မင်းဒင်ရဲ့သက်ခိုင် ၊ အခန်း(၂၀)
ဖူးခက်သားမှန်လျှင် ပါးပြင်တွင်အမာရွတ်ရှိ၏။
ကိုသက်ခိုင်နှင့်ကျနော် ဖူးခက်တွင်အတူရှိနေခဲ့သည့်ကာလများကား ရှည်လျားလှသည်ဟုဆိုရမည်။သူ၏ပြည်တော်ပြန်ရေးမှာ မရေရာ သည့် နည်းတူ၊ကျနော်သည်လည်းဈေးဆိုင်သံယောဇဉ်ဖြင့် ဖူးခက်နှင့်ခွဲခွာခဲသည်ဖြစ်၍ ကံတူအကျိုးပေးခြင်းထပ်တူကျနေသည်ဟု ဆိုနိုင်သည်။
သူနှင့်ကျနော် တွေ့ဆုံခဲ့ကြလေသည့် နေရာမျိုးစုံတွင် ထွေရာလေးပါးအကြောင်းအရာမျိုးစုံကို တောင်စဉ်ရေမရပြောဖြစ်ကြ သည်ချည်းဖြစ်၏။ထို့ကြောင့် မည်သည့်အကြောင်းအရာကို မည်သည့်နေရက်တွင်ပြောဆိုခဲ့ကြောင်းမှတ်သားမိရန်လွယ်ကူလှသည် မဟုတ်လေရာ အောက်ပါအကြောင်းအရာမှာ သူနှင့်ကျနော် ဖူးခက်တွင်အတူရှိနေစဉ် စကားလက်ဆုံကျခဲ့ခြင်းဟုသာ ဖော်ပြနိုင်တော့ သည်။
အမှတ်ရနေသည်ကား ထိုရက်များသည် ဖူးခက်ကျွန်း၏ အမှတ်သင်္ကေတဖြစ်သော သက်သတ်လွတ်ပွဲတော်ကျင်းပသည့် နေ့ရက် များဖြစ်၏။ နေရာကား ဖူးခက်မြို့မ၊စဖန်ဟင်းကမ်းခြေရှိ တရုတ်ဘုံကျောင်းတွင်ဖြစ်ပြီး၊စပ်စပ်စုစုနိုင်လှသော ကိုသက်ခိုင်၏ စရိုက် အမူအကျင့် ကြောင့်ပင် ထိုနေရာသို့ရောက်ခဲ့ရခြင်းဖြစ်၏။
ဖူးခက်သက်သတ်လွတ်ပွဲတော်အားထိုင်းပြက္ခဒိန်ကိုအခြေခံလျက်နေ့ရက်ကို သတ်မှတ် ရွေးချယ်ပြီး နှစ်စဉ်အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် ကိုးရက်တိုင်တိုင်ကျင်းပလေ့ရှိသည်။ထိုရက်များ တွင်ဖူးခက်မြို့သူမြို့သား အများစုသည် အထက်အောက်အဖြူရောင် အဝတ် များကိုသာဝတ်ဆင်ကြသည်။ထိုင်းဘာသာစကားဖြင့် ကင်ဂျေး ပွဲတော်ဟုဆိုသည်။သက်သတ်လွတ်အစားအစာများကို မြို့အနှံ့ဖွင့်လှစ် ရောင်းချကြသည်။ယုံကြည်စွဲလန်းမှုပြင်းထန်သော ထိုင်းလူငယ် တချို့၏ ပါးပြင်အသီးသီးတွင် ချွန်ထက်သော ဓား၊စူးချွန်၊ သံပိုက်ချွန် စသည့်အချွန်မျိုးစုံဖြင့် ထိုးဖောက်ကာ တရုတ်ရိုးရာဆိုင်းဗုံများတီးမှုတ်ကာ၊ မြို့တွင်းလမ်းများအနှံ့ လှည့်ပတ်ကြသည်။
ဖူးခက်သားတို့သည်မိမိတို့နေအိမ်အသီးအသီးရှေ့မှ စောင့်ကြိုလျက် ၊ပန်းမာလ်၊သစ်သီးမျိုးစုံ၊နံသာ အမွှေးတိုင် တိုင်တို့ဖြင့် ပါးတွင်ဓားချွန်၊ စူးချွန်များထိုးထားသည့် နတ်ဝင်သည်များကို ကန်တော့လေ့ရှိကြသည်။
အဆိုပါပွဲတော်နေ့ ရက်များတွင် နိုင်ငံတကာ ဧည့်သည်များ ပိုမိုများပြားလေ့ရှိ၏။သူတို့သည် ထိုပွဲတော်ကို အံ့ဘနန်းဖြစ် ရပ်အဖြစ် ဓာတ်ပုံဗီဒီယိုမှတ်တမ်းမျိုးစုံ တင်လေ့ရှိကြ၏။
"လိုက်သာလိုက်ခဲ့စမ်းပါဗျာ။ထူးဆန်းတာတော့အမှန်ပဲ။ဖူးခက်မှာနေခဲ့ဖူးတယ်ဆိုရင် ဒီအကြောင်းတော့ သိထားသင့်တယ်"
ဟူသောသူ၏ဆွယ်တရားကို ကျနော်ကိုယ်တိုင်လည်း ငြင်းဆန်လိုသောဆန္ဒမရှိခြင်းကြောင့် အဆိုပါတရုပ်ဘုံကျောင်းသို့ ဒုတ်ဒုတ်ထိ ရောက်ခဲ့ရခြင်း ပေတည်း။ကိုသက်ခိုင်သည် အပိုစကားကို၊ဆိုခဲ့ခြင်းမဟုတ်ကြောင်း ထိုနေ့က ကျနော်မျက်မြင်ကြုံတွေ့ခဲ့ရသည့် အဖြစ် အပျက်က သက်သေခံလျက်ရှိသည်။ရှေးခေတ်တရုတ်ရိုးရာအဝါရောင်အနီရောင် ဝတ်စုံဝတ်ဆင်ထားကြသူများကို ကျော်လွှားတိုးဝှေ့ လျက် ဘုံကျောင်းအတွင်းရောက်ရှိချိန်တွင် တွေ့မြင်ရသည့်မြင်ကွင်းကား တရုတ်နတ်ဆရာတစ်ယောက်သည် ထိုင်းလူငယ် တစ်ယောက်၏ ပါးပြင်ကို အရှည်တပေခွဲ၊အပြားသုံးလက်မခန့်ရှိသော ဓားဖြင့် ထိုးဖောက်နေခြင်းပေတည်း။
နတ်ဆရာသည် တစုံတခုသောဂါထာကို မန်းမှုတ်လျက်ရှိချိန်တွင် လူငယ်၏ကိုယ်ခန္ဓာသည် တဆတ်ဆတ်တုန်လျက်ရှိ၏။ နတ်ဆရာသည် လူငယ်ပါးစပ်ဘေးမှ ပါးပြင်ကို လက်တစ်ဘက်ဖြင့် ညင်သာစွာပွတ်သပ်ရင်း အခြားတဘက်တွင် အရှည်တစ်ပေ ခွဲခန့်ရှိသော၊ဓားကိုကိုင်ထားသည်။ ဘေးလူများမကြားနိုင်သည့်ဂါထာမျိုးစုံကို နှုတ်မှတဖွဖွရေရွတ်ရင်း ရုတ်ခြည်းဆိုသလို လူငယ်၏ ပါးပြင်ကို ဓားဖြင့်ညင်သာစွာ ဖိသွင်းလိုက် သည်။ဓားဦးသည် လူငယ်၏ပါးစပ်မှထွက်လာ၏။သွေးအနည်းငယ်စို့လာသည်ကို နတ်ဆရာ ကို လက်ဖြင့် အသာသပ်ချ လိုက်သည့် အခါ ချက်ချင်းဆိုသလိုပင်သွေးတိတ်သွားသည်။အဆိုပါနည်းအတိုင်းပင် နောက်လူငယ် လေးငါးယောက်ကို တလက်မ ခွဲခန့်အချင်း ရှိသည့် သံပိုက်လုံးချွန်၊လက်သမားသုံးလွန်ပူအပါအဝင်အချွန်မျိုးစုံတို့ဖြင့် ပါးပြင်တို့ကို ဆက်တိုက်ထိုး ဖောက်ပေး နေလေ သည်။ ရှေ့တွင်ဆိုခဲ့ သည့်အတိုင်း ပါးပြင်မှဝင် အပ်သောစူးချွန်တို့သည် ပါးစပ်မှ ပြန်ထွက်လာ သည်။ ကာယကံရှင် လူငယ်တို့၏ မျက်နှာတွင် နာကျင်မှုအရိပ် အယောင်ကိုမူမမြင်ရချေ။
အဆိုပါဖူးခက်သက်သတ်လွတ်ပွဲတော်ကို ဖူးခက်လမ်းမများပေါ်တွင် အကြိမ်များစွာ အဝေးအနီးမှ မြင်တွေ့ဖူးသော်ငြား ယခုကဲ့သို့ အနီးကပ်မမြင်ဖူးလေသည့် ကျနော့်မှာ အံ့သြလွန်းသောကြောင့်၊ဘေး မှာရပ်နေသည့် ကိုသက်ခိုင်ကိုပင်မေ့လျော့နေမိသည်။
နတ်ဆရာသည် မည်သို့သောဂါထာကို မန်းမှုတ်လေသနည်း။တစ်စုံတစ်ခုပူးဝင်နေဟန်ရှိသည့် ထိုင်းလူငယ်တို့သည် မည်သည့်အတွက် ကြောင့်နာကျင်ခြင်းဝေဒနာကို မခံစားရသနည်း။အထက်အောက်ဝတ်စုံအဖြူကို ဝတ်ဆင်ကာ၊သက်သတ်လွတ်ကိုးရက်စားရသည့် အဓိဌာန်ဝင်ရုံမျှဖြင့် ဤသို့မယုံကြည်နိုင်ဖွယ်ရာစွမ်းအားတို့ အမှန်ပင်ပေါ်ထွက်လာလေသလော။အတွေးမျိုးစုံ၏အဖြေကို သိလိုစိတ် ကြောင့် ကိုသက်ခိုင်ဆီသို့ ဦးတည်မိပြန်သည်။
"ဟေ့လူ။ ထူးဆန်းတာတော့ အမှန်ပဲဗျ။ဘေးက ကြည့်နေတဲ့သူတောင် ကြက်သီးထတယ်။ ခင်ဗျားသိသလောက်ရှင်းစမ်းပါအုံး"
"ရော။ခရေစေ့တွင်းကျတော့ ဘယ်သိပါ့မတုန်းဗျ။ခင်ဗျားသာမန်ကာလျှံကာမြင်တွေ့ဖူးနေတာကို လက်တွေ့အတွင်းကျကျသိရအောင် ကျနော်ခေါ်လာတာ"
"အခုဝင်နေတာ ကုလားနတ်လား။တရုပ်နတ်လားဗျ။ဗမာပြည်မှာ ကျနော်မြင်ဖူးတွေ့ဖူးသလောက် ဟိန္ဒူကုလားမီးနင်းပွဲတော်တွေမှာ စူးတွေ သံချိတ်တွေနဲ့ ခန္ဓာကိုယ်ကို ဖောက်ကြ၊ချိတ်ကြတာတော့မြင်ဖူးတယ်"
"ဟုတ်တယ်ဗျ။ ကျနော်ငယ်ငယ်ကနေခဲ့တဲ့ ကမာရွတ်ချစ်တီးဘုရားကျောင်းမီးနင်းပွဲတွေမှာလည်း ကိုယ်ခန္ဓာကို ဖဲထီးသံချောင်းလို စူးချွန်တွေ ငါးမျှားချိတ်အကြီးစားလို သံချိတ်တွေနဲ့ ထိုးကြဖောက်ကြတာမြင်ဖူးပေမဲ့ ဒီလို ပါးကနေပါးစပ်အထိပေါက်အောင် ဒီလောက်ကြီးတဲ့ ဓားတွေ၊သံပိုက်လုံးတွေ၊လွန်ပူတွေနဲ့ ထိုးဖောက်ကြတာတော့ ထူးဆန်းလွန်းတယ်။ထိုင်းလူငယ်တချို့ဆိုရင် ပါးပြင်ကို လှံတိုလှံရှည်တွေနဲ့တင်မက ခြောက်လုံးပြူးသေနတ်တွေနဲ့တောင် ထိုးဖောက်ထားကြတာမြင်ဖူးတယ်ဗျ။လျှာတွေကိုလည်း စူးချွန်မျိုးစုံနဲ့ ဖောက်ကြလေရဲ့။ကျနော်ဒီအကြောင်းကို စပ်စုနေ တာ ကြာပြီဗျ"
"ဒါဆိုလည်း ခင်ဗျားသိသလောက် ဇာတ်စုံခင်းပါအုံးဗျာ'
"ဖူးခက်သားတွေ အစဉ်အဆက်ယုံကြည်ကျင်းပလာကြတဲ့ ဒီသက်သတ်လွတ်ပွဲတော်ရဲ့ မြစ်ဖျားခံရာ ဒဏ္ဍာရီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာ့ငါးဆယ်လောက်က ဖူးခက်ကိုရောက်လာခဲ့တဲ့ တရုပ်ဇာတ်အဖွဲ့တစ်ခုကနေ စတင်ခဲ့တာတဲ့ဗျာ"
"ဟ။ ဘယ်နှယ့် တရုပ်ဇာတ်အဖွဲ့က ပါလာရပြန်တာတုန်း"
"ဟုတ်တယ်။ဖူးခက်ကျွန်းကြီးဟာ ငွေဖြူထွက်တဲ့အရပ်မို့ ရှေးပဝေသဏီကတည်းက တရုပ်လူမျိုးတွေ ရွက်လှေကြီးတွေနဲ့ရောက် လာပြီးအခြေချ၊စီးပွားလာရှာကြ တယ်။ထူးခြားတာက ထိုင်းယဉ်ကျေးမှု၊ကိုးကွယ်ယုံကြည်မှုတွေဟာ ဗုဒ္ဓဘာသာကို အခြေခံတာကြောင့် ဟိန္ဒူဗြဟ္မဏအငွေ့အသက်တွေလည်း ရောနေဟန်ရှိတယ်။ကျနော်ပဲမနှံ့စပ်လို့လားမဆိုနိုင်ဘူး။ ဖူးခက်မှာဟိန္ဒူဘုရားကျောင်းတော့ မတွေ့မိသေးဘူးဗျ။ဗမာဂေါ်ရခါး၊ထိုင်းဂေါ်ရခါးတွေအများကြီးတွေ့ရပေမဲ့ ဟိန္ဒူဘာသာဝင်တွေ မရှိသလောက်ရှားတယ်။ သေချာတာ ကတော့ ဖူးခက်မြို့တင်မက ထိုင်းနိုင်ငံတလွှားမှာ စီးပွားရေးအချက်အခြာကျတဲ့ လုပ်ငန်းကြီးတွေကို တရုပ်လူမျိုးတွေ ပိုင်ကြတာ များတယ်"
"ကဲပါဗျာ။ ပါးထဲကို ဓားထိုးထည့်နေကြတဲ့ ဇာတ်လမ်းအစ တရုပ်ဇာတ်အဖွဲ့အကြောင်းသာ ဆက်စမ်းပါဗျ"
"အလွယ်ပြောရရင် ဟိုးရှေးရှေးတုန်းကပေါ့ဗျာ။ တရုတ်ဇာတ်အဖွဲ့တဖွဲ့ဟာ ဖူးခက်မြို့ခံတရုပ်လူမျိုးတွေရဲ့ ဆက်သွယ်ဖိတ်ခေါ်မှုကြောင့် ဖူးခက်မြို့ကို ရောက်လာကြသတဲ့။ရှေးခေတ်က တရုပ်ဇာတ်အဖွဲ့ဆိုတော့ နန်းတွင်းအဝတ်အစားတွေဝတ်၊ မျက်နှာဖုံးတွေတပ်၊ မိတ်ကပ်ထူထူကြီးတွေချယ်ပြီးကကြတာမျိုးဖြစ်မယ်ဗျ။သတိပြုစရာအချက်ကတော့ အဲဒီအချိန်ကာလတုန်းက ဖူးခက်ကျွန်းကြီးဟာ တကျွန်းလုံးနီးပါးတောကြီးမြက်မဲလိုသာ ရှိနေသေးဟန်တူပါရဲ့။ရောက်လာတဲ့ဇာတ်အဖွဲ့ဟာ တရုပ်ပြည်မကြီးကလား၊ စင်္ကာပူလို နေရာက လားတော့ ကျနော်လည်း အတိအကျမဆိုနိုင်ဘူး။အဲဒီဇာတ်အဖွဲ့ဖူးခက်ကျွန်းပေါ်လည်းရောက်ရော ဇာတ်အဖွဲ့တဖွဲ့ လုံးဟာ ရောဂါ အမည်ရှာမရတဲ့ မူးဝေအော့အန်၊ ကိုယ်လက်မအီမသာ ဝေဒနာမျိုးစုံခံစားကြရသတဲ့ဗျ။
နောက်ဆက်တွဲ အနေနဲ့ဖူးခက် ကျွန်းသားတွေပါ ကပ်ဆိုက်သလိုဖြစ်ပြီး အလားတူဝေဒနာတွေခံစားကြရသတဲ့။ တတ်ကျွမ်းနားလည်သမျှ ဆေးနည်းပေါင်းစုံနဲ့ ကုပေမဲ့ မပျောက်ကြဘူး တဲ့။ နောက်ဆုံးတော့ ဘုရားကုကုတယ်ဆိုမလား။ တရုပ်ရိုးရာနတ်ဝင်သည်နဲ့ကုတယ်ပြောရ မလားပဲ။ ဖူးခက်ကျွန်း ပိုင်ကြီးနဲ့ နတ်ဒေဝတာ ၊တရုပ်ရိုးရာနတ်တွေကို တိုင်တည်ပြီးဆုတောင်းကြသတဲ့။အမိုက်အမဲတွေမို့ ရှင်ကြီးရှင်ကောင်းတို့မနှစ်မြို့တဲ့ အပြုအမူ အနေအထိုင်၊ အပြောအဆိုတွေ ရှိခဲ့ရင် ဗွေမယူပဲခွင့်လွှတ်ဖို့၊ သစ်သီးမျိုးစုံ၊ပန်းမာလ်၊ အမွှေးနံသာတိုင်တွေနဲ့၊ တောင်းပန်ကြ တယ်။ အပြစ်ကိုပေး ဆပ်တဲ့အနေနဲ့ အကျင့်သီလဖြူစင်စွာဆောက်တည်ကြောင်းသက်သေအဖြစ် အဝတ်ဖြူတွေကို ကိုးရက် တိတိဝတ်ပါ့မယ်။ သူတစ်ပါး အသက်မပါတဲ့ သက်သတ်လွတ်အစားအစာတွေကို ကိုးရက်တိုင်တိုင် အဓိဌာန်နဲ့စားပါ့မယ်ဆိုတဲ့ တိုင်တည် စကားလည်း ဆိုကြသတဲ့ဗျ။
တိုက်ဆိုင်လေသလား။ကျွန်းပိုင်ကြီး၊နတ်ဒေဝတာတွေနဲ့ရိုးရာနတ်တွေကပဲ အစွမ်းထက်လေ သလား မဆိုနိုင် ဘူးဗျာ။ အဓိဌာန်ကိုး ရက်မပြည့်ခင်မှာ ဇာတ်တဖွဲ့လုံးဟာ ယူပစ်သလို ရောဂါတွေ ပျောက်ကင်းကြကုန်လေ၏တဲ့။ အဲဒီအချိန်၊ အဲဒီအကြောင်း ကနေ အစပြုပြီး ဖူးခက်ကျွန်းမှာ သက်သတ်လွတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဒီနေ့ ထက်ထိတိုင် ဆိုပါတော့။ ခက်တာက အဲဒီဒဏ္ဍာရီထဲမှာ ပါးကိုဓားတွေစူးချွန်တွေနဲ့ ဘာကြောင့်ဖောက်ကြရတယ်ဆိုတာ ပါမလာပြန်ဘူး။ဒီတော့ ရိုးရာနတ် ကိုးကွယ်မှုကနေ အံ့မခန်းအစွမ်းပြခန်းတွေ နောက်ဆက်တွဲအဖြစ်တိုးလာတယ်လို့သာ မှတ်ပေတော့ဗျာ။ ခုချိန်မှာတော့ ဖူးခက် ကျွန်းသား စစ်စစ်မှန်ရင် ပါးမှာဓားဒဏ်ရာအမာရွတ်ရှိရမယ်ဆိုတဲ့အထိ ယုံကြည်မှုပြင်းထန်နေကြလေရဲ့။
တဆက်တည်း မှတ်သားစရာ ကောင်းတာကတော့ ဖူးခက်ကျွန်းရဲ့ အဲဒီထူးခြားတဲ့အလေ့အထကို ထိုင်းခရီးသွားလုပ်ငန်း အာဏာ ပိုင်တွေက အကွက် ကျကျစီမံခန့်ခွဲပြီး ခရီးသွားမြှင့်တင်ရေး ကြော်ငြာအနေနဲ့ တကမ္ဘာလုံးကို ဖြန့်လိုက်တဲ့အခါမှာတော့ ဒီပွဲတော်ဟာ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် အထောက်အကူပြုလေရောပေါ့ဗျာ။အဲဒီင်္ပွဲတော်ရက်တွေမှာ ဖူးခက်တမြို့လုံးမှာရှိတဲ့ ဟိုတယ် အားလုံး ပြည့်လျှံနေ အောင် ကြိုတင်စာရင်းသွင်းထားကြလေသတဲ့။ကြော်ငြာကောင်းလွန်းလို့ထင်ပါရဲ့။ဒီပွဲကို တရုတ်လူမျိုးတွေ သာမက ထိုင်းလူမျိုးအခြား ဘာသာ ဝင်မျိုးစုံလည်း အနည်းဆုံးသက်သတ်လွတ်အဓိဌာန်နဲ့စားကြ၊နိုင်ငံခြားသားတွေလည်း ဝင်နွှဲနေကြသဗျ။ ဗျောက်အိုးတစ်ခု တည်းတင် အဲဒီရက်ပိုင်းမှာရောင်းရငွေဟာ ထိုင်းဘတ်သန်းသုံးဆယ်ကျော်ရှိသတဲ့။ တမျှော်တခေါ်ဖြစ်နေတဲ့ သက်သတ်လွတ် ဈေးဆိုင်တန်း ရှည်ကြီးတွေကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နေကြလေရဲ့"
"ခင်ဗျား စကားပြောလိုက်ရင် ဆန်းတော့ဆန်းပါရဲ့။ဒါပေမဲ့ တခြားအကြောင်းဘက်ကိုချည်းလှည့်လှည့်သွားတော့ နားထောင်ရတဲ့သူ အတွက် ၊ဒုက္ခတမျိုးဗျ"
"ဘယ်ဘက်မှ မလှည့်ရပေါင်ဗျာ။ ကျနော့်ဇာတ်လမ်းကို အဆုံးသတ်ရရင် အဲဒီရှေးဟောင်းတရုတ်ဇာတ်အဖွဲ့ ပထမဆုံးအဓိဌာန်ပြုခဲ့တဲ့ ဘုံကျောင်းဟာ အခု ခင်ဗျားနဲ့ ကျနော်ရောက်နေတဲ့ စဖန်ဟင်းဘုံကျောင်းပဲတဲ့ခင်ဗျ"
" အော်၊ဒီလိုလား။ ကျနော်က အခုမြင်နေရတဲ့ ဖူးခက်သားတွေဓားပီးနေကြတဲ့ အကြောင်းရင်းကို သိချင်နေတာဗျ"
"အမယ်လေးဗျာ။ ကျနော့်ကိုများ မဟာပညာကျော်ထင်နေလေရော့သလား။ဒီလျှို့ဝှက်ချက်ကိုများ ကျနော်သိနေရင် အခုလို ခင်ဗျား ဘေးမှာ မတ်တတ်ရပ်ပြီး ဘယ်စကားပြောနေပါတော့မတုန်း။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးအဖြစ် အလုပ်များနေလောက်ရော့ပေါ့။ နေဦးဗျ။ ထူးဆန်းတဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ပတ်သက်လို့ ကျနော် သိသလောက်တော့ ပြောပြချင်သေးတယ်။ကျနော်ငယ်စဉ်ကတည်းက ချစ်တီးဘုရားမီးနင်းပွဲပေါင်းများစွာကို မလွတ်တမ်းကြည့် ခဲ့ဖူးတာမို့ ဒီလိုအံ့မခန်းစွမ်းရည်တွေ ဖြစ်ပေါ်လာအောင် ဘယ်လိုစီမံဖန်တီးကြ တယ်ဆိုတာ အသေးစိတ်လိုက်စုံစမ်းခဲ့ဖူးတယ်။ စပ်စုဖူးတယ်။
အမယ်။နာမည်ကျော်ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ညီအရင်း၊ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုဇော်ထူးတောင် ကမာရွတ်ဘူတာရုံလမ်းထိပ်က ချစ်တီးဘုရားမီးနင်းပွဲမှာ နှစ်တိုင်းလိုလို ဝင်နင်းတာ ကိုယ်တိုင်မြင်ဖူးတယ်ဗျ။မီးနင်းမဲ့ကွင်းကြီးထဲမှာ နှစ်ရက်လောက်ကြိုပြီး မီးနင်းမြောင်းတစ်ခုတူးကြတယ်။ လက်မောင်းလုံးလောက် အရွယ်သစ်မာထင်းတုံးတွေကို တညနေ လောက်ကြိုပြီးမီးရှို့ထားကြတာ။ မီးနင်းမြောင်းနဲ့ အပြည့် မီးခဲတွေတရဲရဲနဲ့ပေါ့ဗျာ။ မီးနင်းတဲ့သူဟာ မီးနင်းမြောင်းကိုကျော်ဖြတ်ပြီးရင် အုန်းရည်တွေ ဖြည့်ထားတဲ့ ကန်ခပ်သေးသေးမှာ ခဏရပ်ပြီး ခြေထောက်ကို အုန်းရည်စိမ်ရတယ်။နေဦးဗျ။ မီးနင်းပွဲမဝင်ခင် မီးနင်းမဲ့သူတွေဟာ မလှမ်းမကမ်းက ချစ်တီးဘုရားရေကန်မှာ ရေဆင်းချိုးပြီး နတ်သွင်းကြရသေးတာလည်း ကျနော်မှတ်မိနေတယ်။ မီးနင်းမြောင်းထဲကို စပြီးဆင်းမဲ့ မြောင်းထိပ်မှာ ချစ်တီးဘုရားကျောင်းက နတ်ဆရာတစ်ယောက်ရှိနေသလို အုန်းရည်ကန်မှာ အသင့် စောင့်နေတဲ့ နတ်ဆရာတစ်ယောက်လည်းတွေ့နေရသဗျ။ မီးနင်းတဲ့အခါ ချစ်တီးဗုံသံတွေကို ဆူညံနေအောင် တီးမှုတ်နေကြ လေရဲ့။အဲဒီဗုံသံတွေကို ချစ်တီးနတ်တွေက လွှတ်ကြိုက်ထင်ပါရဲ့ဗျာ။
လူအတော်များများကတော့ မီးပုံကြီးပေါ်ခြေဗလာနဲ့နင်းတာကို မြင်တယ်။ နင်းတဲ့သူဟာ အင်မတန်အပူရှိန်မြင့်တဲ့ မီးပုံကြီးကို၊ မပူမလောင်ပဲ ဖြတ်ကျော် နိုင်တယ်။အဓိဌာန်နဲ့မီးနင်းတဲ့အခါ ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်ကင်းတယ်။ အခက်အခဲမျိုးစုံက လွန်မြောက်တယ်လို့ ယုံကြည်ကြ တယ်။ ဒီလောက်ပဲဗျ။ အတွင်းကျကျသိချင်တဲ့ ကျနော်ကတော့ ကျနော့်ဘော်ဒါအရင်းကြီး လူမိုက်ဘာလားကို အစ်အောက်ပြီး မေးမြန်းကြည့်ခဲ့ဖူးတယ်။ ဟုတ်တယ်လေ။ဘားလားက ဟိန္ဒူကုလား လူမိုက်ဆိုတော့ ချစ်တီးဘုရားဂေါပကရွေးပွဲတွေမှာ သြဇာရှိတယ်။
ချစ်တီးဘုရား ကျောင်းက ပုဏ္ဏားတွေနဲ့လည်း အချိတ်အဆက်ရှိတယ် မဟုတ်လား။ သူပြောပြသမျှကတော့ မီးနင်းပွဲမကျင်းပခင် ရက်တွေမှာ ချစ်တီး ဘုရားကျောင်းက နတ်ဆရာလိုပုဂ္ဂိုလ်ဟာ ချစ်တီးသချိုင်း ကိုသွားပြီး ရွတ်ရဖတ်ရတိုင်တည်ရတာတွေရှိသတဲ့ဗျ။ အဲဒီရက်ပိုင်းတွေမှာ မီးနင်းမဲ့သူတွေဟာ အိပ်ယာထူထူမှာ မအိပ်ရဘူး။ ကြမ်းပြင်ပေါ်မှာ သာအိပ်ရတယ်။ မိန်းမကိစ္စကင်းအောင် နေရသတဲ့ဗျ။ အဲဒီအဓိဌာန် ရက်ကလည်း အတိအကျသတ်မှတ်ထားတာတော့ မဟုတ်ပြန်ဘူး။ တချို့တစ်လ။ တချို့တစ်ပတ် လောက်ပဲတဲ့။ အကြိမ်ပေါင်းများစွာ မီးနင်းဖူးတဲ့ဘားလားကြီးရဲ့ ကိုယ်တွေ့အရ၊ တကြိမ်မှာတော့ သူမီးနင်းဖို့ အဓိဌာန်ဝင်နေ တုန်းတစ်ရက်မှာ သူ့မိန်းမတင်ပါးကို နောက်ရင်းပြောင်ရင်း ပုတ်မိလို့ မီးနင်းပွဲမှာ သူ့ခြေထောက်ကို မီးစွဲလောင်ဖူးလေ သတဲ့။ချစ်တီးသချိုင်းမှာ ဘာဂါထာ တွေရွတ်တယ် ဖတ်တယ်ဆိုတာ သိရအောင် ကြိုးစားကြည့်ခဲ့ပေမဲ့ ထိပ်တန်းလျှို့ ဝှက်ဖြစ်နေလို့ ခေါ်ခွင့်မရှိဘူးတဲ့ဗျာ။တိုတိုနိဂုံးချုပ်ရရင် အဲဒီထူးဆန်းတဲ့ဖြစ်ရပ်တွေရဲ့ ဇာတ်သိမ်းခန်းဟာ အဓိဌာန်အမျိုးမျိုးနဲ့ ဂါထာမန္တရား တွေမှာချည်းအဆုံးသတ်နေတယ်ဗျ။
ကျနော့်ထက် လက်တွေ့ကျတဲ့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တချို့ကတော့ မီးနင်းတဲ့ပုဂ္ဂိလ် တွေရဲ့ ခြေဖဝါးမှာ အပူချိန်တိုင်းကိရိယာတွေ တပ်ဆင်ပြီးစုံစမ်းထောက်လှမ်းကြတာလည်း ရှိသေးရဲ့။ ဘယ်လိုအချက်အလက်ကို ရှာဖွေတွေ့ရှိခဲ့ကြသလဲ ကျနော်မပြောနိုင်ပေမဲ့ အမေရိကန်လိုနိုင်ငံမှာ မီးနင်းသင်တန်းရှိတယ်လို့တောင် ကြားဖူးနေတယ်ဗျာ။
"နေပါဦးဗျ။ ခင်ဗျားကကော ဒီလို မီးပုံပေါ်ခြေဗလာနဲ့နင်းတာ၊ ဓားတွေနဲ့ ထိုးကြဖောက်ကြတာတွေကို ယုံကြည်သလား။ အကြံအဖန်လုပ်တယ်လို့ကော မစဉ်းစားမိ ဘူးလားဗျာ"
"ဘယ့်နှယ်ပြောပါလိမ့်။မြင်သမျှယုံရရင် ဒေးဗစ်ကော့ပါးဖီးလ်ကို ကိုးကွယ်ရမဲ့ကိန်းပဲ။သို့ပေမဲ့ ကျနော်လေ့လာမိသလောက် ဒီကိစ္စရပ် တွေဟာ ထူးခြားဆန်းကျယ်တာတော့အမှန်ပဲဗျာ။ကမ္ဘာကြီးပေါ်မှာ မယုံနိုင်စရာအဖြစ်တွေအများကြီးရှိလေရဲ့။ ပျောက်စေဆရာတစ် ယောက်ဟာ ခွဲစိတ်ကိရိယာ၊ဘာဓားဘာလက်နက်မှ မပါပဲ ဗိုက်ထဲကိုလက်ထိုးနှိုက်ပြီး ဆေးကုသနိုင်တဲ့ဖြစ်ရပ်မျိုးကိုလည်း ကျနော် ဖတ်ဖူးတယ်။ ခင်ဗျားဆက်ပြီး စဉ်းစားကြည့်လေ။ကမာရွတ်ချစ်တီးဘုရားမီးနင်းပွဲတို့ ဖူးခက်မှာ ပါးကိုဓားနဲ့ထိုးဖောက်တဲ့အဖြစ် တွေရဲ့ နောက်ကွယ်မှာ မသမာမှု၊ လှည့်ဖျားမှု တစ်စုံတစ်ရာရှိနေရင် ဖော်ထုတ်နိုင်အောင် ပညာရှင်မျိုးစုံ၊လေ့လာသူမျိုးစုံက နှစ်တိုင်း လာပြီး စူးစမ်းထောက်လှမ်း နေကြတာမို့ ၊အဖြေမှန်ပေါ်မယ်ဆိုရင် ဒီလောက်နှစ်ပေါင်းရာချီပြီး ဘယ်လိုလုပ်ဒီပွဲတော် တည်တံ့ပါ့မလဲ။
ကျနော်တွေးမိတာတော့ ဒီကိစ္စ ရပ်တွေဟာ စိတ်စွမ်းအင်ရဲ့လျှို့ဝှက်ချက်တွေထင်ပါရဲ့။အထူးသဖြင့် အနောက်တိုင်းသားတွေဟာ အရှေ့တိုင်း သားတွေလောက် စိတ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ခဲ့ဟန်မတူဘူး။ဂါထာမန္တရားဆိုလို့ ကျနော်အလယ်တန်းကျောင်းသား ဘဝ၊အလက(၁)လှိုင်မှာတက်နေတုန်း ဆုံခဲ့ရတဲ့ ကျနော့်ဆရာတစ်ယောက်အကြောင်းသတိရမိသေးတယ်ဗျ။
သူ့နာမည်က ဆရာ ဦးစိုးမြင့်တဲ့။အခုထက်ထိ သက်ရှိထင်ရှားရှိနေတုန်းပါပဲ။ ဆရာကဆွေကြီးမျိုးကြီးခေတ်ပညာတတ် အသိုင်းအဝိုင်း ကဗျ။ ဝါသနာပါလို့သာ ကျောင်းဆရာဝင်လုပ်နေတာ။ဆရာဦးစိုးမြင့်ဟာ အားလပ်ချိန်တိုင်းလိုလိုမှာ အနက်ရောင်စိတ်ပုတီးကြီးတစ်ကုံးနဲ့ ပါးစပ်က အမြဲတမ်း လိုလို တဖွဖွရွတ်နေတတ်လို့ ကျနော်မဝံ့မရဲစပ်စုကြည့်တော့ ဆရာက လက်ထိပ်တွေ၊ချည်နှောင်ထားတဲ့ကြိုးတွေကို ချက်ခြင်းဖြည်နိုင်လွတ်နိုင်တဲ့ဂါထာကိုရွတ်နေဆိုပဲ။ကျနော်လည်း "ဓာရဏပရိတ်များလားဆရာ"လို့မေးမိတော့ "မဟုတ်ဘူးကွ၊ အခုရွတ်နေတဲ့ ဂါထာက အထက်လမ်းဆရာတွေသုံးတဲ့ ဂါထာ"ဆိုပဲ။ဆရာကတောင်"ဟေ့ကောင် သက်ခိုင် မင်းလက်တွေ့စမ်းမလား၊ငါ ဂါထာရွတ်ပြီး လက်တွေ့ပြ မယ်"လို့လည်း ဆိုဖူးလေရဲ့။ကျနော်လည်း ဆရာ့ကိုငယ်ကြောက်ဆိုတော့ သူ့ကိုမယုံရာကျလေမလားဆိုပြီး အသာ နောက်ဆုတ်နေ လိုက်ရတယ်ဗျာ။ကြားဖူးနားဝတွေတော့ အများကြီးပါဗျာ။
ကျနော့်ဇာတိ မှိုက်ပင်ရွာ တောကျောင်းမှာ ကျောင်းထိုင်ဆရာတော်အဖြစ်သီတင်းသုံးခဲ့တဲ့ ဘုန်းကြီးဦးချစ်လှဆိုတာလည်း နတ်မောက်နယ်တဝိုက်မှာတော့၊လောကီအစီအရင် အတော်ကျွမ်းဆိုပဲဗျ။ ရွှံ့နဲ့လုပ်ထားတဲ့ နွားရုပ်တွေကို ဂါထာမန္တရား အစီအရင်နဲ့ သက်ရှိနွားတွေလို ထဝှေ့နိုင်အောင်တောင် စွမ်းဆိုပဲ။အဲသလောက်တောင်စွမ်းတဲ့ ဘုန်းကြီးဦးချစ်လှ အခုတော့ ပျံလွန်တော်မူသွားရှာပါပြီ။
မှိုက်ပင်နဲ့တနယ်တည်း ရုံးတောဆိုတဲ့ရွာက ကျောင်းထိုင်ကိုယ်တော်တစ်ပါးဟာလည်း တရပ်တကျေးမှာရှိနေတဲ့ ဆွေမျိုးရင်းချာ တွေ နာမကျန်းတဲ့အခါ ဘယ်သို့ဘယ်ပုံရှိ နေတယ်ဆိုတာ သိချင်ရင် မျက်စိကို မှိတ်ထားခိုင်းပြီး ၊သူစီရင်ထားတဲ့ ဆေးမြစ်ကို မျက်ခွံပေါ်မှာ တင်လိုက်ရုံနဲ့ တကယ့်အပြင်မှာ မြင်ရတဲ့မြင်ကွင်းလိုမြင်နိုင်အောင် စွမ်းနိုင်ပြန်သတဲ့။
ဒီလို ဂါထာမန္တရား၊ပျောက်စေဆရာ၊ တစ္တေသူရဲလိုဖြစ်ရပ်ဆန်းတွေ၊ ဒဏ္ဍာရီဆန်ဆန်စကားတွေကို အမြဲလိုလိုကြားနေရတော့ အရှေ့တိုင်းနိုင်ငံတွေက၊လူအများစုအသည်းအသန်၊စိတ်ဝင်စားကြတာ ဆန်းတော့မဆန်း လှပေဘူး။ထိုင်းလူမျိုး တွေကတော့ အဲဒီလို ကိစ္စမျိုးတွေမှာ တော်တော့်ကို အစွဲအလန်း ကြီးကြလေရဲ့"
"ခင်ဗျားက ဘာတွေကြုံဖူးလို့ပြောနိုင်တာတုန်း ၊ရှေ့ဆက်ပါအုံးဗျ"
"ကျနော် ကြုံဖူးကြားဖူးထားတာတွေသာ အကုန်လျှောက်ပြောရရင် ခင်ဗျားနဲ့ ကျနော် လေတဖြူးဖြူးနဲ့ဒီစဖန်ဟင်းကမ်းခြေမှာပဲ စောင်ကလေးခြုံပြီး ကွေးကြရလိမ့်မယ်ထင်ပါရဲ့။ ကဲ။ မြို့ထဲလှည့်မဲ့ တရုပ်နတ်ဝင်သည်အဖွဲ့နဲ့ မြို့ထဲ လိုက်လျှောက်ကြည့်ကြအုံးစို့။ တရုပ်ဗုံတွေလင်းကွင်းသံတွေနဲ့လိုက်ရောညီထွေဖြစ်သွားအောင်"ရန်ကနာဘာဘူ၊ကန့်ကူရန်ခြောက် ဗေးလေးဆပ်၊ ဗေးလေးဆပ်" လို့သာ နောက်ကနေလိုက်အော်ကြစို့ဗျာ"
0 comments:
Post a Comment