ဟန်ဘာဂါနဲ့ ငြိမ်းချမ်းရေး
နေ့လည်က သူငယ်ချင်းတစ်ယောက်နဲ့ ဟန်ဘာဂါ စားဖြစ်တယ်။ မက်ဒေါနယ်တော့ မဟုတ်ဘူးပေါ့။ စားနေရင်း 'ဟန်ဘာဂါ စားသူချင်း စစ်မဖြစ်' ဆိုတဲ့ ငြိမ်းချမ်းရေး အယူအဆကို သွားသတိရမိတယ်။
ဒီမိုကရေစီ နိုင်ငံတွေဖြစ်လာရင် မက်ဒေါနယ် ဟန်ဘာဂါဆိုင်တွေ ပျံ့နှံ့လာတယ်။
'ဟန်ဘာဂါ စားကြတဲ့ နိုင်ငံအချင်းချင်းဟာ ဘယ်တော့မှ စစ်မဖြစ်ကြဘူး' ဆိုတဲ့ ဒီမိုကရေစီ ဆရာကြီးတွေ မိန့်ဆိုတာကို အမှတ်ရမိတယ်။ ဟန်ဘာဂါ စားတဲ့နိုင်ငံနဲ့ ဆန်မုန့်စားတဲ့နိုင်ငံ စစ်ဖြစ်နိုင်တယ်၊ ဆန်မုန့်စားတဲ့နိုင်ငံအချင်းချင်း ထချလေ့ရှိတယ်၊ ဟန်ဘာဂါ စားသူချင်းကတော့ ဘယ်တော့မှ စစ်မဖြစ်ကြပါတဲ့။
ဒီအယူအဆက 'ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ' (Democratic Peace Theory) ကနေ လာတာ ဖြစ်တယ်။ အဲဒီသီအိုရီကို စတင်ပြောသူက ၁၇၂၄ မှာ မွေးတဲ့ ဒဿနပညာရှင် ဧမာနွေလ ကန့် (Immanuel Kant) ဖြစ်တယ်။ သူက 'ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှ စစ်မခင်း" (Democracies have never fought each other.) ဆိုတာကို ပြောခဲ့တယ်။ ဒီမိုကရေစီ ပျံနှံခြင်းဟာ ငြိမ်းချမ်းရေး ပျံ့နှံခြင်း၊ ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ များလာတာနဲ့အမျှ ငြိမ်းချမ်းရေး ပိုရရှိလာမယ်လို့ ဆိုခဲ့တယ်။
ကန့်က ၁၇၉၅ မှာ 'ထာဝရငြိမ်းချမ်းရေး'(Perpetual Peace) ကျမ်းကို ရေးခဲ့ပြီး၊ အဲဒီကျမ်းအပြီး ၁၂၅ နှစ်လောက်မှာ သူကျမ်းအပေါ် အခြေခံထားတဲ့ 'နိုင်ငံပေါင်းချုပ် အသင်းကြီး' ကို ပထမကမ္ဘာစစ်အပြီးမှာ ဖွဲ့နိုင်ခဲ့ကြတယ်၊ ဒုတိယကမ္ဘာစစ်အပြီးမှာ 'ကုလသမဂ္ဂအဖွဲ့ကြီး' ကို ဖွဲ့နိုင်ခဲ့တယ်။
ဒီနေ့ထိလည်း ကန့်ပြောတဲ့ ဒီမိုကရေစီနဲ့ ဒီမိုကရက်တစ်အတွေးအခေါ် ထွန်းကားပျံ့နှံ့မှုကသာ လူ့အဖွဲ့အစည်းတွေအတွက် ငြိမ်းချမ်းရေးကို ပေးနိုင်တယ်ဆိုတာက မှန်နေတုန်းပါပဲ။ အဲဒီအတွက် ဒီမိုကရက်တစ်စိတ်ဓာတ်တွေ ပျံ့နှံစေဖို့လိုတယ်၊ ဆန်မုန့်ဆိုင်တွေနေရာမှာ ဟန်ဘာဂါ ဆိုင်တွေ များများ အစားထိုးလာဖို့လိုတယ်။ နောက် ဟန်ဘာဂါ စားသူဟာ ငြိမ်းချမ်းရေး မြှင့်တင်သူလို့ ထင်မိလို့ သူများကျွေးတာစားရင်း ကိုယ့်ဟာကိုယ်လည်း ဘ၀င်မြင့်နေမိတယ်..
0 comments:
Post a Comment