ ငြိမ်နေတဲ့ ရွာသားတစ်ယောက်က ဝင်ရှင်းတယ်။
“ လူတွေ လူတွေ တယ်ခက်သကိုး။ ကိုယ့်ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း မသိကြဘူး ”
မောင်မောင့်လူက သက်ပြင်းဖွဖွချပြီး ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်တယ်။
“ ဟေ့ကောင်.. မင်းဘာစကားပြောတာလဲကွ ”
မောင်မောင့် လူတွေရဲ့ စကားတိုက်စစ်မှာ ရွာသားတွေရဲ့သွေး ဆူပွက်စပြုလာကြပြီ။
“ဟိုတစ်နေ့က ကိုပါကြီး ပြောနေတာတစ်ခုကို ကျုပ်ကြားလိုက်သေးတယ်။ ဒီရွာသားတွေ အခုလို အဆင်ပြေနေကြတာ သူ့ကျေးဇူးကြောင့်မို့လို့တဲ့။ လူတိုင်းလည်း သူ့ကြွေးကင်းကြတာ မဟုတ်ဘူး။ ပြီးတော့ ရှင်တစ်ရာရှင်ပြုပွဲလည်း သူလုပ်ပေးထားတယ်တဲ့။ ဒီတော့ ရွာကလူတွေက သူဘာလုပ်လုပ် ထောက်ခံကြရမှာပဲ။ သဘောတူရမှာပဲတဲ့။သူ ရွာဥက္ကဌလုပ်မှာကိုလည်း လူတိုင်းက သူ့ကိုပဲ မဲပေးကြရမှာတဲ့။ မဟုတ်ရင် ကျေးဇူးမသိတတ်လို့ပဲတဲ့ ”
တိုက်ပွဲက နည်းနည်းပြင်းထန်လာပြီ
“ ဘာ.. သူက အဲလိုပြောတယ် ဟုတ်လား ”
“ ဟုတ်တယ်လေ။ သူပြောတာလည်း မမှားပါဘူး။ ခင်ဗျားတို့တွေရဲ့ ကျေးဇူးရှင်ပဲဟာ။ ”
“ ဒါတွေတင် ဘယ်ကမလဲ၊ ခင်ဗျားတို့ ရွာ လျှပ်စစ်မီးရတာလဲ ကိုပါကြီးကြောင့်ပဲကို။ သူ့ကျေးဇူးတွေက ဒီရွာပေါ်မှာ အများကြီး။ ”
ပျားရည်ခတ်ထားတဲ့ အဆိပ်တွေက ရွာသားတွေဆီ တစ်စက်ပြီး တစ်စက်။
“ ဟိတ် .. ဒါတော့ နည်းနည်းများသွားပြီ။ ရွာမှာ မီးရတာတော့ ဆရာတော်ရဲ့ မျက်နှာကြောင့်ပါကွာ ”
“ ဘယ်ကလာ ဆရာတော်ကြောင့် ဟုတ်ရမှာလဲ။ ဆရာတော်ကြောင့်သာဆိုရင် မီးက ဟိုးကတည်းက ရ ရမှာပေါ့လို့။ ခုက ရှင်ပြုပွဲပြီးနောက်မှာမှ ရတာကြီးကို။ ဒါ ကိုပါကြီးကြောင့်မှ မဟုတ်ရင် ဘယ်သူကြောင့်ဖြစ်ရမှာတုန်း။ ”
“ မင်းက ဆရာတော်ထက်ကို ပါကြီးက ရွာအတွက် အရေးကြီးတယ်။ ကျေးဇူးကြီးတယ်လို့ ပြောချင်နေတာလား။ ”
“ ငါက သူများ ကျေးဇူးကို အောက်မေ့တတ်တယ်။ ဆင်ခြင်တတ်တယ်။ အခွင့်သာရင် ဆပ်ချင်တယ်။ အဲ.. ဘယ်သူ့ကိုဖြစ်ဖြစ် ဆရာတော်နဲ့တော့ လာမယှဉ်နဲ့။ လုံးဝပဲ။ ”
“ ဒါတွေကြောင့်လည်း ခင်ဗျားတို့တွေက ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း မသိကြဘူးလို့ ကိုပါကြီးက ပြောတာနေမှာ ”
“ ဘာကွ ”
“ ဟုတ်တယ်။ ကိုပါကြီးက “ အခုဆို ရွာမှာ သူက သိပ်ပြီး အရေးပါတဲ့ လူဖြစ်လာပြီ ” တဲ့။ “ ရွာသားတွေကိုလည်း သူပြီးတယ် ” တဲ့။ “ ရွာဥက္ကဌလည်း သူပဲ ဖြစ်ရမှာ ” တဲ့။ “ သူ ဥက္ကဌဖြစ်ရင်လည်း ရွာကို ဒီထက်သာယာအောင် လုပ်ပေးဦးမှာ ” တဲ့ ”
“ အော.. ကျေးဇူးတင်ထိုက်သူမို့ ငါတို့က သူ့အပေါ် ရိုသေတာကို သူ့ကိုယ်သူ သိပ်ပြီး အရေးပါတယ် ထင်နေတာတဲ့လား။ ”
“ အေးလေ..ငါတို့တွေက သူ့ကျေးဇူးမကင်းတာနဲ့ပဲ သူပြောသမျှ ပြီးရတော့မယ်တဲ့လား ”
“ တောက်.. ပါကြီးတော့ကွာ။ ဒင်းက ဆရာတော်ကိုတောင် ယှဉ်ချင်နေပြီကိုး။ ”
ပျားရည်ဟာ အဆိပ်ရဲ့အနံ့နဲ့ အရသာကိုရော လုံခြုံစွာ ဖုံးလွှမ်းထားနိုင်ခဲ့ပါတယ်။
“ စိတ်လျော့ပါ။ စိတ်လျော့ပါဗျာ။ ကိုယ့်ကျေးဇူးရှင်ကို အဲလိုမပြောကြပါနဲ့ဗျာ ”
ပွဲက ကောင်းသထက် ကောင်းလာပါပြီ။ မောင်မောင်ဆင်ထားတဲ့ အကွက်တွေထဲ တစ်ကွက်ပြီး တစ်ကွက် ကွက်တိ ဝင်လာခဲ့တယ်။
“ သားတစ်ယောက်ကို ရှင်ပြုပေးထားတာနဲ့ပဲ သူပြောသမျှ ပြီးမယ့်ထဲမှာတော့ ငါမပါဘူးဟေ့ ”
“ ငါကောပဲ ”
“ ရွာ လျှပ်စစ်မီးရတာကို သူ့ကြောင့်လို့ ပြောတာ ငါတော့ လုံးလုံး မကျေနပ်ဘူး။ ဒါ ဆရာတော်နဲ့ပါ ခြေရာချင်းတိုင်းတာ။ သူ လုပ်ပေးတာဆိုလို့ မြို့ကနေ ဆရာတော်ကို လာဖူးတဲ့ လျှပ်စစ်ရုံးက လူတွေကို ဧည့်ခံကျွေးမွေးတာပဲ ရှိတာကို။ ”
“ ပါကြီး ပါကြီး .. သူ့ကိုသူ ဘာထင်နေလဲ မသိဘူး။ ပိုက်ဆံတတ်နိုင်တယ်ဆိုပြီး သွေးနားထင်ရောက်နေတဲ့ကောင်။ လုပ်ပေးတာကနည်းနည်း။ အမှတ်ဝင်ယူချင်တာက များများ။ ငါတို့သားတွေကို လှူတာလဲ စေတနာရှိလို့ထက် သူလှူနိုင်တန်းနိုင်မှန်း လူသိစေချင် များများပဲနေမှာပါ ”
“ အင်းလေ ဟုတ်ပ ”
“ … ”
“ … ”
“ … ”
၆။
ဆွမ်းလောင်းပွဲ အပြီး နှစ်ပတ်အကြာမှာ ဥက္ကဌနေရာအတွက် မဲပေးရွေးချယ်ကြတယ်။
ကိုမြဝင်းရဲ့ အကြံ အောင်မြင်ခဲ့ပါတယ်။ ကိုပါကြီးထက် မဲပေါင်း ၄၀ကျော် ပိုရပြီး ရွာဥက္ကဌနေရာကို ရရှိသွားခဲ့တယ်။ ရွာသားတွေက ကိုပါကြီးကို ခပ်တန်းတန်းပဲ ဆက်ဆံကြတော့တာကိုလည်း ကိုမြဝင်း သတိထားမိတယ်။ ကိုပါကြီးကတော့ အဖြစ်အပျက်အလုံးစုံကို မယုံကြည်နိုင်ဘဲ အံ့သြနေဟန်နဲ့။
ပူပူနွေးနွေး ရွာ့ဥက္ကဌအဖြစ် ကိုမောင်ညွန့်၊ ကိုပါကြီးတို့ရှေ့ ဖြတ်လျှောက်လာခဲ့ရတာ တယ် အရသာရှိတာပဲ လို့ ကိုမြဝင်း ခံစားရတယ်။ အိမ်ကိုသာ ပြန်ရောက်လာခဲ့တယ်။ ခြေထောက်နဲ့ မြေကြီး ထိမှထိလိုက်ရဲ့လားတောင် မသိတော့။ အိမ်ရောက်တော့ သူ့မိန်းမကို ပြုံးပြီး လက်မကြီး ထောင်ပြတယ်။ ကိုမြဝင်းမိန်းမက ကိုမြဝင်းကိုကြည့်ပြီး ခပ်ပြုံးပြုံး။
၇။
“ အော်.. လူတွေ လူတွေ.. သူတို့ ကြည်ညိုတဲ့ လူတစ်ယောက် မကောင်းကြောင်း ပြောရင် ဝိုင်းပြီး နာလိုက်ကြတာ။ မခံချင်စိတ်တွေနဲ့ ခွန်းတုန့်ပြန်လိုက်ကြတာ။ ဟော.. အဲသည်လူ ကောင်းကြောင်းတွေလည်း ပိုပိုသာသာ ဖိပြောလိုက်ရော အဲသည်လောက်လည်း မဟုတ်ပါဘူးဆိုပြီး လျှောချကြပြန်ရော။ ချေပကြပြန်ရော။ အမြင်ကတ်ကြပြန်ရော။ လူတွေရဲ့ စိတ်က တယ်ဆန်းကြယ်တာပဲ ”
နဖူးပေါ် လက်တင်ရင်း အိပ်ရာထက်မှာ ကိုမြဝင်း တွေးနေမိတယ်။
၈။
အဲဒီညက ကိုမြဝင်း အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာလေ အဆိပ်ခတ်ထားတဲ့ ပျားရည်ကို အငမ်းမရစားပြီး ကြွက်တွေ အတုံးအရုံး သေကြတယ်။ ကိုလှရီသားကတော့ ကြွက်သေတွေ ကြည့်ပြီး လက်ခုပ်လက်ဝါးတီး ပျော်ရွှင်ရယ်မောလို့ ။ ကိုလှရီကတော့ အဘ မပြောဘူးလား လူကလေးရဲ့ ဆိုတဲ့ မျက်နှာထားနဲ့ သူ့သားကို ကြည့်နေလေရဲ့။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
0 comments:
Post a Comment