Saturday, March 22, 2014

ရဟန်းသံဃာဆိုတာ ...

Vicitta Ashinvicittalanka's photo.
 
သာသနာတော်ကို ကောင်းစေချင်လို့ ဝေဘန်ထောက်ပြပါတယ်ဆိုတဲ့ လူတစ်ချို့ရဲ့အမြင်တွေကို ဖတ်ကြည့်တော့ ရဟန်းသံဃာဆိုရင် သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်နဲ့ တောထဲမှာ တရားအားထုတ်နေ ရမယ်၊ တစ်ခြား ဘာပစ္စည်းမှ အလှူခံစရာ မလိုဘူးဆိုတဲ့ အမြင်မျိုးတွေနဲ့ ရေးသားကြတာ တွေ့ရတယ်။

ဘုရားရှင်က ရဟန်းတွေကို ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီး ခွင့်ပြုတော်မူတဲ့နေရာမှာ သင်္ကန်းမရှိရင် သုဿန်တစ၊ သချိုင်္င်းဝမှာ စွန့်ပစ်ထားတဲ့ အ၀တ်တွေနဲ့ ချုပ်လုပ်ပြီး ပံ့သကူသင်္ကန်းကို ၀တ်ရုံသုံးစွဲရမှာဖြစ်ပေမဲ့ ဘုန်းကံရှိလို့ လှူဒါန်းမယ့် ကောင်းမှုရှင်တွေ ရှိတယ်ဆိုရင် ၀ိနည်းတော်နဲ့ အပ်စပ်တဲ့သင်္ကန်းတွေကို အလှူခံကောင်းတယ်လို့ အတိအလင်း ခွင့်ပြုတော်မူခဲ့ပါတယ်။ သုံးထည်ထက်ပိုတဲ့ သင်္ကန်းတွေကိုလည်း အလှူမခံကောင်းတာမဟုတ်၊ အဓိဋ္ဌာန် ၀ိကပ္ပနာပြုပြီး ဘယ်လိုသုံးစွဲရမယ်၊ နိဿဂ္ဂိအာပါတ်မသင့်အောင် မည်သို့မည်ပုံ လုပ်ဆောင်ရမယ်ဆိုတာ ၀ိနည်းစည်းကမ်းတွေနဲ့ ညွှန်ပြတော်မူခဲ့ပါတယ်။ ကျောင်းဆိုရင်လည်း မရှိရင် သစ်တစ်ပင်ရိပ်၊ ၀ါးတစ်ပင်ရိပ်မှာ သီတင်းသုံးရမှာဖြစ်ပေမဲ့ ဘုန်းကံအလျောက် ကျောင်းဆောက်လှူဒါန်းသူပေါ်လာရင် လက်ခံခွင့်ရှိပါတယ်။ ဒါက ၀ိနည်းအကြောင်းနဲ့ ပတ်သက်ပြီး လာဘ သက္ကာရပေါများအောင် အားထုတ်တာကို ဘုရားရှင်ခွင့်မပြုပေမဲ့ သဒ္ဓါအလျောက် လှူဒါန်းမှုတွေကို အပ်စပ်သောနည်းနဲ့ လက်ခံခွင့်ရှိကြောင်း ပြောပြတာပါ။

တောထဲမှာ တရားအားထုတ်တာနဲ့ ပတ်သက်ပြီး အရည၀ါသီ တောရမှီပြီး အားထုတ်တော်မူကြတဲ့ ကြည်ညိုလေးစားဖွယ်ရာ ဆရာတော်ကြီးတွေ များစွာ ရှိပါတယ်။ သူတို့ကို ကြည့်ပြီး မြို့ထဲ၊ ရွာထဲ နေကြတဲ့ ရဟန်းတွေက ကြည်ညိုဘွယ်ရာ မဟုတ်၊ ရဟန်းအလုပ် မလုပ်သူတွေလို့ မြင်တယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ရဟန်းတွေရဲ့ ပင်မတာဝန်ဖြစ်တဲ့ ဓုရနှစ်ဖြာမှာ ဂန္ထဓုရ(စာပေသင်ကြား၊ ပို့ချ၊ ဟောပြောမှု)နှင့် ၀ိပဿနာဓုရ(၀ိပဿနာအလုပ် ပွားများအားထုတ်ခြင်း)ဆိုတာ ရှိပါတယ်။ ဒါကြောင့် မြို့ပေါ်မှာ စာသင်တိုက်တစ်ခုတည်ထောင်၊ စာသင်းသားတွေ ရာနဲ့ချီ လက်ခံပြီး စာပေပရိယတ် သင်ကြားပို့ချပေးနေတာတွေ၊ မဟာစည်ဆရာတော်၊ ဖားအောက်ဆရာတော်တို့လို ကမ္မဋ္ဌာန်းရိပ်သာတည်ထောင်ပြီး အားထုတ်လိုသူ ယောဂီတို့အား သမထ၊ ၀ိပဿနာတရား ပြသပေးနေတာတွေဟာလည်း ရဟန်းအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သလို သာသနာ့တာဝန်ကို ထမ်းဆောင်နေခြင်းပါပဲ။ ရဟန်းအားလုံး တောထဲမှာပဲ တရားအားထုတ်နေပြီး စာသင်၊ စာချမယ့်သူတွေ မရှိတော့ဘူး၊ ပရိယတ်စာပေတွေကို လက်ဆင့်ကမ်းသယ်ဆောင်သူတွေ မရှိတော့ဘူးဆိုရင် ရေရှည်မှာ ဘယ်လိုဖြစ်သွားမလဲ?။ စာချဘုန်းကြီး၊ တရားဟောဓမ္မကထိက၊ ရိပ်သာဆရာတော်၊ တောထဲ တစ်ပါးတည်း အားထုတ်သူစတဲ့ ရဟန်းတွေဟာ အများစုက စာသင်တိုက်တွေမှာပဲ ပရိယတ်စာပေတွေ သင်ယူလေ့လာခဲ့ရတာပါ။ ပရိယတ်မရှိရင် ပဋိပတ်ဆိုတာလည်း ကြာရှည် မတည်နိုင်ပါဘူး။

သံဃာတွေ ရာချီ၊ ထောင်ချီရှိတဲ့ စာသင်တိုက်တစ်ခု လည်ပတ်ဖို့ဆိုတာ ဘယ်လောက်အထိ တာဝန်ကြီးတယ်ဆိုတာ စာသင်တိုက်တွေမှာ နေဖူးသူတိုင်း သိပါတယ်။ ပစ္စည်လေးပါး တာဝန်ယူတဲ့ကျောင်းတိုက်တွေဆိုရင် စာသင်းသားတွေကို နေ့စဉ်ကျွေးဖို့ အရုဏ်ဆွမ်း စီစဉ်ရတယ်၊ နေ့ဆွမ်းကတော့ ဆွမ်းခံပေါ့။ ဒီတော့ အရုဏ်ချက်ဖို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ငရုပ်၊ ကြက်သွန်ကအစ လိုအပ်လာပြီ။ နောက်ဆုံး မီးဖိုအတွက် ထင်းကအစ လိုအပ်လာပြီ။ လျှပ်စီးမီးကြေး၊ ရေမီတာကြေးဆိုတာတွေ ပါလာပြီ။ ဒီလိုအနေအထားမျိုးမှာ စာသင်တိုက်ဦးဆောင်သူ ဘုန်းကြီးတစ်ပါးအနေနဲ့ သင်္ကန်းသုံးထည်တည်း ရှိရုံနဲ့ မပြည့်စုံနိုင်တော့ဘူး။ စာသင်တိုက်အတွက် ပစ္စလည်းလေးပါးကို ဖြစ်စေ၊ လိုအပ်တဲ့အသုံးအဆောင်တွေ ဖလှယ်ဖို့ န၀ကမ္မကိုဖြစ်စေ ဒကာ၊ ဒကာမတွေ လှူဒါန်းလာပြီဆိုရင် လက်ခံရတော့မှာပါ။ ဒီလိုလက်ခံတဲ့အတွက် အဲဒီရဟန်းတော်တွေကို ဘုရားစကား နားမထောင်သူ၊ အလိုလောဘကြီးသူ၊ ရဟန်းဖြစ်ပြီး စီးပွားရေးဆန်ဆန် လုပ်နေသူ၊ ရဟန်းမပီသသူလို့ စွပ်စွဲလို့ ရနိုင်ပါ့မလား။


ဒီနေရာမှာ စာသင်တိုက်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားလို့ ရပါတယ်။ နံပါတ်တစ်အမျိုးအစားက အနေအထိုင်ပိုင်းဆိုင်ရာ စည်းကမ်းလည်း တင်းကြပ်၊ စာပေလည်း သင်ကြားပေးတဲ့ ကျောင်းတိုက်မျိုးပါ။ ဦးဇင်းတို့ မန္တလေးရောက်စက နေခဲ့တဲ့ကျောင်းတိုက်ဟာ အဲဒီလို စာသင်တိုက်မျိုးဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ သိတ်ပြီးတင်းကြပ်ပါတယ်။ ၀တ္ထု၊ ကာတွန်းဖတ်တာ၊ စာဝါမလိုက်တာ၊ ဘုရားရှိခိုးမလိုက်တာမျိုးဆိုရင် ပထမအကြိမ် ဒဏ်(၅၀)၊ ဒုတိယအကြိမ် ဒဏ်(၁၀၀)၊ တတိယအကြိမ် နှင်ထုတ်ပါတယ်။ ကွမ်းစား၊ ဆေးသောက်၊ အပြင်ခိုးထွက်တာ၊ ညစာ စားတာမျိုးကတော့ တစ်ခါမိရုံနဲ့ နှင်ဒဏ်ပါပဲ။ မဖြစ်မနေသွားရမယ့်ကိစ္စမျိုး(ဥပမာ နေမကောင်းလို့ ဆေးခန်းသွားပြတာမျိုး)ဆိုရင် ဆရာတော်ကို အသိပေးလျှောက်ထားပြီး သွားရပါတယ်။ မလျှောက်ဘဲသွားရင် တရားမ၀င်ပါ။ အဲဒီလိုကျောင်းတိုက်တွေက များသောအားဖြင့် အရုဏ်ဆွမ်းချက်ကျွေးလေ့ရှိပြီး နေ့ဆွမ်းကျရင်လည်း ဆွမ်းကျောင်းမှာ စုပေါင်းစားရပါတယ်။

နံပါတ်နှစ်အမျိုးအစားကတော့ နေစရာပေး၊ စာပေသင်ကြားပေးပြီး အနေအထိုင်စည်းကမ်းပိုင်းဆိုင်ရာမှာ သိတ်ပြီး တင်းကြပ်လေ့မရှိဘူး။ အပြင်ထွက်တာမျိုး၊ ကွမ်းစား၊ ဆေးလိပ်သောက်တာမျိုးကို ခွင့်ပြုလေ့ရှိပြီး စာဝါမလိုက်ရင်၊ လေ့ကျင့်ခန်းစာမေးပွဲတွေမှာ သတ်မှတ်အရည်အချင်း မပြည့်မီရင် ကျောင်းတိုက်က ထွက်ရပါတယ်။ စားရေးနဲ့ပတ်သက်ပြီးလည်း အရုဏ်ဆွမ်း ချက်ကျွေးလေ့ မရှိပါ။ ကျောင်းတိုက်က နေစရာပေးတာ၊ စာပေပို့ချပေးတာကလွဲရင် ကျန်တဲ့အပိုင်းအတော်များများက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရပါတယ်။

စာသင်တိုက်တစ်ခုကို ဦးဆောင်တဲ့ဆရာတော်ဟာ ဘုန်းကြီးလာပြီဆိုရင် သူစွမ်းနိုင်သလောက် သူ့ရဲ့ရပ်ရွာဇာတိမှာ အတန်းကျောင်းဆောက်ပေးတာ၊ စာကြည့်တိုက်၊ ဆေးရုံစသည် လုပ်ပေးတာ၊ လမ်းတွေဖောက်၊ တံတားတွေ ဆောက်ပေးတာတွေ အများကြီး ရှိပါတယ်။ ပရဟိတနဲ့ပတ်သက်ပြီး သူတို့နိုင်သလောက် ထမ်းရွက်တာတွေပေါ့။ တစ်ချို့ဆရာတော်တွေဟာ အင်မတန်ဘုန်းကံကြီးမားပေမဲ့ သူတို့လက်ထဲမှာ ကိုယ်ပိုင်ငွေငါးသောင်းပြည့်အောင်တောင် မထားဘဲ ရသမျှ ၀တ္ထုငွေတွေကို ကျောင်းတိုက်သံဃိကအဖြစ် လှူဒါန်းပြီး ကျောင်းတိုက်အတွက် လိုရာသုံးပဒေသာပင်အဖြစ်ပဲ ထားလေ့ရှိပါတယ်။ ဒါတွေကို ပြောနေရတာက လူတစ်ချို့အနေနဲ့ ဘုန်းကြီးတဲ့ဆရာတော်တွေရဲ့ ၀င်ငွေတွေကိုဘဲ ကြည့်ပြီး ဒီငွေကြေးတွေ ဘယ်ကို စီးဆင်းသွားတယ်၊ ဘယ်လိုအကျိုးရှိအောင် သုံးစွဲတယ်ဆိုတာကို မမြင်နိုင်ဘဲ ဒီငွေတွေနဲ့ စည်းစိမ်ရစ်နေတယ်လို့ ထင်မြင်ယူဆကြတဲ့အတွက် ရှင်းပြရခြင်းပါ။ ကိုယ်ကျိုးပဲ အသုံးချပြီး ဇိမ်ခံနေသူတွေလည်း မရှိဘူးလို့ မဆိုလိုပါ။ လူအမျိုးမျိုး ဘုန်းကြီးအထွေထွေဖြစ်တဲ့အတွက် အကောင်းအဆိုးက ဒွန်တွဲနေမှာပါပဲ။

ဒီနေရာမှာ တစ်ခုပြောလိုတာက ပုထုဇဉ်ရဟန်းတွေကို ဘုရား၊ ရဟန္တာတွေရဲ့ စံနှုန်းတွေနဲ့ ထပ်တူ နှိုင်းယှဉ်လို့ မရနိုင်ဘူးဆိုတာ သတိပြုစေချင်ပါတယ်။ ရဟန်းဖြစ်စေ၊ လူဖြစ်စေ ကိလေသာမပယ်သတ်နိုင်သေးတဲ့ ပုထုဇဉ်တွေမှာ အတိုင်းအတာတစ်ခုအထိ လောဘ၊ ဒေါသ၊ မာနစတဲ့ ကိလေသာတရားတွေက ကိန်းအောင်းနေအုံးမှာပါပဲ။ ပုထုဇဉ်ရဟန်းတွေကို ရဟန္တာစံနှုန်းတွေနဲ့ ညီမျှခြင်းချလိုတယ်ဆိုရင် မိမိတို့ကိုယ်တိုင်ကရော ၀ိသာခါ၊ အနာထပိဏ်တို့လို သောတာပန်တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါတွေ ပြည့်မီရဲ့လားဆိုတာ ကိုယ်တိုင်ဆန်းစစ်စေချင်တယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှာတောင် အစိတ္တကအာပါတ်ဆိုတာ သင့်နိုင်သေးရင် ပုထုဇဉ်ရဟန်းတွေ လုံးဝ အာပါတ်ကင်းစင်နေရမယ်၊ သေးငယ်တဲ့အာပါတ်ကအစ မသင့်ရဘူးလို့ ထင်မြင်ယူဆနေတယ်ဆိုရင် သင်ဟာ စိတ်ကူးယဉ်ဆန်လွန်းသူတစ်ယောက်ရင်လည်း ဖြစ်ရမယ်။ ဒါမှမဟုတ် ၀ိနည်းပိဋကတ်ကို သေချာမလေ့လာဖူးသူရင်လည်း ဖြစ်လိမ့်မယ်။


စာသင်တိုက်တွေအကြောင်းပြောရင်းနဲ့ တစ်ဆက်တည်းသတိရလို့ ပညာရေးလည်းအောင်မြင်၊ စည်းကမ်းပိုင်းလည်း ကောင်းမွန်လှပြီး ယနေ့ခေတ်ရဲ့ စံပြသဖွယ်ဖြစ်နေတဲ့ စာသင်တိုက်တစ်ခုအကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ စစ်ကိုင်းက မြစကြာကျောင်းတိုက်ပါ။ မြန်မာပြည် သံဃာ့ပညာရေးစံနစ်မှာ ပထမပြန်စာမေးပွဲ ပထမကြီးတန်းကို တစ်နိုင်ငံလုံးပထမနဲ့ အောင်မြင်သူဆိုရင် "ပထမကျော်" ဘွဲ့ ချီးမြှင့်ပါတယ်။ မြစကြာကျောင်းတိုက်ကနေပြီး အဲဒီလို ပထမကျော်ဘွဲ့ရသူ (၈)ပါးအထိ ထွက်ရှိခဲ့ပါတယ်။ ငယ်၊ လတ်၊ ကြီး စာမေးပွဲတွေမှာ တစ်နိုင်ငံလုံး ပထမ၊ ဒုတိယ၊ တတိယစသည်ဖြင့် ထူးချွန်စွာအောင်မြင်သူ များစွာမွေးထုတ်ပေးခဲ့သလို ဘုန်းကြီးလောကရဲ့ ထိပ်တန်းစာမေးပွဲတွေဖြစ်တဲ့ အဘိဝံသစာမေးပွဲ၊ သာမဏေကျော်စာမေးပွဲတွေမှာလည်း ထိပ်တန်းက အောင်မြင်လေ့ရှိပါတယ်။ ဒီနှစ် ကျင်းပပြီးစီးသွားတဲ့ အဘိဝံသစာမေးပွဲ(သကျသီဟ)မှာ စာသင်တန်းအောင်မြင်သူ စုစုပေါင်း(၅)ပါးသာ ရှိပြီး (၃)ပါးက မြစကြာကျောင်းတိုက်ကပါ။ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲမှာလည်း
သာမဏေကျော်ဘွဲ့ရသူ(၆၀)ကျော်မှာ မြစကြာကျောင်းတိုက်က (၁၈)ပါး ပါဝင်ခဲ့ပါတယ်။ ဒီလောက်ဆိုရင် ပညာရေးအောင်မြင်မှု ဘယ်လောက်အထိ မြင့်မားတယ်ဆိုတာ ခန့်မှန်းလို့ရပါပြီ။

ပညာရေးအောင်မြင်မှုတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ အနေအထိုင်နဲ့ပတ်သက်ရင်လည်း အရှင်ဇနကာဘိဝံသလက်ထက်က မဟာဂန္ဓာရုံကျောင်းတိုက်ကို ကြည့်ချင်ရင် စစ်ကိုင်း၊ မြစကြာကျောင်းတိုက်ကို သွားကြည့်ပါလို့ ပြောစမှတ်တွင်လောက်အောင် စည်းကမ်းပိုင်း ကောင်းမွန်လှပါတယ်။ ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံတွေဟာ ကြည်ညိုဘွယ်ဖြစ်ရုံမက စကားပြောဆိုပုံတွေကအစ ယဉ်ကျေးသိမ်မွေ့လှပါတယ်။ ဒါကြောင့်လည်း သံဃာအချင်းချင်းတောင် လေးစားချီးကျူးရတဲ့ ကျောင်းတိုက်တစ်ခုအဖြစ် ရပ်တည်နေတာပါ။ ရန်ကုန်မှာဆိုရင်လည်း တိပိဋက(ယော)ဆရာတော် ဦးစီးတဲ့ ၀ိသုဒ္ဓါရုံကျောင်းတိုက်(ဗဟန်း)ဟာ စည်းကမ်းပိုင်းရော ပညာရေးမှာပါ နာမည်ကျော်ကြားလှတဲ့ကျောင်းတိုက်တစ်ခုပါ။

ဒါတွေကို ရေးပြခြင်းဟာ သူ့ကျောင်းတိုက်နာမည်ကြီးအောင်ဆိုပြီး ကြော်ငြာပေးလိုတာကြောင့် မဟုတ်ဘဲ စည်းကမ်းပိုင်းနှင့်ပညာရေး နှစ်ခုလုံးပြည့်စုံပြီး (သဒ္ဓါတရားရှိသူတွေအနေနဲ့) ကြည်ညိုဘွယ်ရာကောင်းမွန်တဲ့ ဒီလို စာသင်တိုက်တွေလည်း မြန်မာပြည်မှာ ရှိတယ်ဆိုတာ သိစေချင်တဲ့သဘောပါ။ မြင်အောင်ကြည့်တတ်တဲ့စိတ်ရယ်၊ ကြည်ညိုတတ်တဲ့သဒ္ဓါတရားရယ်တော့ သင့်မှာ ပြည့်စုံဖို့ လိုပါလိမ့်မယ်။




ပရိယတ်နဲ့ပတ်သက်ပြီး စာသင်တိုက်တွေပေါများသလို ပဋိပတ်နဲ့ ပတ်သက်လာရင်လည်း ရိပ်သာတွေ၊ ကမ္မဋ္ဌာနာစရိယတွေ မြန်မာပြည်မှာ ပေါများလှပြီး အခုနောက်ပိုင်းမှာဆိုရင် တစ်ချို့ရပ်ကွက်ဓမ္မာရုံတွေမှာ ၀ါတွင်းဥပုသ်နေ့ရောက်ရင် ရှစ်ပါးသီလ ခံယူဆောက်တည်ရုံတင်မဟုတ်တော့ဘဲ ပဋိစ္စသမုပ္ပါဒ်သင်တန်းတွေပါ တွဲပြီး ပေးလာကြတာ တွေ့ရတယ်။ ပဋိပတ်နဲ့ပတ်သက်ပြီး စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ အနာဂါမ်ဆရာသက်ကြီး၊ ဦးဘခင်၊ ဦးဂိုအင်ကာစတဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များ အများအပြား ပေါ်ထွန်းခဲ့ပြီး မြန်မာပြည်ရဲ့ ပဋိပတ္တိသာသနာသမိုင်းကို ပြောမယ်ဆိုရင် ထိုပုဂ္ဂိုလ်တွေကို ဘယ်နည်းနဲ့မှ ချန်ထားလို့ မရနိုင်ပါ။ ကိုယ်တိုင်လည်း အားထုတ်၊ အများကိုလည်း နည်းလမ်းညွှန်ပြခဲ့ကြတဲ့ ဆရာတော်ကြီးများ၊ ကမ္မဋ္ဌာန်းနည်းပြဆရာကြီးများ ဖြစ်ကြပြီး ယနေ့တိုင် ၎င်းတို့ရဲ့ နည်းနာနိဿယျကို ခံယူပြီး ဟောပြောပြသနေတဲ့ ရိပ်သာများ၊ အားထုတ်နေကြတဲ့ ယောဂီများ မြန်မာပြည် အနှံ့အပြားမှာ များစွာ ရှိပါတယ်။ ဒါ့အပြင် ဖားအောက်တောရ၊ မြေဇင်းတောရစတဲ့ ကမ္မဋ္ဌာန်းရိပ်သာများလည်း ပေါ်ထွန်းခဲ့ပြီး မြန်မာပြည်သာမက ပြည်ပနိုင်ငံတစ်ချို့အထိ ၀ိပဿနာတရားကို ပြန့်နှံ့စေခဲ့ပါတယ်။

ဦးဇင်းတို့ လက်ရှိနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ပြီး လူတွေအနေနဲ့လည်း ဘာသာတရားအပေါ် အတော်လေး သက်ဝင်ကိုင်းရှိုင်းကြတာ တွေ့ရတယ်။ ရဟန်းတော်တွေအပိုင်းကို ကြည့်ရင်လည်း ပညာရေးစံနစ် ကောင်းမွန်ပြီး အထူးအားဖြင့် ဘာသန္တရစာပေမှာ မြန်မာရဟန်းတွေထက် ရှေ့ရောက်ကြပါတယ်။ Buddhismနဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားတဲ့ စာအုပ်ပေါင်းများစွာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ကြသည့် Walpola Rahula၊ Dr. K Sri Dhammananda၊ Nārada Thera စတဲ့ စာရေးဆရာပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သလို မဇ္ဈိမနိကာယ်ကို English Translation လုပ်ပေးခဲ့တဲ့ Bhikkhu Ñanamoliနှင့် Bhikkhu Bodhi တို့ဟာလည်း သီရိလင်္ကာမှာ သီတင်းသုံးပြီး စာအုပ်ပေါင်းများစွာ ရေးသားခဲ့တာပါ။ ဒါပေမဲ့ မြန်မာပြည်နဲ့ယှဉ်ရင် သီရိလင်္ကာမှာ ၀ိပဿနာအားထုတ်မှုအပိုင်း အားနည်းပြီး Meditation Centre တွေလည်း များများစားစား မရှိပါ။ Meditationအပိုင်းကို စိတ်ဝင်စားပြီး ဦးဆောင်လုပ်နေတဲ့ ဆရာတော်အချို့ဟာလည်း မြန်မာပြည်က ဖားအောက်တောရတို့လို ရိပ်သာတွေဝင်၊ နည်းယူပြီးမှ အဲဒီနည်းနာနိဿယျအတိုင်း ပြန်လည်ပို့ချနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့လကတောင် သီရိလင်္ကာနိုင်ငံသား(၁၀၀)ကျော်လောက် ရန်ကုန်က ရွှေတောင်ကုန်းရိပ်သာမှာ စခန်းဝင်ပြီး ၀ိပဿနာတရား အားထုတ်ကြတဲ့အကြောင်း အဲဒီမှာ သီတင်းသုံးနေတဲ့ မိတ်ဆွေရဟန်းတစ်ပါး ပြောပြလို့ သိရပါတယ်။

ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားစွာ လေ့လာလိုကြသည့် အနောက်တိုင်းသားအများစုကလည်း Meditationအပိုင်းကို ပို၍ စိတ်ဝင်စားလေ့ရှိပြီး မြန်မာပြည်ကမှန်းသိတာနဲ့ Meditation Centreတွေရဲ့ လိပ်စာကို တောင်းကြတဲ့ နိုင်ငံခြားသားတစ်ချို့ကို ဦးဇင်းကိုယ်တိုင် ကြုံဖူးပါတယ်။ မြန်မာပြည်က ထင်ရှားတဲ့ရိပ်သာကြီးတွေမှာ ၀ိပဿနာတရားကို လာပြီး အားထုတ်နေကြတဲ့ အနောက်တိုင်းသားယောဂီတွေကို မိတ်ဆွေတို့လည်း မကြာခဏ တွေ့ဖူးပါလိမ့်မယ်။ ဒါတွေဟာ ဘာကို ပြနေသလဲဆိုရင် လက်ရှိ မြန်မာပြည်မှာ ပရိယတ္တိသာသနာထွန်ကားသလို ပဋိပတ္တိသာသနာလည်း အားကောင်းနေဆဲဆိုတာ မီးမောင်းထိုးပြနေတာပါ။ ပြင်ပဗဟိဒ္ဓသာသနာထက် ကိုယ်တွင်းအဇ္ဈတ္တသာသနာ အားကောင်းဖို့နှင့် ဗုဒ္ဓရဲ့အဆုံးအမများ လူတွေရဲ့သန္တာန်မှာ တည်ပြီး ငြိမ်းချမ်းတဲ့စိတ်နှလုံးကို ပိုင်ဆိုင်ကြဖို့တော့ ကိုယ်စီ ကြိုးစားကြရပါလိမ့်အုံးမယ်။

(ဆက်လက်ရေးသားပါမည်)

မှတ်ချက်။ ။ ပုံမှာ စစ်ကိုင်း၊ မြစကြာကျောင်းတိုက်သံဃာများ ဘုရားဝတ်ပြုနေပုံဖြစ်ပြီး အရှင်ခေမာနန္ဒ - မိုးသု(မန္တလေး)ရဲ့ စာမျက်နှာမှ ပုံကို ကူးယူပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...