Monday, March 3, 2014

အလုပ်ဟူသမျှ (၂)

အလုပ်ဟူသမျှ (၂)
Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ 

ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ စိတ်ခံစားချက်တွေနဲ့ မဖတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိုယ်ကတော့ ထိုင်းကမြန်မာ၊ ကိုယ်ကတော့ အမေရိကန်မှမြန်မာ၊ ကိုယ်ကတော့ စကာပူမှမြန်မာ၊ ကိုယ်ကတော့ မလေးရှားမှမြန်မာ၊ ကိုယ်ကတော့ ဩစတြေးလျမှ မြန်မာ၊ ဟောင်ကောင်မြန်မာ၊ ဗီယက်နမ်မြန်မာ၊ ထိုင်ဝမ်မြန်မာ… ဆိုတဲ့စိတ်တွေနဲ့ ဒီစာကို ဖတ်မယ်ဆိုရင်တော့ အစကတည်းက မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

(ဖရန်စစ်စကာ ဟာရာဒူရာ)

မနီလာယူနီဗာစတီမှ Bachelor of Science in Commerce with a Major in Statistics & management Accounting ဘွဲ့ရထားတဲ့ “ဖရန်စစ်စကာ ဟာရာဒူရာ”…. ညီအစ်ကိုမောင်နှမ ၉ ယောက်ရှိပြီး၊ အငယ်ဆုံးဖြစ်တယ်။ သူမဟာ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်သော်လည်း ပညာအတတ်ဆုံးဖြစ်တဲ့အတွက် သူမအပေါ်မှာ အားလုံးက မှီခိုနေကြရကြောင်း၊ မိဘမောင်ဘွားတွေကလည်း သူမကို အားကိုးကြောင်း၊ အိမ်မှာ ထမင်းတောင် မချက်ခဲ့ရကြောင်း၊ သို့သော်…. ပညာတွေသာတတ်ပေမယ့်လည်း နိုင်ငံခြားမှာအလုပ်ထွက်လုပ်ချင်လို့ အိမ်ဖော်အလုပ်နဲ့ထွက်လာရကြောင်း၊ အစ်မတွေ အစ်ကိုတွေဟာ အိမ်ထောင်ရက်သားတွေ ကျနေကြပြီဖြစ်ပေမယ့်လည်း သူမ ပို့မယ့်ငွေကိုပဲ မျှော်လင့်နေကြကြောင်း ဆိုတယ်။ မောင်နှမသားချင်းတွေရဲ့ အိမ်ထောင်ရေးတွေကလည်း အဆင်မပြေကြတော့ သူမဟာ အိမ်ထောင်ရေးတွေကို ကြောက်လွန်းလို့ တစ်ယောက်တည်းပဲ နေသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းတွေကို ကျမ သိခဲ့ရတယ်။

သူမဟာ အလုပ်ချိန်ပြီးသွားတဲ့အခါတွေမှာလည်း အခန်းအောင်းပြီး စာဖတ်တတ်တယ်။ အိမ်ကစာအုပ်စင်ပေါ်မှာရှိတဲ့ စာရင်းအင်းနဲ့ဆိုင်တဲ့စာအုပ်တွေ ပျောက်နေလို့ ကျမ ရှာခဲ့ဖူးတယ်။ နောက်တော့မှ အဲဒီစာအုပ်တွေဟာ သူမအခန်းထဲမှာ ရောက်နေခဲ့တာဖြစ်ကြောင်းပြောပြီး သူက ထုတ်လာပေးတယ်။ ကျမကလည်း စာအုပ်စင်မှာရှိတဲ့စာအုပ်တွေ ကြိုက်တာယူဖတ်ခွင့်ပြုထားတာမို့ ဖတ်ပြီးရင်တော့ ပြန်ထားလို့ပဲ ပြောဖြစ်တယ်။ သူမဟာ ပန်းချီသမားတစ်ဦးလည်းဖြစ်တယ်။ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီတွေကို ပရိုဖက်ရှင်နယ်တစ်ယောက်လို ဆွဲနိုင်သူဖြစ်တယ်။ ဖရန်စစ်စကာဟာ ဒူဘိုင်းမှ သူ့အလုပ်ရှင်ဟာ သူ့အပေါ်မှာ အလွန်ကောင်းမွန်ကြောင်းကို ပြောပြတယ်။ ဒါပေမယ့် သူမက ကနေဒါမှာ နေထိုင်လိုတဲ့အတွက် ဒီဘက်ကို ထွက်လာတာဖြစ်တယ်လို့ဆိုတယ်။ ဒူဘိုင်းဟာ သူ့အတွက် stepping stone ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဖရန်စစ်စကာကို ကျမ မေးခွန်းတစ်ခုမေးဖြစ်တယ်။
“မင်းကိုအင်တာဗျူးလာလုပ်တုန်းက ကိုယ့်ဆီကို တစ်ယောက်မှ မလာရဲကြဘဲ ကြိတ်ကြိတ်ဖြစ်နေကြတာ ဘာဖြစ်လို့လဲ”

“အစ်မကို တရုတ်မ လို့ထင်လို့၊ အလုပ်လုပ်ရတာချင်းအတူတူ၊ ပိုက်ဆံပိုရတတ်ပေမယ့် တရုတ်အိမ်ရှင်ထံမှာ ကျမတို့ အလုပ်မလုပ်ချင်ဘူး” လို့ သူမက ပရိယာယ်မဲ့စွာ ဖြေပါတယ်။

ဒီလိုနဲ့ ဖရန်စစ်စကာဟာ နှစ်ပြည့်သွားတဲ့အတွက် open work permit ရပြီး၊ ဆေးရုံတစ်ခုမှာ kitchen staff အနေနဲ့ ဘဝကိုရှေ့ဆက်လျှောက်နေတယ်။ သူထွက်သွားပြီးနောက် ကျမ နောက်တစ်ယောက် ထပ်ရှာရပြန်တယ်။
ထုံးစံအတိုင်းနာနီအေဂျင်စီကို ကျမထပ်သွားရတယ်။ ဒီတစ်ခါတော့ ရိုးသားကျိုးနွံပုံရတဲ့ ပညာအရည်အချင်း ဒီပလိုမာအဆင့်လောက်ပဲရှိတဲ့ “စီဗီယာသြော်ဂတ်စတန်” ဆိုတဲ့ အမျိုးသမီးကို တတိယအဆင့်အင်တာဗျူးအပြီးမှာ ဌားလာခဲ့တယ်။

(စီဗီယာသြော်ဂတ်စတန်)

စီဗီယာရဲ့ ဘယ်ဘက်ပါးပြင်တစ်ခုလုံး နေလောင်ထားတဲ့ အညိုကွက်ကြီးရှိတယ်။ မျက်လုံးတွေကတော့ လှတယ်။ သူမဟာ တစ်သက်လုံးအလုပ်မလုပ်ဘဲ သူမအပေါ်မှာ မှီပြီးအရက်ပဲသောက်နေတဲ့ ယောင်္ကျားဖြစ်သူနဲ့၊ မနီလာမှာ တက္ကသိုလ်တက်နေတဲ့ ကလေးနှစ်ယောက်အတွက် အိမ်ဖော်လုပ်နေရတာဖြစ်တယ်။ ပညာအရည်အချင်း ဒီပလိုမာအဆင့်ပဲရှိပေမယ့် နေ့စဉ်သုံးအင်္ဂလိပ်စကားက ဖရန်စစ်စကာထက် ပိုပြီးကျွမ်းကျင်နေတယ်။ ဖိလိပိုင်နိုင်ငံရဲ့ ကျေးရွာလေးတစ်ရွာမွေးဖွားကြီးပြင်းခဲ့သူ သူမဟာ အသက် ၂၀ကျော်မှာ အိမ်ထောင်ကျပြီး ကလေးလေးတွေကို ငယ်စဉ်ကတည်းက ထားပစ်ခဲ့ရတယ်လို့ ဆိုတယ်။ ဟောင်ကောင်မှာ ၁၂ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပြီး၊ ကနေဒါဘက်ကို ကူးလာတယ်လို့ ဆိုတယ်။ ဖိလိပိုင်ကို တစ်ခေါက်ပဲ ပြန်သွားခဲ့ပြီး ကလေးတွေကျောင်းပြီးအောင် အလုပ်လုပ်နေတယ်လို့ဆိုတယ်။ ယောင်္ကျားဖြစ်သူအပေါ်မှာ စိတ်ပျက်စိတ်ကုန်နေပုံရတဲ့ သူမဟာ၊ သူမအခန်းထဲမှာ ကလေးတွေဓာတ်ပုံကိုပဲ ထောင်ထားတယ်။ နှစ်ရှည်လများ အိမ်ဖော်လုပ်ပြီးငွေပို့ပေးလို့ သူမသားဟာ အင်ဂျင်နီယာတစ်ယောက် မကြာခင်မှာ ဖြစ်တော့မှာဖြစ်ပြီး၊ သမီးကတော့ tourism နဲ့ ဒီပလိုမာရတော့မှာဖြစ်တယ်လို့ ဂုဏ်ယူစွာဆိုပါတယ်။

သူမဟာ dancer တစ်ယောက်ဖြစ်နေသေးတယ်။ သူမဖိနပ်စင်က ဖိနပ်တွေကိုကြည့်ပြီး အီမယ်ဒါမားကို့စ်နဲ့အမျိုးတော်သလားလို့တောင် ကျမ ထင်မိလိုက်သေးတယ်။ (အိမ်ဖော်တစ်ယောက်ဟာ အိမ်ရှင်တစ်ယောက်ထက် ဖိနပ်အရံပေါင်းများစွာ ပိုမိုပိုင်ဆိုင်တဲ့အဖြစ်မျိုးဟာ ဒီဘက်တွေဘက်လောက်မှာပဲ ရှိမယ်ထင်တယ်) သူမအခန်းထဲမှာ အလှထောင်ထားတဲ့ ရွှေစင်ရုပ်ထုတွေဆိုတာ အခု ၂၀ကျော်တယ်။ (ဒါတွေကို ဆောင်းပါးရေးမှာမို့လို့ သူမတို့ရဲ့ဘဝတွေကို သိအောင်၊ သူမခွင့်ပြုချက်နဲ့ ဝင်ရောက်လေ့လာရာမှသိခြင်းပါ - ကျမ သူတို့အခန်းတွေထဲ ဘယ်တော့မှ မဝင်ပါဘူး။ ဝင်စရာအကြောင်းလည်း မရှိဘူး) သူမရဲ့ ရွှေစင်ရုပ်တုတွေဟာ ကနေဒါမှ ဖိလိပိုင်အကအစည်းအရုံးကနေ ပေးထားတဲ့ ဆုတွေပါ။ သူမဟာ ညစဉ်အပြင်ထွက်တယ်၊ သွားကတာပါ။ တရားဥပဒေအရ သူတို့ဟာ rule အရ စနေ၊တနင်္ဂနွေမှ ထွက်ခွင့်ရှိပေမယ့် ကျမကတော့ အလုပ်ပြီးရင် သွားချင်တဲ့နေရာ သွားခိုင်းပါတယ်။

နောက်ပိုင်းတော့ ကျမတို့မြို့မှာ ဟောင်ကောင်မှပြောင်းလာတဲ့မိသားစုနဲ့အတူ တစ်ပါတည်းခေါ်လာတဲ့ အိမ်အကူကို လခအပြည့်မပေးတဲ့ကိစ္စ၊ ထိုဖိလိပိုင်အိမ်ဖော်ကို ဟောင်ကောင်အိမ်ရှင်က ရိုက်နှက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ အိမ်ရှင်ကိုတရားစွဲတဲ့ သတင်းတွေ သတင်းတွေထဲရက်ဆက်ပေါ်လာပြီးတဲ့နောက်ပိုင်း စီဗီယာလည်း တစ်ခုခုကို ကြောက်သွားပြီး၊ ညည အပြင်မထွက်တော့ပါဘူး။ ဘယ်မှကို မထွက်တော့ဘူး။

အရင်တုန်းကဆိုရင် ကျမ ထမင်းစားပြီးချိန်ညနေစောင်းတာနဲ့ ရေမွှေးလှိုင်လှိုင်ဆွတ်ပြီး အိမ်ကထွက်သွားပါတော့တယ်။ အိမ်ရှေ့မှာ ဖိလိပိုင်မိန်းကလေးတစ်အုပ်စု ကားတွေနဲ့ သူမကို လာလာခေါ်သွားပါတယ်။ တစ်ခါတစ်ရံ သူမ ပြန်မလာမချင်း ကျမမှာ ငုတ်တုပ်ထိုင်စောင့်ရပါတယ်။

ယခုတိုင်အောင် အိမ်ကိုမကြာခဏလာလည်တတ်တဲ့ ဖရန်စစ်စကာနဲ့ အိမ်မှာရှိနေတဲ့ စီဗီယာတို့ ပထမဆုံး ဆုံမယ့်နေ့မှာ၊ ကျမက မြန်မာအချင်းချင်း နိုင်ငံခြားတိုင်းပြည်မှာတွေ့ရင် ခင်မင်ရင်းနှီးနှုတ်ဆက်သလို သူတို့အချင်းချင်း နှုတ်ဆက်ကြလိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် စကားတောင် မပြောကြပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ (သိပ်ထူးဆန်းတာက) တစ်ယောက်နဲ့တစ်ယောက် မွတ်စလင်ဖြစ်တယ်လို့ အချင်းချင်းနောက်ကွယ်မှာ ကျမကို ပြောကြပြီး၊ သူတို့အချင်းချင်း စကားမပြောကြတာပါပဲ။ စီဗီယာလာတဲ့ နယ်မြေဟာ မွတ်စလင်နယ်မြေဖြစ်တယ်လို့လည်း ဖရန်စစ်စကာက ဆိုပါတယ်။ ကျမက သူတို့ကို ဒီဘက်ကိုရောက်လာတာတောင်မှ ခုလိုအစွဲတွေထားရသလားလို့တောင် ပြောမိလိုက်ပါသေးတယ်။

ဖိလိပိုင်အများစုဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်တယ်။ ဖရန်စစ်စကာဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်ဖြစ်တယ်။ သူမ စိတ်ဝင်စားတာ စာရင်းအင်းပညာကို ဆက်လေ့လာမယ်၊ ပန်းချီဆွဲမယ်၊ ဒါပဲဖြစ်တယ်။ စီဗီယာကတော့ အချက်အပြုတ်ကိုအလွန်ဝါသနာပါတယ်။ အလုပ်ချိန်ပြီးရင် dance လုပ်မယ်၊ အဝတ်အစားအကောင်းစားတွေ ဝယ်မယ်၊ ဆိုရှယ်ကျ ခေတ်မှီအမျိုးသမီးဖြစ်တယ်။ (သူနဲ့အတူတူအပြင်ထွက်ရင်တောင် လူတွေက သူ့ကိုအိမ်ရှင်ထင်နိုင်အောင် ကျမကလည်း အဝတ်အစား မတောက်ပြောင်ပါဘူး)

ဖရန်စစ်စကာဟာ ကက်သလစ်ဖြစ်တာ သေချာတာက ကျမကိုယ်တိုင် သူမကို ကက်သလစ်ဘုရားကျောင်းကို လိုက်ပို့ပေးခဲ့လို့ပါပဲ။ သူမနဲ့အတူ ဘုရားကျောင်းတောင် တက်ခဲ့တယ်။ သူမတို့အသိုင်းအဝိုင်းမှာ အလုပ်ရှင်ကိုယ်တိုင် ဘုရားကျောင်းကိုလိုက်ပို့တဲ့အပြင် အတူတူလာတက်လို့ ကျမကို သူတို့က သဘောတွေကျပြီး လက်ဆွဲတွေဝိုင်းနှုတ်ဆက်ကြပါသေးတယ်။ စီဗီယာကတော့ အခန်းထဲမှာ လက်ဝါးကပ်တိုင်ရယ်၊ မယ်တော့်စိတ်ပုတီးရယ် ချိတ်ဆွဲထားပေမယ့် ဘုရားတရားအကြောင်းမပြောသလို၊ ဘုရားကျောင်းတက်တာလည်း တစ်ခါမှ မကြား/မမြင်ဘူးပါဘူး။

(လာနီဒေဂူစ်မန်၊ ဖရန်စစ်စကာဟာရာဒူရာ၊ စီဗီယာသြဂတ်စတန်…..)

သူတို့ မွတ်စလင်ဘဲဖြစ်ဖြစ်၊ ဗုဒ္ဒဘာသာပဲဖြစ်ဖြစ်၊ ဘာသာမဲ့ပဲ ဖြစ်ဖြစ် ကျမအတွက်က ပြဿနာဘာမှ မရှိပါဘူး၊ စိတ်လည်းမဝင်စားဘူး။ သူတို့ကလည်း သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုကို ကလေးတွေကို သင်ကြားပေးမယ်၊ ယဉ်ကျေးစေမယ်ဆိုတဲ့ စိတ်ကူးလည်း မရှိပါဘူး။ ကျမကိုယ်တိုင်လည်း ကျမယုံကြည်မှုကို သူတို့ကိုသင်ပြပေးရမယ်၊ သူတို့ကိုယဉ်ကျေးစေမယ်ဆိုတဲ့ စိတ်မရှိဘူး။ လွတ်လပ်တဲ့အတွေးအခေါ်ကို အတိုင်းတာတစ်ခုထိ လက်ကိုင်ထားလို့ သူတစ်ပါးရဲ့ ယုံကြည်မှုကိုလည်း ဝင်ရောက်စွက်ဖက်အနှောက်ယှက်ပေးမှာလည်း မဟုတ်ပါဘူး။ တစ်ကယ်လို့ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုအပေါ်မှာ ပြဿနာရှိချင်တယ်ဆိုရင်တောင် ဥပဒေက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

ကျမ ဒါတွေပြောနေတာ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ကနေဒါကအိမ်ဖော်တွေရဲ့ ဘဝတွေကို ချပြနေတာပါ။ သူတို့ဘဝ တော်တော်လေးကို လွတ်လပ်မှုရှိတယ်၊ ဥပဒေကလည်း အပြည့်အဝ အကာကွယ်ပေးထားတယ်။

စီဗီယာရဲ့အပြောအရ ဟောင်ကောင်ဟာ အာရှတိုင်းပြည်တွေအထဲမှာ အိမ်ဖော်တွေကိုဆက်ဆံရာမှာ အတော်ဆုံးလို့ ဆိုလို့ရတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်အိမ်ရှင်တွေဟာ ဟောင်ကောင်ရဲတွေကိုလည်း ကြောက်တဲ့အတွက် မတရားမှုလုပ်တာ နည်းတယ်လို့ ဆိုပါတယ်။ သူမ ဟောင်ကောင်မှာ အလုပ်သွားလုပ်ရခြင်းဟာ ဟောင်ကောင်တွင်းကို ဝင်ရလွယ်ကူလို့ ဖြစ်တယ်လို့လည်း ဆိုတယ်။ ကနေဒါကတော့ ဗီဇာရဖို့ပိုကြာတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ကိုဝင်တဲ့ အိမ်အကူတွေဟာ ပညာအရည်အချင်း အထက်တန်းအောင်ရင် ရတယ်၊ ကနေဒါကတော့ ပညာအရည်အချင်း အနည်းဆုံး ၁၀တန်းအောင်ပြီး ကောလိပ်ပညာအရည်အချင်း နှစ်နှစ်ရှိရပါတယ်။ ဟောင်ကောင်မှာကတော့ ဘယ်နှစ်နှစ်လုပ်လုပ် PR မရနိုင်ဘူးလို့ဆိုတယ်။ ဒါကြောင့် အနောက်ဘက်တိုင်းပြည်တွေကို လာချင်တဲ့ ဖိလိပိုင်အမျိုးသမီးတွေဟာ ဟောင်ကောင်ကို stepping stone အနေနဲ့ထားပြီး ဒီဘက်ကို ဆက်ခုန်လာကြတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်မှာ ဖိလိပိုင်အိမ်အကူ တစ်သိန်းခွဲနီးပါးရှိပါတယ်။

စီဗီယာပြောသလို ဟောင်ကောင်အိမ်ရှင်တွေဟာ ဟောင်ကောင်ရဲတွေကို ကြောက်လို့ မတရားတာကို သိပ်မလုပ်ရဲဘူးဆိုပေမယ့်လည်း၊ စာရွက်ပေါ်မှာတော့ တစ်လကို ယူအက်စ်ဒေါ်လာ ၅၀၀ လခအဖြစ်လက်ခံရရှိပါတယ်လို့ လက်မှတ်ထိုးပေးရပြီး၊ ဖိလိပိုင်မှာ ကျန်နေခဲ့တဲ့ မိသားစုတွေမျက်နှာအတွက် ဒေါ်လာ ၃၀၀ လောက်နဲ့ နှုတ်ပိတ်ကျေနပ်လို့ အိမ်အဖော်အလုပ်ကို လုပ်ပေးနေရတဲ့ သူမ အပါအဝင် သူငယ်ချင်းတွေများစွာရှိတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်အိမ်ရှင်တွေဟာ အိမ်မပြန်နိုင်တဲ့ ဖိလိပိုင်အိမ်ဖော်တွေကို အချိန်ပိုတွေပိုခိုင်းတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ မကြိုက်ရင် ချက်ချင်း ဖိလိပိုင်ကို ပြန်ပို့မယ်လို့ နှုတ်နဲ့ချိန်းခြောက်တာတွေရှိသလို၊ မကျေနပ်ရင် မကျေနပ်သလို တွန်းတိုက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဘက်ကို ကူးကြရတယ်လို့ ဆိုပါတယ်။

(ဆော်ဒီအာရေဗျနိုင်ငံ)

အိမ်ဖော်လုပ်ရတာ အဆင်အပြေနိုင်ဆုံး တိုင်းပြည်တွေဟာ ကနေဒါ၊ ယူအက်စ်နဲ့ သြဇီ တိုင်းပြည်များဖြစ်ပြီး၊ ဒူဘိုင်း၊ ဟောင်ကောင် နဲ့ စင်္ကာပူတိုင်းပြည်များကတော့ ဒုတိယအဆင်ပြေဆုံးတိုင်းပြည်တွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဆိုးဆုံးတိုင်းပြည်တွေထဲက တစ်ပြည်ကတော့ ဆော်ဒီ နိုင်ငံပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အိမ်ဖော်တွေထဲမှာ အိမ်ရှင်တွေ (abuse) မနှိပ်စက်ရဲဆုံး လူမျိုးအုပ်စုကတော့ အင်္ဂလိပ်စာကျွမ်းကျင်ပြီး ပညာအရည်အချင်းမြင့်တဲ့အပြင်၊ အသိုင်းအဝိုင်းကြီးတဲ့ ဥရောပမှ အိမ်ဖော်များနဲ့ ဖိလိပိုင် အိမ်ဖော်များဖြစ်ပြီး၊ အဆိုးဆုံးဆက်ဆံခံရတဲ့ အိမ်ဖော်များကတော့ အင်ဒို နဲ့ အီသီယိုးပီးယားမှ အိမ်ဖော်များပဲ ဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှင်အချို့ဟာ အိမ်ဖော်များကို မတော်မတရားပြုကျင့်တဲ့အတွက် သတ်ဖြတ်မှုတွေအပြင်၊ မခံနိုင်တော့လွန်းလို့ အိမ်ရှင်ရဲ့အိမ်ကို မီးရှို့ကြတဲ့အဖြစ်တွေတောင် ရှိပါတယ်။ ဆော်ဒီမှာ အိမ်ဖော်တစ်ဦးကို ဒုက္ခပေးချင်ရင် ဆွဲကြိုးတစ်ကုံးပဲ လိုတယ်လို့ ဆိုပါတယ်။ အာရှမှ အလုပ်လာလုပ်သော အိမ်ဖော်များကို ဆော်ဒီအိမ်ရှင်များက ခိုးမှု၊ လိမ်လည်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု အပြင် အိမ်ရှင်တွေကို ပြုစားတဲ့စုန်းမ များအနေနဲ့လည်း ဆော်ဒီခုံရုံးတွေမှာ တရားစွဲဆိုခံရတတ်ကြပြီး၊ ပြစ်မှုထင်ရှားပါက သေဒဏ်ပေးခံရတတ်ကြပါတယ်။

၂၀၁၃ ခုနှစ်တုန်းက အိမ်ရှင်မိသားစုကို စုန်းအတတ်နဲ့ပြုစားတယ်လို့ စွပ်စွဲခံရပြီး ရုံးတင်ခံရတဲ့ အိမ်ဖော်တစ်ယောက်ကို ဇန်နဝါရီတုန်းက ဆော်ဒီဘုရင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း၊ သူမကဲ့သို့ အလားတူ စွပ်စွဲခံထားရတဲ့ အင်ဒိုအမျိုးသမီး ၄၁ဦးဟာ သေဒဏ်ကျခံရဖွယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ကို ခုံရုံးတင်တဲ့အခါမှာလည်း ရှေ့နေဌားခွင့်မရှိ၊ ဘာသာပြန်ပေးမည့်သူ မရှိတဲ့၊ တရားရုံးထဲမှာလည်း လုပ်သမျှခံရတယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါတယ်။ (www.cnn.com)

ဆော်ဒီမှာ ဖိလိပိုင်၊ သိရီလင်္ကာနဲ့ အင်ဒိုအမျိုးသမီးအိမ်ဖော်ပေါင်း တစ်သန်းခွဲရှိပြီး ကျန်တစ်သန်းနှစ်သိန်းကတော့ သိရိလင်္ကာလူမျိုးများပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လမှာပဲ သိရိလင်္ကာနဲ့ အင်ဒို အစိုးရများဟာ ဆော်ဒီအစိုးရနဲ့ အိမ်ဖော်ကိစ္စ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြပါတယ်။ သူတို့ရဲ့အမျိုးသမီးတွေကို အခွင့်အရေးတွေ ပိုပေးဖို့ စာချုပ်တွေပါ။ သိရိလင်္ကာကတော့ သူတို့တိုင်းပြည်ထဲက အမျိုးသမီးတွေကို အိမ်ဖော်တွေအဖြစ်စေလွှတ်မှာကို ရပ်တန့်ဖို့၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းတိုင်းပြည်တွေကို မလွှတ်တော့ရန် စဉ်းစားနေကြပြီလို့ ဆိုပါတယ်။ ဒါတောင်မှ သိရိလင်္ကာနိုင်ငံဟာ၊ နိုင်ငံခြားမှာ အိမ်ဖော်သွားလုပ်သူများထံမှ တိုင်းပြည်သို့ပြန်ပို့ငွေ ၆ ဘီလျှံ (၂၀၁၃ခုနှစ်) ရနေတာဖြစ်ပါတယ်။

(အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံ)

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အလယ်တန်းနဲ့ အထက်တန်းလွှာတွေရဲ့ အိမ်တွေဟာ အိမ်အဖော်/အိမ်အကူ တွေရဲ့အထောက်အပံ့နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အိမ်အကူတစ်ဦးဟာ တစ်လကို ပျမ်းမျှဒေါ်လာ၁၀၀ ခန့်ရပြီး၊ မြန်မာအိမ်အကူတွေကတော့ ပျမ်းမျှ ဒေါ်လာ ၄၀ လောက် ရပါတယ်။

တိုးတက်ဆဲတိုင်းပြည်တွေကအိမ်ဖော်တွေဟာ ကိုယ်ချက်တဲ့ဟင်းကိုတောင် စိတ်လွတ်လက်လွတ်နဲ့ ဝဝလင်လင်စားရပါရဲ့လား၊ အိမ်ရှင်တွေတွက် ပြင်ပေးရတဲ့ ထမင်းစားပွဲတွေမှာ သူတို့ ထိုင်ဖူးပါရဲ့လား၊ သူတို့လက်နဲ့ ဖုန်သုတ်ပေးထားတဲ့ ဆိုဖာတွေပေါ်မှာ ထိုင်ဖူးပါရဲ့လား၊ “မိသားစုလိုနေ၊ မိသားစုလို စိတ်ထား” ဆိုပြီး အိမ်ရှင်တွေက တွင်တွင်ပြောတတ်ကြသော်လည်း၊ မိသားစုလို တစ်ကယ်မနေသူတွေ၊ မိသားစုလို စိတ်တစ်ကယ်မထားနိုင်သူတွေက ဘယ်သူတွေပါလဲ။ မိမိစားတဲ့ထမင်းဟင်းကို ချက်ပေးပြီး၊ မိမိထမင်းစားပွဲကို ပြင်ပေးနေတဲ့ အိမ်အကူတွေနဲ့ ထမင်းအတူတူတောင် စားနိုင်တဲ့ စိတ်ဓာတ်မရှိတဲ့ လူမျိုးတူအိမ်ရှင်တွေ မြန်မာပြည်ထဲမှာကို အမြောက်အမြားရှိနေတယ်။ အဲသလိုလူမျိုးတူတွေရဲ့ လက်ထဲက အိမ်ဖော်တွေကိုတောင် ကျမတို့ ကူညီနိုင်ကြရဲ့လား။

(ဆိုးဝါးလွန်းတဲ့ အိမ်ဖော်တွေ၊ လူလည်ကျတဲ့အိမ်ဖော်တွေ၊ အိမ်ရှင်ကိုတောင် ဒုက္ခပေးတဲ့ အိမ်ဖော်တွေမရှိဘူး မပြောပါဘူး။ ရှိပါတယ်၊ အများကြီးပါ။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင် အိမ်ရှင်တွေခံရတာထက် အိမ်ဖော်တွေခံရတာ ပိုများပါတယ်။ အားကြီးတဲ့သူက ပိုနိုင်တတ်တဲ့ သဘောရှိတာပါပဲ)

အိမ်ရှင်တွေဟာ ကိုယ့်အိမ်ကအိမ်ဖော်တွေကို ကိုယ်ပိုင်ပစ္စည်းဥစ္စာလို့ မထင်တတ်တဲ့၊ ပရိုဖက်ရှင်နယ်ဆန်တဲ့ အိမ်ရှင်-အိမ်အကူ ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေမှာတော့ အိမ်ဖော်လုပ်ရတဲ့ ဘဝတွေဟာ မဆိုးလှပေမယ့်၊ ကိုးကွယ်ယုံကြည်မှုကအစ လိုက်လံချုပ်ချယ်ပြီး၊ ထိုင်ရင်ထိုင်ပြန်ပြီ၊ ထရင်ထပြန်ပြီဆိုတဲ့ အိမ်ရှင်တွေလက်ထဲက ဘဝတွေကတော့ သက်သာမယ် မထင်ပါဘူး။

နိုင်ငံခြားသွားအလုပ်လုပ်မယ့် အိမ်ဖော်တွေကို ဝိုင်းဝန်းစောင့်လျှောက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေဟာအလွန်ကောင်းပါတယ်။ ဒါပေမယ့် ပြည်တွင်းက အိမ်ဖော်တွေကိုတောင် ကျမတို့ ကာကွယ်နိုင်ကြပါရဲ့လား။ လူမျိုးတူအချင်းချင်း၊ ဘာသာတူအချင်းချင်းတောင် နှိပ်စက်ခံနေရတဲ့ အိမ်ဖော်တွေကို စောင့်လျှောက်နိုင်ကြပါရဲ့လား။

ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုကြမယ်ဆိုပြီး အမျိုးဘာသာသနာစောင့်ထိန်းမယ်ဆိုတဲ့ သိန်းချီတဲ့ဘုန်းကြီးတွေ၊ အမျိုးချစ်လှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ ရှေ့မှာတင် ပြည်ကြီးတရုတ်(Chinaman)တွေ၊ ဟောင်ကောင်တရုတ်တွေ၊ ထိုင်ဝမ်နိုင်ငံသားတွေက ရန်ကုန်၊ မန္တလေးမြို့လည်ခေါင်တွေမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေအခန်းတွေဖွင့်၊ သူတို့တိုင်းပြည်က ကာရာအိုကေ၊ အနှိပ် စတဲ့အကျင့်ဆိုးတွေယူလာ၊ နေပြည်တော်လိုနေရာမျိုးတွေမှာတောင်ထွန်းကားနေတဲ့ အဲဒီအကျင့်ဆိုးတွေနဲ့၊ တိုင်းရင်းသားအမျိုးသမီးလေးတွေနဲ့ ဗမာအမျိုးသမီးတွေကို အသုံးချ၊ ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီး မိုက်ကြေးဝင်ခွဲနေတာတောင် အထက်ပါမျိုးချစ်အဖွဲ့အစည်းတွေက ဘာမှမလုပ်နိုင်ကြတာကို၊ နိုင်ငံခြားထွက်ပြီး အိမ်ဖော်လုပ်ကြမယ့် မြန်မာအမျိုးသမီးတွေကို ကျမတို့ ဘယ်လိုကာကွယ်ရမှာလဲ။

ယဉ်ကျေးမှုအဆင့်မြင့်ပြီး တိုးတက်ပြီးသားနိုင်ငံတွေမှာ အခုလို ကာရာအိုကေသွားတာမျိုး၊ အနှိပ်ခန်းသွားတာတွေဟာ social skills မရှိသူတွေ၊ social status မရှိသူတွေ နဲ့ လူရာမဝင်တဲ့ သူတွေသာ လုပ်လေ့ရှိတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာ နိုင်ငံခြားသားတွေလာဖွင့်ထားတဲ့ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ၊ ခြေထောက်ဆေးတဲ့အခန်းတွေမှာ အလုပ်လုပ်နေရတဲ့ တိုင်းရင်းသူအမျိုးသမီးတွေနဲ့ ဗမာအမျိုးသမီးတွေကိုလည်း ဘယ်သူတွေကာကွယ်ကြမလဲ။ မကြာခင်မှာ အသားနီစပ်စပ်လူမျိုးတွေနဲ့ အရှေ့အလယ်ပိုင်းက ယောင်္ကျားတွေပါ ဝင်လာမစဲ တသဲသဲဖြစ်မှာကို စိုးရိမ်နေမိနေရပါတယ်။

ကျမတို့တိုင်းပြည်မှာ မြန်မာတွေရဲ့အိမ်တွေမှာ (အများစုသော) တိုင်းရင်းသူအမျိုးသမီးတွေနဲ့ ဗမာအမျိုးသမီးများဟာ အိမ်ဖော်တွေအနေနဲ့ အလုပ်လုပ်နေကြစဉ်မှာ၊ အလုပ်ချိန်ဟာ ၂၄ နာရီဖြစ်ပါတယ်။ ညလယ်ခေါင်မှ မူးပြီးပြန်လာတဲ့ အိမ်ရှင်ယောင်္ကျားတွေနဲ့ အိမ်ရှင်သားတွေကိုလည်း အိပ်နေရင်းလည်း တံခါးထဖွင့်ပေးရပါတယ်။ ပိတ်ရက်ဆိုတာလည်း မရှိသလောက်ပါပဲ။ စောင်းမြောင်းပြောဆိုခြင်းခံရ၊ နှုတ်အားဖြင့် စော်ကားမှုတွေရှိရုံသာမက၊ အရိုက်နှက်မခံရရင်ဘဲ ကျေးဇူးတင်ရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ မိန်းကလေးငယ်ငယ်ချောချောလေးတွေဆိုရင် အိမ်ရှင်ယောင်္ကျားများသာမက၊ ပတ်ဝန်းကျင်က ယောင်္ကျားများကပါ မရိုးမသားအကြည့်တွေနဲ့ ကြည့်ကြတာတွေရှိသလို၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ခံကြရတဲ့ အိမ်ဖော်များလည်း များစွာ ရှိကြပါတယ်။

အိမ်ဖော်တွေရဲ့နောက်မှာ ဗိုက်ဟောင်းလောင်းနဲ့စောင့်နေတဲ့ မိသားစုတွေရှိသလို၊ ပထွေးရန်ကိုကြောက်လို့ အိမ်ဖော်လုပ်နေရသူတွေလည်း ရှိပါတယ်။ အရက်သောက်ပြီး မူးနေတဲ့ ဖခင်တွေ၊ အလုပ်မလုပ်ချင်ဘဲ ပျင်းရိတဲ့ယောင်္ကျားတွေကြောင့် ပြည်တွင်းမှာတင် အိမ်ဖော်အမျိုးသမီးတွေရဲ့ဘဝ ဘယ်လောက်နစ်မွန်းခဲ့ရပြီလဲ။ ကိုယ့်ပြည်တွင်းမှာတင် ကိုယ့်မိန်းမနဲ့သမီးတွေကို ရောင်းစားရတဲ့ဘဝ၊ ကိုယ့်အသားကိုယ်လှီးရောင်းရတဲ့ဘဝကနေ၊ စိတ်ဓာတ်ယဉ်ကျေးမှု မြင့်မြင့်မားမား မရှိတဲ့ တိုင်းပြည်တွေကိုပါလှည့်လည်ပြီး ရောင်းချစားသောက်နေရတော့မှာလားလို့ စိုးရိမ်စရာရှိနေပါတယ်။ ပြည်တွင်းမှာ ကိုယ့်လက်တစ်ကမ်းက အမျိုးသမီးတွေကိုတောင် မကာကွယ်နိုင်တာကို အဝေးကြီးမှာသွားပြီး အိမ်ဖော်လုပ်စားမယ့် အမျိုးသမီးတွေကို ဘယ်လိုကာကွယ်ကြပါမလဲ၊ ကျမ သိချင်ပါတယ်။

မြန်မာအမျိုးသမီးတွေ မသွားမဖြစ် အိမ်ဖော်သွားလုပ်ကြတော့မယ်။ မသွားနဲ့လို့ကော ဘယ်သူကတားလို့ရမှာလဲ။ သူတို့အနေနဲ့လည်း အိမ်ဖော်အနေနဲ့ ဘယ်သွားချင်ကြပါ့မလဲ။ မိသားစုအတွက် သိက္ခာတရားကိုချပြီး သွားကြမယ်။ ကျန်ခဲ့တဲ့ မိသားစုတွေပြေလည်သွားမယ်၊ တိုင်းပြည်လည်း တစ်နည်းတစ်ဖုံ ဝင်ငွေရမယ်။ ဒါပေမယ့် ချထားတဲ့ ငါးမြားစာနောက်မှာ ငါးမြားချိတ်ရှိနေတတ်တာကိုလည်း မေ့လို့မရပါဘူး။

ကျမတို့ တိုင်းပြည်ဟာ ဆင်းရဲနေပေမယ့်၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတဲ့ တိုင်းပြည်ဖြစ်တယ်။ ဥစ္စာဆင်းရဲပေမယ့် မာန မဆင်းရဲပါဘူး။ ဗီယက်နမ်လိုတိုင်းပြည်တောင် တရားဝင် အိမ်ဖော်မလုပ်ကြဘူး။ ဗီယက်နမ်အမျိုးသမီးတစ်ယောက်ကို တရားဝင်အိမ်ဖော်အနေနဲ့ စပွန်ဆာပေးဖို့ ခက်ပါတယ် (ဟိုတုန်းက မြန်မာပြည်လိုပါပဲ)။ သိရိလင်္ကာတိုင်းပြည်ကလည်း သူတို့အမျိုးသမီးတွေကို ကာကွယ်ဖို့ စာချုပ်တွေ သေသေချာချာချုပ်နေပြီ။

ဒါကြောင့် အခုလို နိုင်ငံရပ်ခြားတိုင်းပြည်တွေ၊ အထူးသဖြင့် စိတ်ဓာတ်အဆင့်မမြင့်တဲ့ စင်္ကာပူလို၊ ဟောင်ကောင်လိုတိုင်းပြည်တွေမှာ မြန်မာတွေအိမ်ဖော်အဖြစ်သွားလုပ်ကြရမယ့် အဖြစ်ဟာ ခေတ္တသာဖြစ်ပါစေတော့လို့ မျှော်လင့်ပါတယ်။

((ဒီစာပါအကြောင်းချက်များ၊ ဓာတ်ပုံများကို ကာယကံရှင်များရဲ့ သဘောတူခွင့်ပြုချက်နဲ့ လူတွေသိစေချင်၍ တင်ပြခြင်းဖြစ်ပါတယ်။ ကျမဟာ သူတို့သုံးဦးသာမက သူတို့ရဲ့သူငယ်ချင်းအချို့ကို အိမ်မှာခေါ်ပြီး အင်တာဗျူးခြင်းခဲ့ခြင်းဖြစ်ပါတယ်။ ကနေဒါလို (relatively) တရားမျှတစွာ ဆက်ဆံခံရတဲ့ တိုင်းပြည်မှာတောင်မှ ဆိုးဝါးတဲ့ အလုပ်ရှင်များကြောင့် တရားတဘောင်ဖြစ်ရသူတွေရှိသလို၊ ကောင်းမွန်စွာအလုပ်လုပ်နိုင်သော်လည်း ကနေဒါမှာ မနေနိုင်ဘဲ ပြန်သွားကြတဲ့ ဖိလိပိုင်အမျိုးသမီးများလည်းရှိပါတယ်။ အဲသလိုပြန်သွားကြတဲ့ သူအများစုကတော့ ပညာအရည်အချင်း အနည်းငယ်ပိုမြင်ပြီး မိသားစုနဲ့ ရေရှည်မခွဲနိုင်ကြတဲ့ အမျိုးသမီးများဖြစ်ပါတယ်။

ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့စိတ်ခံစားချက်တွေနဲ့ မဖတ်ဖို့ ထပ်မံမေတ္တာရပ်ခံလိုပါတယ်။ ကိုယ်ကတော့ ထိုင်းကမြန်မာ၊ ကိုယ်ကတော့ အမေရိကန်မှမြန်မာ၊ ကိုယ်ကတော့ စကာပူမှမြန်မာ၊ ကိုယ်ကတော့ မလေးရှားမှမြန်မာ၊ ကိုယ်ကတော့ ဩစတြေးလျမှ မြန်မာ၊ ဟောင်ကောင်မြန်မာ၊ ဗီယက်နမ်မြန်မာ၊ ထိုင်ဝမ်မြန်မာ… ဆိုတဲ့စိတ်တွေနဲ့ ဒီစာကို ဖတ်မယ်ဆိုရင်တော့ အစကတည်းက မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားရေးအတွက် ရှေးရှုရေးတာဖြစ်ပါတယ် - It’s nothing personal.))
Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့

ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်း လာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ စိတ်ခံစားချက်တွေနဲ့ မဖတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိုယ်ကတော့ ထိုင်းကမြန်မာ၊ ကိုယ်ကတော့ အမေရိကန်မှမြန်မာ၊ ကိုယ်ကတော့ စကာပူမှမြန်မာ၊ ကိုယ်ကတော့ မလေးရှားမှမြန်မာ၊ ကိုယ်ကတော့ ဩစတြေးလျမှ မြန်မာ၊ ဟောင်ကောင်မြန်မာ၊ ဗီယက်နမ်မြန်မာ၊ ထိုင်ဝမ်မြန်မာ… ဆိုတဲ့စိတ်တွေနဲ့ ဒီစာကို ဖတ်မယ်ဆိုရင်တော့ အစကတည်းက မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

(ဖရန်စစ်စကာ ဟာရာဒူရာ)

မနီလာယူနီဗာစတီမှ Bachelor of Science in Commerce with a Major in Statistics & management Accounting ဘွဲ့ရထားတဲ့ “ဖရန်စစ်စကာ ဟာရာဒူရာ”…. ညီအစ်ကိုမောင်နှမ ၉ ယောက်ရှိပြီး၊ အငယ်ဆုံးဖြစ်တယ်။

သူမဟာ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်သော်လည်း ပညာအတတ်ဆုံးဖြစ်တဲ့အတွက် သူမအပေါ်မှာ အားလုံးက မှီခိုနေကြရကြောင်း၊ မိဘမောင်ဘွားတွေကလည်း သူမကို အားကိုးကြောင်း၊ အိမ်မှာ ထမင်းတောင် မချက်ခဲ့ရကြောင်း၊ သို့သော်…. ပညာတွေသာတတ်ပေမယ့်လည်း နိုင်ငံခြားမှာအလုပ်ထွက်လုပ်ချင်လို့ အိမ်ဖော်အလုပ်နဲ့ထွက်လာရကြောင်း၊ အစ်မတွေ အစ်ကိုတွေဟာ အိမ်ထောင်ရက်သားတွေ ကျနေကြပြီဖြစ်ပေမယ့်လည်း သူမ ပို့မယ့်ငွေကိုပဲ မျှော်လင့်နေကြကြောင်း ဆိုတယ်။ မောင်နှမသားချင်းတွေရဲ့ အိမ်ထောင်ရေးတွေကလည်း အဆင်မပြေကြတော့ သူမဟာ အိမ်ထောင်ရေးတွေကို ကြောက်လွန်းလို့ တစ်ယောက်တည်းပဲ နေသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းတွေကို ကျမ သိခဲ့ရတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...