Thursday, February 13, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၃)

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ
သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၃)

Feb 9,2014 | ညိုထွန်း | နေ့သစ်

သံဃာ သင်းကွဲမှု (သံဃဘေဒ) ဟူသည်မှာ နယ်ပယ်ရပ်ဝန်း တခုတွင် ဓမ္မဝိနယနှင့်အညီ ကျင့်ကြံညီညွတ်သည့် မူလ သံဃာ အဖွဲ့အစည်းမှ အဖွဲ့ နှစ်ဖွဲ့ ကွဲထွက်သွားပြီး ထိုနှစ်ဖွဲ့ အနက် တဖွဲ့တွင် အနည်းဆုံး သံဃာငါးပါး ပါဝင်ကာ ကျန်တစ်ဖွဲ့တွင် အနည်းဆုံး သံဃာလေးပါး ပါဝင်ခဲ့သော် သံဃာသင်းကွဲခြင်း မြောက်ပါသည်။

ဗုဒ္ဓသည် သံဃာသင်းကွဲမှုကို ပြင်းထန်စွာ ရှုံ့ချပြီး ရှင်တော်က မြွက်ကြားသည်မှာ ပုဂ္ဂိုလ်တဦးသည် ဓမ္မဝိနယကို မှန်ကန်စွာ နားလည် ကျင့်ကြံသော သံဃာ အဖွဲ့အစည်းတွင် မူလတွင် ပါဝင်ခဲ့ပြီး တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၎င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက်နှင့် ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တခုလုံး ငရဲတွင် ကျက်ရပါလိမ့်မည် ။

ခန္ဓကဝဂ် တွင် ဗုဒ္ဓသည် ရဟန်းသံဃာတို့အား သံဃာသင်းကွဲမှုကို ကာကွယ် တားဆီး ဖြတ်တောက်ရန် နည်းလမ်းတို့ကို ညွှန်ပြထားပြီး သံဃဘေဒ အမှုကို တားဆီးဖို့ အတွက်ဆို ဘိက္ခုတို့ ဝါမဆိုနိုင်ခြင်းကိုပင် အထူးခြွင်းချက် အနေဖြင့် ခွင့်ပြုတော် မူပါသည်။ သို့သော် ခန္ဓကဝဂ် တွင် ကိုယ်တော်မြတ်ကြီးသည် လူပုဂ္ဂိုလ်များ သံဃာသင်းကွဲသော ကိစ္စမှာ ဝင်မပါနဲ့လို့တော့ တားမြစ်လို့ ထားတော် မမူပါ။ ထိုအစား ရှင်တော်က တရားဓမ္မနှင့် အညီ ကျင့်ကြံသော အဖွဲ့ဘက်သို့ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းတော် မူပါသည်။

နောက်ပြီးတော့လည်း သံဃာသင်းကွဲမှုကို အလျင်စလို စေ့စပ်ပြေငြိမ်းခြင်းကို ကိုယ်တော်မြတ်ကြီး အားပေးတော် မမူပါ။ အကယ်၍ ကွဲပြားခဲ့သော သံဃာတို့သည် ကွဲပြားရခြင်း အကြောင်းရင်းကို ပြန်လည် မတည့်မတ်နိုင်ဘဲ ပြန်ပူးပေါင်းခဲ့သော် ထိုသို့ ပူးပေါင်းခြင်းသည် တရားဝင်လိမ့်မည် မဟုတ်ဘဲ ကွဲပြားခဲ့ရသော အမှု အကြောင်းရင်းကို ပြန်ဖွင့် စစ်ဆေးရပါမည်။

ဥပမာ ၉၆၉ ကို ကိုးကွယ်မှု နှင့် ရတနာ သုံးပါးကို ကိုးကွယ်မှုဆိုပြီး ကွဲပြားခဲ့ပြီ ဆိုလျှင် နှစ်ခုလုံး ကိုးကွယ်လို့ရသည်ဆိုပြီး သံဃာနှစ်ဖွဲ့ ပြန်ဇာတ်ပေါင်း၍ မရပါ၊ ၉၆၉ သံဃာတို့သည် မိမိတို့သည် တရားဓမ္မ နှင့် အညီ မကျင့်ကြံခဲ့ပါ ၊ အဓမ္မ တရားတို့ကို ပြုမိမိုက်မှား ဟောပြောခဲ့ ပါသည် ဟု သံဃာကောင်းတို့ကို လူသိရှင်ကြား တရားဝင် ဝန်ခံရပါမည်။ ထို့အတူပင် သာသနာ့ပါလ အဖွဲ့ဝင်တို့သည်လည်း ၎င်းအဖွဲ့၏ ဖွဲ့စည်းခြင်း ရည်ရွယ်ချက် စေတနာ (ဝါ) အမျိုး ဘာသာ သာသနာ သည် ဘုရားဆုံးမထားသည့် တရားဓမ္မနှင့် မညီပါ ဟု အတိအလင်း ကြေညာဝန်ခံမှ သာလျှင် မူလသံဃာ နှင့် ပြန်ပေါင်းခွင့် (ဝါ) သံဃာတော် ပြန်ဖြစ်ခွင့် ရှိပါသည်။

တနည်းအားဖြင့် ဗုဒ္ဓသည် အပေါ်ယံ ညီညွတ်သော သံဃာကို လုံးဝ ခွင့်ပြုတော် မမူပါ။ အဘယ်ကြောင့်လဲဆိုတော့ အဲသလို အပေါ်ယံ ညီညွတ်ပြတယ် ဆိုတာမျိုးဟာ သံဃာဟာ တရားဓမ္မကို မရိုသေ၊ ခြေနဲ့နင်းတဲ့ သဘော ဖြစ်သည်ဟု ကိုယ်တော်မြတ်ကြီးက မြင်သောကြောင့် ပါတည်း။

ဥပမာအားဖြင့် မဟန သံဃာ အဖွဲ့ (နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည်) ငါတို့ ဘုန်းကြီး လုပ်မပျက်ရင် ပြီးရောဆိုပြီး ၉၆၉ ကို ကိုးကွယ်တာဟာလဲ မှန်ပါတယ်ဟု ၉၆၉ ဂိုဏ်းနှင့် စေ့စပ်ခဲ့သော် မဟန အစိုးရသံဃာ အဖွဲ့ နှင့် ၉၆၉ ဘိက္ခုမာဖီးယားတို့ ပေါင်းသွားသောဂိုဏ်း ဟူသည် သံဃာမမြောက်။ အဲသလို ပေါင်းလျှင် လူမိုက်ကို လက်ခံပေါင်းသင်းသော မဟန အဖွဲ့ပါ သံဃာ အဖြစ်မှ ဆုံးရူံး၏။

လွယ်လွယ်မှတ်မည် ဆိုလျှင် ဖောက်ပြန်ခွဲထွက်သည့် ရဟန်းအဖွဲ့က မိမိတို့၏ ခွဲထွက်ရခြင်း အကြောင်းရင်း အပြစ်ကို ဝန်ခံခြင်း မရှိလျှင် (အမှန်တကယ် နောင်တရခြင်း မရှိလျှင်) ၎င်း ဖောက်ပြန်ခွဲထွက်သူတို့ နှင့် စေ့စပ်ပူးပေါင်းခြင်းကို ခွင့်ပြုတော် မမူ။ ဒါမျိုး ငြိမ်းချမ်းရေး ရဖို့ဘဲ လိုတယ် ဟု ဆိုကာ အထပ်ထပ် ပူးပေါင်းနေပါလျှင် လူဆိုး သံဃာဂိုဏ်း တဂိုဏ်းဟာ သံဃာထု တရပ်လုံးကို ကောက်စားကာ တောမသတ် ကြီးထွားလာနိုင်ပါသည် (infinite regress) ။

ဝီရသူက သံဃာ ငါးသိန်းလုံး သူ့နောက်မှာ ရှိတယ် ဆိုတဲ့ စကားကို ပေါ့သေးသေး မထင်ပါနဲ့။ သင်းသည် ခုပြသလို သံဃာကို ကောက်စား မျိုချဖို့ စဉ်းစားထားပြီး ဖြစ်၍ မျိုလည်း မျိုသွားနိုင်လောက်သည့် အခြေအနေ ရှိနေပါသည်။ ဒါကြောင့်လည်း “လူမိုက်တွေနဲ့ ရွှေပြည်အေး လုပ်ပြီး စေ့စပ် ပေါင်းထုပ်ခွင့် လုံးဝမရှိ” လို့ မြတ်စွာဘုရားက ပြခဲ့သော မူလအာဘော် သည် အင်မတိ အင်မတန် အရေးကြီးပါ ၏။ ခေတ်သုံး ဘိုစကား နဲ့ ပြောရင် The Sangha will never negotiate the Sangha corrupted လို့ လည်း တမျိုး မှတ်နိုင်ပါပေ သတည်း။

သံဃာသင်းကွဲခဲ့လျှင် လုပ်ဆောင်အပ်သော ကျင့်ဝတ်

ရဟန်းတပါးသည် သံဃာသင်းကွဲပြီ ဖြစ်ကြောင်းကို သိလျှင် သူသည် တရားဓမ္မ နှင့် အညီ ကျင့်ကြံသောဘက် ကိုသာ ပူးပေါင်း ပါဝင်ရ ပါမည်။

မဟာဝဂ် အရ တရားဓမ္မနှင့် အညီ မကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည် 

“ဘိက္ခု သည် ဓမ္မ မဟုတ်သည်ကို ဓမ္မ အဖြစ်၊ ဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ်၊ ဝိနယ မဟုတ်သည်ကို ဝိနယ အဖြစ်၊ ဝိနယ ဟုတ်သည်ကို အဝိနယ အဖြစ်၊ ဘုရားက မဟောကြားခဲ့သည်ကို ဘုရားက ဟောကြားခဲ့သည် အဖြစ်၊ ဘုရားက ဟောကြားခဲ့သည်ကို ဘုရားက မဟောကြားခဲ့သည် အဖြစ်၊

ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် ကို ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် ကို ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည်ကို ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် အဖြစ်၊ ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် ကို ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း မဟုတ်သည်ကို ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည်ကို ဝိနည်း ချိုးဖောက်ခြင်း မဟုတ်သည် အဖြစ်၊ သေးသော အာပတ် ကို ကြီးသော အာပတ် အဖြစ်၊ ကြီးသော အာပတ်ကို သေးသော အာပတ်အဖြစ်၊ မကုစားနိုင်သော အာပတ်ကို ကုစားနိုင်သော အာပတ် အဖြစ်၊ ကုစားနိုင်သော အာပတ်ကို မကုစားနိုင်သော အာပတ်အဖြစ်၊ ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှုကို မဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ဥပမာ ပါရာဇိက ကို ခုဒ္ဒကဟု ပြောခြင်း)၊ မဆိုးဝါးသော ဝိနည်းချိုးဖောက်မှုကို ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ခုဒ္ဒက ကို ပါရာဇိက ဟုပြောခြင်း) စသဖြင့် သိကြား စေ၏၊ ဤဘိက္ခု သည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

တဖက်တွင် တရားဓမ္မနှင့် အညီ ကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည် “ဘိက္ခု သည် ဓမ္မ ဟုတ်သည် ကို ဓမ္မ အဖြစ်၊ အဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ် … စသဖြင့် သိကြား စေ၏။ ဤဘိက္ခုသည် တရားနှင့် အညီ ကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

ဤ လမ်းညွန် ဟောကြားထားချက်ကို ထောက်လျှင် ရဟန်းတပါးသည် မည်သည့် သံဃအသင်းတွင် ပါဝင်ရမည်နည်း ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဗုဒ္ဓ ဟောကြားခဲ့သော တရားဓမ္မတို့၏ ပရိယာယ်ကို ကောင်းစွာ ကျွမ်းကျင်နားလည်သူ ဖြစ်ရပါမည်။ အရေးကြီးသော စဉ်းစားရန် နောက် တချက်မှာ ကွဲထွက်လာသော နှစ်ဖွဲ့လုံးသည် ဖောက်ပြန်မိုက်မှားနေတာလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရဟန်းသည် မိမိ အနေဖြင့် တရားဓမ္မ တို့၏ ပရိယာယ်ကို ကျွမ်းကျင်စွာ နားလည်ခြင်း မရှိသေးသည့် အတွက် မည်သည့် အဖွဲ့တွင် ပါဝင်ရမည်ကို မဆုံးဖြတ်နိုင် ရှိခဲ့သော် ထိုရဟန်းအတွက် ဘယ်အဖွဲ့ကိုမှ မပူးပေါင်းခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ မဟာဝဂ်သည် ဤကိစ္စမျိုးကို ကြိုမြင်ထားပုံရပြီး ရဟန်းသံဃာသည် မည်သည့် သင်းကွဲအဖွဲ့တွင်မှ မပါဝင်လို ခဲ့လျှင် ဝါဆိုစရာ ကိစ္စ ရှိနေသည့်တိုင် ၎င်းအဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာခြင်းကို ခွင့်ပြုထားပါသည်။

မူလ သံဃာတွင် ပါဝင်ခဲ့သော ဘိက္ခုနီတို့သည် သင်းကွဲ ရဟန်း နှစ်ဖွဲ့လုံး၏ တင်ဆိုချက်ကို ကြားနာပြီး မည်သည့် အဖွဲ့သည် တရားနှင့် အညီ ကျင့်ကြံသနည်းဟု ဆုံးဖြတ်ကာ ၎င်းတို့မှ တရားဓမ္မ နှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော အဖွဲ့ နှင့် ပူးပေါင်းရပါမည်။ လူပုဂ္ဂိုလ်တို့ အတွက်မူ ၎င်းတို့သည် နှစ်ဖွဲ့လုံးကို ဆက်လက် လှူဒါန်းထားသင့်ပြီး နှစ်ဖက်လုံးက ဟောသော တရားကို ကြားနာ၍ တရားဓမ္မနှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော သံဃာအဖွဲ့ကို ဦးစားပေး ဆည်းကပ်ရပါမည်။

တခု မှတ်ရန်မှာ ဗုဒ္ဓသည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းအဖွဲ့ကို ဆွမ်း မလှူဒါန်းရဘူး လို့ တားမြစ်ထားခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် လူသားတဦး၏ အသက်ရှင်ရန် အခြေခံ ဇီဝ လိုအပ်ချက်ကို မည်သည့်အကြောင်းကြောင့်မှ (unconditional) တားမြစ် ပိတ်ပင်ခြင်း မရှိသင့်သောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့်လည်း ကောသဗ္ဗီပြည်တွင် သင်းကွဲကုန်သော ရဟန်းသံဃာ အဖွဲ့တို့သည် အလွန် ခက်ထန်ဆိုးသွမ်းလာခဲ့ သောအခါ ဘုရားရှင်သည် ရဟန်းတို့မှ ဝေးရာ တောအရပ်သို့ ဖဲထွက်သွားရာ ပြည်သူလူထုမှ (ဤ ခက်ထန်သော ရဟန်းတို့ကို အပြစ်ပေးသော အနေဖြင့်) ၎င်းရဟန်းတို့အား ထောက်ပံ့လှူဒါန်းမှုကို လုံးဝ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သော သာဓက ရှိပါသည်။

ကောသဗ္ဗီ ကိစ္စတွင် စားဖို့ ဆွမ်းရှာ မရတော့သော ရဟန်းတို့သည် ပြည်သူလူထုကို ရူံးရကား မြတ်စွာဘုရား ရှိရာ လိုက်သွား တောင်းပန် အပြစ်ဝန်ခံကာ ကိစ္စသည် ပြေငြိမ်းခဲ့ပါသည်။ သို့ရာတွင် ဤသို့ ပြည်သူက သံဃာကို အကြပ်ကိုင်ကာ အနိုင်ရသော ကိစ္စမျိုးသည် အလိုအလျောက်လာသော လူမှု ဖြစ်စဉ် (Spontaneous Order) တွင်သာ ဖြစ်နိုင်ပါသည်။ တမင် ပုံစံချထားသော လူမှုဖြစ်စဉ် (Designed Order) တွင် မဖြစ်နိုင်ပါ။ ချမ်းသာလွန်းသော ‘နိုင်ငံတော်’ မှ သူ မျက်နှာသာပေးလိုသော ဘာသာရေး အဖွဲ့ကို ပါးဖြဲနားဖြဲ လှူဒါန်းနေသော ငါတို့၏ ဗမာပြည် လူမှု ဖြစ်စဉ်မျိုးတွင် ငါတို့၏ ဆင်းရဲသား ပြည်သူလူထုသည် ဓန ခွန်အားကြီးသူတို့နှင့် ပလူးသည့် မာဖီးယား သံဃာဂိုဏ်း တဂိုဏ်းကို ဘုရားခေတ် လွတ်လပ်သည့် ကောသဗ္ဗီပြည်သားတွေလို အကြပ်ကိုင် လုပ်နိုင်ဖို့ရန် စွမ်းအား မမျှပါ။

လက်တွေ့ ကိစ္စများ

သင်းကွဲသော နှစ်ဘက်လုံးသည် သြဝါဒ ပါတိမောက်ကို ပြခြင်း (ရွတ်ဆိုခြင်း) အစည်းအဝေးတို့ကို တခြားစီ ပြုလုပ်ပါသော်လည်း ၎င်း နှစ်ဖွဲ့လုံးသည် သြဝါဒ ပါတိမောက် ပြခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ ကို မှန်ကန်စွာ လိုက်နာနေသရွေ့ ၎င်း ရဟန်း နှစ်ဖွဲ့လုံး၏ (သံဃာဖြစ်ခြင်းကို ထိန်းသိမ်း အတည်ပြုသည့်) ဤ အစည်းအဝေးတို့ သည် တရားဝင်ပါသည်။ မည်သည့် အဖွဲ့ကမှ ကျန်တဖွဲ့၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင် ဟု ကြေငြာခွင့် မရှိပါ။

ဥပမာ အားဖြင့် ဗမာ ရွှေကျင်ဂိုဏ်းမှ သံဃာများသည် ဗမာ သုဓမ္မာ ဂိုဏ်းမှ သံဃာများ၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင်ဟု ကြေငြာခွင့် မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၎င်း နှစ်ဖွဲ့လုံးသည် ဝိနည်းဆိုင်ရာ ဝိဝါဒ ကွဲပြားသည် ဖြစ်ပစေ သံဃာ့ ဘုံကိစ္စဖြစ်သည့် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှုကို ပြုပါမည်” ဟူသည့် သံဃခံဝန်ချက် သဘောတွင် ယျေဘုယျ တူညီသည့် အတွက် ဤ ခံဝန်ချက်ကို အမှတ်ပြုသော ဥပုသ် အစည်းအဝေးတို့သည် ဂိုဏ်းခွဲ ပြုလုပ်သည် ဖြစ်ပစေ တရားဝင်ပါသည်။

သို့ရာတွင် စဉ်းစားစရာ ရှိသည်မှာ ပါတိမောက် အတူ ရွတ်ဆိုရာတွင် ပါရာဇိက ကျပြီးသော ရဟန်းတို့၏ အရေအတွက်က များနေခဲ့သော် အသို့ လုပ်ရပါ မည်နည်း၊ ဤ ပါရာဇိကကျ ရဟန်းတို့ဖြင့် ပါတိမောက် ပြခြင်းသည် တရားဝင် ပါသေး သလော။ ဤ ကိစ္စကို ပိဋကတော်တွင် ရှင်းပြထားသည်ကို မတွေ့ပါ။

ကျွန်တော့် အမြင်မှာ ပါတိမောက် ပြခြင်းတွင် သံဃာ အစစ်အမှန် ဘယ်လောက် ရှိသလဲဆိုသော အရေအတွက်သည် အဓိက မကျ၊ သံဃာ၏ ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကို အမှတ်ပြုခြင်းသည်သာ အဓိကလိုရင်း ဖြစ်သည့် အတွက် ပါရာဇိက မကျသော ရဟန်းတပါး ရှိရုံနှင့် ဤ အစည်းအဝေးတို့သည် သံဃာ့ အစည်းအဝေး အဖြစ် တရားဝင်နိုင် ပါသည်။ ဖြစ်နိုင်သည့် အခင်းတို့မှာ ပါရာဇိက ကျပြီး ရဟန်းတဦးသည် အပြင် အမြင်အရ ရဟန်းခေါင်းဆောင် အဖြစ်ဖြင့် ယင်းအစည်းအဝေးတွင် ရှိပြီး ပါရာဇိက မကျသော ရဟန်းတပါးသည် ရဟန်းအမည်ခံ ရဟန်းခေါင်းဆောင်၏ နောက်လိုက် အဖြစ်ဖြင့်ပင် ဤ အစည်းအဝေးတွင် ရှိနေနိုင်ပါသော်လည်း အသက်မွေးမှု စင်ကြယ်သဖြင့် အလှူခံထိုက်သော “သံဃာ” သဘောကို အမှတ်ပြု ထိန်းသိမ်းရန် ရဟန်းကိစ္စသည်သာ ပဓာန ဖြစ်သောကြောင့် ဤ အစည်းအဝေးသည် နောက်လိုက်အဖြစ် သတ်မှတ်ခံရသော သံဃာအစစ်၏ သံဃ အကြောင်းကိစ္စအားဖြင့် တရားဝင်ပါသည်။

ဆိုပါစို့။ ဗမာပြည်တွင် လက်တွေ့ ဖြစ်လာနိုင်သော ကိစ္စတခုကို သုံးသပ်ပါမည်။ မင်းဆိုးမင်းမိုက်၏ အကူအညီ ကျောထောက်နောက်ခံကို ရသော ယနေ့ သာသနာ့ပါလ အဖွဲ့သည် အင်အား ကြီးထွားသည်ထက် ကြီးထွားလာပြီး နောင် ဗမာပြည်တွင် ရှိရှိသမျှ ရဟန်းသံဃာ အားလုံး သာသနာ့ပါလ အဖွဲ့ဝင်များ ဖြစ်ကုန်သည် ဆိုကြပါစို့။ ထိုရဟန်းတို့သည် အမျိုး၊ ဘာသာ၊ သာသာနာရေးသာ ရဟန်းတို့၏ ပဓာန အရေး စသဖြင့်ဆိုကာ အတိုင်းထက် အလွန် ဖောက်ပြန် လုပ်ချင်ရာ လုပ်သဖြင့် ၎င်း သာသနာ့ပါလ အဖွဲ့ဝင် ရဟန်းအားလုံး ပါရာဇိက ကျနေပြီးပြီ ဆိုပါစို့။ အမျိုးကောင်းသား တယောက်သည် တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုသော် တတိုင်းပြည်လုံး သာသနာ့ပါလ အဖွဲ့ ဖြစ်နေသည့် အတွက် ၎င်း တဖွဲ့တည်းသာ ရှိတော့သော သာသနာ့ပါလ အဖွဲ့သို့သာ ဝင်ပူးပေါင်း၍ ရဟန်းပြုရပါမည်။ ဤ ကိစ္စမျိုးတွင်  ၎င်း အမျိုးကောင်းသားကို ရဟန်းပြုပေးသော ပုဂ္ဂိုလ်တို့သည် ပါရာဇိကကျပြီးသူ (လူပုဂ္ဂိုလ် အဖြစ်ကို ရွှေ့လျောနေပြီးသူ) ဖြစ်နေသည့်တိုင်အောင် (ပရမတ္တ သဘောတွင်) ၎င်းအမျိုးကောင်းသား၏ တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုမှု သာ လိုရင်း ဖြစ်သဖြင့် လူက ရဟန်းပြုပေးသော်လည်း ထိုရဟန်းသည် ရဟန်းစင်စစ် အဖြစ်ကို ရယူနိုင် ပါသည်။

ထိုသို့သော အခြေအနေမျိုးတွင် ရဟန်းအစစ် ဆိုလို့ တပါးတည်း ရှိပေမယ့် သာသနာ့ပါလ အဖွဲ့၏ ပါတိမောက်ပြ စည်းဝေး ဥပုသ်ပြုခြင်းသည် ဤ တပါးတည်း ရှိသော ရဟန်း၏ အကျိုးဌာ တရားဝင်ပါသည်။ ကုန်ကုန် စဉ်းစားမည်ဆိုလျှင် ဤ တပါးတည်းသာ ကျန်တော့သော ရဟန်းသည်ပင် မရှိတော့လျှင်လည်း သြဝါဒ ပါတိမောက် ပြခြင်းသည် “လောကသစ္စာ” သဘောအားဖြင့် တရားဝင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ၎င်း ပါရာဇိက ကျပြီး လူပုဂ္ဂိုလ်တို့နှင့် ပါတိမောက်ပြခြင်းကို လုပ်နေသည့်တိုင် စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု နှင့် နေပါမည်ဟူသော ခံဝန်ချက်တွင် ၎င်း ပါတိမောက် ပြနေသော “လူ” တို့သည် သူတို့ လိမ်ညာဝန်ခံနေသည်ကို သိနေသည့်တိုင်အောင် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု ရှိသည့် အတွက် လှူဒါန်းပူဇော်မှုကို ခံယူထိုက်သည်” ဆိုသည့် ပရမတ္တ သံဃာ၏ ဂုဏ်တော်ကို “အသိအမှတ် ပြုခြင်း” ၊ “ အမှတ်ရခြင်း” ၊ ‘နိုးဆော်ခြင်း’ သဘောသည် မွန်မြတ်ဝင်းပစွာ တည်ရှိပါသည်။ ထိုကြောင့် ယင်း ပါတိမောက် ပြခြင်းဆိုင်ရာ အစည်းအဝေးတို့တွင် အားလုံးသည် လူလိမ် လူယုတ်မာ ဖောက်ပြန်သူများ ဖြစ်နေသည့်တိုင် ၎င်း ပရမတ္တ ဂုဏ်တော်၏ ကျေးဇူးသတ္တိ - သစ္စာ ကို နိုးကြားစေခြင်း သဘော၏ သတ္တိအားဖြင့် ယင်းသို့သော အစည်းအဝေး ပေမည့်လည်း မြတ်သော ရဟန်းဥပုသ် အဖြစ်ဖြင့် ခေါ်ထိုက်လောက် မည်ဟု ကျွန်တော် ထင်ပါသည်။ ဒါပေမယ့်လည်း ဝန်ခံထားရမည်မှာ ကျွန်တော် စဉ်းစားမိသည့် ဆိုးဝါးပျက်ပြားလှသော အခြေအနေတို့တွင် ရဟန်းကောင်း တပါး အနေဖြင့် ဆက်လက်ရပ်တည်နိုင်ခွင့် ရှိမရှိ ဟူသော ရူဒေါင့်မှ ပြောနေသည့် သဘောမှာ ရိုးရိုးရှင်းရှင်း စဉ်းစား ဆုံးဖြတ်နိုင်ရန် ရည်ရွယ်သော ကျမ်းဂန်ပါ စည်းမျဉ်းတို့နှင့် တထပ်တည်း ကျချင်မှ ကျပါလိမ့်မည်။ အများအတွက် ရိုးရိုးရှင်းရှင်း ဆုံးဖြတ်နိုင်ရန် သတ်မှတ်ထားရသော စည်းမျဉ်းတို့သည်လည်း ဗုဒ္ဓသာသနာ တည်တံရေးအတွက် အင်မတန် အရေးကြီးပါသည်။

နောက်တချက် ယှဉ်ထိုးစူးစမ်း ဖို့ရန် အရေးကြီးလာသည်မှာ ဖော်ပြခဲ့ပြီး ဖြစ်သည့် “တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၎င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက် နှင့် ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တခုလုံး ငရဲတွင် ကျက်ရသည်” ဟူသော ဗုဒ္ဓ၏ မဟာဝဂ်ပါ ဟောဆိုချက် ဖြစ်ပါသည်။ “ပါရာဇိက ကျပြီးသူ နှင့် ဥပုသ်ပြုပေမယ့်လည်း ရဟန်းဥပုသ် အနေဖြင့် တရားဝင်သည် ဆိုတာကတော့ ဟုတ်နိုင်ပါသည် ၊ ဒါပေမယ့် ပါရာဇိက ကျပြီး ရဟန်းလုပ်သူတွေနဲ့ အတူ ဥပုသ်ပြုတာဟာ တရားနှင့် အညီ မကျင့်ကြံတဲ့ အဖွဲ့နဲ့ သွားပြီး ပူးပေါင်းတာမျိုး မဟုတ်ဘူးလား” ဆိုတာသည် ကျွန်တော်တို့ သုံးသပ်ကြည့်သင့်သော မေးခွန်းဖြစ်ပါသည်။

မူရင်း ပါဠိတော်စာသား အရ သေချာသည်မှာ ရဟန်းကောင်း တပါးသည် မိမိနှင့် အတူ ဥပုသ်ပြုသော ပုဂ္ဂိုလ်တို့ တရားနှင့် အညီ ကျင့်ကြံခြင်း မရှိ ဆိုတာကို မသိထားပါလျှင် ဤသို့ အတူတကွ ဥပုသ် ပြုခြင်းသည် အပြစ် မရှိနိုင်ပါ။ နောက်တချက်မှာ ၎င်း နှင့် အတူ ဥပုသ်ပြုသော ရဟန်းအချို့ ၏ ပါရာဇိက ကျနေခြင်းကို မိမိမှ “သီးသန့်” ပုဂ္ဂိုလ်တဦးချင်း သဘော အနေဖြင့်ဘဲ သိမှတ် နားလည်မိပြီး၊ ၎င်း သင်းကွဲရဟန်းတို့၏ ရဟန်း “တဖွဲ့လုံး” သဘော အနေဖြင့် ပဓာန ရည်ရွယ်လုပ်ဆောင်ချက်သည် တရားနှင့် လျော်ညီခြင်း မရှိသည်ကို ရဟန်းကောင်းသည် မသိသေးလျှင် အပြစ်မှ လွတ်နိုင်ပါသည်။

လက်တွေ့ ဥပမာအားဖြင့် ရဟန်းကောင်း တပါးသည် ၉၆၉ အဖွဲ့တွင် အကြောင်းကြောင်းကြောင့် မသိဘဲ ပါဝင်နေနိုင်ပါသည်။ သူသည် ဓမ္မဝိနယတို့ကို နောင်ခါမှာ သေချာလေ့လာသဖြင့် ဝီရသူသည် ဓမ္မဝိနယ နှင့် အညီ မကျင့်ကြံ ၊ ပါရာဇိက ကျပြီး ဖြစ်ကြောင်း၊ များစွာသော ဝီရသူ နောက်လိုက်ရဟန်းတို့သည် ပါရာဇိက ကျပြီး ဖြစ်ကြောင်းကို သီးသန့် ပုဂ္ဂိုလ် တဦးချင်း သဘော အနေဖြင့် သေချာ သိမြင်လာနိုင် ပါသည်။ သို့သော် သူသည် ၉၆၉ အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို ရိုးရိုးသာ ဟု ဆက်အောက်မေ့သောကြောင့် ၉၆၉ အဖွဲ့တွင် ဆက်လက် ပါဝင်နေနိုင်သည်။ ထိုသို့ ၉၆၉ အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို အမှန်တကယ် နားမလည်သဖြင့် ၉၆၉ အဖွဲ့နှင့် အတူ ဆက်လက် နေမိသော ရဟန်းသည် သံဃာသင်းခွဲကံ မသင့်ပါ။

အတွေး ဥပမာ တခုကို ကျွန်တော်တို့ လုပ်ကြပါအုံးစို့။ ပြခဲ့ပြီးဖြစ်သော ဥပမာဆိုးတွင် ဗမာပြည်မှာ ရဟန်းအစစ်အဖြစ် နောက်ဆုံး တပါးတည်းသာ ကျန်ရစ်တော့သော အမျိုးကောင်းသား ရဟန်းသည် မိမိနှင့် အတူ ဥပုသ်ပြုနေသော သာသနာ့ပါလ အဖွဲ့ဝင်အားလုံး ပါရာဇိက ကျပြီး ဖြစ်နေသည် ကို သူ သိလာခဲ့သည် ဆိုပါစို့။ သည်လို အခြေအနေမျိုးမှာ သူ ဘယ်လို ရွေးချယ်မလဲ ဆိုတဲ့ ကိစ္စဟာ ခန့်မှန်းဖို့ ခက်ပေမယ့် ကျွန်တော်တို့ ကြိုးစားမှန်းဆကြည့်ကြ ပါစို့။

ဗုဒ္ဓ အလိုတော်ကျ အားဖြင့် ထို တပါးတည်းသော ရဟန်းသည် ၎င်း ဖောက်ပြန်နေသော ရဟန်း အဖွဲ့မှ ဝေးရာသို့ ဖဲကြဉ်ရပါမည်။ ဒါပေမယ့် ဤကိစ္စမျိုးတွင်လည်း များစွာ ဖြစ်နိုင်သည်မှာ သူသည် အများစု လူယုတ်မာတွေ လွှမ်းမိုးသော ရဟန်းအဖွဲ့မှာပဲ အနည်းဆုံး ခဏတဖြုတ်လောက်တော့ ဆက်လက် နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတပါးတည်း ရဟန်း အစစ် အဖြစ် ထူထောင် ခွဲထွက်ဖို့ရာ အဲသလို အခြေအနေမျိုးတွင် အင်မတန်မှပင် ခဲယဉ်းတတ်ပါသည်။

ဒါပေမယ့် အဲသလို ခွဲထွက်ဖို့ရန် ခဲယဉ်းသောကြောင့် ခဏတဖြုတ် ဆက်လက်ပြီး လူယုတ်မာ ရဟန်းအဖွဲ့နှင့် ပူးပေါင်းနေရသော ရဟန်း၏ ကိစ္စသည် “ပရမတ္တ သံဃာ” ၏ ဂုဏ်ကျေးဇူးကို ရည်မှန်း၍ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်ထိန်းသိမ်းလိုသော “သဒ္ဓါတရား” ကို မမေ့မလျော့ အသေအချာ နှလုံးသွင်းနိုင် မှသာ အပြစ်လွတ်နိုင် ပါသည်။ “သည် ကိုယ်တော်တွေ နဲ့ ပေါင်းပြီး ငါတသက်လုံး ဆွမ်း ဝဝ စားရလည်း အေးတာပဲ” ဟူသော ဆင်ခြေ ရည်ရွယ်ချက် အဓိက ဖြစ်ခဲ့သော် မဟာဝဂ်တွင် ဖော်ပြထားသည့် အပြစ်နှင့် မလွတ်နိုင်ပါ။

ကျွန်တော်တို့ ထပ်ဝေဖန် နိုင်သည့် အချက်မှာ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်စောင့်ရှောက် ထိန်းသိမ်းလိုသော သဒ္ဓါတရား သာလျှင် အဓိက ရှိသဖြင့် ဖောက်ပြန်သော ရဟန်းအဖွဲ့တွင် ခဏတဖြုတ် ဆက်နေရသော ရဟန်းသည် ရေရှည်တွင် ရဟန်းမဟုတ်သူတို့ နှင့် အတူ ဥပုသ်ပြုရခြင်း (ဝါ) ရဟန်းမဟုတ်သူတွေကို ရဟန်းဖြစ်သူ မိမိက ရှိခိုးနေရခြင်းကို ၎င်း၏ ပကတိ ဟီရိ သြတ္တပအလျောက်သာ အလွန်အမင်း ရှက်မိမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည် အခွင့်အခါ ကြုံကြိုက်သည်နှင့် ထိုဖောက်ပြန်သော အဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာဖို့သာ များပါသည်။

ဖြစ်ဖို့ ခဲယဉ်းသော်လည်း တုံ့ပြန်နိုင်သော နောက် နည်းလမ်း တခုမှာ ထိုရဟန်းကောင်းသည် ရှင်မောဂ္ဂလန် ကိုယ်တော်ကြီးလို ဆိုးသွမ်းသူတို့ကို တိုက်ခိုက်နှိမ်နင်းလိုသော ဝသီရှိလျှင် မိမိ ရဟန်းအဖွဲ့၏ မစင်ကြယ်ကြောင်းကို လူထုအား သိကြားစေပြီး ရဟန်းဆိုး နှင့် မင်းဆိုးတို့က တပါးတည်း လုံးတီးဆန့်ကျင်နေသော သူ့ကို အန္တရာယ် ပြုလာမည့် ဘေးဥပဒ်တို့ကို ခါးစည်းခံလျှင်လည်း ခံပါမည်။

ဤသို့ ရှောင်ထွက်သွားခြင်း ၊ စိန်ခေါ်ခြင်း စသဖြင့် မည်သို့သော နည်းလမ်းတို့ဖြင့် တုံ့ပြန်စေကာမူ ကျွန်တော်တို့အား သေချာသည်မှာ အမှန်တကယ် ရဟန်းဘဝကို ယုံကြည်မြတ်နိုးပြီး ရဟန်းပြုသောသူသည် ဖောက်ပြန်သောအဖွဲ့၏ ပကတိ ရည်ရွယ်ရင်း ("တဖွဲ့လုံး" ဟူသော သဘောအားဖြင့်) ဖောက်ပြန်မှုကို အသေအချာ သိရှိပြီး ဖြစ်ခဲ့ပါလျှင် ၎င်း ဖောက်ပြန်သော သံဃာ အဖွဲ့အစည်းနှင့် အနည်းဆုံးအားဖြင့် ရေရှည်တွင် ဆက်လက်ပြီး “ပေါင်းစား” လိမ့်မည် မဟုတ်ပါ။

ဤသို့ ရဟန်းကောင်းတို့ ဝေးရာသို့ ဖဲခွာသွားဖြင်း သဘော နှင့် စပ်ပြီး ပါဠိတော် သုတ္တန်တို့တွင် သက်သေခံနိုင်သည်မှာ နောင်ခါတွင် ငါတို့ ဘုရား သာသနာ၌ ဝိပဿနာ အရာတွင် အမြန်ဆုံး ထိုးထွင်းသိမြင်မှု ဧတဒင်္ဂရ ပုဂ္ဂိုလ်ဖြစ်လာမည့် ဗာဟီယ ဒါရုစီယ လောင်းလျာ ရဟန်းနှင့် တခြား ရဟန်းငါးပါးသည် ကဿပ မြတ်စွာဘုရား သာသနာတွင် သံဃာအဖွဲ့အစည်း တခုလုံး ဖောက်ပြန်နေရကား လူသူဝေးရာ တောင်ထိပ်တခုပေါ်သို့ သူတို့ဘာသာ ခွဲထွက် ကျင့်ကြံခဲ့ပုံမျိုး ပါတည်း။

လိုရင်း ကောက်ချက်ကို ပြန်ပြောမည် ဆိုသော် ရဟန်းကောင်း အစစ်အမှန် ဟူသည် အခြေအနေ မတတ်သာ၍ ခဏတဖြုတ်တော့ ရဟန်းဆိုးအဖွဲ့ထဲတွင် ဆက်နေရကောင်း နေရပါလိမ့်မည်။ သို့ရာတွင် ရေရှည်တွင် သူ့အား သင့်ကူးလာမည့် အကုသိုလ်ဘေးကို စိုးရွံ့သောကြောင့် ဖြစ်စေ၊ မိမိ၏ တရားကို ချစ်မြတ်နိုးသော သဒ္ဓါတရားအားဖြင့် အရှက်ရသည် ကြောင့်လည်း ဖြစ်စေ တနည်းနည်းဖြင့် ရဟန်းဆိုးအဖွဲ့မှ ခွဲထွက်ရန် ကြိုးစားလိမ့်မည် ၊ ကြိုးလည်း ကြိုးစားရမည် ဖြစ်ပါ သတည်း။

သံဃဘေဒကို အဆုံးသတ်ခြင်း

ပါဠိတော်တွင် မြတ်စွာဘုရား လက်ထက်တော်က ဖြစ်ပွားခဲ့သော သံဃာသင်းကွဲမှုတို့ကို ဖြေရှင်းခဲ့သော အတွေ့အကြုံတို့ကို အခြေခံ၍ သံဃဘေဒ (သင်းကွဲမှု) ကို မည်သို့ အဆုံးသတ်ရပါမည့် အကြောင်း ပုံစံ နှစ်မျိုးကို လေ့လာတွေ့ရှိရပါသည်။

ပထမတမျိုးမှာ သံဃာကွဲပြားရခြင်း အကြောင်းကို နှစ်ဘက် စောဒနာ၍ မည်သည့်ဘက် သည် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံပါသည်ဟု အတည်ပြု ဆုံးဖြတ်ပြီး မှားယွင်းခဲ့သည့် ဘက်ကို ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသည်ဟု သတ်မှတ်ဆုံးဖြတ် ခံရသော အဖွဲ့မှ ပြန်လက်ခံခြင်း ဖြစ်သည်။ ဤသို့ အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းရာတွင် ဖြေရှင်းဆုံးဖြတ်ထားသော အကြောင်းရင်း ကိစ္စကို နှစ်ဖက်လုံးမှ သံဃာအားလုံး စုံညီ တက်ရောက် ရွတ်ဆိုရမည် ဖြစ်ပြီး ဓမ္မဝိနယ နှင့် ညီသော ဆုံးဖြတ်ချက်ကို အတည်ပြုပြီးလျှင် သံဃဥပုသ်ကို တဂိုဏ်းတည်းအဖြစ် အတူပြုရ ပါသည်။

ဤ ဓမ္မဝိနယကို ပြန်လည်စုံညီ အတည်ပြုသော အစည်းအဝေးသို့ ဂိုဏ်းကွဲခဲ့သော သံဃာတို့ တပါးမကျန် တက်ရောက်ရ ပါမည်။ နာမကျန်းသော ရဟန်းသည်ပင် မိမိ၏ သဘောတူညီချက်ကို လူစားလွှတ်၍ ပြောဆိုခွင့် မရှိပါ (ခု ခေတ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...