Saturday, March 8, 2014

ကျနော်လိုချင်သော Autonomous University နှင့် Academic Freedom.........

"ကျနော်တို့ခေတ်ရဲ့ တက္ကသိုလ်တွေအပေါ် ခံစားမှုကိုအခြေခံပါတယ်"

ကျနော် စက်မှုတက္ကသိုလ်(နည်းပညာတက္ကသိုလ်) တက်ခဲ့ရတဲ့ အချိန်တုန်းကတော့ ခေတ်ဆိုးကြီးပေမယ့် ကျနော်တို့ ဆရာတွေ ထိန်းထားလို့ တက္ကသိုလ်သင်ကြားမှုတချို့အပိုင်းတွေ အဆင်ပြေခဲ့ပါတယ်...။
ဒါကြောင့်လဲ ကျနော့်ဆရာတွေကျေးဇူးကိုလဲ အမြဲတမ်းအောက်မေ့သတိရပါတယ်။..... ကျေးဇူးဂုဏ်ကို ခံစားမိတိုင်း အဝေးကနေ ရှိခိုးလျှက်ရှိပါတယ်...။
ကျနော်တို့ခေတ်ကတည်းက တက္ကသိုလ်အုပ်ချုပ်မှုအပိုင်းမှာ အဆင်မပြေတော့ပါဘူး....။
Autonomous University ဖြစ်စေချင်တဲ့ အပိုင်းကို အရင်ပြောပါ့မယ်...။
Autonomy ရဲ့အဓိပ္ပါယ်ကတော့ -
1.independence or freedom, as of the will or one's actions: the autonomy of the individual
2.the state or condition of having independence or freedom, or of being autonomous; self-government, or the right of self-government


3. a self-governing community
ကျနော်တို့ တက္ကသိုလ်တွေကို လိုချင်တာကတော့ a self-governing community ပါ။ ဘာလို့ ဒီလောက်တောင် လိုနေချင်နေရတာလဲ ကျနော်ပြောပြပါ့မယ်.....။
(၁) တက္ကသိုလ်မှာ ကျောင်းသား/သူတွေ အလေးစားဆုံးက ကိုယ့်ကို စာသင်ပေးတဲ့ ဆရာ/ဆရာမတွေပါ....။ ဆရာ/ဆရာမတွေကလည်း ဆရာစိတ်အပြည့်ရှိပါတယ်...။ ဘယ်လောက်တောင် ဆရာစိတ်ရှိလဲဆိုတာ မိဘလိုပါပဲ.... ကျနော့်အတွေ့အကြုံအရ ၂၀၀၇- နိုင်ငံရေးမှုနဲ့ ထောင်ကျပြီး ပြန်လွတ်လာတော့ ရပ်ကွက်တွေထဲမှာ အနေခက်လာတဲ့အခါ ကျနော့်ဆရာနဲ့ ဆရာမလင်မယား(၂)ယောက်အိမ်မှာ ကျနော်သွားနေပါတယ်...။ ကျနော် အားငယ်မှာ စိုးလို့ ကျနော့်ကို အရမ်းဂရုစိုက်ပါတယ်...။ ကျနော့်အရင်ကောင်မလေးကလည်း ကျနော့်ကို ထားသွားတော့ ကျနော် အပြင်တစ်နေရာသွားပြီး ပြန်လာတိုင်း သတင်းတမေးမေးနဲ့..... နောက်.... စကားတွေ အများကြီး..... ကျနော့်ကို ပြောပေးကြတယ်..(ဘယ်လောက်တောင် လူပီသလိုက်သလဲ...) ဆရာမဆို ကျနော့်အဝတ်ဟောင်းတွေကို သူ့အိမ်က အဝတ်တွေ အဝတ်လျှော်စက်နဲ့လျှော်တာ ယူယူလျှော်နေလို့ ကျနော် မျက်ရည်ဝဲပြီး အတင်းဆွဲယူရတယ်....။ ဒါတောင် ဆရာမက ပြောသေး.... "ရဲဝင်းရယ်..... ငါ အဝတ်လျှော်စက်နဲ့ လျှော်တာပါဟယ်" တဲ့.........
မိဘလိုပဲလို့ ကျနော်ပြောတာ လွန်လား.....။
EC Dept. က ကျနော့်ဆရာ+ဆရာမလင်မယားကိုလဲ အခုဒီအက်ဆေးနဲ့ ကန်တော့လိုက်ရပါတယ်...။
(သွားကန့်တော့တိုင်း အကန်တော့ မခံလို့ပါ... စိတ်ဓာတ်ကြီးမြတ်ပုံပြောပါတယ်...)
ဒီလိုဆရာ/ဆရာမတွေကို အထက်က ဝန်ကြီးဆိုသူတွေ၊ ညွှန်ချုပ်ဆိုသူတွေ၊ (နောက် ဒီခေတ်အထိရှိသေးတဲ့ စစ်တပ်က ဗိုလ်မှူးကြီးဆိုသူတွေကို လာခန့်ထားတဲ့) စီမံရေးရာဌာနမှူးဆိုသူတွေက လာအမိန့်ပေးပြီး သူတို့ကို ကြောက်နေရတာ ကျနော်တို့ ကြည့်နေနိုင်မလား..... စဉ်းစားသာ ကြည့်ပါတော့.....။ ကျနော်တို့ရဲ့ ဒုတိယမိဘတွေကို ဒီလိုလာပြီး ရင့်သီးစော်ကားနေတာကို ကျနော်တို့ ကျောင်းသား/ကျောင်းသူတွေ လုံးဝ(လုံးဝ) မကြိုက်ပါ....။ ရင့်ရင့်ပြောရရင် ကိုယ့်အမေကို ပါးလာရိုက်နေသလိုပဲ..... ကျနော်တို့ ရင်ထဲက ခံစားရပါတယ်....။ ကျနော် အပေါ်က အပိုဒ်တွေမှာ ဖော်ပြပြီးသွားပြီဖြစ်တဲ့ ဆရာ့အကြောင်းကို ထပ်ပြောပြပါဦးမယ်...။
ဆရာက EP မေဂျာမှာ နှစ်တိုင်း Roll-1 ဆွဲလာခဲ့ပြီး Master တက်ရပြီး ဆရာလုပ်လာခဲ့သူပါ...။ မိဘက တင့်တောင့်တင့်တယ်ပါပဲ...။ အိမ်ပြန်နေရင် အခန့်သားနေလို့ရပါတယ်...။ (ကျနော်လဲ ဆရာ့နယ်က အိမ်ကို ရောက်ဖူးပါတယ်...) ကျနော်တို့ ကျောင်းပြီးတဲ့နှစ်မှာပဲ... ဆရာ့ကို မိတ္ထိလာလေကြောင်းတတ္ကသိုလ်ကို ရာထူးတစ်ဆင့်တိုးပြီး နယ်နှင်ပါတယ်...။ ဆရာက ရာထူးမလိုချင်ဘူး.... စက်မှုတက္ကသိုလ် EP Dept. မှာပဲ သုတေသနလုပ်ပြီး နေချင်ပါတယ်လို့.... ပြောပြီး နေပါတယ်....။ (၆)လလောက်ကြာတဲ့အခါမှာတော့ ဝန်ကြီး(မောင်သောင်း)က ဆရာ့ကို စီမံဌာနမှူး(ဗိုလ်မှူးကြီး)ကို ခိုင်းပြီး လုံခြုံရေးအစောင့်တွေနဲ့ ဆရာများအဆောင်က ဆွဲချတော့တာပါပဲ....။ ဘယ်လောက်မိုက်ရိုင်းတဲ့ကိစ္စလဲ.......။ ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို မထောက်ပဲ ရိုင်းစိုင်းတဲ့ အပြုအမူပါ...။ ဆရာက ဘာပစ္စည်းမှ မယူဘဲအဝတ်တထည်၊ ကိုယ်တခုနဲ့ ဆင်းလာရတာ ဆရာ့အနေနဲ့ရော၊ ကျနော်တို့အနေနဲ့ရော ဘယ်လောက်ခံစားရမလဲ..စဉ်းစားသာကြည့်တော့.။ ဆရာဆို ခံစားရတာ ဘဝပျက်သလိုပဲ....။ အရက်ချည်းပဲသောက်နေလို့..... ကျနော်တို့ကော၊ ဆရာ/ဆရာမတွေကော၊ နောက်ဆုံးဆရာ့အမေပါ ရန်ကုန် လိုက်လာပြီး ဆရာ့ကို ထိန်းရပါတယ်....။ ဆရာ့ကိုအပြစ် ကျနော်တို့ မဆိုခဲ့ကြပါဘူး....။
စက်မှုတက္ကသိုလ်ကို ချစ်ပြီး စာတော်လျှက်နဲ့ နိုင်ငံခြားမထွက်ပဲ ကျောင်းမှာပဲ ဆင်းဆင်းရဲရဲနဲ့ ဆရာပြန်လုပ်၊ သုတေသနလုပ်နေတဲ့ဆရာ..... သူ..သေရင်တောင် ကျောင်းထဲမှာပဲ သေချင်နေမယ့်ဆရာလေဗျာ......... စဉ်းစားသာကြည့်တော့.... လွန်လားလို့.........
"ပညာရပ်ဆိုင်ရာမြတ်နိုးမှု"ဆိုတာ ခင်ဗျားတို့ ဘယ်လောက် ခံစားတတ်လို့လဲ.....
လူ့ယဉ်ကျေးဆိုတာဒီလိုဗျလို့ ဒီနေရာကနေ ကျနော် အတိအလင်း ပြောလိုက်ပါမယ်.......။
လူမှ ခံစားတတ်တာပေါ့ဗျာ...........။
ဆရာမတွေကိုယ်တိုင် အမြဲတမ်းစာမေးခံရတဲ့ဆရာ၊ သုတေသနမှာလဲ တော်တဲ့ဆရာလိုလူမျိုးကို ဗဟိုချုပ်ကိုင်မှုကြောင့် ကျနော်တို့တက္ကသိုလ်ကြီးမှာ နောက်ဆုံး..... အရည်အချင်းရှိတဲ့ လူငယ်ဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါပဲ....။ ဘယ်လောက်ဆိုးလိုက်တဲ့ ဗဟိုချုပ်ကိုင်မှုလဲ.....။ ကြောက်တတ်တဲ့ ဌာနမှူးကော၊ ပါချုပ်ကော ကျနော်တို့ ဆရာ/ဆရာမတွေကို မကာကွယ်နိုင်ပါဘူး........။ ဒါကြောင့် တက္ကသိုလ်တွေမှာ a self-governing community (Autonomy) ဘယ်လောက်လိုလဲဆိုတာ သဘောပေါက်လောက်ပါပြီ.....။
(၂) တက္ကသိုလ်မှာ ဒုတိယလေးစားရတဲ့ပုဂ္ဂိုလ်တွေကတော့ ဌာနမှူနဲ့ ပါချုပ်ပါ....။ မော်ကွန်းထိန်းဆိုတာ တတိယအဆင့်လောက်ပါပဲ....။ အခုခေတ်ပြောင်းရင် ပါချုပ်ဆိုတာထက် အဓိပတိဆိုတာကို ပြန်ပြောင်းရင် ပိုကောင်းမယ်ထင်ပါတယ်...။ အခုထိ ပါချုပ်တွေက ညွှန်ချုပ်တို့၊ ဝန်ကြီးတို့မျက်နှာကိုပဲ ကြည့်ပြီးဆောင်ရွက်နေသေးလို့ပါ...။ ပါချုပ်ဆိုတာ ကျောင်းဆရာကနေ ဖြစ်လာတာပါ...။ ဆရာစိတ်ရှိရပါမယ်...။ တက္ကသိုလ်ပရဝုဏ်အတွင်းမှာ အာဏာပိုင်စိုးမှုရှိရပါမယ်....။ စီမံအုပ်ချုပ်မှုမှာ သူပြီးရင် ဝန်ကြီးမပြောနဲ့ သမ္မတတောင် ဝင်စွက်ဖက်လို့ မရအောင် Autonomy ပေးထားရပါမယ်...။
အခုဟာက ဒီလိုမဟုတ်ဘူး..... ဌာနမှူးက မော်ကွန်းထိန်းနဲ့ စီမံဌာနမှူး(ဗိုလ်မှူးကြီး)တွေကို ကြောက်နေရတဲ့ခေတ်ပါ.......။ ပါချုပ်က ညွှန်ချုပ်နဲ့ ဝန်ကြီးတွေကို ကြောက်နေရတဲ့ခေတ်ပါ...။ ပါချုပ်ဆိုတာ ဆရာ/ဆရာမတွေ၊ ဌာနမှူးတွေကို ကာကွယ်နိုင်ဖို့နေဦး၊ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ပါဘူး.......။ ဘယ်လောက်တောင် ဂုဏ်သိက္ခာထိခိုက်တဲ့အလုပ်လည်း စဉ်းစားတာကြည့်တော့...။
ကျနော့်ကျေးဇူးရှင် ဆရာကြီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ထပ်ပြောပြပါ့မယ်.........။
ဆရာက ဂျူး၊ မွန် (ပေါ်တူဂီပါစပ်တယ်)လို့ ဆရာပြောဖူးပါတယ်...။ ဆရာ့အမေက မွန်မကြီးအစစ်ပါ...။ ဆရာ့ပုံစံက အိန္ဒိယနွယ်ဖွားပုံစံ ထွက်နေပါတယ်....။ ကျနော့် Professional (Electronic) နဲ့ ပတ်သက်လာရင် ဆရာက ကျေးဇူးအကြီးဆုံးပုဂ္ဂိုလ်ပါ...။ ကျနော်တို့ စက်မှုတက္ကသိုလ်မှာ CNG ယာဉ်တွေအတွက် Electronic Control Unit (ECU) ကို သုတေသနလုပ်တော့ ကျနော်အပါအဝင် ကျနော်တို့သူငယ်ချင်းအင်ဂျင်နီယာကျောင်းဆင်းပြီးခါစတွေ ဝိုင်းလုပ်ကြပါတယ်...ကျနော်တို့အနေနဲ့ လစာကော၊ အသိအမှတ်ပြုအနေနဲ့ Volunteer Engineer ဆိုတာကော မရပါဘူး.........ဆရာ့ကို ချစ်ကြတော့ ကျနော်တို့လဲ ပညာသင်ရင်း ဆရာ့အတွက် ဝိုင်းလုပ်ကြတာပါ...။ ကျနော်တို့ သုတေသနအထိုက်အလျောက်အောင်မြင်တော့ ဒုဝန်ကြီးကိုယ်တိုင် ကျောင်းထဲမှာလမ်းသလားနေတာပေါ့....။ ပါချုပ်တောင် ဆရာ့ကိုလာလာပြီး ဂါရဝပြုရတဲ့အဆင့်ပေါ့ဗျာ....။ ဒါနဲ့ ဆရာ့ကို နေပြည်တော်နားက ဧလာကို ဌာနကြီးမှူး၊ မန္တလေးနည်းပညာတက္ကသိုလ် (ဧည့်ပါမောက္ခ)နဲ့ ရာထူးတိုးတော့.... အာဏာရှင်စရိုက် ပေါ်လာတော့တာပါပဲ....။ စီမံဌာနမှူး(ဗိုလ်မှူးကြီး)ဆိုသူက ကျနော်တို့ သုတေသနအခန်းကို ဝင်သိမ်းပါတော့တယ်....။ သူက အရင်ကတည်းက ကျနော်တို့ကို တော်ပြီး ဆရာကအားကိုးရတော့ (ကိုယ့်ဂုဏ် ကိုယ်ဖော်တာပါ... :P) ၊ ဒုဝန်ကြီးကလည်း ဆရာ့ကို မျက်နှာသာပေးတော့ သိပ်မထိရဲဘူးဗျ....။ ဆရာက တခြားဌာန၊ တက္ကသိုလ်ပြောင်းတော့ သူ့ဂွင်ထဲဝင်လာပြီဆိုပြီး သူထလုပ်တော့တာပါပဲ....။ ဆရာနေပြည်တော်သွားနေတုန်း ကျနော်တို့ကို မောင်းထုတ်တော့တာပဲ..။ ရန်ဖြစ်ကြတော့ပေါ့ဗျာ.......နောက်ဆုံး သူပြောတဲ့စကားကြောင့် ကျနော်တို့သူငယ်ချင်းတွေ လက်ပါမှာစိုးလို့ တစ်ယောက်ကို တစ်ယောက် ထိန်းရင်း ကျနော်တို့ ချစ်လှတဲ့ ဒုတိယမိခင် စက်မှုတက္ကသိုလ်ကို ဝမ်းနည်းစွာနဲ့ စွန့်ခွာခဲ့ရပါတော့တယ်...။ သူပြောတဲ့စကားကတော့ "မင်းတို့ဆရာကုလားကို ငါက ဂရုစိုက်မယ်ထင်လို့လား...." တဲ့......... ဘယ်လောက်တောင် စော်ကားလိုက်တဲ့ ဗိုလ်မှူးကြီးလဲ.....။ ကျနော်တို့ အခုထိဆရာ့ကို ဒီစကား ပြန်မပြောပါဘူး......။ ဆရာ.....နေပြည်တော်ကနေ ပြန်လာမှ ကျနော်တို့ရဲ့ လက်တွေ့စမ်းသပ်နေတဲ့ပစ္စည်းတွေ ကျောင်းမှာ သွားသိမ်းရင်း စီမံဌာနမှူးနဲ့ ပြဿနာနည်းနည်းဖြစ်ခဲ့တယ်ဆိုတာလောက်ပဲ ဆရာ့ကို ပြောပြမိခဲ့ပါတယ်.....။ ဆရာ့အနေနဲ့ ကျနော်တို့ကို အနေခက်မှာ စိုးတာကော၊ ဆရာ့ပညာတက်လမ်းကို ဆရာစိတ်မကောင်းစွာနဲ့ လုပ်နေရမှာကို ကျနော်တို့သူငယ်ချင်းတစ်စု မလိုလားတာကောပါ.......။ ဒီလောက် ဝန်ကြီးဌာနအပေါ်ကောင်းခဲ့တဲ့ ဆရာလဲ နောက်ဆုံး.... လူမှုရေးကိစ္စလေးနဲ့ အလုပ်က ထုတ်ခံရပါတော့တယ်....။ အခုတော့ ဆရာ ပြည်ပကို ထွက်သွားပါပြီ....။
ကျနော်ပြောချင်တာက အရေးရယ်၊ အကြောင်းရယ် ဖြစ်လာခဲ့ရင် ကျနော်တို့လိုကျောင်းသားတွေကိုထားတော့ ကျနော်တို့ဆရာတွေကိုတောင် ပါချုပ်၊ ဌာနမှူးဆိုသူတွေက မကာကွယ်နိုင်ပါဘူး.....။ ဘယ်လောက်ဆိုးတဲ့စနစ်လဲ....။ ဒီလို Autonomy မရှိလို့ ကျနော်တို့ စက်မှုတက္ကသိုလ် (နည်းပညာတက္ကသိုလ်) က ဆရာ/ဆရာမတွေ အကုန်နီးပါးအလုပ်ထွက်ပြီး နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆရာတွေအဖြစ် သွားလုပ်တာ သူတို့ အပြစ်မဟုတ်ပါဘူး.....။ ကျနော်တို့တောင် အသဲနာရင် သူတို့ ဘယ်လောက် အသဲနာရမလဲ....။ Academic Freedom လဲ မရှိတော့ ပိုဆိုးတာပေါ့.....။ ဒါကတော့...... ကျနော်ကြုံရတဲ့ ဝန်ကြီးဌာနစီမံခန့်ခွဲမှုကြောင့် ထွက်လာတဲ့ဘေးထွက်ဆိုးကျိုးတွေပါ....။
ခင်ဗျားတို့ကို ပြောချင်တာက တိုင်းပြည်ကို ကောင်းစေချင်ရင် -
(၁) တိုင်းပြည်အနာဂတ်အတွက် ပညာတတ်ဆရာ/ဆရာမတွေကို ထပ်အဆုံးရှုံးမခံပါနဲ့တော့.......။
(၂) ဆရာတွေကို ကျောင်း(ပညာရှင်ပရဝုဏ်)မှာ ပျော်အောင် ဖန်တီးပေးပါ.....။
(၃) ဆရာ/ဆရာမတွေက ပညာတတ်တွေဖြစ်တာကြောင့် ဂုဏ်သိက္ခာကို အသက်ထက် ပိုမြတ်နိုးတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်အောင် လုပ်ပါ...။
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဌာနမှူး၊ ပါချုပ်(အဓိပတိ)တွေကို ပြန်အပ်နှင်းပါ....။ နောက်ဆုံးဆုံးဖြတ်ရရင်တောင် ပါချုပ်ကိုသာ အုပ်ချုပ်ခွင့်အာဏာပေးထားပါ....။ ဘယ်ဝန်ကြီး၊ ဘယ်ညွှန်ချုပ်မှ ဝင်မပါပါစေနဲ့....။ အနန္တော၊ အနန္တထဲမှာမပါတဲ့ ခင်ဗျားတို့ကို ကျနော်တို့ ဆရာ/ဆရာမတွေ ကြောက်နေရတာ ကျနော်တို့ မကြည့်ရက်ဘူးဆိုတာ ဒီနေရာကနေ အတိအလင်း ထပ်ပြောလိုက်တယ်....။

ကျနော်တို့လိုချင်တဲ့ Autonomous University အကြောင်းကို ကျနော်တို့ မသိဘဲ လျှောက်ပြောနေတာမဟုတ်ဘူးဆိုတာ သဘောပေါက်တော့...... လူကြီးမင်းတို့....။ နိုင်ငံတကာတက္ကသိုလ်တွေအကြောင်းသိချင်ရင် စာဖတ်ကြည့်ကြပေါ့ဗျာ.....။
Wiki ခေါက်ပြီး ရှာဖတ်လည်းရပါတယ်.... ပညာတတ်တယ် ဆိုရင်ဖြင့်ပေါ့ဗျာ...........။

ဗုဒ္ဓဘာသာတရားအရ အနန္တော၊ အနန္တဂိုဏ်းဝင် ကျနော်တို့ ဆရာ/ဆရာမတွေကို ကျနော်တို့ ကာကွယ်ရမယ်ဆိုတာရယ်......
ကျနော်တို့ရဲ့ ရင်နှစ်သီးခြာ ဖြစ်လာမယ့် ကျနော်တို့ သားသမီးတွေတက်မယ့် တက္ကသိုလ်တွေကို ကျနော်တို့လို တက္ကသိုလ်ကျောင်းတော်သား/ကျောင်းတော်သူတွေ ဖြစ်ပါလျှက်နဲ့ ထပ်ပြီး မျက်နှာမငယ်စေချင်ဘူးဆိုတာလည်း ထပ်ပြီး သတိပေးလိုက်ပါတယ်.....။
နောက်ရက်ကျရင် Academic Freedom အကြောင်းဆက်ရေးပါမယ်....။

ရိုးယံနှိုင်း
(၂၄.၁.၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...