Friday, February 14, 2014

သက်ခိုင်ရှင်းတမ်း

သက်ခိုင်ရှင်းတမ်း

                                            (မင်းဒင်)
(၁)ငယ်စိတ်မှသည်

ငယ်စဉ်ကမူ ကျနော်သည်ထစ်ကနဲရှိ ဂျိုကြွတတ်သူဖြစ်ခဲ့၏။စကားအကြောတင်သည်ဟု ထင်မိလျှင် တဖက်သား လဲသေချင်စိတ် (သို့မဟုတ်)ထရိုက်ချင်စိတ်ပေါက်အောင် ဆတ်ဆတ်ထိမခံ ဖြတ်ပိုင်းလှီးချ ဒိုးကနဲ၊ဒေါက်ကနဲရုတ်ခြည်း တုန့်ပြန်တတ်သော ဉာဉ်ဆိုးရှိခဲ့ သည်။
မြန်မာရာဇဝင်တွင် အလောင်းမင်းတရားကြီး၏ ပြည်ထောင်ဘက် ဗိုလ်တွန်(မင်းခေါင်နော်ရထာ)ဟူသော လူစွမ်းကောင်းတစ်ဦးရှိခဲ့ဖူး သည်။အလောင်းမင်းတရားလွန်သော်သားတော်နောင်တော်ကြီးမင်းနှင့်စိတ်ဝမ်းမညီလေသဖြင့် ဗိုလ်တွန်သည်ဘုရင်ကို အာခံသူဖြစ်ခဲ့ သည်။တခါသော် ဘုရင့် သစ္စာခံဗိုလ်မှူး၊တပ်မှူးတို့သည် မင်းခေါင်နော်ရထာကို လက်ရဖမ်းရန်ကျိုးပမ်းကြ၏။
[ပန်းလောင်းမြစ်တစ်ဖက်ကမ်းသို့ရောက်သောအခါ မက္ခရာဗိုလ်သီရိရွှေတောင်၊စွန့်စွန့်စားစားအမီလိုက်လာသည်ကို မြင်လျှင် မင်းခေါင် နော်ရထာက "ဟယ်၊သီရိရွှေတောင်၊ပဇာမူ၍လိုက်လာသနည်း" ဟုမေးလေသည်။သီရိရွှေတောင်က "မင်းကိုဖမ်းမည် လိုက်လာသည်" ဟုပြန်ပြောရာ "သီရီရွှေတောင် နင်ထမင်းကိုမုန်းပြီလား" ဟုဆိုကာ မြင်းကိုပြန်လှည့်၍လှံမနှင့်လွှတ်လေသည်။](ကုန်းဘောင်ရှာပုံတော်)
 ဤနည်းနှင်နှင် ကျနော်သည်ရန်သူအတော်များများကို တိုက်ဘက်မတန်ဟူသော အယူရှိသည့် မင်းခေါင်နော်ရထာကိုအားကျခဲ့သူဖြစ်ပါ သည်။
သို့သော် အသက်အရွယ်နှင့် ဘဝအတွေ့အကြုံမျိုးစုံသည် ထောင်လွှားနေသော ကျနော့်မာနကို ခဝါချစေခဲ့သည်။  မာန်တည်းဟူသော ဂျိုကိုရိုက်ချိုးခဲ့သည်။ ဘဝ၏ သဘော၊လူ့မနောကို စောကြောနိုင်စပြုလာပြီဖြစ်၍ စိတ်ရှည်သည်းခံခြင်းဖြင့် အေးချမ်းသော လမ်းဆီ သို့သာ ဦးတည်ခဲ့သည်။ဆတ်ဆတ်ထိမခံသော ကိုယ့်စိတ်ကိုကိုယ်၊ကျုံးသွင်းခဲ့သည်။အသိတစ်စိတ်သားနှင့် ဥာဏ်တခွဲသားရှိ သယောင် အရေး အပြော၊ အပြုအမူမျိုးကို တတ်နိုင်သမျှ ရှောင်ရှားကာ ခတ်မဆိတ်နေခဲ့သည်မှာ ဆယ်စုနှစ်ဝန်းကျင်တစ်ခုကျော် ခဲ့ပြီ။

(၂)ကံတရား၏မျက်နှာသာ

ကျနော်သည် လွန်ခဲ့သောလေးနှစ်ဝန်းကျင်က "မင်းဒင်ရဲ့သက်ခိုင်"အမည်ရှိစာတစ်အုပ်ကိုရေးခဲ့ရာ ကံတရား၏မျက်နှာသာပေးမှုကြောင့် ဖတ်သူများခဲ့ဖူးလေ၏။ တရားဝင်၊တရားမဝင်အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ခဲ့ရသည်။အမှန်စင်စစ် "မင်းဒင်ရဲ့သက်ခိုင်" စာအုပ်အဖြစ် ရောက်ရှိလာရခြင်း၊အထိုက်အလျောက်အောင်မြင်ခဲ့ခြင်းတို့သည် ကျနော်တော်လွန်းတတ်လွန်း၍ မဟုတ်ချေ။အံ့သြဖွယ်အကြောင်း တရားတိုက်ဆိုင်မှုများနှင့်စာဖတ်ပရိသတ်အချို့၏ စေတနာပြွမ်းသော အကြံပေး၊ဖေးမမှုများကြောင့်သာ ဖြစ်၏။၂၀၀၇ခုနှစ်ဝန်း ကျင် ဘလော့ဂ်စာမျက်နှာတွင်ဖော်ပြစဉ်ကပင် စာဖတ်သူအများစုက ထောက်မပြင်ဆင်ပေးကြသည်။ အပြုသဘော ဝေဖန်အကြံပေးခဲ့ ကြ သည်။သို့တစေ ကြီးမားလှသောဇာတ်အိမ်ကြီးဖြင့် ဆင်ခေါင်းခွေးချီသည့်ပမာ ၊မနိုင်ဝန်ထမ်းခဲ့ လေသောကြောင့် မင်းဒင်ရဲ့သက်ခိုင် သည် စာအုပ်အဖြစ်ထွက်ရှိလာသည့်တိုင် အမှားမကင်းခဲ့ပြန်ချေ။
စာဖတ်ပရိသတ်အချို့၏စေတနာကား အံ့သြလေးစားဖွယ်ကောင်းလေစွ၊ချင်းမိုင်မှ အေဘီရဲဘော်ကြီး ကဗျာဆရာကိုလွမ်းဏီသည် မမာမကျန်းသည့်ကြားထဲမှ မဲသဝေါနှင့်မာနယ်ပလော အလွဲကို ပြင်ဆင်ထောက်ပြပေးခဲ့၏။ဘန်ကောက်သို့မကြာခဏရောက်လေ့ ရှိသော ဗိုလ်မှူး(ငြိမ်း)ဦးသောင်းထိုက်သည်လည်း ပြည်ပြေးဗုံးခွဲမှုနှင့် ကိုးရီးယားဗုံးခွဲမှုအမှားကို မေတ္တာအပြည့်ဖြင့် ပြင်ဆင်ဖြည့်စွက်ပေး ခဲ့၏။ထူးခြားစွာ အမှတ်တရကျေးဇူးတင်ထိုက်သူတစ်ဦးကား အသက်ခုနစ်ဆယ့်ငါးနှစ်ကျော် ပင်စင်စား တရားသူကြီးဟောင်း တစ်ဦးဖြစ်၏။ သူသည်နှလုံးရောဂါကြောင့် သမားတော်ကြီးများနှင့် ကြပ်မတ်ကုသနေရချိန်တွင်ပင် စင်္ကာပူမှ သမီးဖြစ်သူမိသားစုကို နားပူကာ ကျနော် နေထိုင်ရာဖူးခက်မြို့အထိ ရောက်လာပြီး သက်ခိုင်၏အလွဲအမှားတချို့ကို ထောက်ပြပြင်ဆင် ပေးခဲ့ဖူး လေသည်။ကျနော်ကဲ့သို့အနုံညာ တလက်သင်စာရေးသူသည် စာဖတ်သူတို့၏ဖေးမကူညီမှုကင်းလျက် သက်ခိုင်ကဲ့သို့သမိုင်းနောက်ခံ စာအုပ်ထူကြီးကို အဘယ်မှာလျှင် ရေးနိုင်ပါအံ့နည်း။စာတစ်စောင်၊ပေတဖွဲ့ဖြစ်လာပါအံ့နည်း။ကျေးဇူးကြီးလေစွ။

(၃) စတုတ္ထဖျက်မျဉ်း

မကြာသေးမီက ကျနော့်ပွဲဦးထွက်လက်ရာ "မင်းဒင်ရဲ့သက်ခိုင်" ကို ဆန်းစစ်သောဝေဖန်ရေးအမည်ခံ  စာအုပ်တစ်အုပ်ထွက်ရှိ လာခဲ့ သည်။ အဆိုပါ ဝေဖန်စာကို ရေးသူ၏ကလောင်အမည်မှာ ယောက်ျားလော၊မိန်းမလောမကွဲပြားချေ။အချို့ကမူ တပ်မတော်ထွက်တစ်ဦး ဟုလည်းဆိုသည်။အဆိုပါစာမူသည် လျှပ်တစ်ပြက်ဂျာနယ်တွင် ရက်သတ္တပတ်အတော်များများဖော်ပြခဲ့ဖူးရာ အဦးပထမ၌ ကျနော် ဝမ်းမြောက်စိတ်ဖြင့်ဖတ်ခဲ့သည်။အကြောင်းမှာ စာရေးခြင်းအတတ်ပညာကို သမားအရာမြောက်အောင်မတတ်မြောက်သော ကျနော် သည်မှတ် ဥာဏ်ကို အားကိုးပြုလျက် ရေးသားဖန်တီးခဲ့သည့် စာအုပ်အတွက် အမှားအယွင်းအကျအပေါက်ကို စံနစ်တကျ အချိန်ယူ ဆန်းစစ်၊ ဖေးမထောက်ပြမည့်သူပေါ်လာချေပြီ ဟူသော အသိကြောင့်ဖြစ်၏။
သို့သော်ကံတရားသည် ကျနော့်ကို မျက်နှာသာမပေးခဲ့ချေ။ ဝေဖန်စာခေါင်းစဉ်ကို ရှုပါ။အောက်ကလိအာလေသံ "ဟုတ်ပါရဲ့လား ကိုမင်းဒင်" ဟူ၏။အဆိုပါ ဝေဖန်စာအတွက် အချို့ကျေနပ်အားရဖြစ်ကြသည်။ ကျနော့်စာအပေါ်သံယောဇဉ်ရှိသူ စာဖတ်ပရိသတ်အချို့ ဂရုဏာသက်သံကိုလည်း တချိန်တည်းတွင်ကြားရသည်။အချို့မူ "ဟုတ်လို့ငြိမ်နေသလား"ဟု စောဒနာတက်ကြသည်။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုသည်မှာ လောကဓံ၏သဘောမျှသာဖြစ်၍ထူးဆန်းလှသော အရာကားမဟုတ်။ယင်းအတွက်ထူး၍ မတုန်လှုပ်မိချေ။
ထို့အတူ ဘက်လိုက်ခြင်းကင်းသော၊အမှန်တကယ်ပင် သက်ခိုင်ကျင်လည်ခဲ့ရာခေတ်ကာလကို မသိမမှီလေသော လူငယ်စာဖတ် ပရိသတ် အချို့ မှာမူ ဆင်ခြင်တုံတရားလက်လွှတ်သော ဝေဖန်စာကြောင့် နဝေတိမ်တောင် ဖြစ်ကြရရှာသည်။မည်သည်ဖက်က မှန် သည် မှားသည်ဟု မဝေခွဲနိုင်ကြချေ။လူမှုဘဝဟူသည် လောကကြောင်း ဓမ္မကြောင်း မျှတစွာဆင်ခြင်သုံးသပ်သင့်သည်ဖြစ်ရာ ရာမာ ခရစ်ရှနား၏ သုတ္တန်တစ်ပုဒ်ကိုကျနော်သတိရမိသည်။

(၄) အစွန်းရောက်သော ခန္တီတရား

တခါက တခုသောကျေးရွာဇနပုဒ်အနီးတွင် ကြီးမားလှသော ညောင်ပင်ကြီးတပင်သည်ရှိ၏။အဆိုပါညောင်ပင်ကြီး၏ အောက်ခြေသစ် ခေါင်းအတွင်းတွင် ဒေါသကြီး၍အဆိပ်ပြင်းလှသောမြွေဆိုးတစ်ကောင်ကြောင့် ခရီးသွားအချို့အသက်ဆုံးပါးကြရာ နောက်ဆုံး ညောင်ပင် ကြီးသို့ဖြတ်လျက် ဖြောင့်ဖြူးစွာတည်ရှိသောလမ်းသည် အပင်၏ဝေးရာမှ ကွေ့ကောက်လေ၏။အခါတပါး၌  ခန္တီတရားကို ရွာစဉ်လှည့် ဟောကြားသော ဆာဒူးတစ်ပါးသည် ကောက်ကွေ့သောလမ်းကိုမြင်ရာမှ အစပြု၍ မြွေဆိုးကို သည်းခံခြင်းတရားတွင် တည်စေရာ မြွေဆိုးသည်လည်း အာမဘန္တေပြု၏။ကာလအတန်ကြာလတ်သော် ခရီးတစ်ပါးလှည့်လာရာမှ လာရာလမ်းအတိုင်းအပြန်၊ ဆိုခဲ့သော ညောင်ပင်အောက်အရောက် ကလေးငယ်တသိုက် ခါးကျိုးနေသည့်မြွေကိုအမြီးမှကိုင်ယမ်းကာ ဆူညံစွာမြူးတူးနေသည်ကိုတွေ့လေရာ ဆာဒူးက "အသင်အဘယ်ကြောင့် ဤသို့ငြိမ်သက်စွာနေအံ့သနည်း"ဟုမြွေကို မေးလတ်သော် "အသင်ဟောအပ်သော ခန္တီတရားကြောင့် ပါတကား"ဟုဆို၏။ဆာဒူးသည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ဤသို့မြည်တမ်း၏။"မှားလေစွ။နှာမှုတ်သံမျှပင် မပြုသော သင်၏သည်း ခံခြင်းကား အစွန်းတရားရောက်ချေပြီ"
အဆိုပါသုတ္တန်သည် ဤဆောင်းပါးကိုရေးဖြစ်စေခြင်း၏ တွန်းအားတစ်ခုဖြစ်လေသည်။ဤစာသည်ဝေဖန်စာရေးသူသို့တုန့်ပြန်စာ မဟုတ်။ သက်ခိုင်၏ပရိသတ်၊စာဖတ်သူအများစုသို့သာတိုင်တည်ရည်ညွန်းလိုရင်းဖြစ်၏။

 (၅) အမုန်းတရားလက်ကိုင်ထားသူ

ဝေဖန်စာသည် မည်သို့ပင်ခေါင်းစဉ်တပ်ထားစေကာမူ ကျနော်၏ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုစိတ်သည်ခေါင်းပါးမသွားခဲ့ချေ။မကြာခဏ ရိုက်နှိပ်ထုတ်ဝေနေရသော စာအုပ်ဖြစ်၍ ကြုံကြိုက်သည့်ထပ်မံထုတ်ဝေချိန်တွင် ပြင်ဆင်ခွင့်ရရန်သာ ကျနော်အားသန်ခဲ့သည်။ ဝေဖန်သူသည် ဆောင်းပါး၏အစအဦးတွင်ပင် (ကို)မင်းကိုနိုင်၏စာရေးဟန်အား တစ်ခေတ်တွင်တစ်ယောက်ထွန်းပေါက် အောင်မြင် ခဲ့သည့် ကွယ်လွန်သူစာရေးဆရာနိုင်ဝင်းဆွေအရေးအသားနှင့်ဆင်တူလေဟန်၊(ကို)ဇာဂနာ၏ စာသည် မည်သို့ထူးခြားလေဟန် မဆီ မဆိုင်နိဒါန်းသွယ်၏။လက်စမ်းစာရေးနေသူတစ်ဦးကို ချေမှုန်းသုတ်သင်ရန် နာမည်ကြီး ပုဂ္ဂိုလ် အကျော်အမော်တို့၏ အမည်နာမကို ခြေကုပ်ကြိုယူထားသည်မှာ ကြည့်တတ်သူအဖို့အလွန် မြင်သာသည်။
သက်ခိုင်၏ထောင်ကျနှစ် အလွဲကို သူထောက်၏။ ဟယ်ရီတန်အုတ်ဂူနှင့်ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်အမှားကို ဝမ်းသာ အားရလေသံဖြင့်ပြစ်တင်၏။(အဆိုပါဆောင်းပါးမရေးသားမီကပင် ဒုတိယအကြိမ်ထုတ်စာအုပ်တွင်ပြင်ဆင်ပြီးဖြစ်သည့်) အလုံလူမိုက် စိုးမြတ်အား သတ်ခဲ့သည့်တရားခံ နဂါးလေးဝင်းအောင်အမည်မှန်ကို ရဲမှတ်တမ်းမိတ္တူပူးတွဲ ဖော်ပြလျက် ခြေကြောက်၏။ စာအုပ်ပါ သမိုင်း အမှားများကြောင့် ပြည်သူလူထုတစ်ရပ်လုံး နစ်နာဆုံးရှုံးရမည့်ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သူကြီး၏ လေသံဖမ်း သည်။
သက်ခိုင်သည်ဂေါက်သီးမရိုက်တတ်ကြောင်း၊မင်းဒင်သည်ဂေါက်ရိုက်နည်းကိုလေ့လာပြီးမှ ရေးသင့်ကြောင်း အငေါ်တူး၏။ သက်ခိုင် သည်ဆယ်တန်းမအောင်လေဟန်၊ဂျီတီအိုင်မတက်ဖူးလေဟန် ငေါ့တော့တော့လေသံပစ်၏။အလျော့ပေး၍ "အောင်မယ်လေး"အော်နေ သူကို "ကြောက်ပါပြီ"မအော်၍ထပ်နှိပ်စက်သည့်အဖြစ်ကိုသာ သတိရစရာကောင်းတော့သည်။
လိုရင်းပြောရလျှင် သက်ခိုင်ကိုရေးစဉ်က အားနည်းချို့ယွင်းချက်ရှိနိုင်ကြောင်း၊ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ဖတ်ရှုကြပါမည့်အကြောင်း ကျနော်အကြိမ်ကြိမ်အပ်ကြောင်းထပ်ခဲ့ပြီးဖြစ်လေရာ အမှားအယွင်းထောက်ပြသူရှိခဲ့သော် ပြင်ဆင်ရုံသာရှိသည်။ ပြင်ခဲ့ပြီ။ ပြင်နေဆဲ။ သို့သော် ဝေဖန်ထောက်ပြသူ၏ စေတနာနှင့်ကိုယ်ကျင့်တရားကိုမူ ဖြူစင်စေချင့်သည်။ ကမ္ဘာမြေပြင်တွင်ထွက်ရှိပေါ်ပေါက် ခဲ့ဖူး သောမည်သည့် စာအုပ်မျှ ပြည်စုံတိကျသည်ဟု မဆိုနိုင်ချေ။ပိဋကတ်သုံးပုံ၊သမ္မာကျမ်းနှင့်ကိုရမ်တို့သည်ပင်လျှင် ဖွင့်ဆိုသူ၊ ဖတ်သူ အပေါ် မူတည်လျက် အဓိပ္ပါယ်ကွဲလွဲချက်ရှိနိုင်ကောင်းသည်။လက်သင်စာရေးသူတစ်ဦးအနေဖြင့် ရည်ရွယ်ကျူးလွန်သောအမှား မဟုတ် မူ၍ သက်သာခွင့်ကို သက်ခိုင်မရထိုက်ပြီလော။

(၆)နိုင်ချင်ကြက်

ဝေဖန်စာရေးသူသည်မြှောက်ပေး၍လော၊နိုင်ချင်ဇောကြီး၍လော၊မုဒိတာစိတ်ခေါင်းပါးလေသလော မဆိုနိုင်။သူ့စာများက သူသည် နိုင် ချင်ကြက်ဖြစ်ကြောင်းဖော်ပြလျက်ရှိသည်။ တဘက်လူကို ဒဏ်ရာအနာတရဖြစ်စေရန် ဂမူးရှူးထိုးနွားသိုးကြိုးပြတ် ထိုးသတ်နေသည့် လက်ဝှေ့သမားနှင့်တူနေ၏။ မူလတန်းကျောင်းအုပ်၏အမည်ကို ဆရာကြီးဦ်းမျိုးမြင့်ဟု  ရေးသားဖော်ပြထားပါလျက်၊ ဂျီတီအိုင် ကျောင်းအုပ်ကြီးသည် ဦးမြင့်ဆွေပါဟု ခါးတောင်းတလွဲကျိုက်သည်။ သက်ခိုင်၏အမည်ရင်းမည်သူမည်ဝါဖြစ်ကြောင်း သူခိုးရွှေရသည့် အူမြူးသောလေသံဖြင့် ဝမ်းသာအားရ ဖော်ပြ၏။သူနှင့်အလှမ်းဝေးလွန်းလှသော ဖြစ်ပျက်ရှာပုံတော်ကိုလည်း ယောင်ဝါးဝါးခံခွပ်ပြန်၏။ ထို့ပြင် စာရေးသူ၏ဂျာနယ်ပါဆောင်းပါးတချို့ကိုလည်း အလွတ်မပေး။ပုဂ္ဂိုလ်ရေးသက်သက်ဇောင်းပေးတိုက်ခိုက်နေလေသည်။
အဆိုးတကာ့အဆိုးဆုံးကား ၁၉၈၈ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော စံရိပ်ငြိမ်ဘဏ်တိုက်ပွဲသည် စာရေးသူ၏ စိတ်ကူး ယဉ်မှုသက်သက်ဟူသတည်း။စံရိပ်ငြိမ်တိုက်ပွဲအမှန်တကယ်ဖြစ်ပွားခဲ့ခြင်းသည် လှည်းတန်း၊ကမာရွတ်၊စံရိပ်ငြိမ်တဝိုက်မှာ နေထိုင်သည့် ယခုအသက်လေးဆယ်ကျော်အရွယ်သိန်းချီသော လူထုသည်အခိုင်မာဆုံးသက်သေဖြစ်၏။အဆိုပါတိုက်ပွဲတွင် ဝင်နွှဲခဲ့ကြသည့် လူထု ဘက်တော်သား တပ်မတော်အငြိမ်းစားများသည်လည်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံအသီးသီးတွင် သက်ရှိထင်ရှားဖြစ်၏။ တပ်ကြပ်ကြီင်္း လှရွှေ၏ မူရင်းရုပ်နှင့် အသံဖိုင်ကို ယူကျုတွင် အချိန်မရွေးကြည့်ရှုနိုင်၏။
ရှစ်လေးလုံးကာလ၏ အထင်ကရဖြစ်ရပ်၊စံရိပ်ငြိမ်တိုက်ပွဲအကြောင်းမျှကိုပင် နကန်းတစ်လုံးမသိပါဘဲလျက်၊မင်းဒင်ရဲ့သက်ခိုင်ကို တို့ထိခြင်းသည် မင်းနောင်နော်ရထာ၏နောက်မှ လှံတံကိုယောင်ဝါးဝါးကိုင်လိုက်လေသည့် မက္ခရာဗိုလ်သီရိရွှေတောင်ကို အမှတ်ရစရာ ကောင်းလှသည်။ သက်ခိုင်နှင့်တိုက်ဖက်တန်သူ မဟုတ်ကြောင်း ထင်ရှားစေသည်။
နာမည်ကြီးအောင်လုပ်နည်းအမြောက်အများရှိပါ၏။မည်သည့်ရည်ရွယ်ချက်ကြောင့်အမှန်ကို အမှားလုပ်လေသနည်း။ဤမျှဆင်ခြင်တုံ တရားကင်းသောစာစုသည် မည်သို့သောပုဂ္ဂိုလ်တို့၏မြှောက်ထိုးပင့်ကော်ကူညီစောင်မမှုဖြင့် ပုံနှိပ်စာအုပ်တစ်အုပ်ဖြစ်လာပါသနည်း။ ဥာဏ်တစ်ထွာတစ်မိုက်ဖြင့် စတုတ္ထမဏ္ဍိုင်၏ မှောင်ရိပ်ကိုခိုသောစတုတ္ထဖျက်မျဉ်းဟုသာ ဆိုခဲသောယတိပြတ်စကားကို ကျနော်ဆိုချင် သည်။

(၇)ကျေးဇူးတရားအတွက်အမှတ်တရ

စာရင်းချုပ်ရလျှင်အဆိုပါဝေဖန်စာသည် ဆယ်ရာခိုင်နှုန်းမှန်၍ ကိုးဆယ်ရာခိုင်နှုန်းမှာ အမုန်းတရားကို အခြေခံလျက် အမှန်ကို အမှား ဖြစ်အောင်မရိုးဖြောင့်သောစိတ်ဖြင့် စီစဉ်ဖန်တီးသည်ဟုသာ ဆိုရန်ရှိသည်။မည်သို့ဆိုစေ ဆယ်ရာနှုန်းသော မှန်ရာကိုထောက်ပြ ခဲ့ခြင်း၏ ကျေးဇူးတရားအတွက် ကျနော်ကိုယ်တိုင်ဆင်ခြင်မှတ်သားမိသည့်စကားတပိုဒ်ကို အဆိုပါဝေဖန်စာရေးသူသို့ အမှတ်တရ လက်ဆောင် ပါးလိုပါသည်။
"မိတ်ဆွေတစ်သောင်းသည်နည်း၏။ရန်သူတစ်ယောက်သည်များ၏။မုန်းရန်လွယ်ကူလျင်မြန်၏။ချစ်ရန်ကား ခက်ခဲကြာညောင်းတတ်၏။ သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း အိပ်မက်တွင်မျှ မကြံစည်အပ်ချေ။မှန်လည်းမှန်၊အကျိုးလည်းရှိ၊နာလိုသောသဘောရှိသည်တို့ကို ရးသားပြောဆိုနိုင်သည့်တစ်နေ့တွင် မိတ်ဆွေဖြစ်ရန် ကျနော်မျှော်လင့်လျက်ရှိ ပါသည်။"
ဤဆောင်းပါးကဲ့သို့ဒေါသသင့်သော စာမျိုးကို နှာမှုတ်သံဖြင့်ရေးရသည်မှာ လွန်စွာစိတ်လက်မချမ်းမသာဖြစ်စရာကောင်းလှသည်။ သာမန်ပုထုဇဉ် တဦးမျှသာဖြစ်သော ကျနော်သည် မတတ်သာ၍အကြောင်းအားလျှော်စွာ ရေးရခြင်းအတွက် စာဖတ်သူများအား အနူး အညွှတ် တောင်း ပန်လိုပါသည်။

(၁)ငယ်စိတ်မှသည်

ငယ်စဉ်ကမူ ကျနော်သည်ထစ်ကနဲရှိ ဂျိုကြွတတ်သူဖြစ်ခဲ့၏။စကားအကြောတင်သည်ဟု ထင်မိလျှင် တဖက်သား လဲသေချင်စိတ် (သို့မဟုတ်)ထရိုက်ချင်စိတ်ပေါက်အောင် ဆတ်ဆတ်ထိမခံ ဖြတ်ပိုင်းလှီးချ ဒိုးကနဲ၊ဒေါက်ကနဲရုတ်ခြည်း တုန့်ပြန်တတ်သော ဉာဉ်ဆိုးရှိခဲ့ သည်။
မြန်မာရာဇဝင်တွင် အလောင်းမင်းတရားကြီး၏ ပြည်ထောင်ဘက် ဗိုလ်တွန်(မင်းခေါင်နော်ရထာ)ဟူသော လူစွမ်းကောင်းတစ်ဦးရှိခဲ့ဖူး သည်။အလောင်းမင်းတရားလွန်သော်သားတော်နောင်တော်ကြီးမင်းနှင့်စိတ်ဝမ်းမညီလေသဖြင့် ဗိုလ်တွန်သည်ဘုရင်ကို အာခံသူဖြစ်ခဲ့သည်။ တခါသော် ဘုရင့် သစ္စာခံဗိုလ်မှူး၊တပ်မှူးတို့သည် မင်းခေါင်နော်ရထာကို လက်ရဖမ်းရန်ကျိုးပမ်းကြ၏။
[ပန်းလောင်းမြစ်တစ်ဖက်ကမ်းသို့ရောက်သောအခါ မက္ခရာဗိုလ်သီရိရွှေတောင်၊ စွန့်စွန့်စားစားအမီ လိုက်လာသည်ကို မြင်လျှင် မင်းခေါင် နော်ရထာက "ဟယ်၊သီရိရွှေတောင်၊ပဇာမူ၍လိုက်လာသနည်း" ဟုမေးလေသည်။သီရိရွှေတောင်က "မင်းကိုဖမ်းမည် လိုက်လာသည်" ဟုပြန်ပြောရာ "သီရီရွှေတောင် နင်ထမင်းကိုမုန်းပြီလား" ဟုဆိုကာ မြင်းကိုပြန်လှည့်၍လှံမနှင့်လွှတ်လေသည်။](ကုန်းဘောင်ရှာပုံတော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...