ဒေးစွန်ပါဘုရားဖူး
March 11, 2014
Written by: မြေနီသစ္စာ
ယခုမတ်လ ပထမပတ်တွင် ဇာတ်လမ်းဇာတ်ညွှန်း အခြေခံအဖွဲ့ဝင်တို့သည် ဒေးစွန်ပါဘုရားဖူး ထွက်ကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဇာတ်လမ်းဇာတ်ညွှန်း အခြေခံအဖွဲ့သည် ရှေ့တန်းက ရပ်တည်လျက်ရှိသည်။ ဘုရားလည်း မိမိတို့ဖူးမည်။
လူထုကြားမှာ သုတအတွေ့အကြုံလည်း ရှာမည်ဟူသောမူဖြင့် ခရီးထွက်ခြင်းဖြစ်သည်။
အားလုံး အနုပညာ ညီအစ်ကို အရေးသမား ၂၀ ကျော်။ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နှင့် ကိုအေးကြူလေးတို့၏ အစီအစဉ် ဖြစ်သည်။ သူတို့နှစ်ဦးက အစားအသောက်၊ အသွားအလာ၊ ခရီးအစီအစဉ်ကို အကျအပေါက် မရှိအောင် စီစဉ်ပေး၍ ကျေးဇူးတင်ရှိရပေသည်။
ဘုရားဖူး ထွက်သည်ဟု ဆိုသော်လည်း တကယ်ကတော့ ပြည်သူ့ဘ၀ လေ့လာရေးခရီးဟုပြောလျှင် ရနိုင်ကောင်းသည်။ လူနှင့်လူ့ပတ်ဝန်းကျင်တို့သည် မြင်ကွင်းစုံသော ဆေးရောင်စုံ ပန်းချီကားများ ဖြစ်နေပေသည်။ ရုန်းကန်လှုပ်ရှား သွားလာနေကြရသော လူတို့ဘ၀သည် မိမိတို့မျက်စိရှေ့မှာ လာရောက်ထိတွေ့ မိတ်ဆက်ကြသည်။ ပျော့ပျောင်းသော၊ ခက်မာသော၊ ကြမ်းတမ်းသော၊ သိမ်မွေ့သော “အရွေ့” တို့ဖြင့် လှုပ်ရှားနေကြသည်။ လူတို့ဘ၀ကို မိမိတို့ဘုရားဖူးနှင့် လေ့လာရေးခရီးမှာ သတိမပြုဘဲ မနေနိုင်အောင် အပေါင်းလက္ခဏာ ဆောင်နေကြပေသည်။
လမ်းတွင် ခေတ်မီသော ခရီးဝေးသွား ကားကြီးတွေကအစ ထော်လာဂျီအလယ်၊ နွားလှည်းအဆုံး အားလုံးကို မြင်တွေ့ရသည်။ မြင်ကွင်းသည် မြို့ပြနှင့် ကျေးလက်တို့ ဆက်စပ်နေ၍ ပိန်လိုက်ဖောင်းလိုက် စိမ်းစိုလိုက်၊ ခြောက်သွေ့လိုက်နှင့် ဆန့်ကျင်ဘက်တို့ တွဲစပ်နေပုံတို့သည်ပင် အတွေ့ရသာ တစ်မျိုးကို ခံစားနေရပေသည်။
ဒေးစွန်ပါသည် ပဲခူးမြို့နယ်ထဲက တောင်ကုန်းအစွန်းပေါ်တွင် တည်ထားသည့် စေတီဖြစ်သည်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကနေ၍ ပဲခူးရိုးမ တောင်ဖျားရှိရာသို့ နှစ်မိုင်ခွဲသာသာ ၂ ဒသမ ၆ မိုင် ကားလမ်းဖြင့် ၀င်ရလေသည်။ ကားနှစ်စီးရှောင်သာသော ကားလမ်းသည် မြေသားလမ်းဖြစ်သော်လည်း ခိုင်ခံ့မာကျောသည်။ ကားမောင်း၍ အဆင်ပြေသည်။ အ၀င်မိုင်ဝက်ခန့် အကွာမှာ ရန်ကုန်-မန္တလေး ရထားလမ်းကို ဖြတ်ရသည်။ ဂေါပကအဖွဲ့နှင့် ပဲခူးဒေသခံ ပြည်သူတို့သည် နှစ်မိုင်ခွဲရှည်လျား၊ ကားနှစ်စီးရှောင်သာသော ကားလမ်းအကျယ်ကို ကွန်ကရစ်ခင်းနေကြသည်။ အစဖြစ်၍ ရန်ပုံငွေရသလောက်ဖြင့် စတင်ပျိုးထောင်နေရသည်။ အလှူငွေ လိုအပ်နေ၍ ဂေါပကအဖွဲ့က အသံချဲ့စက်ဖြင့် မမောမပန်း အလှူခံနေ၏။ ဤဒေးစွန်ပါဘုရားဖူး ကွန်ကရစ်လမ်းဖြစ်ရန် အလှူငွေကို စာနယ်ဇင်းတွေကလည်း နှိုးဆော်ပေးဖို့ မိမိတို့ကိုလည်း ပန်ကြားသည်။ ရန်ကုန်-ပဲခူး စသောဒေသခံ ဒေသရံ အလှူရှင်များ၏ ကုသိုလ်ကောင်းမှုဖြင့် မကြာမီ ကွန်ကရစ်လမ်း ပြီးစီးသွားလိမ့်မည်ဟု မျှော်လင့်ရသည်။
စေတီသည် ပဲခူးရိုးမအစပ်က တောတွင်းမှာ တည်ရှိ၍ ပြည်သူတို့ တင်လှူထားကြသော တောပန်းတောင်ပန်း အလေ့ကျပွင့်ပန်းတို့ဖြင့် မွှေးပျံ့ထုံသင်းနေ၏။ ရင်ပြင်တော်ကို လူတစ်ရာခန့်မျှဆံ့အောင် ကျယ်ပြန့်စွာ ဆောက်ထား၏။ ကွန်ကရစ် လှေကားလေးများကလည်း အတက်အဆင်းပြုရန် အရှေ့၊ အနောက်၊ တောင်၊ မြောက်တွင် သွားလိုရာသွားနိုင်အောင် တည်ဆောက်ထား၏။ ဒေးစွန်ပါစေတီ၏ နံဘေးတွင်လည်း မြှောင်၍တောလမ်းကလေးတို့ ရှိသည်။ ယင်းလမ်းတို့က တောင်စောင်းရှိ စေတီငယ်များ၊ ရသေ့၊ ရဟန်းများ သီတင်းသုံးရာ နေရာတို့ကိုလည်း သွားလာနိုင်ကြလေသည်။ ပတ်ဝန်းကျင်သည် သစ်တောသစ်ပင်တို့နှင့် အုပ်အုပ်ဆိုင်းဆိုင်းရှိ၍ အေးချမ်းသာယာသည်။ ဘုရားလမ်းအတက်ကွက်လပ်၊ တောင်တန်းနံဘေးမှာ ရေချိုတွင်း တစ်တွင်းရှိသည်။ ရေကောင်းသည်။ ရေသန့်သည်။ ဘယ်လောက်ခပ်ခပ် ရေကမူလအတိုင်းထိ ပြန်ထွက်၍ ရေအတွက် စိတ်ချရသည်။
လူနှင့်လူ့ပတ်ဝန်းကျင်တို့သည် မြင်ကွင်းစုံသော ဆေးရောင်စုံ ပန်းချီကားများ ဖြစ်နေပေသည်။ ရုန်းကန်လှုပ်ရှား သွားလာနေကြရသော လူတို့ဘ၀သည် မိမိတို့မျက်စိရှေ့မှာ လာရောက်ထိတွေ့ မိတ်ဆက်ကြသည်။ ပျော့ပျောင်းသော၊ ခက်မာသော၊ ကြမ်းတမ်းသော၊ သိမ်မွေ့သော “အရွေ့” တို့ဖြင့် လှုပ်ရှားနေကြသည် . . . . .
အတက်အဆင်း စောင်းတန်းငယ် ၂၇ ခန်းမျှ ရှိသည်။ အနိမ့်ကို အနည်းငယ်မျှ ဆင်းရကာ အမြင့်သို့ ချည်တက်သွားသော နတ်လမ်းဖြစ်သည်။ ကျိုက်ထီးရိုးလမ်းတည်စလို အနေအထားမျိုးဖြစ်သည်။ စောင်းတန်းတစ်လျှောက်တက်တိုင်း သစ်သားထိုင်ခုံအရှည်တို့ သပ်ရပ်စွာ စီခင်းထားသည်။ ဘုရားပေါ်တက်ရင်း ဘုရားဖူးတို့ အပန်းဖြေ နားနေရန် ခင်းကျင်းထားသော ထိုင်ခုံတို့တွင် ထိုင်နေနားနေကြသော ဘုရားဖူးတို့ကို စိတ်ချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရသည်။
ဘုရားနှင့် ရင်ပြင်တော်ပေါ် ရောက်လုနီး ပေ ၇၀ အလိုလောက်မှာ မတ်စောက်သော အတက်လမ်း သုံးဆင့်မျှရှိသည်။ လက်ကိုင်တို့ကို ဘုရားဖူးတို့ မြဲမြံစွာ ကိုင်နိုင်အောင် တည်ဆောက်ထား၍ လုံခြုံစိတ်ချရသည်။ အတက်ကြမ်းသည်ဟု ဆိုလောက်၍ ယင်းသုံးနေရာတွင် နားပြီးသွားနိုင်ရန် ထိုင်ခုံရှည်တို့ အလုံအလောက်ရှိသည်။ ဂေါပကအဖွဲ့၏ တတ်စွမ်းသမျှ အားထုတ်မှုကို သာဓုခေါ်မိပါသည်။ နောင်ကွန်ကရစ်တက်လမ်းများ ပြုလုပ်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဟု သိရသည်။ အလှူရှင်တို့၏ အလှူဒါနပေါ်တွင် မူတည်နေ၏။ အလှူဒါန ပွားများရရှိလေ အခြေအနေ တိုးတက်လာလေဟု မှတ်ယူနိုင်သည်။
ရင်ပြင်တော်ပေါ်သို့ ဘုရားဖူးများ ရောက်လာသူတို့အတွက် ရင်ပြင်အောက်အဆင်းမှာ အိမ်သာတို့ရှိသည်။ သန့်ရှင်းသော်လည်း အိမ်သာတစ်နေရာ မြောက်ဘက်တွင် ပေသုံးလေးဆယ်နက်သော ချောက်ကိုမြင်ရ၍ လိမ့်ကျသွားနိုင်သော အန္တရာယ်ရှိသည်။ ပြုပြင်ကာရံရန် လိုအပ်ပါသည်။ ၀န်လေးတို့ကို ဘုရားရင်ပြင်ထိအောင် သယ်ပို့ပေးသော အထမ်းသမားတို့ကိုလည်း တွေ့ရသည်။ သူတို့လုပ်အားဖြင့် ဘုရားစောင်းတန်းတစ်လျှောက် ဖွင့်လှစ်ထားသော ဆိုင်များဆီသို့ ၀န်လေးတို့ကို ပို့ဆောင်ပေးကြ၏။ အလှူရှင်တစ်ဦး၏ ဒံပေါက်ထမင်းထုပ်များကို သယ်လာစဉ် တက်လမ်းတစ်လျှောက် ဆာလောင်လာအောင် ဒံပေါက်ရနံ့က မြှူဆွယ်သိမ်းသွင်းသွားသည်။
အပြန်မိမိတို့အဆင်း အလယ်လောက်အရောက်မှာ ခေတ္တနားသည်။ ဖြူဖြူချောချော ဒံပေါက်အလှူရှင် အမျိုးသမီးက ကိုအေးကြူလေးနှင့် မိမိတို့ကို ဒံပေါက်တစ်ထုပ်စီ ချီးမြှင့်သည်။ အမျိုးသမီးကို မေးကြည့်တော့ ဘုရားဂေါပက အဖွဲ့ဝင်များ၊ လုပ်အားရှင်များအတွက်နှင့် မိမိတို့ကဲ့သို့ ကြုံဆုံသူများအတွက် ထိုမျှမက ဘုရားတွင် မှီခိုနေသော ခွေးများအတွက်ပါ လှူဒါန်းကြောင်း သိရလေသည်။
ဤဘုရားစောင်းတန်းတို့တွင် ဆိုင်ခန်းတို့မှာ မှီခိုနေထိုင်သည့် ခွေးပေါင်း ၇၂ ကောင်ရှိသည်ဟု သိရသည်။ ခွေးတွေ ဒီလောက်များများကို ဘာကြောင့်ကျွေးမွေးထားကြ ပါသနည်း။ အမေးရှိလျှင် အဖြေရှိရပေမည်။ ဘုရားပတ်ဝန်းကျင်သည် တောကြီးဖြစ်သည်။ လူခြေတိတ်ဆိတ်သော ညအခါတွင် တောကောင်တို့ သွားလာကျက်စား၏။ ဘုရားပရိဝုဏ်အနီးသို့ ကပ်လာသော တောကောင်တို့ကို အနံ့ရသည်နှင့် ခွေးပျိုခွေးအို ခွေးညိုတို့သည် သံပြိုင်အူကြတော့ရာ တောကောင်တို့ ဆုတ်ခွာထွက်ပြေးကြသည်။ ယင်းအတွက် ၇၂ ကောင်သော ခွေးတို့သည် အဖိုးတန် အစောင့်အရှောက်များ ဖြစ်ကြ၏။
ဘုရားစောင်းတန်း တစ်လျှောက်မှာ ပန်းဆိုင်၊ ဒေသထွက် ဆေးမြစ်ဆေးဝါးဆိုင်၊ ထမင်းဆိုင်၊ အအေးဆိုင်တို့နှင့်အတူ စာအုပ်ဆိုင်လည်း ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ရှုမ၀၊ မြ၀တီ၊ ငွေတာရီတွင် ရေးသားသော ပဲခူးသူ ကျွန်တော်တို့ အမေ၊ စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ်၏ ဒေးစွန်ပါဘုရား သမိုင်းကား အင်မတန်ရောင်းကောင်းသော စာအုပ်ပင်။ ဂမ္ဘီရစာအုပ်တွေလည်း စုံ၏။ အခမဲ့ စာထိုင်ဖတ်နေသူကိုလည်း တွေ့ရ၏။ ကြည်နူးဖွယ်ပင်။
ဘုရားဖူးရင်း လူထုကြားက သုတအတွေ့အကြုံတို့ကို ခရီးသွားဟန် လွဲရခဲ့သည်။ “တကယ့်အဖိုးတန်တဲ့ ခရီးပါပဲဗျာ” ဟု ရုပ်ရှင်ပြတိုက်မှူးကြီး ဦးဌေးအောင် (ဆွေဗမာ) က ထောမနာပြုသည်။ မိမိတို့ ရေးသားကြမည့် ဇာတ်လမ်းဇာတ်ညွှန်းများအတွက် ဒေသခံတို့၏ စားဝတ်နေရေး လှုပ်ရှားရုန်းကန်နေပုံတို့ကိုကြည့်ရင်း ထိရှဖွယ်ရာ၊ သတိရဖွယ်ရာနှင့် သုံးသပ်ဆင်ခြင်ဖွယ်ရာတို့ အပါအ၀င် ကရုဏာသက်ဖွယ်တို့ကို တွေ့ရမြင်ရ ကြုံရသည်မှာလည်း ဘုရားဖူးခရီး၏ နောက်ဆက်တွဲ အကျိုးဆက်များပင်။
0 comments:
Post a Comment