"လူ့သဘာဝ လူ့ဗီဇ"
1.
တခါက သူ့အဖေနဲ့ ကြုံလို့ ပြောပြလို့ သိရတာပါ။
မောင်ကျေးညိုလေးငယ်ငယ်က အရမ်းကြောက်တတ်တယ်တဲ့။
မိုးခြိမ်းရင်လည်း နေစရာမရှိဘူး။ အိပ်ရာထဲ ပြေးဝင်ပြီး စောင်ကြီးခေါင်းမြီးချုံလို့ ပုန်းနေတော့တာတဲ့။
ညနေ နေဝင်သွားပြီ ဆိုတာနဲ့ အိမ်တံစက်မြိတ်အပြင်ကို မထွက်ရဲတော့တာတဲ့
ပြီးရော....
2.
တစ်ရက်က...
မောင်ကျေးညိုလေးတစ်ယောက်ထဲ အိမ်ရှေ့ခန်းမှာ ဆော့နေတုန်း အိမ်ထဲကို ဆင်လိပ်ပြာကြီးတစ်ကောင် မျက်စေလည်ပြီး ပျံဝင်လာတယ်။
အဲဒါကို ဆရာသမားက ကြောက်လို့တဲ့လေ... ငိုပြီး အိပ်ခန်းထဲ ဝင်ပြေးပါလေရော... ...
အဲဒါ အိပ်ခန်းထဲမှာ အကြိပ်အနယ် အလုပ်ရှုပ်နေတဲ့ သူ့အဖေနဲ့ အမေက စီးပြီးရိုက်လွှတ်တယ်။
သူတို့ အလုပ်လုပ်နေတာကို လာပြီး အနှောက်အယှက်ပေးတာကိုး....
အဲ...
နေအုံး
သူတို့က အိပ်ခန်းထဲမှာ ခြင်ဆေးဖြန်းနေကြတာဗျ
3.
သူ့မိဘတွေကလည်း တစ်မျိုးရယ်
ကလေးရှေ့မှာ မလုပ်သင့်တာတွေ လုပ် လုပ်ပြတယ်
ဟိုလေ... ဆေးလိပ်သောက်တာတို့ ကွမ်းစားတာတို့ ပြောတာပါ။
ကလေးဆိုတာက အတုမြင် အတတ်သင်တယ်
လူကြီးတွေလုပ်တာမြင်ရင် လိုက်လုပ်တတ်တယ်။
တခါက...
သူ့အမေက မီးဖိုထဲမှာ ထမင်းဟင်းတွေချက်နေတုန်း မောင်ကျေးညိုလေးက ဧည့်ခန်းထဲမှာ ဆေးပြင်းလိပ်ကြီးကိုခဲလို့ မီးခြစ်နဲ့ မီးညှိနေတယ်။
အဲဒါ အပြင်က ပြန်လာတဲ့ သူ့အဖေက တွေ့တော့ မီးခြစ်ကို အတင်းဆွဲယူပြီး ပြောတယ်... ..
"မင်းအရွယ်လေးနဲ့ မီးခြစ်ကို ယူဆော့ရသလား ဟ"... တဲ့။
ကဲ... ခက်ဘူးလား။
4.
မောင်ကျေးညိုက သူ့ဟာသူနေရင်သာ ကြောက်တတ်တာ
ကောင်မလေးတွေ ရှေ့ကျရင် သတ္တိဗျတ္တိတွေ တပုံကြီးထွက်လာတယ်။
ပြောပြအုံးမယ်... ...
သူ့ဘေးအိမ်က ကလေးမတစ်ယောက်က သူ့အိမ်ဘက် လာလာဆော့တယ်။
'ကလေးမ' လို့သာ ပြောရတာ အဲ့ ကလေးမက...
-ပုတ်သင်ညိုတွေ ဖမ်း ဖမ်းပြီး လှည်းဆွဲခိုင်းတယ်။
-အိမ်မြောင်တွေ ဖမ်းပြီး ကြောင်ကျွေးတယ်။
-ပိုးဟပ်တွေ ဖမ်း ခေါင်းဖြတ်ပြီး ပုလင်းထဲ ထည့်ထားတယ်။
ဟင်... မိန်းကလေးမှ ဟုတ်ရဲ့လား မသိ။
တစ်ရက်က ကျေးညိုနဲ့ကစားနေရင်း ပြန်မယ်လုပ်တော့ ချွတ်ထားတဲ့ သူ့ဖိနပ်လေးကို စီးမလို့ ပြင်တယ်။
အဲဒီမှာ ဖိနပ်ပေါ်ကို ပုရွက်ဆိတ်လေးတွေက တက်နေတာ။
ဒါကို တွေ့တော့ ကလေးမက မောင်ကျေးညိုကို ပြေးဖက်ပြီး အော်တယ်... ....
"တိုတို... တိုတို... မီးဖိနပ်ပေါ်မှာ ပုလွဲကျိတ်ကြီး၊ ပုလွဲကျိတ်ကြီး အီးဟီး"
ကဲ... မိန်းကလေး သဘာဝများ ငယ်ငယ်ထဲက ပြတယ်။
ပုတ်သင်ညိုတွေ၊ အိမ်မြောင်တွေ၊ ပိုးဟပ်တွေကို ဖမ်းပြီ နှိပ်စက်နေတဲ့သူက ပုရွက်ဆိတ်ကျမှ 'ပုလွဲကျိတ်ကြီး၊ ပုလွဲကျိတ်ကြီး' နဲ့ ကြောက်တော်မူသတဲ့...
အဲဒီမှာ မိုးခြိမ်းရင် ပုန်းနေတတ်တဲ့ မောင်ကျေးညိုက ကလေးမနဲ့ ပုရွက်ဆိတ်ကြားကို ရင်ကော့ပြီး ဝင်ရပ်ရင်း ပြောတယ်... ...
"ဖယ်... ဖယ်... ညီမရေး၊ ဒီကောင်တွေကို တိုတို ရှင်းမယ်"... တဲ့။
ကောင်းပ့ါ။
5.
မိန်းကလေးသဘာဝ ဘယ်လောက်ပင် စိတ်ကြမ်းကိုယ်ကြမ်းရှိပေမယ့် မူချင်နွဲ့ချင် အလိုလိုက်ခံချင်ကြတာကလား
ယောက်ျားလေးသဘာဝ ဘယ်လောက်ပင် စိတ်ပျော့ကြောက်လန့်တတ်ပေမယ့် အားနွဲ့သူရှေ့ကျ အစွမ်းပြချင်ကြတာကလား...
... ဆိုတော့ ကျနော်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေးတစ်ပုဒ်အကြောင်း သွားပြီး သတိရမိတယ်။
ကြာပြီဆိုတော့ ရေးသူဘယ်သူလဲ၊ ဘယ်စာအုပ်ထဲမှာလဲ ဆိုတာ မမှတ်မိတာကိုတော့ ခွင့်လွတ်ပါ။
ဇာတ်လမ်းကို အတိအကျမဟုတ်ပေမယ့် ခေါင်းထဲမှတ်မိနေသလောက် ပြန်ပြောပြပါမယ်။
6.
တခါက...
လေယာဉ်တစ်စင်း ပြေးလမ်းပေါ်က စတက်တော့မယ့်လုပ်တော့ ခရီးသည် အမျိုးသားတစ်ယောက်က ထိုင်ခုံလက်တန်းကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း မျက်စေ့ကို စုံမှိတ်ထားလိုက်သတဲ့
အဲလိုနေတုန်း... သူ့လက်မောင်းကို တစုံတယောက်က လာကိုင်လို့ မျက်စေ့ဖွင့်ကြည့်လိုက်တော့ သူ့ဘေးခုံက အမျိုးသမီးငယ်တစ်ယောက် ဖြစ်နေတယ်။
ကောင်မလေးကြည့်ရတာ မျက်နှာက ကြောက်ရွံနေပုံဖြစ်နေတာ။
လေယာဉ်တခါမှ မစီးဖူးလို့ ထိတ်လန့်နေပုံရတယ်။
ဒါနဲ့ အဲဒီလူက ကောင်မလေးကို ပြုံးပြလိုက်ပြီ မကြောက်ဖို့ အားပေးစကားပြောလိုက်တယ်။
ပြီးတော့ ကောင်မလေး စိတ်ပြောင်းအောင် ရောက်တတ်ရာရာတွေလည်း ပြောပေးလိုက်တယ်။
ကလေးမလေးလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ လိုရာခရီးကို စိတ်လက်အေးချမ်းစွာ စီးနိုင်ခဲ့သတဲ့။
ဒါဆို မင်းဇာတ်လမ်းက ဘာထူးလို့လဲလို့ မေးစရာရှိတယ်။
သူတို့ နှစ်ယောက် အဲဒီမြို့လေးမှာ မထင်မှတ်ဘဲ ပြန်တွေ့ကျတော့မှ ထူးတဲ့ဇာတ်လမ်း စတာဗျ...
လိုတိုရှင်းပြောရရင်...
သူတို့နှစ်ယောက် မြို့ထဲမှာတွေ့ကြတော့ တခုခုစားရင်း စကားပြောဖြစ်ကြတယ်။
အဲဒီမှာ ကောင်မလေးကို မေးတယ်........
"ညီမက လေယာဉ်စီးရမှာ ကြောက်ပုံရတယ်နော်"
"မကြောက်ပါဘူး အကိုရယ်၊ အကိုကြောက်နေတယ်မှတ်လို့ ကျမကြောက်ချင်ယောင် ဆောင်လိုက်တာပါ"
"ဟုတ်လား"
"ဟုတ်တယ် အကို၊ ယောက်ျားလေးတွေရဲ့ ပင်ကိုယ်ဗီဇစိတ်ကို နှိုးလိုက်တာပါ၊ အားနွဲ့သူရှေ့မှာ စွမ်းအားတွေ ထွက်လာတတ်တဲ့ စိတ်လေ၊ အားကိုးခံချင်စိတ်လို့ ခေါ်မှာပေါ့၊ ဒါ ကျမရဲ့ Identity card ပါ"
ကြည့်လိုက်တော့...
အလုပ်အကိုင်က "လေယာဉ်မယ်" တဲ့။
ငင်...
ကောင်မလေးကလည်း စွတ်စွဲတယ်... ...
"တကယ်ကြောက်နေတာက အကိုပါနော်"
"ဟင်... မကြောက်ပါဘူးကွ၊ ဘာလို့လဲ"
"အော်... လေယာဉ်တက်မယ် လုပ်တော့ အကို့အမူအရာ ကြည့်ရတာ ကြောက်နေတဲ့ ပုံကြီးလေ၊ လက်တန်းကြီးကို တင်းတင်းဆုပ်လို့၊ မျက်လုံးကို စုံမှိတ်လို့"
"ဟား ဟား... အဲဒါ ကြောက်လို့ မဟုတ်ပါဘူးကွာ၊ မတွေ့တာကြာပြီဖြစ်တဲ့ အမေနဲ့ ညီလေးရယ်၊ ကိုယ့်ရပ်ရွာက ငယ်ပေါင်းတွေနဲ့ တွေ့ရတော့မှာမလို့ စိတ်လှုပ်ရှားနေတာပါကွာ၊ တာဝန်တွေနဲ့ ရှုပ်နေတော့ ဇာတိမြေကို မရောက်တာ ကြာပြီလေ"
"အော်... ဟုတ်လား၊ ညီမက အကိုကြောက်နေတယ် မှတ်လို့"
"ဒါ အကို့ရဲ့ Identity card ပါ"
ကြည့်လိုက်တော့... ...
အလုပ်အကိုင်က... ဗိုလ်ကြီးမျိုးဌေး၊ တပ်မတော် (လေ)... တဲ့။
တိုက်လေယာဉ်မောင်းတဲ့ လူကြီးကိုး
ငွင်း ငွင်း တေတွားမယ်...
7.
ဒါပါပဲဗျာ... ရေးစရာမရှိ ရှာကြံပြီး ရေးလိုက်တာ သည်းခံပြီး ဖတ်ကြကုန်လော့... ...
သန်၎ကို-ပုံပြောသည်။
0 comments:
Post a Comment