Monday, March 3, 2014

သတ္တ၀ါအသီးသီးတို့၏ ဘုံဌာနနှင့်သက်တမ်းများ


သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။


(၂) လူသားတို့၏ သက်တမ်းမှာ အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။

(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀၀)နှင့် ညီမျှပေသည်။

(၄) တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။

(၅) ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။

(၆) တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။

(၇) နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။

(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။

(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည် (၁) အာယုကပ်၊ (၂) အန္တရကပ်၊ (၃) အသင်္ချေယျကပ် ၊ (၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
ထိုလေးပါးတို့တွင် သတ္တ၀ါတို့၏ သက်တမ်း အသီးသီးကို အာယုကပ်ဟုခေါ်သည်။ လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟု ခေါ်သည်။ အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။ အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ် (တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။ အသင်္ချေယျ ကပ်ကို လေးမျိုးခွဲခြားပြန်၏။
(က) သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ခ) သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
(ဂ) ၀ိဝဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ဃ) ၀ိဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းတည်နေသော အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျကပ်(၄)မျိုး ရှိပေသည်။
ထိုကဲ့သို့ သတ္တ၀ါတို့ ကျင်လည်ရာ နေရာဌာနအလိုက် သက်တမ်းများလည်း အမျိုးမျိုးရှိကြပေရာ ကျွန်ုပ်တို့သတ္တ၀ါများသည် သံသရာမှမလွတ်မြောက်သရွေ့ အထက်ဖော်ပြပါ နေရာဌာနများ၌ သွားလာလှုပ်ရှား ရုန်းကန်နေကြရပေအုန်းမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀ကောင်းလေး ရရှိနေချိန်မှာ သံသရာမှ အပြီးအပိုင် လွတ်မြှောက်အောင် မလုပ်နိုင်စေကာမှု နောက်ဖြစ်လေရာဘ၀များ၌ ချမ်းသာသုခပြည့်စုံအောင် သံသရာမှလည်း အမြန်လွတ်မြှောက်ဖို့ရန် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါပေသည်။
ဆန်နီနေမင်း
မှ- (thotuzana.blogspot.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...